မင်းလားကွ လူမိုက်ဆိုတာ
Vol. 4 Ch. 55
ခံစားချက်ကတော့ နေ့မပြတ်ညမပြတ် စာတွေလေ့လာကြိုးစားပြီး စာမေးပွဲကိုလည်း ယုံကြည်ချက်ရှိရှိနဲ့ ဖြေဆိုခဲ့ပြီးတဲ့နောက်မှာ ရလဒ်ထွက်လာတော့ အတန်းထဲ အိမ်စာလည်းမှန်မှန်မထပ်၊ စာတောင်လိုက်နားမထောင်၊ နေကုန်နေခမ်းအိပ်ဖို့ပဲသိတဲ့ကောင်က ပထမရသွားတဲ့ ခံစားချက်မျိုးပါ။ မင်းတို့နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
"ချီးပဲ နောက်ထပ်ဘာကျင့်ကြံဆင့်တွေကို ထပ်ဖွက်ထားသေးတာလဲ၊ မင်းကဒီလိုလုပ်ရတာ သိပ်ပျော်နေတယ်ပေါ့လေ?!"
ဟုန်ချန်ယဲ့၏ မျက်လုံးများသည် သွေးရောင်သန်းလာကာ လက်သီးများကို တင်းတင်းဆုပ်ထားပြီး ခေါင်းထဲမှ တဒိတ်ဒိတ်ဖြင့် သွေးတိုးလာတော့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မခံချင်စိတ်ဖြင့် တုန်ယင်ယိမ်းယိုင်နေလျက်။
ဦးနှောက်ထဲရှိ စဥ်းစားတွေးခေါ်နိုင်စွမ်းတွေအားလုံးကို ခွေးချကျွေးခံလိုက်ရသလို ခံစားချက်မျိုးပဲ။
ဤမျှလောက် မိမိ၏ ခွန်အားကို ဖုံးကွယ်ထားလိုသောသူအား သူတစ်ခါမှ မမြင်ဖူးခဲ့ပေ!
သူတို့ စတင်တွေ့ဆုံခဲ့စဉ်က ထိုသူသည် ဝိညာဉ်သန္ဓေကျင့်ကြံဆင့်တွင် ရှိခဲ့ပြီး ယခုတော့ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ!
(ဝိညာဥ်သန္ဓေ၊ ဝိညာဥ်အဆင့်တက်ခြင်း၊ ခန္ဓာပေါင်းစည်းခြင်း၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်း ဆိုတော့ ယဲ့ကျွင်းလင်က ဒီအချိန်လေးအတွင်း သုံးဆင့်ကျော်တက်သွားတာပါ။ ဟုန်ချန်ယဲ့လိုပါရမီရှင်တောင် နှစ်နှစ်ရာလောက် ဇောက်ချပြီးကျင့်မှ နှစ်ဆင့်လောက်ပဲတက်နိုင်တဲ့အခြေအနေဆိုတော့ ဒေါသထွက်လည်း ထွက်ချင်စရာပဲပေါ့)
ဒီလျှို့ဝှက်ချက်ကြီးက နည်းနည်းနောနောဟုတ်မနေဘူးဟ!
"ချီး အရှက်မရှိလိုက်တာ!"
"အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်လား ဒါဆို မင်းက အစောကြီးကတည်းက အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ရောက်နေတာပေါ့!" ထိပ်သီးအကြီးအကဲအဖွဲ့တစ်ဖွဲ့လုံး အံ့အားသင့်လျက် ဒေါသထွက်ထွက်ဖြင့် မေးလာကြသည်။
"ဘာလဲ ခန္ဓာပေါင်းစည်းခြင်းအဆင့်မဟုတ်တော့ စိတ်ပျက်သွားကြပြီပေါ့လေ"
ယဲ့ကျွင်းလင်က နောက်ပြောင်လို့မပြီးနိုင်သေး။
ထိုသို့ပြောပြီးနောက်....
