အော်လီယမ်အစပ်အရသာ ကြက်တောင်ပံလေးစားရင်း သေဖို့ထိုင်စောင့်နေတဲ့ ယဲ့ကျွင်းလင်
Vol. 4 Ch. 52
ယွီဟွားဂိုဏ်းမှ ကျင့်ကြံသူများသည် နောက်ဆုံးသောကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားကြသည့်အလား အားကိုးတကြီးမော့ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လာကြသည်။ "ကြည့်စမ်း! ထိပ်တန်းအကြီးအကဲတွေ ရောက်လာပြီ!"
ထိပ်တန်းအကြီးအကဲများဆိုသည်မှာ တစ်ဦးစီတိုင်းသည် ဂိုဏ်းတွင် အလွန်အရေးပါသော ရာထူးအဆင့်အတန်းကို ရယူထားကြရပြီး ယွီဟွားဂိုဏ်းကို ထောက်ကန်ပေးထားသော ခိုင်မြဲတောင့်တင်းသည့် တိုင်လုံးကြီးများအဖြစ် မရေမတွက်နိုင်သော တပည့်များစွာ၏ ရိုသေကိုးကွယ်ခြင်းကို ခံယူထားကြသူများဖြစ်ပေသည်။
ယခုစစ်ပွဲတွင် ရွှယ်ထျန်းဂိုဏ်းကို နှိမ်နင်းရန်နှင့် အရှေ့ပိုင်းစီရင်စု၏ နံပါတ်တစ် မသေမျိုးဂိုဏ်းဟူသော ဂုဏ်ပုဒ်၏ အဆီအနှစ် အရင်းအမြစ်ကို ထုတ်ဖော်ပြသရန် ထိပ်တန်းအကြီးအကဲ ဆယ့်ရှစ်ဦး ကိုယ်တိုင် ဆင်းသက်လာခဲ့ကြခြင်းဖြစ်၏။
"ထိပ်သီးကျင့်ကြံသူအရှင်များ ကြွရောက်လာခြင်းကို ကြိုဆိုပါတယ်"
များသောအားဖြင့် ဂိုဏ်းတွင် ဩဇာအာဏာရှိလှသည်ဆိုသော ထို ခန္ဓာပေါင်းစည်းခြင်းအဆင့် အကြီးအကဲများသည်ပင် ယခုအခါ လက်သီးဆုပ်လျက် ရိုသေစွာ ဦးညွှတ်နေကြပြီး အထူးတလည် လေးစားမှုကို ပြသလာကြလေသည်။
သူတို့အားလုံးက အကြီးအကဲများဖြစ်သော်လည်း ယွီဟွားဂိုဏ်း၏ အစဥ်အလာအရ အဆင့်အတန်းမှာတော့ အလွန်ကွာခြားသည်ပင်။
ဤသူများသည် ဂိုဏ်း၏ အထက်ပိုင်းအာဏာရှိသူများထက် တစ်ဆင့်သာနိမ့်သော ဒုတိယတန်းစား အာဏာရှင်များပင်။
ထိုကဲ့သို့ အင်အားကြီးမားသော ပုံရိပ် ဆယ့်ရှစ်ခု ပေါ်ထွက်လာသောအခါ ဟွမ်ကျိုးပြည်နယ်တစ်ခုလုံး တိတ်ဆိတ်သွားရလေ၏။
ငှက်အပေါင်းနှင့် တိရစ္ဆာန်ငယ်များသည် ထိန်းမရနိုင်အောင် ကြောက်ရွံ့တုန်လှုပ်ကာ ဆောက်တည်ရာမရဖြစ်လျက်ရှိကြလေပြီ။
မြူခိုးတောင်ထိပ်တွင်မူ......
ရှယိုနျန်နှင့် အခြားသူများသည် ကြောက်လန့်တကြားဖြင့် "ထိပ်သီးကျင့်ကြံသူတွေ ထိပ်သီးကျင့်ကြံသူအရှင်တွေ ရောက်လာတာလား?!" ဟု မယုံနိုင်စွာ အော်ဟစ်မိကြသည်အထိ။
ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ရှိ ကျင့်ကြံသူများကို ပြင်ပလောကတွင် ထိပ်သီးကျင့်ကြံသူအရှင်များဟု ခေါ်ဝေါ်ကြပြီး သာလွန်ထူးကဲခြင်းဟု အဓိပ္ပာယ်ရသော ဘွဲ့အမည်တစ်ခုဖြစ်ပါ၏။
အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် နှစ်ပေါင်းငါးသောင်းအထိ ရှင်သန်နေထိုင်နိုင်ပေသည်။ အခြားဂိုဏ်းများတွင်တော့ ထိုကျင့်ကြံသူများကို ဘုရားတစ်ဆူဂူတစ်လုံးကဲ့သို့ ကိုးကွယ်မြှောက်စားထားတတ်ကြသည်ပင်။
သူတို့နှင့် နှိုင်းယှဉ်လျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် တောက်ပထွန်းလင်းသော လရောင်နံဘေးမှ မီးပိုးဖလံများဟု ဆိုရပေမည်။
မျှော်လင့်မထားစွာပင် ယွီဟွားဂိုဏ်းသည် ဤတိုက်ပွဲအတွက် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်ရှစ်ဦးကို တိုက်ရိုက် စေလွှတ်ခဲ့ပေသည်!
