နတ်ဆိုးဂိုဏ်းချုပ်အရှင်ရဲ့ အင်အားပြခန်း
Vol. 4 Ch. 50
"မိန်းမတစ်ယောက်ကများ လာပြီးမောက်မာနေရဲသေးတယ်ပေါ့!"
"ဒီအဘိုးကြီးက မင်းကိုရှင်းထုတ်ပြမယ်ကွ!"
အိုမင်းရင့်ရော်နေသော ယောက်ျားသံကြီးတစ်သံက ကြွေးကြော်ဟိန်းဟောက်လာလေသည်။
အတွင်းဂိုဏ်းအကြီးအကဲတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားသော ကြောက်မက်ဖွယ်အပြုံးကြီးဖြင့် အရိုးပေါ်အရေတင် လူအိုကြီးတစ်ယောက်သည် တစ္ဆေကဲ့သို့ မြန်ဆန်သောလက်ဝါးကို ဆန့်ထုတ်လိုက်သည်။
"မိုက်မဲလိုက်တဲ့ ပုရွက်ဆိတ်လေး" ဟုန်ချန်ယဲ့ တစ်ချက်ရှုတ်ချလိုက်သည်။ 'မိန်းမတစ်ယောက်ကများ' ဟု အခေါ်ခံရသည့်အတွက် နဖူးကြောများထောင်ထလာသည်အထိ ဒေါသထွက်လာသော်ငြား တစ်ချိန်တည်းမှာပင် အနည်းငယ်အူမြူးနေမိလေ၏။
"အား...."
နာကျင်ခံစားနေရဟန်ရှိသည့် ကြက်သီးထဖွယ် ငိုညည်းသံတစ်ခု ထွက်ပေါ်လာလေသည်။
ငိုသံပိုင်ရှင် လူအိုကြီး၏မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေလေပြီ။ လူကို စားမတတ်ဝါးမတတ် ပြင်းထန်စွာလောင်မြိုက်နေသောမီးတောက်များ သူ့ကိုယ်ထက်တွင် ပေါ်လာပြီး တမုဟုတ်ချင်းပင် လူကိုပြာချသွားခဲ့လေသည်။
ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်မှာ ဂုဏ်သိက္ခာရှိ ကျွမ်းကျင်သူအကြီးအကဲတစ်ဦးကို 'မိန်းမတစ်ယောက်' ဆိုသူက ထိုကဲ့သို့ အလွယ်တကူသတ်ဖြတ်သွားခဲ့လေပြီ။
"ဘာ?!"
ကျန်ရှိသော ယွီဟွားဂိုဏ်းသားများမှာ သိသိသာသာကို မျက်နှာပျက်သွားကြပြီး အလွန်အင်မတန် အံ့သြလန့်ဖျပ်သွားရဟန် အကြည့်များဖြင့် ပိန်သွယ်သော အနီရောင်ပုံရိပ်ဆီသို့ ဒိုင်းခနဲ လှမ်းကြည့်လိုက်ကြသည်။
အနီရောင်ဆံနွယ်များ လေနှင့်အတူ တဖျပ်ဖျပ်လွင့်ခါနေသော ထိုအနီရောင်မိန်းမပျိုက စစ်သည်အင်အားထုကြီးကို တွန့်ဆုတ်ခြင်းမရှိ တည့်တည့်စိုက်ကြည့်လာပြီး ယောကျ်ားသံကြီးဖြင့် ခပ်ပြတ်ပြတ် ဆိုလာသည်။ "မင်းတို့အားလုံး ဟွမ်ကျိုးပြည်နယ်ကနေ အခုထွက်သွားရင်သွား မဟုတ်ရင် သေလိုက်ကြ" လေသံမှာ ပြန်လှန်မေးခွန်းထုတ်စရာမရှိ။
အေးစက်သော သတိပေးသံမှာ ယွီဟွားဂိုဏ်းသားများ၏ နှလုံးအိမ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်သွားလေ၏။
အကြီးအကဲများမှာ ရုတ်တရတ် စိုးရိမ်ပူပန်သွားကြဟန်ရှိသော်ငြား ချက်ချင်းပင် သူတို့ကိုယ်သူတို့ ဘယ်သူတွေမှန်း ပြန်အမှတ်ရသွားသကဲ့သို့ တိုက်ပွဲစိတ်ဓာတ်ကို ပြန်လည်အသက်သွင်းကာ ပြိုင်တူကြိမ်းဝါးအော်ဟစ်လိုက်ကြသည်။
"အတင့်ရဲလို့ မင်းကများ အရှေ့ပိုင်းစီရင်စုရဲ့ ထိပ်တန်းဝင် မသေမျိုးဂိုဏ်းကို အမိန့်လာပေးရဲသေးတယ် ရာရာစစကွာ!"
