← Chapters

သခင်ကြီးယဲ့ဆိုတာက ငါပဲ

Vol. 4 Ch. 53

သခင်ကြီးယဲ့ဆိုတာက ငါပဲ

Vol. 4 Ch. 53

"လမ်းခုလတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီလိုပိတ်ဆို့တားဆီးနိုင်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒီလို ဝေးလံခေါင်သီပြီး လူသူကင်းမဲ့တဲ့ ဒေသမှာ ဒီလောက် ရှားပါးတဲ့ ပါရမီရှင်မျိုး ရှိနေတာပဲ" ဟု လူကောင်ထွားထွား အမျိုးသားက လေးနက်သောအသံဖြင့် ပြန်ပြောသည်။

"သေစမ်း၊ ဒီမိန်းကလေးကို အမြန်ဆုံး ရှင်းထုတ်ရမယ်! အားလုံး ပါဝင်တိုက်ခိုက်ကြ! သူ့ကို သတ်ပစ်ကြ!!!" အရှင်ရွှေမြွေဟောက်က အော်ဟစ်လိုက်သည်။

ကျန်ရှိသော ထိပ်သီးအကြီးအကဲများသည်လည်း ကြာရှည်ဆွဲထားပါက အရှက်ရတော့မည်ကို သိသောကြောင့် ချက်ချင်းပင် တစ်ဦးပြီးတစ်ဦး လှုပ်ရှားကာ ဟုန်ချန်ယဲ့ကို သတ်ရန် ကြိုးစားလာကြသည်။

အဆုံးမရှိသော စွမ်းအင်အရှိန်အဝါသည် အားကောင်းပြီး ကျယ်ပြောလှကာ လမ်းတစ်လျှောက်ရှိ လေဟာနယ်မှာ တောင့်မခံနိုင်တော့ပဲ အပိုင်းပိုင်း ပြိုကွဲလုနီးပါးအထိ ဖြစ်သွားရ၏။

မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ထိတ်လန့်ဖွယ်ရာပင်!

"မင်းတို့ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာ ငါ မြင်ချင်မိသားပဲ" ဟုန်ချန်ယဲ့သည် မြေကြီးပေါ်တွင် ရပ်နေပြီး သူ၏ မီးလျှံကဲ့သို့ နီရဲသော ဝတ်ရုံသည် လေနှင့်အတူလွင့်မျောနေကာ လက်ကိုတစ်ချက်လှုပ်လိုက်သည်နှင့် မီးနဂါး ဒါဇင်များစွာက ဟိန်းဟောက်သံများဆူညံလျက် ထွက်ပေါ်လာတော့သည်။

နှစ်ဖက်စလုံး တိုက်ခိုက်ကြသောအခါ နေနှင့်လသည်ပင် အရောင်အဝါ ကင်းမဲ့သွားရပြီး တောင်တန်းမြစ်ချောင်းများ အခြေပျက်တုန်ခါသွားရပေသည်။

"ကျောက်တိုင်သံမဏိ လက်ဝါး!"

"ဖြိုခွင်း လက်ညှိုး!"

"ကြယ်တံခွန်ဆွတ် လက်ဝါး!"

"နဂါးနိုင်ကျင့်စဥ်!"

"ဝိညာဉ်နှုတ် အမှတ်တံဆိပ်!"

… …

အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများနှင့် ကျင့်စဥ်များသည် ထိပ်သီးအကြီးအကဲများ၏ လက်ထဲတွင် အဆင်သင့်ပေါ်ထွက်လာကြပြီး ၎င်းတို့၏ မျက်နှာများသည် လူသတ်လိုစိတ်ဖြင့်သာ ပြည့်နှက်နေကာ ရှေ့မှရန်သူတော်ကို အပြတ်ရှင်းရန် စိတ်ပိုင်းဖြတ်ထားကြသည်ပင်။

ဘန်း ဘန်း ဘန်း~

မီးနဂါးအကောင်ရေ ဒါဇင်ပေါင်းများစွာသည် တစ်နေရာမှတစ်နေရာသို့ ကူးလူးဖြတ်သန်း၍ ‌တိုက်ကွက်များကိုရှောင်ရှားကာ စိတ်အားထက်သန်စွာ ဟိန်းဟောက်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ထိပ်သီးအကြီးအကဲများက တစ်ကောင်ပြီးတစ်ကောင် အမိအရ ဖျက်ဆီးပစ်ခဲ့လေသည်။

