← Chapters

နစ်ခရိုမန်ဆာမျှော်စင်၏ အမှန်တကယ်ခွန်အား

Vol. 13 Ch. 172

နစ်ခရိုမန်ဆာမျှော်စင်၏ အမှန်တကယ်ခွန်အား

Vol. 13 Ch. 172

....

“ ဗိုလ်မှူးလီ အဲဒီလူက ဘယ်သူလဲ”

ဝိညာဉ်စစ်သည်များသည် သူတော်စင်မ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးသော လူသားတစ်ဦးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။

ပထမတွင် သူတို့သည် သူမ၏ သူငယ်ချင်းဟု ထင်ခဲ့ကြသည်။

သို့သော် သူမသည် ၎င်းတို့အား ထိုလူသားအား

လက်နက်များဖြင့် ချိန်ရွယ်ခိုင်းခဲ့သောအခါ ထိုအထင်အမြင်မှာ ပျက်ပြယ်သွားရသည်။

ထိုလူသားသည် သူငယ်ချင်း မဟုတ်သလို ရန်သူလည်း မဟုတ်ပေ။

သူတို့အား အံ့အားအသင့်စေဆုံးအရာမှာ သူတို့လူအများအပြား ထိုသူအားဝန်းရံထားခဲ့သည့်တိုင်အောင် ထိုသူသည် မည်သည့် ထိတ်လန့်မှုမျှ မရှိခဲ့ခြင်းဖြစ်သည်။

ယင်းအစား သူသည် ၎င်းတို့ကိုပင် ပြန်လည်၍ပင် ခြိမ်းခြောက်ခဲ့သေးသည်။

‘မင်း ငါ့ကို မေးနေတာတော့ဟုတ်ပါပြီ ဒါပေမယ့် ငါကျ ဘယ်သူ့ကို ပြန်မေးရမှာလဲ’

ဗိုလ်မှူးလီသည် သူ၏ နဖူးကိုကို ပြန်လည်ပွတ်သပ်လိုက်ရင်း တွေးလိုက်သည်။ သူ့တွင်လည်း ထိုနည်းတူမေးခွန်းတစ်ခုရှိနေသော်လည်း အဖြေရရန် နည်းလမ်းမရှိပေ။

“မလိုအပ်တဲ့ အရာတွေကို တွေးနေတာကို ရပ်ထားပြီး ကိုယ့်နေရာကိုယ် ပြန်သွားကြပါ မင်းတို့ရဲ့ တာဝန်ကို မမေ့ကြနဲ့”

ဗိုလ်မှူးလီသည် အာရန်တို့ဝင်ရောက်သွားသော ဂိတ်တံခါးပေါက်ကို ကျောခိုင်းလိုက်ကာ လျှို့ဝှက်စွာ ပုန်းအောင်းနေသော မိသားစုဝင်အားလုံးကို အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း အသိပေး အချက်ပြမှုတစ်ခုကို ပေးပို့လိုက်သည်။

ထိုအချက်ပြမှုမှာ ၎င်းတို့အား စိုးရိမ်စရာမရှိတော့ကြောင်းနှင့် အပြင်သို့ပြန်လည် ထွက်လာနိုင်ပြီဖြစ်ကြောင်း ဖြစ်လေသည်။

“ဗိုလ်မှူးခင်ဗျာ အဲဒီ ကျူးကျော်သူတွေကို မတွေ့ရတာ ကြာလှပြီ သူတို့တွေ လက်လျှော့သွားကြပြီလို့ ထင်တယ်” ဝိညာဉ်စစ်သည်တစ်ဦးက ဗိုလ်မှူးလီအား မေးလိုက်သည်။

“အဲဒါအမှန်ပဲ သူတို့တွေက ဗိုလ်မှူးကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်မှန်း နားလည်သွားကြတယ်ထင်တယ်” အခြားဝိညာဉ်စစ်သည်တစ်ဦးကလည်း ဂုဏ်ယူစွာဖြင့် ထပ်မံဖြည့်ပြောလိုက်သည်။

“အချိန်တစ်ခုကြာရင် ဒီမှာ ကျုပ်တို့အစောင့်တွေကိုတောင် မလိုအပ်တော့တာမျိုးလည်း ဖြစ်လာနိုင်တယ်”

