← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ဟုန်ချန်ယဲ့က မာနထောင်လွှားစွာ ကြုံးဝါးပြီးနောက် လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး တစ်ဖက်လူ၏တိုက်ကွက်အား ဆွဲယူဆုပ်ချေရန် ဟန်ပြင်လိုက်သည်။

ကြောက်မက်ဖွယ်မီးတောက်များ လက်ဖဝါးအတွင်းမှထွက်ပေါ်လာပြီး အရဟံလက်ဝါးကို အတင်းအကြပ်ပိတ်ဆို့လိုက်ပြီးနောက် အစွယ်များကိုဖြဲလျက် ချွန်ထက်သောလက်သည်းများအားအသင့်ပြင်ထားသည့် မီးနဂါးများအသွင်သို့ ပြောင်းလဲသွားစေလေသည်။ ထိုမီးနဂါးများက ဟွေ့ကျစ်ထံသို့ဦးတည်၍ အရူးအမူး ချဥ်းကပ်လာကြကုန်၏။

"ရဲတင်းလိုက်တဲ့ မိစ္ဆာမ!!"

အရိုအသေမဲ့သော ကြုံးဝါးသံကိုကြားသောအခါ ဟွေ့ကျစ်သည် အဆုတ်များပင်ပေါက်ကွဲထွက်တော့မတတ် အမျက်ထွက်သွားပြီး မီးနဂါးများကို ဖယ်ရှားရန် သူ၏စွမ်းရည်အားလုံးကို ထုတ်ပြတော့လေသည်။

"အားးးး" ရလဒ်အနေဖြင့် နှစ်စက္ကန့်မျှပင် မကြာလိုက်သောအချိန်အတွင်း ဟွေ့ကျစ်မှာ မီးတောက်များကြား ပြာပုံအဖြစ်ပြောင်းလဲသွားပြီး ဤလောကမှ အစအနပင်မကျန် ပျောက်ကွယ်ထွက်ခွာသွားခဲ့လေသည်။

"ခေါင်းဆောင်!"

လေပေါ်ကျောင်းတော်မှ ရဟန်းများ အော်ဟစ်မိလိုက်ကြသည်။

"ဒီမိစ္ဆာမကို သတ်ဖို့ ငါတို့ရဲ့ စွမ်းအားကုန်ကို စုစည်းကြစို!" ယွီဟွားဂိုဏ်းမှ အကြီးအကဲတစ်ဦးက အမိန့်ပေးလိုက်သည်။

တစ်ခဏအကြာတွင်....

အင်အားစုကြီး နှစ်ခုမှ ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းကွယ်ပျောက်စေသော မှော်စွမ်းအင်များ နတ်စွမ်းအားများကို ထောင်ချီသောင်းချီ ထုတ်လွှင့်ကာ ဟုန်ချန်ယဲ့ဆီသို့ ဦးတည်လာကြ၏။

စွမ်းအားပေါင်းစုံ စုစည်းသော ပြိုးပြိုးပြက်ပြက် အလင်းရောင်များက ရှုမငြီးသော ကြယ်ပင်လယ်ကြီးကဲ့သို့ ထွန်းလင်းလို့နေသည်။

အစိမ်းရင့်ရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဧရာမဦးခေါင်းခွံကြီးသည် လေထဲတွင် အမှုန်အမွှားများအဖြစ် ပျက်စီးသွားသည်မှာ အစအနပ်ပင် မကျန်ခဲ့တော့ပေ။

"ဒါက..." ရှယိုနျန်သည် လွှတ်ခနဲရေရွတ်မိလိုက်ပြီး အာခေါင်တစ်ခုလုံး ခြောက်သွေ့သွားကာ ခန္ဓာကိုယ်မှာ အေးစက်တောင့်ခဲလာလေသည်။ ယွီဟွားဂိုဏ်းနှင့် လေပေါ်ကျောင်းတော်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပါက ပထမတစ်ချီနှင့်ပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားမည်မှာ မလွဲမသွေပင်။

ထိုကဲ့သို့ ကြီးမားသော စွမ်းအင်သက်ရောက်မှုသည် မည်သည့် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံသူကိုမဆို လဲကျစေပေမည်!