ထိုသူ၏ ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထို့နောက် ထိပ်သီးအကြီးအကဲတစ်ဦး၏ ဦးခေါင်းထက်တွင် ဗြုန်းခနဲပြန်ပေါ်လာပြီး လက်ဝါးကို မြှောက်၍ ရိုက်ချလိုက်တော့၏။ လွင့်ပျံနေသော ငွေဖြူရောင်ဆံနွယ်များဖြင့် အရှိန်အဝါသည်ကား ပြန်လှန်မေးခွန်းထုတ်ရဲစရာပင်မရှိ။
"သေစမ်းကွာ!"
"အယ်…"
ထိုအကြီးအကဲ သတိပင်မဝင်လိုက်ရခင်မှာပင် ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်သွားကာ ကောင်းကင်ရှိတိမ်တိုက်များအား သွေးရောင်ဖြန်း၍ နီတောက်သွားစေတော့၏။
ယဲ့ကျွင်းလင်သည် တဖန် လျင်မြန်စွာ ရွေ့လျားသွားပြီး တက်ကြွသက်ဝင်သော စွမ်းအင်အနှစ်သာရများအပြည့်ဖြင့် အားကုန်ထည့်ထားသည့် လက်သီးကိုအသုံးပြုကာ အခြားထိပ်သီးအကြီးအကဲတစ်ဦးကို ထပ်မံတိုက်ခိုက်သည်။
"မဖြစ်ဘူး!"
ကာကွယ်ရေး မှော်ပစ္စည်းတွေ ဘာတွေလည်း အားလုံး အမှိုက်ဖြစ်ကုန်ပြီ။ ဒီတစ်ခေါက်၏ပစ်မှတ်ဖြစ်သော ထိပ်သီးအကြီးအကဲမှာ မျှော်လင့်ချက်ကင်းမဲ့သော မျက်နှာငယ်လေးဖြင့် လေထဲတွင် အပိုင်းပိုင်းအစစဖြစ်အောင် အရိုက်ခံလိုက်ရကာ ဝိညာဥ်အရင်းအမြစ်သည်ပင် ပျောက်ဆုံးချုပ်ငြိမ်းသွားရတော့သည်။
ထိုအခိုက်တွင် ယဲ့ကျွင်းလင်သည် စကြဝဠာတစ်ခုလုံးကို အပိုင်စီးထားသော ဒဏ္ဍာရီလာ သားရဲကြီးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှကာ သူတို့ခန့်မှန်းရှောင်တိမ်းဖို့ပင် မမီနိုင်သော လေဟာနယ်ကျင့်စဥ်ကို အသုံးပြု၍ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်ကျင့်ကြံသူ ဒါဇင်ကျော်၏ ဝန်းရံခြင်းအလယ်တွင် ဘယ်ညာကူးပြောင်းချီတက်ကာ ပျော်ပျော်ကြီးလူလိုက်ရိုက်နေပေသည်။
လက်သီး၊ လက်ဝါး၊ ခြေကန်ချက်နှင့် လက်ညှိုးထိုးချက် တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့် မြေပြင်ကြားရှိ အဆုံးမရှိကျယ်ပြောသော ဝိညာဉ်စွမ်းအင်ကို မြူးကြွသက်ဝင်စေကာ အရာခပ်သိမ်းကို ဖျက်ဆီးဖောက်ခွဲနိုင်သည့် ကြောက်မက်ဖွယ် လူသတ်နည်းမျိုးစုံကဲ့သို့ အဆက်မပြတ်လှုပ်ရှားလျက်ရှိလေသည်။
ထိပ်သီးအကြီးအကဲများမှာ တစ်ဦးပြီးတစ်ဦး ကြေကွဲဖွယ် သေဆုံးကုန်ကြရပြီး ခန္ဓာကိုယ်များ ထိုးဖောက်ခံရခြင်း၊ ဦးခေါင်းများ ပွင့်ထွက်သွားခြင်း သို့မဟုတ် အသားလုံးလုံးဖို့ ကြိတ်စက်ဖြင့်ကြိတ်ခံထားရသော အသားစများအဖြစ် ဘဝပြောင်းသွားခြင်း စသည်ဖြင့် အဆုံးသတ်ခဲ့ရလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ကျွင်းလင်သည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူကိုးဦးကို လက်ဗလာဖြင့် သတ်ဖြတ်ခဲ့ပြီးလေပြီ။
