ဘုရင်မကိုပါ ဆွဲထည့်ရမလား
Vol. 13 Ch. 168
အာရန်သည် ထိုမြင်ကွင်းကို တည်ငြိမ်စွာပင် ကြည့်နေလေသည်။
အက်စ်တလီနာသည် သူ့အား အတင်းအကျပ် ခေါ်ဆောင်လာသူဖြစ်ပြီး ယခု တွင်လည်း သူ့အား အတင်းအကျပ် တိုက်ခိုက်ရန် ခိုင်းစေခဲ့သည်။
သူမ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း သူသည် လိုက်မကစားလိုသောကြောင့် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
သူမသည် အိမ်ရှင်ဖြစ်ပြီး သူသည် ဧည့်သည်ဖြစ်၏။
သူသည် သူမအား အိမ်ရှင်တစ်ဦး၏ တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်စေရန် ရိုးရှင်းစွာပင် ကူညီပေးခဲ့ခြင်းဖြစ်လေသည်။
သူမသည် ကောင်းကင်သို့ လွင့်ထွက်သွားသည်ကို အဘယ်ကြောင့် ဤမျှ စိတ်ဆိုးနေသည်အား သူသည် မည်သို့မျှ နားမလည်နိုင်ဟန် ဆောင်နေခဲ့သည်။
အက်စ်တလီနာသည် သူမအပေါ်သို့ ပြုတ်ကျလာသော ကောင်းကင်ပေါ်မှ ထိုဓားကြီးကို မြင်တွေ့လိုက်ရသည်။
သူမသည် ကစားစရာအရုပ်ကဲ့သို့ ထိုဧရာမဓားကြီးဆီသို့ ပစ်လွှတ်ခံလိုက်ရခြင်းလည်းဖြစ်လေသည်။
ထိုဓားကြီးသည် သူမနှင့်လွန်စွာ နီးကပ်လွန်းနေသောကြောင့် ရှောင်ရှားလိုလျှင်ပင် ရှောင်ရှားနိုင်မည် မဟုတ်တော့ပေ။
သူမသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး အလွန်တောက်ပသော အလင်းရောင်ရှိသော သူမ၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကို ဆင့်ခေါ်လိုက်ရကာ သူမ၏ လက်ထဲတွင် ဝိညာဉ်ဓားတစ်လက်ကို ဖန်တီးလိုက်လေသည်။
သူမသည် ထိုကောင်းကင်ပေါ်မှကျလာသောဓားကြီး ရှေ့တွင် ကလေးကစားစရာဓားလေးကဲ့သို့ ထင်ရသည့် သူမ၏ ဝိညာဉ်ဓားကို ဝှေ့ယမ်းလိုက်သည်။
သို့သော် ကလေးကစားစရာဓားတစ်ချောင်း ပုံစံရှိနေသော သူမ၏ ထိုဓားလေးသည် ကောင်းကင်ပေါ်မှဧရာမဓားကြီးကို နှစ်ပိုင်းတိတိ ပိုင်းဖြတ်နိုင်ခဲ့လေသည်။
ကောင်းကင်တွင် ဝိညာဉ်စွမ်းအင်များ၏ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးအား အရောင်များဖြင့် တောက်ပသွားစေခဲ့သည်။
နံရံပေါ်ရှိ ဝိညာဉ်အစောင့်အရှောက်များသည် မျက်စိကန်းမတတ်လင်းထိန်နေသော ထိုအလင်းရောင်ဆီမှ ၎င်းတို့၏ မျက်လုံးများကို ကာကွယ်ထားလိုက်ရသည်။
အလင်းရောင်များ မှေးမှိန်သွားသောအခါမှသာ ၎င်းတို့သည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်ကာ လေထဲတွင် ဝဲပျံနေသော အမျိုးသမီးကို ကြည့်ရှုမိလိုက်ကြသည်။