သို့သော် ဟုန်ချန်ယဲ့၏ မျက်နှာကတော့ တည်ငြိမ်လျက်သာရှိပြီး ကပျာကယာမနိုင်စွာ မဲ့ပြုံးတစ်ချက်ပင်ပြုံးလိုက်သေး၏။ ထို့နောက် လက်ကိုမြှောက်ကာ လက်သင်္ကေတစ်ခုကိုပုံဖော်ပြီး နောက်ဆုံးအနေဖြင့် သူကျွမ်းကျင်တတ်မြောက်ထားသော မီးအမျိုးအစား နတ်စွမ်းအားတစ်ခုကို ထုတ်သုံးလိုက်သည်။

အရောင်ရင့်ရင့် မီးလျှံများသည် တရှဲရှဲမြည်သံဖြင့် တောက်လောင်လာသည်။ အဆုံးမရှိသော ချောက်နက်ကြီးကဲ့သို့ ကျောစိမ့်ဖွယ်ခံစားချက်ကို‌ပေးစွမ်းကာ လေထုကိုပင် ကျွတ်ကျွတ်မြည်အောင်လောင်ကျွမ်းစေပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တစ်ဆက်တည်းမျိုချပြီးနောက် ဆက်လက်မျိုချရန် ရှေ့ဆက်ထိုးတက်သည်။

ကျယ်ပြောလှသော စွမ်းအင်လှိုင်းများ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ခတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လွင့်ပျယ်သွားသည်မှာ ယခုလေးတင် ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!!"

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မယုံကြည်နိုင်သော မျက်နှာများဖြင့် အံ့အားသင့်စွာ အော်ဟစ်လာကြ၏။

"ဘယ်လို ထူးဆန်းတဲ့ မီးစွမ်းအားကျင့်စဥ်ကြီးလဲ လုံးဝ မမြင်ဖူး မကြားဖူးဘူး!" အကြီးအကဲတစ်ဦးက ကြောက်လန့်တကြား အော်ဟစ်ပြောပြလာသည်။

"တွေ့လား မင်းတို့အားလုံးပေါင်းရင်တောင် ငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး ငရဲကိုပဲဆင်းလိုက်ကြတော့!"

ဟုန်ချန်ယဲ့သည် ရူးသွပ်စွာ ရယ်မောကာ သတ်ချင်ဖြတ်ချင်စိတ်ကို အပြည့်အဝထုတ်လွှတ်လျက် လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် ကောင်းကင်ပြိုကွဲကာ မြေပြင်ကအက်ကြောင်းလိုက်သွားပြီး နေရောင်မှာ မှေးမှိန်လို့သွား၏။

အင်အားစုကြီး နှစ်ခုမှ ကျင့်ကြံသူများသည် တဖြည်းဖြည်း ဆုတ်ခွာဖို့ပြင်ဆင်လာကြရလေသည်။ စစ်မြေပြင်မှ သွေးစီးကြောင်းများမှာ မြစ်ချောင်းများကဲ့သို့ အဆုံးမရှိစီးဆင်းကာ သန်းနှင့်ချီသော အလောင်းများ အပုံပုံအထပ်ထပ် လှဲလျောင်းနေကြရပုံမှာ သူတို့မျှော်လင့်စိတ်ကူးထားသောမြင်ကွင်းမျိုး မဟုတ်ခဲ့ပါပေ။

အနီရောင်ဝတ်စုံဖြင့် ထို ပြိုင်ဘက်ကင်းမိစ္ဆာမ၏ပုံရိပ်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားလေပြီ။

ဟွမ်ကျိုးပြည်နယ်တစ်ခုလုံးမှာလည်း စစ်ပွဲထံမှ စွမ်းအင်ရိုက်ခတ်မှုကြောင့် တုန်လှုပ်သွားရလေသည်။

"မသေမျိုးအရှင်ဟုန်ကို ယှဥ်နိုင်သူမရှိပါ! မသေမျိုးအရှင်ဟုန် အသက်ရှည်ပါစေ!"

"တောင်ထိပ်သခင်ယဲ့ လက်ခံရွေးချယ်ထားတဲ့တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ် ကြောက်စရာကောင်းလိုက်တဲ့ အင်အားကြီး!"

"သူနဲ့သာဆိုရင် ရွှယ်ထျန်းဂိုဏ်းတော့ စိုးရိမ်စရာ မရှိတော့ဘူး!"