တိုက်ခိုက်သူများထဲတွင် အထွဋ်အထိပ်သို့တက်ရောက်ခြင်း အစောပိုင်းအဆင့် ကိုးဦးနှင့် အလယ်အလတ်အဆင့် ခြောက်ဦး ပါဝင်လေသည်။

ဟုန်ချန်ယဲ့၏ မျက်လုံးများသည် အေးစက်ခဲသက်နေပြီး တဖြည်းဖြည်း ချဉ်းကပ်လာသော ပုံရိပ်များကို မျက်တောင်မခတ်စိုက်ကြည့်ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်ကို ကြမ်းတမ်းစွာ လှုံ့ဆော်လို့နေသည်။ ဝှစ်ခနဲ အသံနှင့်အတူ သူ့ ခန္ဓာကိုယ်ကို ဝန်းရံထားသော မီးလျှံနီရဲရဲများသည် မှင်နက်ရောင် မီးလျှံများအဖြစ် ပြောင်းလဲသွားတော့၏။

ထိုအနက်ရောင် မီးလျှံများမှ အလွန်ထူးဆန်းသော အနက်ရောင် ဓာတ်ငွေ့များကို ထုတ်လွှတ်လို့နေသည်။

ဤသည်မှာ နိဗ္ဗာန်မာရ်နတ်မီးလျှံဖြစ်ပြီး အရာခပ်သိမ်းအား ဝါးမျိုစားသောက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"သတ်!"

ဤထူးဆန်းသော အနက်ရောင်မီး၏ အရှိန်အဝါကြောင့် အကြီးအကဲတို့၏ နှလုံးသားထဲတွင် မသက်မသာ ခံစားချက်ကို ခံစားလိုက်ရကာ တစ်ပြိုင်တည်းပင် ကျင့်စဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြတော့သည်။

"ဟမ့်!" ဟုန်ချန်ယဲ့ လက်များကို ဆန့်ထုတ်လိုက်ပြီး သူ၏ အနီရောင်ဆံပင်များက လှုပ်ရှားမှုကြောင့် ရမ်းခါနေကာ ဝန်းရံထားသော နိဗ္ဗာန်မာရ်နတ်မီးလျှံသည်လည်း ရုတ်တရက် တဟုန်ထိုးမြင့်တက်လာပြီး သူ့ထံဦးတည်လာရောက်နေကြသော ကျင့်စဥ်စွမ်းအားများအား ဝါးမျိုနေသည့် တွင်းနက်တစ်ခုကဲ့သို့ ပြောင်းလဲသွားလေသည်။

အရှိန်ငြီးငြီးတောက်လောက်နေသော စွမ်းအင်လှိုင်းများသည် အလွန်ပြင်းထန်ပြီး လူအပေါင်းကို ရင်တုန်ပန်းတုန်ဖြစ်စေနိုင်၏။

"ဘာကြီးလဲ?!"

တိုက်ခိုက်နေကြသော ထိပ်သီးအကြီးအကဲ ဆယ့်ငါးဦးစလုံး မျက်နှာပျက်သွားကြရသည်။

တိုက်ပွဲကို ‌ဘေးမှသာကြည့်ရှုနေသော လူကောင်ထွားထွား အမျိုးသားသည်လည်း ဂနာမငြိမ်ဖြစ်သွားရပြီး တအံ့တသြပြောလာသည်။ "ထိပ်သီးကျင့်ကြံသူဆယ့်ငါးဦးရဲ့ တိုက်ခိုက်မှုတွေကို သူ့ရဲ့ တစ်ကိုယ်တည်း ခွန်အားနဲ့ ခုခံနေတာလား? ဒါက လမ်းခုလတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်တစ်ယောက် လုပ်နိုင်တဲ့အရာမဟုတ်ဘူးနော်"

