နောက်ဆုံးတော့ နားလည်သွားပြီပေ့ါ
Vol. 13 Ch. 167
“ကျူးကျော်သူတွေ”
ဝိညာဉ်အစောင့်အရှောက်တစ်ယောက်သည် သူတို့ထံသို့ ပျံသန်းလာသော အရာတစ်ခုကို မြင်လိုက်ရသောအခါ အော်ပြောလိုက်မိသည်။
သူ၏ သတိပေးချက်ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် မြို့တော်ကြီး၏ နေရာတိုင်းတွင် ကြားနိုင်သော ခေါင်းလောင်းသံအကျယ်ကြီးတစ်ခုသည် သုံးကြိမ်တိုင်တိုင် ဆက်တိုက်မြည်ဟည်းသွားလေသည်။
မြို့တော်တွင် နေထိုင်သော ဝိညာဉ်များသည် လုံခြုံသော အိမ်များသို့ အလျင်အမြန် ပြေးဝင်ကာ ၎င်းတို့၏ မိသားစုများနှင့်အတူ ပုန်းအောင်းလိုက်ကြသည်။
တစ်ချိန်တည်းတွင် ဝိညာဉ်စစ်သည်များသည် တံတိုင်းကြီး၏ နယ်နိမိတ်ဆီသို့ အလျင်အမြန် ပြေးသွားကြသည်။
ဤသည်မှာ ၎င်းတို့အတွက် ယခုမှ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း ဟုတ်ဟန်မရပေ။
ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံရှိပြီး ဤကဲ့သို့သော အရာတစ်ခုအတွက် ကောင်းစွာ ပြင်ဆင်ထားကြလေသည်။
အမိုးခုံးတစ်ခုကဲ့သို့ မြို့တော်ပတ်ပတ်လည်တွင် ဖုံးအုပ်ထားသော အကာအကွဝ်လွှာတစ်ခု ပေါ်လာလေသည်။
ဝိညာဉ်အစောင့်များသည် သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာ နယ်နိမိတ်တံတိုင်းများကို တားဆီးရန် စုရုံးကာ ပို၍ နီးကပ်လာသော ထိုပျံသန်းနေသည့် ပုံရိပ်ကို စောင့်ကြည့်နေကြလေသည်။
ထိုပုံရိပ်သည် ပို၍ နီးကပ်လာလေလေ ၎င်းတို့သည် ၎င်းအား ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်လေဖြစ်လေသည်။
၎င်းသည် ကြီးမားသော ဖီးနစ်ငှက်တစ်ကောင်ဖြစ်ပုံရသည်။ ၎င်းတို့သည် ထိုဖီးနစ်၏ ကျောပေါ်တွင် လူအနည်းငယ် ရပ်နေသည်ကိုလည်း မြင်ကြရသည်။
“ငှက်တစ်ကောင်လား”
အစောင့်တစ်ဦးသည် ထိုသားရဲကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“သူတို့ ဘယ်လို လုပ်ဒီကို လာနိုင်ခဲ့တာလဲ...”
အခြားအစောင့်တစ်ဦးသည် ဝိညာဉ်လောကတွင် ဤကဲ့သို့ ငှက်တစ်ကောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ဘူးခြင်းဖြစ်သောကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။
“မစိုးရိမ်ပါနဲ့ အရင်တစ်ခါလို အုပ်စုလိုက် မဟုတ်ပါဘူး သူတို့ကို ဖြိုခွဲဖို့က ပိုလွယ်သင့်တယ်”
ထူးခြားသော ဝိညာဉ်လက်နက်တစ်ခုကို ဆုတ်ကိုင် ထားသော လူတစ်ဦးသည် ထိုအစောင့်များ၏ ရှေ့တွင် ရပ်နေပြီး သူ၏ ဆံပင်ရှည်များသည် လေတွင် လွင့်မျောလျက်ရှိနေသည်။
“ဗိုလ်မှူးလီ”
ဝိညာဉ်အစောင့်အရှောက်များသည် ၎င်းတို့၏ ခေါင်းဆောင် ရောက်ရှိလာသောကြောင့် စိတ်လှုပ်ရှားသွားကြသည်။
သူ၏ တည်ရှိနေခြင်းကြောင့် ၎င်းတို့သည် ပို၍ပင် ယုံကြည်မှုများ တိုးလာကြသည်။
