မင်း ဘာတွေများထပ်ပြီးဖုံးကွယ်ထားသေးလဲ?
Vol. 4 Ch. 54
"ငါဒီမှာရှိနေသရွေ့ မင်းတို့တစ်ယောက်မှ ဒီနေရာက ထွက်မသွားနိုင်စေရဘူး!"
ရုတ်ချည်းပင် ရောင်ခြည်တန်းများဖြင့် ရစ်ပတ်ထားသော ရှေးဟောင်း ကြေးဝါရောင် သံလိုက်အိမ်မြှောင်တစ်ခုသည် ကောင်းကင်၏ အနက်ရှိုင်းဆုံးအတွင်းဘက်ထိသို့ လွင့်ပျံလို့သွားပြီးနောက် ဆန်းကြယ်နက်နဲပြီး တုယှဥ်နိုင်ရန်မစွမ်းသာသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
တစ်ခဏအတွင်းမှာကိုပဲ သူတို့ရှိနေသောပတ်ဝန်းကျစ်တစ်ခုလုံးဟာ လှောင်ပိတ်ခံလိုက်ရသလို ဖြစ်သွားပြီး ဝိုးတဝါး အလင်းကန့်လန့်ကာတစ်ခုနှင့် ဖွဲ့စည်းကာရံထားခြင်းကို မှိန်ဖျော့စွာ မြင်တွေ့နိုင်လေသည်။
အရပ်ပုပု အဘိုးအိုက မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောသည်။ "ငြိမ်ငြိမ်သာထိုင်နေပြီး သေဖို့စောင့်နေလိုက်ကြပါ၊ စွမ်းအင်တွေအရမ်းမဖြုန်းတီးပါနဲ့တော့ကွာ"
ကောင်းကင်တွင်ဝဲပျံလျက်ရှိကြသော အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျွမ်းကျင်သူ ဆယ့်ရှစ်ဦးကို ကြည့်ရင်း ရွှယ်ထျန်းဂိုဏ်းမှ ကျင့်ကြံသူတို့မှာ လွန်စွာစိတ်ပျက်အားငယ်ကာ ညည်းတွားမိကြတော့၏။
ဒီလိုလူတွေကို သူတို့ ဘယ်လိုများတိုက်ခိုက်နိုင်မှာတဲ့လဲ?
"ဪ ဘယ်အရာမှမတည်မြဲပါလားလေ ငါကတော့ ရွှယ်ထျန်းဂိုဏ်းက မကြာခင်မှာပဲအောင်မြင်ကျော်ကြားပြီး ဂုဏ်သိက္ခာရှိရှိတဲ့ အနာဂတ်လမ်းကြောင်းကို လျှောက်လှမ်းတော့မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပျက်စီးခြင်းရဲ့ ကံကြမ္မာကို မလွတ်မြောက်နိုင်ခဲ့ဘူးပဲ ဘယ်သူကများ ကြိုသိနိုင်ခဲ့မှာလဲလေ
"
ရှယိုနျန်သည် ကောင်းကင်သို့မော့ကြည့်ရင်း သက်ပြင်းချကာ ဝမ်းနည်းကြေကွဲစွာ ဖွင့်ဟညည်းညူရှာလေသည်။
"ဂိုဏ်းချုပ် ဒီအခြေအနေထိရောက်လာမှတော့ တိုက်ပွဲဝင်ကြရအောင်!" တောင်ထိပ်သခင်များက နီရဲတောက်လောင်နေသော မျက်လုံးအစုံဖြင့် အားကြိုးမာန်တက်အဆိုပြုလာလေသည်။
ဟုန်ချန်ယဲ့ကတော့ ရှုံ့မဲ့သွားပြီး တွေးလိုက်မိသည်။"ချီးပဲ ဒီပုရွက်ဆိတ်အုပ်စုနဲ့တော့ အတူမသေချင်သေးဘူး!"