"စစ်သည်အပေါင်းတို့! ဒီမိန်းမကိုသတ်ပြီး ရွှယ်ထျန်းဂိုဏ်းကို သွေးမိုးရွာခိုင်းလိုက်ကြစို့ဟေး"
ရွှစ် ရွှစ် ရွှစ်!
ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်မှ အကြီးအကဲ အယောက်ခြောက်ဆယ် ခုနှစ်ဆယ်ခန့် ပြိုင်တူလှုပ်ရှားလာကြပြီး ဝိဉာဥ်လက်နက်များ မှော်ရတနာများကို အသုံးပြု၍ဖြစ်စေ ကျွမ်းကျင်ရာ နတ်ဘုရားစွမ်းအားများကို ထုတ်သုံး၍ဖြစ်စေ စတင်တိုက်ခိုက်လာကြတော့၏။
"မင်းတို့ဘက်က အဲ့လိုဆိုမှတော့ လူသတ်ပွဲစလိုက်ကြတာပေါ့လေ"
ဟုန်ချန်ယဲ့၏မျက်လုံးများမှာ ရေခဲကဲ့သို့ ရုတ်ချည်းအေးစက်သွားကာ လက်သင်္ကေတတစ်ခုကိုပုံဖော်လိုက်သော မရေမတွက်နိုင်အောင်များပြားသော အစိမ်းရင့်ရင့်မီးတောက်များ သူ့ခန္ဓာကိုယ်တွင်းမှာ တိုးထွက်လာကြတော့သည်။
ချက်ချင်းဆိုသလိုပင် တစ္ဆေသရဲများ၏ ငိုကြွေးညည်းတွားသံများနှင့် ရှည်လျားဆွဲငင်သော ဝံပုလွေအူသံများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာကာ ကြားရသူအပေါင်းကို ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထစေလေသည်။
ထို့နောက်တွင် အရေအတွက်များပြားလှသော လူ့ဦးခေါင်းခွံများသည် တစ်ပြိုင်နက်တည်း ကြပ်ညပ်သိပ်သည်းသည်အထိ ပေါင်းစည်းလာကြသည်။ ဦးခေါင်းခွံတစ်ခုချင်းစီမှာ ကြိတ်ဆုံကျောက်ကြီးတစ်တုံးစာမျှကြီးမားကာ ထိုစုပေါင်းဦးခေါင်းခွံအုပ်ကြီးသည် စူးရှကျယ်လောင်သောကြွေးကြော်သံဖြင့် တဟုန်ထိုးပစ်ဝင်လာကြတော့၏။
ကျယ်ပြော၍ ခိုင်မာသော တန်ခိုးအင်အားထုမှာ ယင်စစ်သည်တပ်ကြီးအသက်ဝင်၍ တိုက်ခိုက်ဖျက်ဆီးလာကြသကဲ့သို့။ (ယင်စစ်တပ်ဆိုတာက တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ တွေ့ရလေ့ရှိတဲ့ ဝိညာဥ်စစ်တပ်ဖြစ်ပါတယ်၊ အရိပ်စစ်သည်တော်များလို့လည်း ခေါ်ပါတယ်)
"အား! ငါ့လက်!"
"မြန်မြန်ရှောင်ကြ!"
"အကိုက်မခံမိစေနဲ့၊ အဆိပ်သင့်လိမ့်မယ်!"
"သူတို့ကို တားကြစမ်း! မြန်မြန်!"
ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲအုပ်စုမှာ ရှေ့မတိုးရသေးခင်မှာပင် အကြိမ်ကြိမ် ရိုက်နှက်ထုထောင်းခံလိုက်ရပြီး တစ်ချီတည်းနှင့် သုံးပုံတစ်ပုံလောက် တိုက်ပွဲကျသွားရလေသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ စိတ်မကျေနပ်သေးသော ဟုန်ချန်ယဲ့သည် အစိမ်းရင့်ရောင် ဦးခေါင်းခွံအမြောက်အမြားကို ထပ်မံလှုံ့ဆော်အသက်သွင်းကာ ကျိုင်းကောင်များကဲ့သို့ စစ်မြေပြင်တစ်လျှောက် ရမ်းကားကြမ်းကြုတ်စွာ တိုက်ခိုက်စေလေသည်။
သူတို့ပြေးစရာမရှိတော့ပါပေ။ ကြီးမားသော စစ်သင်္ဘောပျံများသည် မီးစွဲလောင်ကျွမ်းလျက်ရှိကြပြီး အတွင်းရှိ တပည့်ဂိုဏ်းသားများစွာမှာ ချက်ချင်း မီးလောင်သေဆုံးကုန်ကြလေသည်။ အော်ဟစ်သံများ၊ ညည်းတွားသံများနှင့် ကယ်ပါယူပါ တစာစာတောင်းဆိုသံများမှာ ကောင်းကင်ယံတွင် ရှုပ်ထွေးကာ ပွက်လောရိုက်လျက် ရှိပေတော့၏။
"အားလုံးပဲ မကြောက်ကြနဲ့ မပျာကြနဲ့ နတ်ဘုရားစွမ်းအားတွေကို စုစည်းပြီး နတ်ဆိုးမီးကို ဖယ်ရှားတွန်းလှန်ကြ!"
ရာထူးအဆင့်အတန်းမြင့်သော သက်လတ်ပိုင်းအရွယ် အကြီးအကဲတစ်ဦးက သြဇာသံပါပါဖြင့် အခြေအနေကိုပြန်လည်ထိန်းညှိကာ ဝိညာဉ်စွမ်းအင်ဝန်းရံသော ဝါးယပ်တောင်ကို ကိုင်ဆောင်ထားပြီး နောက်ဘက်မှဂိုဏ်းသားများကလည်း သူတို့၏မှော်စွမ်းအင်ဖြင့် အဆက်မပြတ်အားဖြည့်လောင်းထည့်ပေးနေကြသည်။
ထို သက်လတ်ပိုင်းအရွယ် အကြီးအကဲသည် ဝါးယပ်တောင်ကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ကမ္ဘာလောကကြီးတစ်ခုလုံးကိုပင် မွှေနှောက်ဖျက်ဆီးနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် လေဆင်နှာမောင်းတစ်ခုကို လှုံ့ဆော်အသက်သွင်း၍ အင်အားကြီးမားသော လူ့ဦးခေါင်းခွံများကို ခုခံတိုက်ခိုက်လေသည်။
ထိုအချိန်တွင် ရုတ်ချည်းဆိုသလို ဗုဒ္ဓကျမ်းစာ ဂါထာတော်ရွတ်ဆိုသံတိုးဖွဖွများသည် အေးမြသော ဗုဒ္ဓရောင်ခြည်တော်နှင့်အတူ မိုးကုပ်စက်ဝိုင်းထက်မှ ကမ္ဘာမြေပေါ်သို့ ပျံ့နှံ့လွင့်ကျလာရာ ကြားနာရသူအပေါင်းကို သက်ဝင်ယုံကြည်စိတ်ဖြင့် အေးချမ်းစေလေသည်။
"အော်မိထော်ဖော"
ရှေးဆန်ဆန် သင်္ဘောပျံကြီးတစ်စီးထက်တွင် ကျင့်ကြံသူရဟန်းတော်အမြောက်အများကို တွေ့လိုက်ရပြီး အားလုံးက ဗုဒ္ဓ၏နာမတော်ကို ရွတ်ဆိုနေကြခြင်းပင်။
သင်္ကန်းကိုဆင်မြန်းထားသော အရှိန်အဝါကြီးမားသည့် ရဟန်းတော်တစ်ဦးက စကားဆိုလာသည်။ "ဒကာတော်အပေါင်း သူတော်ကောင်းတို့ ကိုယ်တော်တို့လေပေါ်ကျောင်းက ဒကာတို့ကိုကူညီဖို့ ရောက်ရှိလာကြတာပါ"
"ဟမ့် သေဖို့အတွက်များ လာနေကြသေးတယ်"
ဟုန်ချန်ယဲ့က မဲ့မဲ့ရွဲ့ရွဲ့ဖြင့် လှမ်းပြောသည်။