"ဒီလို ပါရမီမျိုးကို ဒီအဘိုးအိုတောင် တစ်ခါမှ မမြင်ဖူးဘူး" အရပ်ပုပု အဘိုးအိုက တည်ကြည်လေးနက်စွာ မှတ်ချက်ပြုလာသည်။

"မင်းတို့ အားလုံး မျက်စိကန်းနေကြတာလား? ဒါက သေချာပေါက် နတ်ဆိုးကျင့်စဥ်ပဲ! ဒီမိစ္ဆာမကို အမြန်ဆုံး ဖယ်ရှားပစ်ရမယ်! မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက အဆုံးမရှိဆိုးရွားကုန်လိမ့်မယ်!" အရှင်ရွှေမြွေဟောက်သည် အမျက်ဒေါသမီးတောက်လျက် အော်ဟစ်ကြွေးကြော်ကာ မြွေခေါင်းတုတ်ကို ကိုင်၍ နက်ရှိုင်းသော သင်္ကေတများကိုဖန်တီးလိုက်ပြီးနောက် ဟုန်ချန်ယဲ့ထံသို့ ထိုးညွှန်လိုက်လေသည်။

ဘန်း ဟူသော အသံနှင့်အတူ လုံးပတ်ထူသော မြွေပုံသဏ္ဌာန် အလင်းတန်းတစ်ခုသည် လေဟာနယ် ချိုးဖျက်ကာ ထူးဆန်းသော အနက်ရောင်မီးလျှံများကို ဝင်ရောက်တိုက်ခိုက်လေသည်။

"တိုက်ကြ!"

ပွဲကြည့်နေကြသော ကျန်နှစ်ဦးလည်း မနေနိုင်တော့ဘဲ ဝင်ပါလာကြရတော့၏။

ဤသုံးဦး ပါဝင်လာသောအခါ ဖိအားသည် ရုတ်တရက် အဆတစ်ထောင်မျှ တိုးမြင့်လာသည်အထိ!

"ချီးပဲဟေ့… …" ဟုန်ချန်ယဲ့ အံကိုတင်းတင်းကြိတ်ကာ ပဲစေ့အရွယ် ချွေးစက်များက နဖူးပေါ်မှ တတောက်တောက်ကျဆင်းလာသည်။ နိဗ္ဗာန်မာရ်နတ်မီးလျှံတွင် အရာခပ်သိမ်းကို ဝါးမျိုနိုင်သောစွမ်းအားရှိသော်ငြား ဤကဲ့သို့သော စားသုံးမှုနှုန်းဖြင့်ဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်သည် မကြာမီ ကုန်ဆုံးပေတော့မည်။

မှော်ပညာကို အသုံးပြုနိုင်စွမ်း မရှိတော့ပါက သူ၏ တိုက်ရည်ခိုက်ရည်သည်လည်း လွန်စွာကျဆင်းသွားမည် ဖြစ်၏။

ငါတော့ ဒုက္ခရောက်တော့မှာပဲ!

"မင်းမေငိုးပဲ ဒီလိုဖြစ်ရတာက အစောကြီးကတည်းက လျှို့ဝှက်ရတနာတွေကို မပေးခဲ့တဲ့ ယဲ့ကျွင်းလင်ရဲ့ အပြစ်တွေပဲ!" ဟုန်ချန်ယဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဟွမ်ကျိုးပြည်နယ်ရှိ ဂိုဏ်းငယ်လေးတစ်ခုကို ကိုင်တွယ်ရန်အတွက် ယွီဟွားဂိုဏ်းသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်ရှစ်ဦးကို တိုက်ရိုက်စေလွှတ်ကာ ဤမျှလောက် ကြီးကျယ်သော အရှုပ်တော်ပုံကို ဖန်တီးလိမ့်မည်ဟု မည်သူကြိုသိနိုင်မည်နည်း?

ပါရမီရှင်တွေပေါနေတော့လည်း သုံးချင်တိုင်းကိုသုံးနေတော့တာပဲ!

"ချိုးဖျက်လိုက်စမ်း!"