ဘယ်လိုတောင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခိုင်ခံ့လှတဲ့ဂိုဏ်းတော်ကြီးလဲ?!
အရှေ့ပိုင်းစီရင်စု၏ ဖျက်ဆီးခြင်းငှာမစွမ်းသာသော အင်အားအကြီးဆုံး မသေမျိုးဂိုဏ်းအဖြစ် ဤမျှချီးကျူးကိုးကွယ်ခံနေရသည်မှာ အံ့သြစရာမဟုတ်တော့ပေ!
ကြောက်လန့်တကြား ဖြူဖျော့နေသော အခြားသူများနှင့် နှိုင်းယှဉ်လျှင် ယဲ့ကျွင်းလင်ကတော့ မျက်လုံးများပါ တောက်ပလာလေသည်။
ကောင်းကင်ဘုံရဲ့ကောင်းချီးပါပဲ။ အထွဋ်အထိပ်သို့တက်ရောက်ခြင်း လမ်းခုလတ်အဆင့်နှင့် နှိုင်းယှဉ်လျှင် စစ်မှန်သော အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူများက သူ့ကိုပို၍ဆွဲဆောင်နိုင်လေသည်။
မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာဒေသမှ သူ့အတွက် ကောင်းချီးများ မရမကပေးပို့လိုက်သော ယွီဟွားဂိုဏ်း၏ ဇွဲကြီးလှသည့်လုပ်ရပ်ကို ယဲ့ကျွင်းလင် တိတ်တဆိတ် လက်မထောင်ပြပေးလိုက်သည်။ နေရင်းထိုင်ရင်း အဆင့်ကတက်ဦးမယ်။ အရမ်းကြိုက်တယ်! လိုက်ခ်!
"အသုံးမဝင်တဲ့ အမှိုက်သရိုက်ကောင်တွေ၊ မင်းတို့က ယွီဟွားဂိုဏ်းကို ရစရာမရှိအောင် သိက္ခာကျစေခဲ့တယ်!" သူတို့ထဲမှ အရပ်ပုပု ဆံပင်မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် ဒေါသအမျက်ချောင်းချောင်းထွက်လျက် ဟိန်းဟောက်ဆူငေါက်လာသည်။
မိုးခြိုမ်းသကဲ့သို့ အော်ဟစ်ဆူပူသံကြောင့် အောက်ဘက်မှဂိုဏ်းသားများမှာ အသိစိတ်လွတ်မူးဝေသွားရလေ၏။
"အရှေ့ပိုင်းစီရင်စုရဲ့ အင်အားအကြီးဆုံး မသေမျိုးဂိုဏ်းကစေလွှတ်တဲ့ စစ်တပ်ကို မိန်းမသားလေးတစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တယ်တဲ့လား ငါတို့ကိုယ်တိုင်သာ တိုက်ပွဲကို ကြီးကြပ်ဖို့ မလာခဲ့ရင် မင်းတို့ဟာ ကျင့်ကြံရေးလောကတစ်ခုလုံးအတွက် ဟာသကြီးဖြစ်သွားမှာ မဟုတ်ဘူးလား?"
ထိုစကားကိုပြောသူမှာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြွေခေါင်းတုတ်ကို ကိုင်ဆောင်ထားသော ငွေရောင်ဆံပင်နှင့် အဘွားအိုတစ်ဦးဖြစ်သည်။
သူမသည် ဟုန်ချန်ယဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သော် ထိုသူ၏ အပြစ်အနာအဆာကင်းသော အသွင်အပြင်ကို မြင်သောအခါ နှလုံးသားအတွင်းတစ်နေရာမှ မနာလိုစိတ်က လှိုက်တက်လာတော့သည်။
ချီးပဲ၊ ဒင်းက ငါငယ်ငယ်တုန်းကထက်တောင် ပိုလှနေသေးတယ်…
စိုက်ကြည့်ခံလိုက်ရသော ဟုန်ချန်ယဲ့မှာလည်း မျက်လုံးများ အေးစက်တင်းမာသွားကာ ပြန်ဟောက်လိုက်သည်။ "ဒီအိုမင်းရှုံ့တွနေတဲ့ ကြက်သွန်မြိတ်ကြီးကို ဘယ်ကနေတူးထုတ်လာကြတာလဲ? အတင့်ရဲလို့ ငါ့ကိုများမရိုမသေနဲ့!"