“အဲဒီနေ့က မဝေးတော့ဘူးလို့ ကျုပ်မျှော်လင့်တယ် မြို့တော်ကို ပြန်ပြီး အငြိမ်းစားအဖြစ်နဲ့ ဘ၀ကိုအေးအေးဆေးဆေးဖြတ်သန်းဖို့ တကယ် မစောင့်နိုင်တော့ဘူး”

“ကျုပ်လည်း အတူတူပဲ ဒီမှာ ကျုပ်တို့ကို မလိုအပ်တော့တဲ့တစ်နေ့ ဝိညာဉ်လောကတစ်ခုလုံးလည်း တကယ် ငြိမ်းချမ်းသွားလိမ့်မယ်”

ဗိုလ်မှူးလီသည် သူ၏ လက်အောက်ခံများပြောသော စကားများကို ကြား၍ ပြုံးလိုက်သည်။

၎င်းတို့ပြောသည့်အတိုင်းသာ အမှန်တကယ်ဖြစ်လာပါစေဟု သူသည်လည်း မျှော်လင့်မိလေသည်။

“အဲဒီနေ့ ရောက်လာရင် မင်းတို့အားလုံးကို စားသောက်ပွဲအကြီးကြီးတစ်ခု လုပ်ပေးမယ်” ဗိုလ်မှူးလီက အစောင့်စစ်သည်များအား ဝင်ပြောလိုက်သည်။

“ဗိုလ်မှူး တကယ်ပြောတာလား နောက်မှစကားကိုပြန်မပြင်ရဘူးနော်”

“ဟားဟားဟား ဒီတစ်ခေါက်တော့ ဗိုလ်မှူးကို ပိုက်ဆံတွေအများကြီးကုန်အောင် ကူလုပ်ပေးရသေးတာပေ့ါ ဒါဆိုသူက သူကတိပေးခဲ့မိတာကို နောင်တရသွားလိမ့်မယ်”

“ဟား ဟား ငါတို့ ဗိုလ်မှူးတော့ ဒီတစ်ခါကတိကို နောင်တရနေတော့မှာပဲ”

“မင်းတို့ရဲ့ ဗိုလ်မှူးက အဲဒီလောက်လေးတောင် မတတ်နိုင်ရလောက်အောင် ဆင်းရဲတယ်လို့ ထင်နေကြတာလားကွ”

ဗိုလ်မှူးလီက ရယ်မောရင်း ပြန်ပြောလိုက်သည်။

“မင်းတို့ကို ပြောပြမယ် သောက်စရာတင် မဟုတ်ဘူး အစားအသောက်အတွက်လည်း ငါထပ် အကုန်ခံပေးဦးမှာ”

“ဗိုလ်မှူးကို ဂုဏ်ပြုလိုက်ကြရအောင်ဟေ့”

“ငါတို့ရဲ့ ဗိုလ်မှူးက အကောင်းဆုံးပဲ”

“ငါတို့ရဲ့ ဗိုလ်မှူးလီ ဆိုတာဒါပဲ ဟားဟား”

ဗိုလ်မှူးလီသည် သူတို့၏ အနာဂတ်မှာ မသေချာကြောင်း သိနေလေသည်။

သို့သော် ထိုအစောင့်များမျှော်လင့်နေသော အနာဂတ်သည် အမှန်တကယ် ဖြစ်လာစေရန် သူ တကယ်ဆန္ဒရှိနေခဲ့လေသည်။

သူ၏ လက်အောက်ငယ်သားများ အသက်ကို စတေးရန် မလိုအပ်သော အနာဂတ်တစ်ခုကို သူမြင်ချင်မိသည်။

ဤကျူးကျော်သူများသည် ၎င်းတို့၏ ကမ္ဘာသို့ လာရောက်ခြင်းကို ရပ်တန့်သွားစေလိုခဲ့သည်။

ထိုကဲ့သို့သော အနာဂတ်သာရှိလာခဲ့လျှင် သူ၏ လူများနှင့်အတူ ပျော်ပွဲရွှင်ပွဲတစ်ခုကျင်းပခြင်းကို သူတွန့်တိုနေမည် မဟုတ်ပေ။