… …

ရွှယ်ထျန်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများသည်လည်း အံ့အားသင့်သွားကြသည်ပင်။

ဂြိုလ်သားသတ္တဝါအားလုံးသည် အံ့အားသင့်မဆုံးသော မျက်နှာများဖြင့် ဆွံ့အလျက်ရှိကြသည်။

သူတို့၏ခေါင်းဆောင် အမတသစ်ပင်အရှင်က ဤဂိုဏ်းတွင် တပ်စွဲအခြေချလိုသည်ကို မအံ့သြတော့ပါချေ။ ထိုမိန်းမတစ်ယောက်၏ စွမ်းအားသည်ပင် ဤမျှကြောက်ဖို့ကောင်းနေသည်မဟုတ်လော။ ပို၍ကြောက်ဖို့ကောင်းသည်မှာ ထိုမိန်းမသည် တောင်ထိပ်သခင်ယဲ့ဟူသော ပုဂ္ဂိုလ်၏ တပည့်တစ်ဦးမျှသာဖြစ်နေခြင်းပင်!

လော့ထျန်းနယ်မြေသားများအနေဖြင့် အရင်က ရွှယ်ထျန်းဂိုဏ်းကို သံသယစိတ်များရှိနေခဲ့သေးသော်ငြား ယခုတော့ လုံးလုံးလျားလျား ယုံကြည်အားကိုးမိသွားကြလေပြီ။

သူတို့အားလုံး နာခံရိုကျိုးသွားကြလေပြီ။

"ဆရာတူညီလေးယဲ့ မင်းရဲ့ ဒီတပည့်က အရမ်းကြောက်စရာကောင်းလောက်အောင် ပါရမီပါတာပဲ ငါတို့ရွှယ်ထျန်းဂိုဏ်းက ဒီလိုစွမ်းအားရှင်အတွက် အရမ်းသေးနေမလားတောင် စိုးရိမ်မိတယ်!"

ရှယိုနျန်သည် ကြောက်ကြောက်ဖြင့် ‌ဇောချွေးများပင်ထွက်ကာ ခပ်တွန့်တွန့်ပြုံးလျက် ပြောလာသည်။

"ဟုတ်တယ် သူ့အတွက်အဆင်မပြေတာရှိရင်လည်း ငါတို့တတ်နိုင်သလောက် ဖြည့်ဆည်းပေးမှရမယ်၊ သူ့ကို ဆန့်ကျင်မနေနဲ့တော့၊ ငါတို့ရဲ့ အသက်ကို ထိန်းသိမ်းထားဖို့က အရေးကြီးဆုံးပဲ" ဓားဝှက်တောင်ထိပ်သခင်သည် အရင်က ထိုသူ့ကို မရည်ရွယ်ဘဲ စော်ကားခဲ့မိသမျှအား ပြန်တွေးမိကာ ကြက်သီးထမိရလေသည်။

ဟုန်ချန်ယဲ့သည် ဂိုဏ်းကို သစ္စာဖောက်ခဲ့သည့် အမည်းစက်တစ်ခုရှိခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် နယ်ခြားရန်သူများကို ခုခံကာကွယ်ပြီး ရွှယ်ထျန်းဂိုဏ်းကို ကာကွယ်ခဲ့သည်မဟုတ်လော။ အကျိုးအပြစ်က ချေဖျက်ပြီးသားဖြစ်နေသောကြောင့် သူတို့အနေဖြင့် အထွန့်တက်စရာအကြောင်းမရှိပေ။

အရေးကြီးဆုံးအချက်ကတော့ သူတို့ ခုချိန်ဒေါသထွက်နေသေးရင်တောင် အဲ့ဒီလူကို အနိုင်မတိုက်နိုင်မှန်း သိနေလို့ပါပဲ။

မကျေနပ်ရင်တောင် သူတို့ ဘာများလုပ်နိုင်ဦးမှာတဲ့လဲ?