"မိစ္ဆာမ၊ မင်းရဲ့မောက်မာမှုကို ပြန်ရုပ်သိမ်းလိုက်တော့" ကျင့်ကြံသူရဟန်းအချို့က ကြိမ်းမောင်းကာ လေပေါ်သို့ပျံတက်သွားကြပြီး ဓမ္မတံဆိပ်အချို့ကို ရိုက်နှိပ်လိုက်ကြလေသည်။
"သေသင့်တဲ့ ကတုံးကောင်တွေ"
အေးစက်မာကျောနေသောမျက်နှာထားဖြင့် မိစ္ဆာမလေးဟုန်ချန်ယဲ့က လက်တစ်ဖက်ကိုမြှောက်ကာ သင်္ကေတအချို့ကိုရိုက်နှိပ်၍ မှော်ဂါထာတစ်ခုကို အသက်သွင်းလိုက်သည်။
တရှဲရှဲမြည်သံများနှင့်အတူ လူ့ဦးခေါင်းခွံများသည် ပင်လယ်ထဲရှိရေစီးကြောင်းများကဲ့သို့ အရှိန်ပြင်းပြင်း တန်းစီစီးဆင်းလာကြကာ အရေအတွက်မှာလည်း တဟုန်ထိုးတိုးမြင့်လာပြန်လေသည်။
ထို့နောက် ဝှစ်ခနဲအသံဖြင့် ဧရာမလူ့ဦးခေါင်းခွံကြီးတစ်ခုပေါ်ထွက်လာကာ ကြက်သီးထဖွယ် တဟားဟား တစ္တေရယ်သံကျယ်ကြီးကို ကြားလိုက်ကြရ၏။
သာမန်လူများမှာ ထိုဦးခေါင်းခွံကြီးရှေ့တွင် ဆန်စေ့လေးများကဲ့သို့ သေးငယ်မှုန်မှိုင်းလျက်သာ။
ကြောက်မက်ဖွယ်ဖိအားတစ်ခုကလည်း ဒီရေကဲ့သို့ မြင့်တက်လာလေသည်။
"သူတို့နဲ့ နည်းနည်းလောက်သွားကစားချည်" ဟုန်ချန်ယဲ့က စေခိုင်းလိုက်သည်။
ဘုန်း!
ဧရာမဦးခေါင်းခွံကြီးသည် အမိန့်ရသည်နှင့် ချက်ချင်းလှုပ်ရှားလာကာ ကောင်းကင်ကိုဖုံးလွှမ်းတော့မတတ်အရွယ်အစားကြီးဖြင့် ရွေ့လျားနိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ပျံသန်းလာလေသည်။ အစိမ်းရင့်ရောင်မီးတောက်များဖြင့် မယုံနိုင်အောင်ပူပြင်းသော စွမ်းအင်အား ပတ်ဝန်းကျင်အနှံ့ ထုတ်လွှတ်ထားပေသည်။
"အော်မိထော်ဖော ဒီကိုလာနေပြီဟ!"
"အမေရေ!!!"
စစ်မြေပြင်မှာ ဝက်သတ်ရုံကြီးတစ်ခုကဲ့သို့ အုတ်အော်သောင်းနင်း အော်ဟစ်ကုန်ကြတော့၏။
လေပေါ်ကျောင်းတော်၏ ကျင့်ကြံသူရဟန်းများမှာ အစွမ်းပင်မပြရသေးခင် ပွဲအစတွင်ပင် ကြီးမားသောထိုးနှက်ချက်ကို လက်ခံယူလိုက်ရတော့ပေသည်။
သောင်းချီသောအရေအတွက်ရှိ ရဟန်းများမှာ ထိုဦးခေါင်းခွံကြီးထံမှ မျိုချခံလိုက်ရလေပြီ။
မြင်ရသူအပေါင်းမှာ ကြောက်စိတ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည့်နှယ်။
"မိစ္ဆာမ ဗုဒ္ဓကမင်းကို လုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူး" လေပေါ်ကျောင်း၏ အကြီးအကဲတစ်ဦးဖြစ်သူ ဟွေ့ကျစ်က ရဲရဲနီတောက်နေသောမျက်လုံးများဖြင့် ကြုံးဝါးလေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ဟွေ့ကျစ်သည် အဆုံးမရှိထွန်းလင်းနေသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကာ လက်တစ်ဖက်ကိုမြှောက်လျက် အရဟံလက်ဝါးတံဆိပ်ဖြင့် စည်းမဲ့ကမ်းမဲ့ ရမ်းကားသတ်ဖြတ်နေသူ တစ်ဖက်ရန်သူအား အပြတ်ရှင်းရန်အသင့်ပြင်လိုက်သည်။
"ငါက အောက်လမ်းကျင့်ကြံသူဆိုတော့ မင်းပြောတဲ့ ဗုဒ္ဓ အခုပေါ်လာရင်တောင် မင်းရှေ့မှာတင်သူ့ကို သုတ်သင်ပြလိုက်ဦးမယ်"