ကြက်တောင်ပံများကို ပလုတ်ပလောင်းနှင့် ပျော်ရွှင်စွာ စားသောက်နေဆဲဖြစ်သော ယဲ့ကျွင်းလင်ကို လှမ်းကြည့်လိုက်သောအခါ၊ သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော မကျေနပ်စိတ်များ ပေါ်ပေါက်လာသည်။
စား၊ စား၊ သေအောင်စား၊ အခု ဘယ်အခြေအနေ ရောက်နေပြီလဲ? သူက စားနေနိုင်တုန်းပဲ။
ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားလျက်နှင့် ထိုသူကတော့ ဘာကိုမှရည်မှန်းထားခြင်းမရှိဘဲ အောက်ခြေအဆင့်မှာသာ နေ့ရက်တိုင်းကို ပျော်ပျော်နေ ပျော်ပျော်စားလျက် ဖြတ်သန်းနေလေသည်။ သူ့နေရာမှာ ငါသာဆိုရင် တစ်လောကလုံးရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်ဖြစ်နေလောက်ရောပေါ့!
ဒီလိုလူမျိုးနဲ့အတူ အတူသေရတာဟာ ငါ့အတွက် တကယ့်ကို အရှက်ရစရာပဲ!
"ရှောင်ရှီး"
"ဆရာသခင်၊ ရှုရှု လာပြီ!"
"နောက်တစ်ခါ ဆရာ ပျားရည်လူးအရသာကို စမ်းကြည့်ချင်တယ်။"
"အာ၊ ဆရာသခင်ရယ် နောက်တစ်ခါဆိုတာ ရှိပါဦးမလား?"
ပုရှောင်းရှီးမှာ ဆရာသခင်ဖြစ်သူ၏စောက်ဂရုမစိုက်နိုင်မှုကြောင့် အံ့အားသင့်သွားရပြီး ကောင်းကင်တွင်ပျံဝဲတည်ရှိလျက် သူတို့ကိုဖိနှိပ်ထားသော အင်အားကြီးပုံရိပ်၁၈ခုအား မော့ကြည့်ရင်း အမွေးထူထူကြွက်မျက်နှာလေးမှာ ထိန်းမနိုင်အောင်ကြောက်ရွံ့တုန်လှုပ်နေရှာတော့၏။
ယဲ့ကျွင်းလင်က သူ့ကိုတော့မနှစ်သိမ့်လိုက်ပေသည့် သူ့မျက်လုံးများကတော့ ကျန်ရှိနေသော အော်လီယံကြက်တောင်ပံခြောက်ခုထံမှ တွ့န်ဆုတ်ဆုတ်ဖြင့် အကြည့်လွှဲသွားရပါသည်။
"ကဲလေ ထားလိုက်ပါတော့၊ ယင်ကောင်တွေကို မောင်းပြီးမှပဲ စားတော့မယ်!"
ထို့နောက် မရေမတွက်နိုင်သော အံ့သြတကြီးအကြည့်များအောက်တွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်သည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ယွီဟွားဂိုဏ်းအကြီးအကဲ၁၈ယောက်နှင့်အတူ မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
"ယဲ့ကျွင်းလင်၊ မင်း နောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိပြီပေါ့"
လူကောင်ထွားထွား အမျိုးသားက စူးရှသောမျက်လုံးများဖြင့် အလင်းတန်းများထွက်လာတော့မတတ် စိုက်ကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
"မင်းက ငါ့ရဲ့ အသုံးမကျတဲ့ တပည့်လေးကို ခွေးရိုက်နွားရိုက် ရိုက်လိုက်တာကိုး ဆရာတစ်ယောက်အနေနဲ့ ငါက သူ့ဘက်ကရပ်တည်ပေးရမှာပေါ့!" ယဲ့ကျွင်းလင်သည် ရင်ဘတ်ကို ကော့ကာ ဖြောင့်မတ်ထောက်ထားတတ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားများ၏အောက်တွင် သိုဝှက်ထားသောလှောင်ပြောင်မှုများကိုတော့ အကြောင်းသိသူဆိုမြင်နိုင်ပေမည်။
"မင်းဘိုးအေ…" ဟုန်ချန်ယဲ့ ပါးစပ်မထိန်းနိုင်ဘဲ လွှတ်ခနဲဆဲမိလိုက်ပြီး ဒဏ်ရာထက် ဒေါသကြောင့်ရင်နာနေရတော့၏။
မင်း ဘာများလုပ်ပြဦးမလဲ ကြည့်ကြသေးတာပေါ့!