ဟုန်ချန်ယဲ့၏ စွမ်းဆောင်ရည်ကို မျက်မြင်တွေ့ရှိပြီးနောက် လူတိုင်း၏ အတွေးအမြင်များလည်း ပြောင်းလဲသွားကြသည်ပင်။

"ဆရာတူအစ်ကိုကြီးဟုန်က အရမ်းတော်တာပဲ! အစ်ကိုကြီးဟုန် ဆက်ချကွ!" ပုရှောင်းရှီးသည် ကြွက်ခေါင်းလေးဖြင့် သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ ဝမ်းသာအားရ အော်ဟစ်အားပေးနေသည်။

ယဲ့ကျွင်းလင်ကလည်း ‌မေးစေ့ကိုပွတ်ကာ ပြောလာသည်။ "ဒီကောင်ဒီ‌လောက်‌မောက်မာနေတာ မအံ့သြတော့ပါဘူး ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို သတ်ပစ်တာများ ခွေးကိုသတ်တာထက်တောင် ပိုလွယ်နေသေးတယ်"

ဟုန်ချန်ယဲ့ ထုတ်လွှတ်သော ကျင့်ကြံခြင်းအရှိန်အဝါသည် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့် သို့မဟုတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် နှစ်ခုလုံးနှင့် ကိုက်ညီမနေဘဲ နှစ်ခုကြားတွင် ရှိနေပုံရသည်ဟု သူခံစားနိုင်သည်။

"နတ်ဘုရားမျက်လုံး ဖွင့်စမ်း"

ယဲ့ကျွင်းလင်၏ မျက်လုံးများမှာ အလင်းတန်းများတောက်ပလာကာ အဝေးတွင် ဝင့်ထည်စွာရပ်တည်နေသော အနီရောင်ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏မျက်စိရှေ့တွင် ပုံရိပ်ယောင်ဘုတ်ပြားတစ်ခု ပေါ်လာသည်။

【ကျင့်ကြံခြင်း】 ဘုတ်ပြားတွင် "အထွဋ်အထိပ်သို့တက်ရောက်ခြင်း လမ်းခုလတ်" ဆိုသည်ကို တွေ့သောအခါ ယဲ့ကျွင်းလင် ချက်ချင်း နားလည်သွားသည်။

"အထွဋ်အထိပ်သို့တက်ရောက်ခြင်း လမ်းခုလတ် ဆိုပါလား အံ့သြမနေတော့ပါဘူး!"

ဟုန်ချန်ယဲ့၏ အခြေခံတိုက်ရည်ခိုက်ရည်သည် အားကောင်းပြီးသားဖြစ်ပြီး ကျင့်ကြံဆင့်၏အားသာချက်နှင့် ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံသူတပ်မတော်ကြီးတစ်ခုလုံးကို ဤသို့ အလွယ်တကူ ရှင်းလင်းနိုင်လိုက်ခြင်းမှာ အံ့သြစရာတော့မဟုတ်တော့ပါ။

"ဟီးဟီး အဲ့ဒါဆိုလည်း ကောင်းတာပဲ၊ သူငါ့ကိုလာတိုက်ရင် ငါအလိုအလျောက်အဆင့်တက်သွားမှာပေါ့?"

ယဲ့ကျွင်းလင် တိတ်တဆိတ် တွေးနေမိသည်။

ကြက်သွန်မြိတ်ကို မြေသြဇာကျွေးပြီးမှတော့ ရိတ်သိမ်းသင့်ပြီ မဟုတ်လား?

ထိုအချိန်တွင်...

ကျယ်ပြောပြီး အဆုံးမရှိသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဆက်တိုက် ပေါက်ကွဲထွက်လာကာ ကောင်းကင်အနက်ရှိုင်းဆုံးတစ်နေရာမှ နတ်မင်းအပေါင်း စစ်မြေပြင်ထဲသို့ ဆင်းသက်ရောက်ရှိလာသကဲ့သို့ပင်။

အင်အားကြီးမားသော ပုံရိပ် ဆယ့်ရှစ်ခုသည် လေထုထဲတွင် လက်နောက်ပစ်လျက်ရပ်နေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို တောက်ပလင်းဖြာသော ရောင်ခြည်များဖြင့် ဖုံးလွှမ်းထားကာ အသက်ရှုသံတစ်ချက်ဖြင့်ပင် မိုင်ထောင်ပေါင်းများစွာအဝေးမှ ဝိညာဉ်စွမ်းအင်များကို လှုပ်ခတ်မွှေနှောက်နိုင်စွမ်းရှိကြသည်အထိ။

အဝေးမှ ကြည့်လျှင် ရွှေရောင်နေမင်း ဆယ့်ရှစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းနေသကဲ့သို့ ထုတ်လွှတ်သောအလင်းရောင်သည်ကား ကမ္ဘာတစ်ခုလုံးကို ထွန်းလင်းစေပါတော့သည်။

All Chapters