ထိုအမျိုးသမီးသည် ထိခိုက်မှုမရှိသော်လည်း အလွန်ဒေါသထွက်နေပုံရလေသည်။
ထိုဧရာမဓားကြီးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်သွားပြီး မိုးရွာသကဲ့သို့ အောက်သို့ ကျဆင်းလာကြသော်လည်း ၎င်းတို့သည် မြေပြင်ကို မထိမီ လေထဲတွင်ပင် နေရာအနှံ့ပျံ့နှံ့သွားကြကာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်သွားကြလေသည်။
“ဗ-ဗိုလ်မှူး...” အစောင့်တစ်ဦးသည် အမျိုးသမီးကို စိုက်ကြည့်မိရင်း တုန်တုန်ယင်ယင် ဖြင့် အော်ပြောလိုက်သည်။
“အဲဒီအမျိုးသမီးက... သူတော်စင်မ နဲ့ တူတယ်လို့ မထင်ဘူးလား”
ဗိုလ်မှူးလီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားလေသည်။
“သူမက သူမနဲ့ တူရုံတင် မဟုတ်ဘူး သူမက သူတော်စင်မအစစ်ပဲ”
“မင်းတို့ရဲ့ လက်နက်တွေကို ချထားလိုက်ကျတော့”
ဗိုလ်မှူးလီ သည် အက်စ်တလီနာဆီသို့ ပျံသန်းသွားခြင်း မပြုမီ သူ၏ လူများကို အမိန့်ပေးလိုက်သည်။
သူမကို တိုက်ခိုက်မိသော အမှားအတွက် ဆူပူကြိမ်းမောင်းခံရတော့မည်ဟု သူသည် ခံစားမိနေသည်။ သို့သော် သူ့ကိုလည်း အပြစ်မတင်နိုင်ပေ။
သူသည် သူတော်စင်မအား ရှင်းပြရန်စကားများကိုကြိုတင်စီထားနှင့်ပြီးဖြစ်ကာ ဝိညာဉ်ဘုရင်မအား ဤအကြောင်းများ ပြန်မပြောစေရန် သူမကို တောင်းပန်ရန်အတွက်လည်း ထပ်မံပြင်ဆင်ထားပြီးဖြစ်သည်။
ဗိုလ်မှူးလီသည် သူတော်စင်မ သည် သူ့အား ဒေါသထွက်နေမည်ဟု ထင်ထားခဲ့သော်လည်း ထိုအစားသူမသည် သူမနောက်ရှိဖီးနစ်ငှက်ဆီသို့သာ ပြန်လည်အကြည့်ပို့လိုက်သောအခါ သူသည် အနည်းငယ် အံ့အားသင့်သွားရသည်။
“ရှင်”
ယခုလေးတင်မှ အန္တရာယ်က လွတ်မြောက်လာသော အက်စ်တလီနာသည် သူမ၏ ပြင်းထန်သော ဒေါသမျက်လုံးများဖြင့် အာရန်ဆီသို့ လှည့်ကြည့်လိုက်သည်။
သူမ၏ မျက်လုံးများသည် ဒေါသဖြင့် ရဲရဲတောက်လျက်ရှိနေပြီး သူမသည် အမှန်တကယ်ပင် နစ်နာသူတစ်ဦးဖြစ်ခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် သူ့၏ အင်အားကို မြင်ချင်နေခဲ့သော်လည်း သူမ၏ ကိုယ်ပိုင်အင်အားကို သာ ထုတ်ဖော်ပြသခဲ့ရသည်။
ယောက်ျားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ကာကွယ်သင့်သည်။
အာရန်သည် လည်း သူမအား ဂရုတစိုက် ဆက်ဆံသင့်ပြီး ထိုအစားယခုမူ သူမအား သူ၏ အကာအကွယ်ဒိုင်းတစ်ခုအဖြစ် အသုံးပြုသွားခဲ့သည်။