ဟုန်ချန်ယဲ့သည် သူ့ကိုယ်သူ ယဲ့ကျွင်းလင်ထက် ကျင့်ကြံဆင့်ပိုသာသွားသည်မှာ သေချာပါကြောင်း ခံစားခဲ့ရလေသည်။ သူတောင် ဒီလောက်ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရလျှင် တစ်ဖက်လူကတော့ ချက်ချင်းအရေခွံဆုတ်ခံရမည့်အရေးပင်၊
"ဟားဟား မင်းရဲ့အဆုံးသတ်ကို ငါတို့သေချာသတ်မှတ်ထားပြီးသားပါ ဒီအဘိုးကြီးက မင်းကို အရှင်လတ်လတ် အရေခွံခွာပြီး အကြောတွေကို ဆွဲထုတ်၊ အရိုးတွေကို လေထဲမှာ ကြဲဖြန့်ပြီး နောက်လူတွေထပ်အတင့်မရဲရလေအောင် သတိပေးထားရမှာပေါ့ကွာ!"
အရပ်ပုပုအဘိုးအိုက ရက်စက်သွေးဆာသော အပြုံးဖြင့် ပြောသည်။
"တရားခံ ယဲ့ကျွင်းလင် ပေါ်လာပြီလေ၊ နင်တို့ကမြန်မြန်ပြေးမဖမ်းဘဲ ဘာတွေလေရှည်နေကြတာလဲ!" အရှင်ရွှေမြွေဟောက်က စိတ်မရှည်နိုင်တော့သောအသံကြီးဖြင့် ဝင်ပြောလာသည်။
သူမက အလွန်သတိကြီးတတ်သူပင်။ ယဲ့ကျွင်းလင်ဆိုသူမှာ ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်းအဆင့်တွင် ရှိနေသည်ဟု သူမ ခံစားမိသော်လည်း ထိုသူ၏ တပည့်မသည်ပင် လမ်းခုလတ် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီမဟုတ်လော။ ထိုဆရာဖြစ်သူက သူ၏ကျင့်ကြံဆင့်အစစ်အမှန်ကို ဖုံးကွယ်ရန်ဆန္ဒရှိနေ မရှိနေကို သူတို့မသိနိုင်ပါချေ။
ကျန်ရှိသော ထိပ်သီးအကြီးအကဲများသည် အဘွားကြီးထံမှ အဟောက်ခံလိုက်ရသောကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားကြ၏။ အရှင်ရွှေမြွေဟောက်က သူတို့ကို ဦးဆောင်စေချင်သလိုလိုနှင့် အသေခံတပ်သားအဖြစ်အသုံးချနေသည်ကို မသိဘဲရှိပါမည်လော။
သို့သော် ဤငွေရောင်ဆံပင်နှင့် အဘွားအိုသည် သူတို့ထက် အင်အားကြီးပြီး ဂိုဏ်းတွင်လည်း ဩဇာအာဏာ ပိုရှိသောကြောင့် စိတ်ထဲမှ မကျေမနပ်ဖြစ်ရသော်ငြား အမိန့်အတိုင်း လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
"သတ်ကြ!!"
ဒေါသတကြီး အော်ဟစ်ကြွေးကြော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဒါဇင်နှင့်ချီသော ထိပ်သီးအကြီးအကဲများသည် စိတ်ထဲမှ မကျေမနပ်ခံစားချက်တို့ကို ယဲ့ကျွင်းလင်ထံသာပုံချလိုက်ကာ ထိုသူကိုအပြတ်ရှင်းဖို့အတွက် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
ဝှစ်!