"ဘာပြောလိုက်တယ်?!!!" ငွေရောင်ဆံပင်နှင့် အဘွားအိုသည် ရုတ်တရတ်လေသံကိုမြှင့်ကာ အော်မေးလိုက်ပြီး မျက်လုံးများမှာလည်း ဒေါသဖြင့် ပြူးကျယ်သွားသည်။
ဒါဟာ သူမကို လူပုံအလယ်အရှက်ခွဲလိုက်တာပဲ!
"အရှင်မရွှေမြွေဟောက်ရယ် သေခါနီးလူနဲ့ ငြင်းခုံနေဖို့ မလိုပါဘူး" အရပ်ရှည်ရှည်နှင့် သံတိုင်ကြီးကဲ့သို့ ထွားကျိုင်းသောခန္ဓာကိုယ်ရှိကာ ဖိအားကြီးသော အရှိန်အဝါတစ်ခုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မာန်ပါသောလေသံဖြင့် ပေါ့ပေါ့ပါးပါး ဖျောင်းဖျလာသည်။
ဤသုံးဦးသည် ထိပ်သီးအကြီးအကဲများထဲတွင် အကျော်ကြားဆုံးဖြစ်ပြီး ကျင့်ကြံခြင်းနှင့် ခွန်အားအရလည်း အင်အားအကြီးဆုံးဖြစ်လေသည်။
"မင်းတို့လူလေးတစ်အုပ်စုနဲ့ ငါ့ကို သတ်ချင်တယ်ပေါ့? ရယ်စရာကောင်းလိုက်ပုံကတော့!" ဟုန်ချန်ယဲ့ကလှောင်ပြောင်ကာ မထီမဲ့မြင် ပြုံးပြလိုက်သည်။
တစ်ချိန်က သူသည် မရေမတွက်နိုင်သော မသေမျိုးများ၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရသော်လည်း မရရအောင် ဖောက်ထွက်ရှင်သန်နိုင်ခဲ့ပေသည်။ ယခုလို ပါမွှားတစ်သိုက်သည်ကား သူ၏အာရုံစိုက်ထိုက်သောအရာမဟုတ်ပေ!
"ဟမ့်၊ အဲ့ဒီ ယဲ့ကျွင်းလင်က ဘဝင်လေဟပ်နေတာပဲ၊ ငါတို့ကိုကိုင်တွယ်ဖို့ သူတပည့်ကိုပဲ စေလွှတ်လိုက်တယ်ပေါ့လေ၊ သူက ယွီဟွားဂိုဏ်းကို အရမ်းအထင်သေးနေတာ မဟုတ်ဘူးလား?"
ထိပ်သီးအကြီးအကဲတစ်ဦးက အေးစက်စွာ မှတ်ချက်ပြုလာသည်။
"ဒါဆိုရင်လည်း သူ့ရဲ့ အဲ့တပည့်မကို အရင်သတ်ကြတာပေါ့၊ ဒီအရှင်က သူ့ဆရာဆိုတဲ့သူ လူးလှိမ့်ခံစားနေရမှာ မြင်ချင်သေးတယ်" အခြားအကြီးအကဲတစ်ဦးက အဓိပ္ပာယ်ပါပါဖြင့် ပြောလာလေသည်။
"တိတ်စမ်း!"
"ငါနဲ့ သူနဲ့ ဘာမှ မဆိုင်ဘူး!!!" ထိုအကြီးအကဲ၏စကားကို ကြားသော် ဟုန်ချန်ယဲ့၏မျက်နှာက နှစ်ပေါင်းတစ်သောင်းကြာ အရည်မပျော်တဲ့ ရေခဲပြင်ကြီးလို အေးစက်သွားပြီး ပြတ်သားစွာ ထုတ်ပြောလိုက်သည်။
"ဟေးဟေး နက်ရှိုင်းလိုက်တဲ့ ဆရာတပည့် ချစ်ခင်မှုပါလားဟေ့၊ ဘယ်သူ သူ့ကို ဖမ်းပေးမလဲ? ဒီအဘွားကြီးက သူ့မျက်နှာကို ဖျက်ဆီးပစ်ချင်တယ်! ပြီးတော့ သူ့လျှာကို ဆွဲထုတ်ပစ်ဦးမယ်!" အရှင်ရွှေမြွေဟောက်က ကြောက်စရာအပြုံးကြီးဖြင့် ကြိမ်းဝါးလာလေသည်။
"ငါလုပ်မယ်!"