ဤသူသည် မည်သည့်ယောက်ျားအမျိုးအစားမျိုး ဖြစ်ပါသနည်း။
အာရန်သည် သူမ၏ ဒေါသတကြီး မျက်လုံးများကို မတုံ့ပြန်ခဲ့ပေ။ ယင်းအစား သူကိုယ်တိုင် အံ့အားသင့်သွားဟန်ပြလိုက်သည်။
သူမသည် ဤမျှ အားကောင်းမည်ဟု သူ မထင်ထားခဲ့ပေ။
သူမသည် မဟာအကြီးအကဲတစ်ဦးထက်ပင် ပိုမိုအားကောင်းမည်ဟု ခန့်မှန်းလိုက်မိသည်။
ထိုသို့ဆိုလျှင် ဝိညာဉ်ဘုရင်မသည် မည်မျှ အားကောင်းမည်နည်း။ သူမသည် အရှင်သခင်တစ်ဦးအဆင့်လောက်အထိ အားကောင်းမည်လား။
သို့မဟုတ် သူမသည် ပို၍ပင် အားကောင်းဦးမည်လား။ အာရန်၌ ယခုအချိန်တွင် အတွေးများစွာ ဖြစ်ပေါ်လျက်ရှိနေသည်။
“အခု အဲဒီ ‘အားနည်းတဲ့ တိုက်ခိုက်မှု’ ကိစ္စကို ရှင်းလင်းပြီးပြီဆိုတော့ ငါတို့ ခရီးစဥ်ကို ပြန်ဆက်ကြရအောင်လား”
အာရန်သည် တောင်းပန်စကားတစ်ခွန်းပင် မဆိုဘဲ သူမအား သူနှင့်အတူ မြို့တွင်းသို့ လိုက်ပါရန် ပြောလိုက်သည်။
“ရှင်က ယောက်ျားတစ်ယောက်တောင် ဟုတ်ရဲ့လား အမျိုးသမီးတစ်ယောက်ကို အကာအကွယ်အဖြစ် ဘယ်လိုစိတ်နဲ့များ သုံးနိုင်ရတာလဲ”
အက်စ်တလီနာသည် ဖီးနစ်၏ ကျောပေါ်သို့ ဆင်းသက်လာသော အာရန်ကို ဇနီးသည် တစ်ဦးကဲ့သို့ တဗျစ်တောက်တောက် ဆူပူကြိမ်းမောင်းနေလေတော့သည်။
“အဲဒီလို အားနည်းတဲ့ တိုက်ခိုက်မှုအတွက် ဘာလို့ အကာအကွယ် လိုရမှာလဲ”
အာရန်သည် သူမ၏ စကားပင်ဖြစ်သော ‘အားနည်းတဲ့တိုက်ခိုက်မှု’ ဆိုသောစကားလုံးကို သာပြန်လည်အသုံးပြု၍ဖြေကြားလိုက်သည်။
“ရှုယင်က ရှင့်လို ယောကျ်ားတစ်ယောက်ကို ချစ်မိသွားတာ တကယ်မယုံနိုင်ဘူး ရှင် လုပ်နိုင်တာဆိုလို့ အမျိုးသမီးတစ်ယောက်နောက်မှာ ပုန်းနေတတ်တာပဲရှိတယ်”
အက်စ်တလီနာသည် အာရန်အား စော်ကားရန် ကြိုးစားရင်း မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“ဒါက ငါ့ကို ရန်စဖို့သက်သက်မဟုတ်လား”
အာရန်ကလည်း ပေါ့ပေါ့ပါးပါးပုံစံဖြင့်ပင် ပခုံးပြန်လည်တွန့်ပြလိုက်သည်။
“မင်းက ဒီလောက် အသက်ကြီးနေပြီဟာကို ဒီလို ကလေးဆန်တဲ့ စကားလုံးတွေကို ဘယ်လိုများ သုံးနှုန်းနိုင်ရတာလဲ”
ဗိုလ်မှူးလီသည် ကောင်းကင်တွင် ရပ်နေပြီး အက်စ်တလီနာနှင့် အာရန်တို့၏ အပြန်အလှန် ငြင်းခုံနေမှုကို စောင့်ကြည့်နေခဲ့လေသည်။
ခဏတာမျှပင် သူသည် သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်သွားခဲ့ရသည်။