၎င်းတို့သည် ဤခံတပ်မြို့တော်လေးတွင် ဆယ်စုနှစ်တစ်ခုကြာ အတူတကွ နေထိုင်လာခဲ့ကြသော

သူများဖြစ်လေသည်။

သူတို့သည် အတူတကွ တိုက်ခိုက်ခဲ့ကြပြီး အတူတကွ သတ်ဖြတ်ခဲ့ကြသည်။

ကျူးကျော်သူများနှင့် စစ်ပွဲများတွင် သူတို့၏ သူငယ်ချင်း မိတ်‌ဆွေများကို ဆုံးရှုံးခဲ့ရသော အခါများတွင်လည်း အတူတကွ ငိုကြွေးခဲ့ကြလေသည်။

ဤလူများသည် သူ၏ လက်အောက်ငယ်သားများဖြစ်သော်လည်း တစ်ချိန်တည်းတွင် သူ၏ မိသားစုများလည်း ဖြစ်ကြလေသည်။

ကံမကောင်းစွာဖြင့် သူသည် အနာဂတ်အကြောင်း တွေးတောရန် အချိန်များစွာ မရခဲ့ဘဲ အပြင်ဘက်လက်တွေ့ကမ္ဘာသို့ ပြန်လည် ဆွဲခေါ်ခံခဲ့ရသည်။

“ဗိုလ်မှူးရေ….”

ဗိုလ်မှူးလီနှင့် သူ၏ လက်အောက်ငယ်သားများသည် တံတိုင်းနံရံပေါ်တွင် ရပ်နေသော ဝိညာဉ်စစ်သည်တစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ တံတိုင်းဆီသို့သို့ ပြေးသွားလိုက်ကြသည်။

ထိုအချိန်တွင် သတိပေးခေါင်းလောင်းသည် ထပ်ခါထပ်ခါ မြည်ဟီးနေလေသည်။

တစ်ကြိမ်... နှစ်ကြိမ်... ဆယ်ကြိမ်... ယခင်က ဘယ်တုန်းကမှ မမြည်ခဲ့ဖူးသကဲ့သို့ အချက်ပေးခေါင်းလောင်းသည် ဆက်တိုက်ပင် ဆက်လက်မြည်ဟီးနေလေသည်။

ခေါင်းလောင်းသည် ဝိညာဉ်လောက၏ ရတနာတစ်ပါးဖြစ်လေသည်။

ဤခေါင်းလောင်း မြည်သံအချက်အရည်အတွက်သည် ကျူးကျော်သူများ၏ အင်အား သို့မဟုတ် အရေအတွက်ကို ဖော်ပြခြင်းလည်းဖြစ်လေသည်။

ဗိုလ်မှူးလီသည် ဤနေရာတွင် နေထိုင်ခဲ့သည့် ကာလတစ်လျှောက်လုံး ဤမျှ များပြားသော ခေါင်းလောင်းအချက်ပေးသံများကို မကြားခဲ့ရဘူးပေ။

ထိုအဓိပ္ပာယ်ကို တွေးတောမိသောအခါ သူ၏ မျက်နှာသည် ဖြူဖျော့သွားရလေသည်။

“အကာအကွယ်လွှာကို ဖွင့်လိုက်”

သူသည် ခံတပ်တံတိုင်းကြီးဆီသို့ ပြေးသွားရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။

သူသည် ကောင်းကင်သို့ မြင့်မြင့် ခုန်တက်လိုက်ကာ ခံတပ်တံတိုင်းထိပ်တွင် ဆင်းသက်လိုက်သည်။

နေဝင်စပြုနေပြီဖြစ်သော အရပ်ကို ကြည့်လိုက်သောအခါ သူ၏ မျက်နှာသည် တင်းမာသွားလေသည်။

သူမြင်လိုက်ရသည်မှာ လူတစ်ဦးတည်းသာဖြစ်သော်လည်း ထိုသူ၏ နောက်တွင် နေလုံးကြီးခံနေသောကြောင့် သူ၏ မျက်နှာကို မြင်တွေ့နိုင်ရန်မှာ ခက်ခဲနေသည်။