ထိပ်သီးအကြီးအကဲတစ်ဦးက စွမ်းအားပြသချင်စိတ်ဖြင့် အခွင့်အရေးကို ဦးအောင်ယူလိုက်ကာ ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအင်ကိုလှုံ့ဆော်၍ လက်သင်္ကေတစ်ခုကို ပြုလုပ်လိုက်သည်။
တဝုန်းဝုန်းအသံများဖြင့် အပြာရောင်အလင်းတန်းများက ဧရာမလက်ဝါးကြီးတစ်ခုထဲမှ ထွက်ပေါ်လာကာ လေထုထဲ၌ ကျောက်ဆုံတစ်ခု လည်ပတ်နေသကဲ့သို့ ပုံစံရှိလေသည်။ လက်ဝါး၏ အကျယ်မှာ မီတာတစ်သောင်းအထိရှိပြီး လေးလံသောဖိအားကိုထုတ်သုံးကာ တစ်ဖက်လူကိုချိန်ရွယ်၍ ရိုက်ချလိုက်တော့၏။
တိုက်ခိုက်သူမှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအစောပိုင်းအဆင့် အင်အားကြီးသူတစ်ဦးဖြစ်ပြီး ဟုန်ချန်ယဲ့ကို တစ်ချက်တည်းဖြင့် နှိမ်နင်းဖို့ရာ ရည်ရွယ်ထားပေသည်။
ဝှစ်!
ဟုန်ချန်ယဲ့က မထီမဲ့မြင် ပြုံးကာ ကောင်းကင်သို့ဦးတည်လျက် လက်ကို ဝှေ့ယမ်းလိုက်သည်။
မရေမတွက်နိုင်သော ခရမ်းရောင် မီးလျှံများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ဆောင်လျက် ကောင်းကင်ယံထက်သို့ ချက်ချင်း တက်ရောက်သွားကာ အပေါ်မှ ဖိနှိပ်ကျရောက်လာသော ဧရာမလက်ဝါးကြီးကို ဖျက်ဆီးချေမှုန်းလိုက်လေသည်။
ပျက်ဆီးမှုမှ ကြယ်ရောင်ကဲ့သို့အလင်းတန်းများ တဖြုတ်ဖြုတ် ကျဆင်းလာသည်။
"ဟင်?!"
ထိုထိပ်သီးအကြီးအကဲသည် အံ့အားသင့်သွားရပြီး၊ ဟုန်ချန်ယဲ့ကို ကြည့်သော မျက်လုံးများလည်း ပြောင်းလဲလို့သွား၏။
ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ ကြေမွသွားနိုင်တာလဲ? ဒီလူရဲ့ ကျင့်ကြံခြင်းက ခန္ဓာပေါင်းစည်းခြင်းအဆင့်မှာ မဟုတ်ဘူးလား?!
"အကြီးအကဲဝူ၊ ကျွန်တော် ကူတိုက်ပေးမယ်!"
အခြားအကြီးအကဲတစ်ဦးသည် ရွှေရောင်တောက်ပသော အရှိန်အဟုန်ပြင်းထန်လှဿည့် လက်သီးချက်ကို သုံးကာ ကူညီတိုက်ခိုက်လာသည်။
ချက်ချင်းဆိုသလိုပင် သိပ်သည်းပြီး များပြားလှသော ရွှေရောင်လက်သီးရာများသည် တဟုန်ထိုး စီးဆင်းလာသော ရေစီးကြောင်းကဲ့သို့ ဟုန်ချန်ယဲ့ထံ တိုးဝင်လာတော့သည်။
"တစ်ကိုယ်တော်ပေါ့လေ?" ဟုန်ချန်ယဲ့တစ်ချက်လှောင်လိုက်ပြီးနောက် အင်အားကို စုစည်းကာ လက်ဝါးရိုက်ချက်တစ်ခုကို စေလွှတ်လိုက်သည်။ ထိုမီးလျှံလက်ဝါးရာသည် ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းကာ သယ်ဆောင်လာသော အပူချိန်မှာ မြေပြင်ထုကြီးတစ်ခုလုံးကိုပင် အရည်ပျော်သွားစေနိုင်လောက်၏။
တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများဖြင့် နှစ်ဖက်စလုံးမှ အဟုန်ပြင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ရွှေရောင်လက်သီးရာများ တဖြည်းဖြည်း ပျက်စီးသွားခြင်းမှာ ကြည့်ရှုနေသူအပေါင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေလျက်။
"အဲ့ဒီ မိစ္ဆာမက ထိပ်သီးကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ပိတ်ဆို့လိုက်တာလား?"
စစ်မြေပြင်မှ တအံ့တဩရေရွတ်သံများ ထွက်ပေါ်လာသည်။
"မင်းခံစားမိလား? ဒီလူက လမ်းခုလတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ပဲ!" အရပ်ပုပုနှင့် အဘိုးအိုသည် မျက်လုံးများကို အနည်းငယ် မှေးလျက် ဆိုလိုက်သည်။