မည်သည့်ယောက်ျားကိုမျှ တစ်ချက်ကလေးပင် စေ့စေ့မကြည့်ခဲ့သော ထိုအမျိုးသမီးသည် ယခုအချိန်တွင် သူမ၏ ထိုအပြုအမူများ ဘယ်ရောက်သွားသနည်။
ယခု သူမသည် ထိုကဲ့သို့ ပြင်းထန်စွာ ယောကျ်ားတစ်ဦးနှင့် ငြင်းခုန်နေသည်တဲ့လား။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ သူမသည် ထိုသူအား စိတ်ဆိုးနေသည့် ပုံရသော်လည်း သူ့အား သတ်ရန်ပင် မကြိုးစားခြင်းဖြစ်လေသည်။
၎င်းသည် အများခေါ်ကြသော အချစ်ဆိုသည့်အရာများလား။
သူမသည် သူ့အားသတ်ချင်သည်အထိ မုန်းတီးနေသော်လည်း တစ်ချိန်တည်းတွင် သတ်လည်းမသတ်ရက်ပေ။
“အဟမ်း ကျွန်တော့်အထင်တော့ ဗိုလ်မှူးရဲ့ အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်က နည်းနည်း မှားနေတယ်နဲ့တူတယ်”
ဗိုလ်မှူးလီ နှင့်အတူ လိုက်ပါလာသော ဝိညာဉ်အစောင့်အရှောက်ငယ်တစ်ဦးက သူ၏ခေါင်းကို ပြန်ကုတ်ရင်း ပြောလိုက်သည်။
“ငါ့ကို ဆရာလာလုပ်ဖို့ မကြိုးစားနဲ့ မင်းထက် ငါ့မှာ အတွေ့အကြုံ ပိုများတယ်” ဗိုလ်မှူးလီသည် ဖီးနစ်ဆီသို့ ပိုနီးကပ်စွာ ပျံသန်းသွားလိုက်ရင်း မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
‘ဒါပေမယ့် ဗိုလ်မှူးရဲ့ ဇနီးက ပထမညမှာတင်ပဲ ထွက်ပြေးသွားခဲ့တာမဟုတ်ဘူးလား’
ဝိညာဉ်အစောင့်အရှောက်ငယ်သည် ဗိုလ်မှူးလီ၏ကျောပြင်ကို ထူးဆန်းစွာ ကြည့်ရင်း တွေးလိုက်သည်။
သူသည် ဖီးနစ်မှ မီတာအနည်းငယ်အကွာတွင် ရပ်တန့်နေသော ဗိုလ်မှူးလီ ရှိရာဆီသို့ လိုက်ပါသွားခဲ့သည်။
“သခင်မလေး အက်စ်တလီနာကို နယ်စပ်မြို့တော်ကနေ ကြိုဆိုပါတယ် မှားယွင်းတဲ့ တိုက်ခိုက်မှုတစ်ခုအတွက်လည်း တကယ်တောင်းပန်ချင်ပါတယ် ခုလာတာ သခင်မလေး
ဖြစ်နေမယ်လို့ တကယ်မထင်ထားခဲ့လို့ပါ သခင်မလေးပေးတဲ့ ဘယ်လို အပြစ်ဒဏ်မျိုးကိုမဆို ကျွန်တော်မျိုး ခံယူပါ့မယ်”
ဗိုလ်မှူးလီသည် သူ၏ ခေါင်းကို ညွှတ်ကာ တောင်းပန်လိုက်လေသည်။
ထိုစဉ် ဗိုလ်မှူးလီသည် သူ၏ လက်ကို ဆန့်လိုက်ကာ တိတ်တဆိတ် ရပ်နေသော ဘေးရှိ ဝိညာဉ်အစောင့်အရှောက်ငယ်၏ ခေါင်းကို ဆုပ်ကိုင်လိုက်ကာ သူ၏ ခေါင်းကိုလည်း ညွှတ်စေလိုက်သည်။
‘ငါက ဘာကိစ္စဝင်တောင်းပန်နေရတာလဲ တကယ်တိုက်ခိုက်ခဲ့တာ မင်း မဟုတ်ဘူးလား’
ဝိညာဉ်အစောင့်အရှောက်ငယ်က စိတ်ထဲတွင် တွေးနေခဲ့သော်လည်း အမှန်တကယ်မူ ပြန်လည်မခုခံဝံ့ခဲ့ပေ။