ဗိုလ်မှူးလီ သည် သူ၏ ဓားကို ကိုင်မြှောက်လိုက်သည်။ ထိုလောကရှိ ဝိညာဉ်စွမ်းအင်များသည် သူ၏ ဓားပတ်လည်တွင် စုရုံးလာကြသည်။
စက္ကန့်အနည်းငယ်အတွင်း သူ၏အပေါ်တွင် အမြင့်ပေထောင်ချီရှိသော ဓားကြီး၏ အတုအယောင် ပုံရိပ်တစ်ခု ပေါ်လာသည်။
အာရန်သည် ကောင်းကင်ရှိ ပေါ်လာသော ဧရာမဓားကြီး၏ပုံရိပ်ကို မြင်လိုက်သောအခါ မေးလိုက်သည်။
“ဒါ... မင်း သူ့ကို မတားဆီးတော့ဘူးလား”
၎င်းသည် သာမန်ဓား သို့မဟုတ် အတုအယောင်တစ်ခု မဟုတ်ကြောင်း သူခံစားနိုင်လေသည်။
၎င်းဓားသည် အစစ်အမှန်ဖြစ်ပုံ မရသော်လည်း ၎င်း၏ တိုက်ခိုက်မှုနှင့်သာ အမှန်တကယ်ကြုံတွေ့ခဲ့ရပါက ၎င်းသည် သူရင်ဆိုင်ခဲ့ဖူးသမျှတွင် အပြင်းထန်ဆုံးတိုက်ခိုက်ခံရမှုတစ်ခုပင် ဖြစ်သွားနိုင်ကြောင်းတွေးလိုက်မိသည်။
“အဲဒါလေးအတွက်များ ကျွန်မ ဝင်ပါဖို့တောင် လိုသေးလို့လား မင်းကိုယ်တိုင် ဖြေရှင်းနိုင်တယ်မလား”
အက်စ်တလီနာက ပျင်းရိနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ရှင်က ကျွန်မကိုတောင် သတ်နိုင်စွမ်းရှိတာမဟုတ်ဘူးလား ဒါဆို ဒီလောက်လေးကတော့ ရှင့်အတွက် အသေးအမွှားပဲမလား”
သူမသည် ဝင်ပါရန် အစီအစဉ်ရှိပုံ မရပေ။ ယင်းအစား သူမသည် အာရန်၏ နောက်တွင် သက်တောင့်သက်သာပင် ထိုင်နေလေသည်။
သူမသည် အာရန်မှ ပင်လယ်မြွေအားရင်ဆိုင် တိုက်ခိုက်ခဲ့သည်ကို ယခင်က မြင်ခဲ့ဖူးသော်လည်း ၎င်းသည် ထိုမျှသာ ဖြစ်လေသည်။
ထိုအချိန်တွင် သူ၏ အင်အားသည်လည်း သူမအတွက် ထူးထူးခြားခြား ပေါ်လွင်နေခဲ့ခြင်းမရှိပေ။
အာရန်သည်ထိုအချိန်က ထိုပင်လယ်မြွေကို သတ်ရန်အတွက် လှည့်ကွက်အချို့နှင့် ဖီးနစ်ငှက်၏ အကူအညီကိုပင် အသုံးပြုခဲ့ရလေသည်။
သူမသည် သူ၏ အဆိပ်လည်ဆွဲကို မြင်သောအခါမှသာ သူ့အား စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်လေသည်။
သို့သော် ၎င်းသည်လည်း သူမအတွက်များများစားစား စိတ်ဝင်းစားခြင်းမဟုတ်ခဲ့ပေ။
သူသည် သူမအတွက် ခြိမ်းခြောက်မှု သို့မဟုတ် ဘယ်တော့မှသူမအား ခြိမ်းခြောက်နိုင်သူတစ်ဦး ဖြစ်လာမည်ဟုမထင်ခဲ့ချေ။
သူမသည် အာရန်အား ဒုတိယအကြိမ် မြင်သောအခါမှသာ သူ့အား ပို၍ အာရုံစိုက်မိခဲ့ခြင်းဖြစ်သည်။
သူသည် သူမအား မြင်နိုင်နေခဲ့ပြီး ၎င်းသည် လုံးဝ မဖြစ်သင့်သောအရာတစ်ခုဖြစ်ပေသည်။
သူမသည် ထိုအရာကို အလွန်စိတ်ဝင်စားသွားခဲ့သောကြောင့်သာ သူမ၏ အမေကို အကျိုးအကြောင်းပြောပြပြီး အဘယ်ကြောင့် ဤသို့ဖြစ်ရကြောင်း ရှာဖွေလိုနေခဲ့ခြင်းဖြစ်သည်။