ကျယ်လောင်သောကြွေးကြော်သံသည် မိုးကြိုးကဲ့သို့ ကောင်းကင်ယံကို ဆူညံသွားစေသည်။

လူကောင်ထွားထွားအမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖြူရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ထိုအလင်းတန်းများကို သူ့လက်သီးပေါ်တွင် စုစည်းကာ ဖောက်ခွဲစေလွှတ်လိုက်တော့၏။

အသံလှိုင်းသည် နားကို အူသွားစေပြီး လက်သီး၏ စွမ်းအားအဟုန်သည်ကား ကောင်းကင်ယံကိုပင် ဖောက်ထွက်သွားတော့မည့်နှယ်။

ထိပ်သီးကျင့်ကြံသူအရှင် အလယ်အလတ်ဆင့် နတ်ဘုရားစွမ်းအားဖြစ်သော အရှင်နတ်ဘုရား ကောင်းကင်လက်သီး!

ဘန်း!

စေလွှတ်လိုက်သော အလင်းလုံးကြီး ပေါက်ကွဲသွားပြီ မီးလျှံကဲ့သို့ နီရဲသော ခပ်သွယ်သွယ်ပုံရိပ်လေးမှာ ကောင်းကင်ထက်မှ လွင့်စင်ကျလာကာ မြူခိုးတောင်ထိပ်ပေါ်သို့ ပြင်းစွာကျရောက်သွားလေတော့သည်။

ပေါက်ကွဲသံများနှင့်အတူ ကြီးမားသော မီးခိုးများနှင့် ဖုန်မှုန့်များ လုံးခနဲတက်လာပြီး တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရ၏။

"အဟွတ် အဟွတ် အဟွတ်…" ဟုန်ချန်ယဲ့၏တစ်ကိုယ်လုံးသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ နာကျင်ခံစားနေရသည့် အခြေအနေတွင် ထရပ်ရန်ပင် ရုန်းကန်နေရလေသည်။

"ဆရာတူအစ်ကိုကြီး ဟုန်!" ပုရှောင်းရှီးက စိုးရိမ်တကြီး ပြေးလာသည်။

လက်ထဲတွင် အော်လီယမ်အစပ်အရသာ ကြက်တောင်ပံတစ်ချောင်းကိုင်ထားသော ယဲ့ကျွင်းလင်သည် ခေါင်းကိုအသာခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ငါ့ရဲ့ တော်လှတတ်လှချည့်ဆိုတဲ့ တပည့်ရာ၊ မင်း သူတို့ကို တွန်းလှန်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား? အခုကျ ဘာလို့ ခွေးလို အရိုက်ခံနေရတာလဲ?"

"ဆရာက မင်းကို တကယ် တကယ် တကယ်ကို စိတ်ပျက်နေမိပြီ!"

ထိုစကားကို ကြားသော်....

ယဲ့ကျွင်းလင်၏ ပြောင်မြောင်လှသော လှောင်ရယ်စကားတွင် ဟုန်ချန်ယဲ့၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာကာ ဒေါသကြောင့် ပါးများပင်နီရဲပူလောင်လာပြီး အံကြိတ်သံဖြင့် ပြန်ပြောလိုက်သည်။

"မင်းကခုချိန်ထိ လှောင်ပြောင်နေနိုင်တုန်းပဲလား အနည်းဆုံးတော့ငါက အသက်ရှင်လျက် ဆုတ်ခွာလာနိုင်သေးတယ် မင်းကိုယ်မင်းပြန်ကြည့်ဦး ဒီမှာထိုင်ပြီး သေဖို့စောင့်နေတာပဲ!"

ထိုသို့ပြောကာ သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီး အဝေးသို့ ထွက်ပြေးရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုဖို့ပြင်လိုက်သည်။

နောက်ဆုံးတော့လည်း ယွီဟွားဂိုဏ်း၏ အဓိကပစ်မှတ်မှာ ဤဆံဖြူကောင်လေးပင်!

ဟိုအရေးမပါတဲ့ ပုရွက်ဆိတ်အုပ်လည်း သူတို့ရဲ့ချစ်လှစွာသော ဆရာတူညီလေးယဲ့နဲ့အတူသာ မြေမြှုပ်ခံလိုက်ကြတော့ပေါ့!

All Chapters