အာရန်နှင့် ဆက်ပြောနေလျှင် သူမ၏ ဒေါသသည်သာ ပိုမိုတိုးလာနေမည်ဟု အက်စ်တလီနာ နားလည်သွားခဲ့သည်။
ထိုအချိန်တွင် ဗိုလ်မှူးလီက သူမ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သဖြင့်သည် ကံကောင်းသည်ဟုပြော၍ရနေလေသည်။။
“ရပါတယ် ကိစ္စမရှိပါဘူး”
သူမသည် သူမထက် အသက်ကြီးသော်လည်း ခေါင်းငုံ့ကာ ရပ်နေသော ဗိုလ်မှူးလီ ဆီသို့ အကြည့်လွှဲလိုက်သည်။
ဝိညာဉ်လောကတွင် အသက်သည် အဆင့်အတန်းကို မဆုံးဖြတ်ပေ။ အက်စ်တလီနာ သည် ဝိညာဉ်ဘုရင်မ၏ သမီးဖြစ်သည်။
သူမသည် အလွန်ငယ်ရွယ်သေးသော်လည်း သူမသည် သန်းပေါင်းများစွာသေ ဝိညာဉ်များ၏ အထက်တွင် တည်ရှိပြီး တစ်ဦးတည်း၏ လက်အောက်တွင်သာ တည်ရှိခြင်းဖြစ်လေသည်။
ထိုသူမှာ သူမ၏ အမေဖြစ်သူ ဝိညာဉ်ဘုရင်မပင်ဖြစ်လေသည်။
“ရှင်က ရှင့်ရဲ့ တာဝန်ကိုပဲ ထမ်းဆောင်ခဲ့တပါ အပြစ်ပေးဖို့ မလိုပါဘူး”
“သူတော်စင်မရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
ဗိုလ်မှူးလီသည် သူ၏ ခေါင်းကိုပြန်မော့လိုက်ကာ သူ၏ လက်အောက်ခံကိုလည်း လွှတ်ပေးလိုက်သည်။
“ဒါနဲ့သခင်မလေး ဘေးက လူက ... လူသားတစ်ဦးများလား”
“သူက ကျွန်မအမေနဲ့ တွေ့ဖို့ လိုအပ်နေတဲ့သူတစ်ယောက်ပဲ သူ့အကြောင်း စိုးရိမ်စရာ မလိုဘူး” အက်စ်တလီနာ က တုံ့ပြန်လိုက်သည်။
“မြို့တော်ရဲ့ ဝင်ပေါက်တံခါးကို ဖွင့်လိုက်တော့”
“ဟုတ်ကဲ့ပါ”
ဗိုလ်မှူးလီ သည် သူတော်စင်မဖြစ်သူ အက်စ်တလီနာအား မေးခွန်းပြန်ထုတ်နိုင်သည့် အနေအထားတွင် မရှိနေပေ။
သူသည် ရိုးရှင်းစွာပင် နောက်ပြန်လှည့်လိုက်ကာ အကာအကွယ်လွှာကို ဖယ်ရှားပစ်လိုက်ပြီး ထို မြို့လေးဆီသို့ ပျံသန်းသွားလိုက်သည်။
ဖီးနစ်သည် ဗိုလ်မှူးလီ၏နောက်မှ လိုက်ပါသွားလေသည်။
....
မြောက်တိုက်တွင် ကြီးကျယ်ခမ်းနားသော အနက်ရောင်မျှော်စင်တစ်ခု တည်ရှိပြီး တစ်နှစ်ပတ်လုံး သေခြင်းတရားဖြင့် ဝန်းရံထားသည်။
“ငရဲပြည်ရဲ့ တံခါး မကြာခင် ပွင့်လာတော့မယ် ဝိညာဉ်လောကကို သွားပြီး ရဇ်ပူဇော်မှုအချို့ပြုလုပ်ဖို့ ပြင်ဆင်ထားလိုက်ပါ”
နစ်ခရိုမန်ဆာမျှော်စင်၏ အတွင်းပိုင်းတစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။
“သူတို့ရဲ့ ဘုရင်မကိုပါ ဆွဲထည့်လိုက်ရမလား သူမက တကယ့်ကို ကောင်းမွန်တဲ့ ရစ်ပူဇော်မူတစ်ခုအဖြစ်အသက်ဝင်စေလိမ့်မယ်”
အေးစက်သော ရယ်မောသံနှင့်အတူ အခြားအသံတစ်ခုလည်း ထပ်မံ ထွက်ပေါ်လာခဲ့သည်။
#Catfoot