ဤလူတွင် လျှို့ဝှက်ချက်များစွာ ရှိပြီး သူမ၏ မိခင်ဖြစ်သူ ဝိညာဉ်ဘုရင်မသာ ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ဒါကြောင့် သူမက သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် ကျိန်စာသက်ရောက်မှုမရှိပဲ ပင်လယ်နဂါးအဖြစ် အသွင်ပြောင်းနိုင်သည်ကို မြင်သောအခါမှသာ သူမသည် သူ့အား ပို၍ သတိထားဆက်ဆံလာခဲ့ခြင်းဖြစ်သည်။
အက်စ်တလီနာသည် အာရန်နှင့်အလွန် နီးကပ်သော အကွာအဝေးတစ်ခုတွင် အာရန်၏ ဓားဧကရာဇ်အော်ရာအားထိတွေ့မိသောအခါမှသာ သူသည် နောက်ဆုံး တွင် သူမအားခြိမ်းခြောက်နိုင်သူတစ်ဦးဖြစ်နိုင်သည်ဟူ၍ ထင်မိသွားခြင်းဖြစ်လေသည်။
ထိုအချိန်တွင် သူမသည် အမှန်တကယ်ပင် သေဆုံးသွားနိုင်သည်ဟု ခံစားမိခဲ့လေသည်။
ထိုအချိန်မှစ၍ သူမသည် အာရန်ကို အန္တရာယ်ရှိသောသူတစ်ဦးဖြစ်သည်ဟု စတင် ယူဆလာခဲ့လေသည်။
သို့သော် ယခုအချိန်တွင်ပင် သူမသည် သူ၏ အစစ်အမှန်ခွန်အားကို မသိသေးပေ။
ထိုအစောပိုင်းကအော်ရာသည် လှည့်ကွက်တစ်ခုလား။ သို့မဟုတ် ၎င်းသည် သူ သူမကို ယရင်က ထုတ်ဖော်ပြသဖူးခြင်းမရှိသော အရာတစ်ခုများလား။
ပင်လယ်မြွေနှင့် သူ၏ အားနည်းသော ထိုတိုက်ပွဲသည်လည်း သူမ ဘေးတွင်စောင့်ကြည့်နေသည်ကို သူသည် သိနေခဲ့ခြင်းကြောင့် တမင်ပင် ဟန်ဆောင်ခဲ့ခြင်းများလားဟူ၍ သူမသည် ဝေခွဲမရဖြစ်နေရလေသည်။
သူမသည် သူ အမှန်တကယ် မည်မျှ အားကောင်းသည်ကို သိချင်နေခဲ့သည်။
ထို့ကြောင့် ယခုအခြေအနေတွင် သူမ ဝင်ပါရန် အစီအစဉ်မရှိပေ။ သူမသည် ပရိသတ်တစ်ဦးကဲ့သို့ ရိုးရှင်းစွာပင် ဘေးတွင်သာ စောင့်ကြည့်နေချင်ခဲ့လေသည်။
ဤသည်မှာ ဤလူ၏ စွမ်းရည်ကို မြင်တွေ့ရန် အကောင်းဆုံး အခွင့်အရေးလည်းဖြစ်လေသည်။
သူသည် အမှန်တကယ်ခွန်အားကြီးသူလား သို့မဟုတ် သူသည် ဟန်ဆောင်နေရုံသက်သက်ပဲလားဆိုသည်ကို သိရှိလိုနေခဲ့ပြီး အကယ်၍ သူသည် အလွန်အန္တရာယ်များကြောင်းသာ ကြိုတင်သိရှိနိုင်ခဲ့ပါက ဤလူသားအား သူမ၏ မိခင်ဆီသို့ ထပ်မံခေါ်ဆောင်သွားလိုခြင်း မရှိပေ။
“ကျူးကျော်သူတွေရေ သေလိုက်စမ်းကွာ”
ဗိုလ်မှူးလီသည် ဖီးနစ်မှာ သူ၏ ဧရာမကောင်းကင်ဓား၏ သက်ရောက်နိုင်မှု အကွာအဝေးတစ်ခုအတွင်းသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူ၏ ဓားကို လွှဲချလိုက်လေသည်။
သူ၏ လှုပ်ရှားမှုများနှင့် လုံးဝလိုက်ဖက်ညီစွာပင် ထိုဧရာမဓားကြီးသည်လည်း ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။
၎င်းသည် သူ၏ဖီးနစ်ကို တည့်တည့်ကို ချိန်ရွယ်ထားခြင်းဖြစ်လေသည်။
အာရန်သည် ကောင်းကင်မှ ပြုတ်ကျလာသော ထိုဧရာမဓားကြီးကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။
သူသည် သူ၏ ဖီးနစ်ကို ရှောင်ရှားခိုင်းနိုင်သော်လည်း ဤအစောင့်များ၏တိုက်ခိုက်မှုများသည် ဘယ်တော့မှ ရပ်တန့်မည့်ပုံ မပေါ်ပေ။