နီလာရောင် ဓားသွားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်၍ ယဲ့ကျွင်းလင်၏ ဦးခေါင်းထိပ်သို့ ပြင်းထန်စွာ ကျရောက်လာလေသည်။
【တင်၊ ပိုင်ရှင်ဟာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အစောပိုင်းအဆင့်ရန်သူရဲ့ တိုက်ခိုက်မှုကို ခံနေရကြောင်း တွေ့ရှိရတဲ့အတွက် အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်၍ ပိုအင်အားကြီးလာခြင်း စွမ်းရည်အသက်ဝင်သွားပါပြီ ပိုင်ရှင်ဟာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအဖြစ် တက်ရောက်သွားပါပြီရှင်!】
ထိုခဏလေးအတွင်းမှာပင် ယဲ့ကျွင်းလင်သည် ပြီးပြည့်စုံသော ခန္ဓာပေါင်းစည်းခြင်းအဆင့်မှ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အလယ်အလတ်ဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ဘုန်း!!
ဇမ္ဗူတစ်ခွင် မယှဉ်နိုင်လောက်အောင် အားကောင်းပြီး ကျယ်ပြောသောအရှိန်အဝါတစ်ခုသည် ရုတ်တရက် ကောင်းကင်ထက်သို့ တိုးထွက်ရိုက်ခတ်သွားကာ တိမ်တိုက်များကို လွင့်စင်ပျက်ဆီးစေတော့၏။
ထိုနီလာရောင် ဓားအလင်းတန်းသည်လည်း ထိုသူ၏ လက်တစ်ချက်အဝေ့တွင် အလွယ်တကူ ပျက်စီးပျောက်ကွယ်သွားရလေသည်။
ယဲ့ကျွင်းလင်၏ မြူနှင်းရောင်ဆံနွယ်ရှည်များမှာ အရှိန်အဟုန်ဖြင့် တလွင့်လွင့်ဖြစ်လျက်ရှိကာ ချောမောတောက်ပြောင်နေသောမျက်နှာထက်ရှိ မျက်ဝန်းတစ်စုံမှာတော့ တောက်ပစွာ ဖြာထွက်လျက်ရှိတော၏။
အရမ်းမိုက်တာပဲ!
စွမ်းအားအလုံးအရင်းလိုက်ကြီးကို လက်တစ်ချက်လှုပ်စရာတောင်မလိုဘဲ တစ်ခါတည်းစုဆောင်းမျိုချလိုက်ရတဲ့ ခံစားချက်မျိုး!
ဒီရွှေလက်ချောင်းကိုပိုင်နေမှတော့ ဘယ်ကောင်က ကြိုးစားပမ်းစားကျင့်ကြံနေဦးမှာတဲ့လဲ? ကျင့်ကြံရတာခက်လို့လား ကျင့်ကြံရတာခက်လို့လား၊ ကျင့်ကြံရမှာတောင် ပျင်းတယ် ဝါးဟားဟားးး
စက္ကန့်ပိုင်းမျှသော အချိန်လေးအတွင်း ရုတ်တရက် ဖြစ်ပေါ်လာသော ဤအရှိန်အဟုန်ပြောင်းလဲမှုသည် စစ်မြေပြင်ရှိ ကျင့်ကြံသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေတော့လေသည်။
"ဆရာတူညီလေးယဲ့က အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင်ကြံသူကြီးပဲ!!"
ရှယိုနျန်နှင့် အခြားသူများသည် ဦးစွာ အံ့အားသင့်စွာဖြင့် ဆွံ့အသွားရပြီး ထို့နောက်တော့ အားရဝမ်းသာ အော်ဟစ်လိုက်ကြလေသည်။
ဒါ ဟာသမဟုတ်ဘူးနော်။
ဒါဆိုရင် ငါတို့ရဲ့ ရွှယ်ထျန်းဂိုဏ်းမှာ အော်လီယံကြက်တောင်ပံကိုက်နေတဲ့ ထိပ်သီးကျင့်ကြံသူအရှင်တစ်ပါး တကယ်ကြီးရှိနေခဲ့တာပေါ့?
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး! လခွမ်း ငါအိပ်မက်မက်နေတာပဲ ဖြစ်ရမယ်" ဟုန်ချန်ယဲ့၏ ဦးခေါင်းသည် ပေါက်ကွဲလုနီးပါးမူးမိုက်သွားကာ ယိုင်တိုင်တိုင်နှင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး ပြူးကျယ်နေသော သွေးနီရောင်မျက်ဝန်းများတွင် အံ့သြထိတ်လန့်မှုများက အပြည့်အသိပ်။