ကျန်ရှိသော အထွဋ်အထိပ်သို့တက်ရောက်ခြင်း အလယ်အလတ်အဆင့်မှ ထိပ်သီးအကြီးအကဲ ခြောက်ဦးမှာလည်း မျက်နှာများ ပြာနှမ်းကာ အိပ်မက်ဆိုးမှနိုးထလာရသူများကဲ့သို့ ကြောက်လန့်တကြား ဟိုကြည့်ဒီကြည့်ဖြင့် ဂနာမငြိမ်ဖြစ်နေကြရတော့၏။
သူတို့သည် ဤကဲ့သို့ ရိုးရှင်းပြီး ကြမ်းတမ်းရက်စက်လှသော တိုက်ခိုက်ရေးပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ပါပေ။
အရေးအကြီးဆုံးတစ်ချက်ကို ပြောရလျှင်တော့ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျွမ်းကျင်သူဆိုသည်မှာ အရှေ့ပိုင်းစီရင်စုကို ချုပ်ကိုင်လွှမ်းမိုးထားနိုင်သော ပုဂ္ဂိုလ်ထူးများပင်ဖြစ်သည်။
တစ်ဖက်လူကို ပြန်လည်တိုက်ခိုက်နိုင်ရလောက်အောင် မတော်လျှင်တောင်မှ လွတ်မြောက်ရန် ရုန်းကန်နိုင်ခဲ့သင့်သည် မဟုတ်ပါလော? ယခုတော့ ၎င်းတို့ကိုးဦးသည် လက်ဗလာဖြင့် အရိုက်ခံရကာ သေဆုံးခဲ့ကြသည်တဲ့။ ကျစရာသိက္ခာတောင် ထပ်မရှိတော့တဲ့ ပုဂ္ဂိုလ်ထူးများပါပေ။
"ဟွမ်ကျိုးပြည်နယ်မှာ မင်းလိုမကောင်းဆိုးဝါးတစ်ကောင် ဘယ်လိုရှိနေရတာလဲ?!" မျက်ခုံးမွှေးဖြူနှင့် အဘိုးအိုတစ်ဦးသည် စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုကြောင့် မနေနိုင်စွာအော်ဟစ်ကြိမ်းဝါးလိုက်ပြီး ခရမ်းရောင်နှင့်ရွှေရောင်နှော ဓားရှည်ဆယ့်ခြောက်ချောင်းကို စတင်လှုပ်ရှားလိုက်ကာ စွမ်းအင်အလင်းတန်းများနှင့်အတူ ဟိန်းဟောက်သံများပါ ထွက်ပေါ်လာစေတော့၏။
ချွမ် ချွမ် ချွမ်~!
ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သံမဏိချင်းထိခတ်လျှင် ပေါ်ပေါက်လာတတ်သော မီးပွားများ တဖွားဖွားထွက်ပေါ်လာသည်။ သွေးနှင့်အသားနှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ဖြစ်လင့်ကစား ရွှေတုံးကို သံဓားဖြင့်ထိုးခွဲဖို့ကြိုးစားနေသကဲ့သို့ တချွင်ချွင် ထိခတ်သံများသာ ဆက်တိုက် ထွက်ပေါ်လာလေသည်။
"ဘာတွေဖြစ်နေကြတာလဲ?!" ခပ်ပိန်ပိန် အကြီးအကဲတစ်ဦးက အံ့သြထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
သူ၏ ခရမ်းရောင်နှင့်ရွှေရောင်နှော ဓားရှည်ဆယ့်ခြောက်ချောင်းစီသည် အဆင့်ခြောက်ရှိသော ဝိညာဉ်လက်နက်များဖြစ်သည်။ ဆယ့်ခြောက်ချောင်းလုံးသာ ပစ်မှတ်ကို သေချာထိမှန်ပါက ထိခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
သို့သော် အခုတော့ တစ်ဖက်လူ၏အသားအရည်ကိုပင် မထိုးဖောက်နိုင်ခဲ့ပါ။
"မဆိုးပါဘူး နည်းနည်းတော့နာသွားတယ်"
ယဲ့ကျွင်းလင်က တည်တည်ကြည်ကြည် ပြောလာသည်။
မသေဆုံးနိုင်သော အရှင်သခင် ခန္ဓာကျင့်စဥ်ကို ရရှိပြီးကတည်းက သူ၏ ခန္ဓာကိုယ်သည် တစ်ဖန်ပြန်လည်သန့်စင်လိုက်သလိုခံစားရပြီး အလွန်ခိုင်မာကာ ပျော့ပျော့ပျောင်းပျောင်းလည်းရှိလာသလို ခံစားရသောကြောင့် သူဒီတိုင်း စမ်းသပ်ကြည့်လိုခြင်းသာပင်။
ဘုန်း!
ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်လိုက်သောစွမ်းအင်ဖြင့် ရွှေရောင်လက်သီး အလင်းတန်းတစ်ခု တောက်ပလာသော် ထိုပိန်ပါးပါးအဘိုးအိုသည် ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံးကအမွေးမှန်သမျှ ထောင်မတ်သွားရကာ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မည်ဟူသောအတွေးဖြင့် အသင့်ပြင်ထားလိုက်တော့၏။
ဘုန်း!
သူမျှော်လင့်ထားသော သွေးမှုန်များ မပေါ်လာခဲ့ပါ။
"ဟင်?"
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
ပိန်ပါးပါး အကြီးအကဲလည်း အခုမှ သက်ပြင်းချနိုင်ကာ လက်သီးဆုပ်အရိုအသေပြုပြီး ဦးညွှတ်လျက်ပြောလိုက်သည်။"အရှင်ဟုန်ဝူ ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"
သူ့ရှေ့တွင် ကာရပ်လိုက်သည်မှာ ထိုလူကောင်ထွားထွားအမျိုးသားပင် ဖြစ်သည်။
အရှင်ဟုန်ဝူသည် ရင်ဘတ်ရှေ့တွင် လက်များကို ကြက်ခြေခတ်သဏ္ဍာန်ချိတ်ထားပြီး ဒဏ္ဍာရီလာသားရဲပုံသဏ္ဌာန် အမှတ်အသားကို ရင်ဘတ်ထက်ပေါ်လာစေလိုက်ကာ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်ကို ထုတ်လွှတ်လျက်ရှိ၏။
ယဲ့ကျွင်းလင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သော အမှတ်အသားမှာ ထိုအမှတ်အသားပင် ဖြစ်လေသည်!
"စိတ်ဝင်စားစရာပဲ၊ ငါ့အားကုန်ထည့်ထားတဲ့လက်သီးချက်ကို မင်း တကယ် ကာကွယ်နိုင်တယ်ပေါ့လေ?" ယဲ့ကျွင်းလင် အမှန်တကယ် စိတ်ဝင်စားသွားရသည်။
အရှင်ဟုန်ဝူသည် အပေါ်ယံအားဖြင့် တည်ငြိမ်ပုံရသော်လည်း အမှန်တကယ်တော့ သူ၏ နှလုံးသားထဲတွင် မုန်တိုင်းထန်နေပြီဖြစ်သည်။ လည်ချောင်းထက်သို့ ဆန်တက်လာသောသွေးများကို သူတိတ်တဆိတ် ပြန်လည်မျိုချလိုက်သည်…
"ခန္ဓာကိုယ်သန့်စင်အားဖြည့်ခြင်းဟာ ငါ့ရဲ့ အားသာချက်တစ်ခုပဲ သားရဲဝိညာဉ် အမှတ်အသားကိုပါ ထပ်ပေါင်းထည့်ထားတာကို အခုလေးတင် ဒီလက်သီးက ငါ့ကိုဖောက်ထွက်လုနီးပါး ဖြစ်ခဲ့တယ်ပေါ့?"
အရှင်ဟုန်ဝူသည် သူ့အသက်လေးသူပင် ဆက်ထိန်းသိမ်းနိုင်ပါတော့မည်လားဟု သံသယဝင်မိလေသည်။