ကောင်းကင်ပေါ်မှကျလာသော ထိုဧရာမဓားကြီးသည် နောက်ဆုံးအခိုက်အတန့်တွင် ဦးတည်ရာတစ်ခုကို ပြောင်းသွားနိုင်မလားဆိုသည်ကို သူမသေချာပေ။ သူ၏ ဖီးနစ်အား ဤအခြေအနေမှ ရှောင်ရှားစေရန်မှာ လွယ်ကူပုံမရပေ။
အဆိပ်လည်ဆွဲကို အသုံးပြုပါက ထိုဓားကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော်လည်း ၎င်း၏ အသုံးပြုမှုမှာ နှစ်ကြိမ်သာ ကျန်တော့သည်။
အခြားတိုက်ခိုက်မှုများကိုလည်း သူကြိုးစားကြည့်နိုင်သော်လည်း ဤဓားသည် မည်မျှခွန်အားကြီးမားမည်ကို သူ မခန့်မှန်းနိုင်ပေ။
ဤသည်မှာ ဝိညာဉ်များနှင့် တိုက်ခိုက်ဖူးသည့် သူ၏ ပထမဆုံး တိုက်ပွဲလည်းဖြစ်လေသည်။
“မင်း ဝင်မပါချင်ဘူးဆိုတာ သေချာလား” အာရန်သည် အက်စ်တလီနာအား မေးလိုက်သည်။
“သေခြာတယ်”
အက်စ်တလီနာက စဉ်းစားရန် တစ်စက္ကန့်မျှပင် မစောင့်ဆိုင်းဘဲ တန်းဖြေလိုက်သည်။
“ဒါဆို ဒီလိုအချိန်မျိုးမှာ ဒီကိစ္စအတွက် စိတ်အနှောက်အယှက်မဖြစ်ချင်တာကော သေချာလား”
“ကျွန်မက ဒီအချိန်မှာ...”
ရုတ်တရက် အာရန်သည် အက်စ်တလီနာ၏ ဖြူဖွေးသော လက်ကလေးကို လှမ်း၍ ဆုပ်ကိုင်ထားလိုက်သည်။
“အို့… နောက်ဆုံးတော့ ကျွန်မရဲ့ ဆွဲဆောင်နိုင်စွမ်းတွေကို ရှင်နားလည်သွားပြီပေ့ါ ဒါပေမဲ့ ရှင်နောက်ကျသွားပြီ ဒီမှာ ကျွန်မ ရှင့်ကိုကူညီမှမဟုတ်ဘူး”
အက်စ်တလီနာက အာရန်အားမျက်စောင်းထိုး၍ ပြောလိုက်သော်သော်လည်း သူသည် သူမ၏ လက်များကို မလွှတ်ပေးခဲ့ပေ။
“မင်းခုလို ဝင်ကူညီပေးဖို့သဘောတူလိုက်တာ ငါတကယ်ဝမ်းသာပါတယ်”
အာရန်သည် သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခုကို သယ်ဆောင်ရင်း ပြောလိုက်သည်။
“ဝင်ကူညီရမယ်” အက်စ်တလီနာသည် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။
“ငါ ဘယ်တုန်းကကူညီမယ်လို့သဘောတူ…”
သူမ ပြန်ဖြေရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အာရန်၏ အားဖြင့် ဆောင့်ဆွဲခြင်းကို ခံလိုက်ရသည်။
အာရန်သည် သူမ၏ လက်ကို ဘယ်ကရောက်
လာမှန်းမသိ အားအင်အပြည့်ဖြင့် ရှေ့သို့ဆွဲထုတ်လိုက်သည်။
ဤ မထင်မှတ်ထားသောတုံ့ပြန်မှုကြောင့် သူမသည် အချိန်မှီတုံ့ပြန်နိုင်မှုမပြုမီ လေထဲတွင် ဝဲပျံကာ ပြုတ်ကျလာသော ထိုကောင်းကင်မှ ဧရာမဓားကြီးရှိရာဆီသို့ တည့်မတ်စွာ ရောက်ရှိသွားတော့သည်။
“ငါပြောခဲ့သလိုပဲ မင်းက ဝင်ကူညီပေးဖို့ ဆန္ဒရှိတာ တကယ်ဝမ်းသာပါတယ်လို့” အာရန်က ပြုတ်ကျလာသော ကောင်းကင်မှဓားကြီးဆီသို့ တည့်မက်စွာ ပျံသန်းနေသော အက်စ်တလီနာ ကို ကြည့်ရင်း တိုးတိုးလေး ထပ်ပြောလိုက်သည်။
“ရှင်လူယုတ်မာ”
အက်စ်တလီနာတစ်ယောက် ဒေါသတကြီးလေသံဖြင့် ကျယ်လောင်စွာ အော်ဟစ်ရင်း ထိုကောင်းကင်ဆီမှ ကျဆင်းလာသော ဧရာမဓားကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားရလေတော့သည်။
#Catfoot