ထိုလူသည် ခံတပ်တံတိုင်းကြီးမှ ကီလိုမီတာတစ်ရာကျော်ခန့် ဝေးနေသေးသောကြောင့် လည်း ခန့်မှန်းရန်ပို၍ ခက်ခဲနေလေသည်။

ထိုသူအား ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အလွန်ဝေးကွာနေသော်လည်း တစ်ခုခု သည် ပုံမှန်မဟုတ်ပုံရလေ။

ခေါင်းလောင်းသံသည် ထိုသူမှ မြို့တော်နှင့် ပိုပိုနီးလာတိုင်း ပို၍ မြန်ဆန်လာကာ ပို၍ ကျယ်လောင်လာလေသည်။

“လူတစ်ယောက်တည်းလား ဒါပေမယ့် အဲဒီ ခေါင်းလောင်းသံတွေက ...”

မြို့တော်သို့ ချဉ်းကပ်လာနေသော ထိုသူသည် သူ၏ ညာလက်ကို မြှောက်လိုက်သည်။

ဗိုလ်မှူးလီသည် ထိုလူအား ကြည့်နေစဉ် ထိုသူ၏ ပတ်ဝန်းကျင်သည် အလင်းရောင်များဖြင့် တောက်ပလာသည်ကို မြင်လိုက်ရသည်။

ထို့နောက် သူသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူအရာသည် ပို၍ပင် ဆိုးရွားသွားလေသည်။

ခံတပ်မြို့လေး၏ အထက်ကောင်းကင် တစ်နေရာတွင် ဤခံတပ်မြို့၏ အရွယ်အစားခန့်ကြီးမားသော မှော်စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာနေလေသည်။

“ဒါ... မဖြစ်နိုင်ဘူး...”

ဗိုလ်မှူးလီသည် မယုံကြည်နိုင်စွာဖြင့် မှော်စက်ဝိုင်းကို ငေးကြည့်နေမိသည်။

....

ခံတပ်တံတိုင်းကြီးနှင့် ကီလိုမီတာ တစ်ရာခန့်အကွာတွင် လူတစ်ဦးသည် မြို့တော်ဆီသို့ ဖြေးဖြေးချင်း လျှောက်လှမ်းလာနေသည်။

သူသည် အနည်းငယ်မျှပင် အလျင်စလိုဖြစ်နေပုံ မရပဲ အေးဆေးစွာ လျောက်လာခြင်းဖြစ်သည်။

ထို့အပြင် သူသည် ရယ်မောနေခဲ့လေသည်။

ဗိုလ်မှူးလီသည် ထိုသူအားကောင်းစွာ မမြင်နိုင်သေးသော်လည်း သူကမူ ဗိုလ်မှူးလီနှင့် သူ၏ မျက်နှာအမူအရာများကိုပင် လှမ်း၍ မြင်တွေ့နိုင်နေလေသည်။

“ဟုတ်တယ် ငါမြင်ချင်တဲ့ စိတ်ပျက်အားငယ်မှုဆိုတာ အဲဒါပဲ”

ထိုသူ၏ ဝတ်ရုံသည် နောက်တွင် တလူလူလွင့်၍ သူ၏ ရယ်မောသံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်လျက်ရှိနေသည်။

သူ၏ ထိုအနက်ရောင် ဝတ်ရုံရှည်ကြီးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသော်လည်း သူ၏ မျက်နှာ သို့မဟုတ် လက်များကိုမူ မဖုံးကွယ်ထားပေ။

သူ၏ လက်များတွင် အသားများမရှိပေ။ အရိုးများသာ ရှိနေပြီး သူသည် လည်း အရိုးစုတစ်ခုမျှသာ ဖြစ်ပုံရလေသည်။

သူ၏ အရိုးလက်ချောင်းတစ်ချောင်းစီတွင် အဖိုးတန်ကျောက်မျက်ရတနာများ စီခြယ်ထားသောလက်စွပ်တစ်ကွင်းစီ ပါရှိနေပြီး ထိုသို့ဝတ်ဆင်ထားရခြင်း၏ အကြောင်းအရင်းမှာ မည်သည့်အရာဖြစ်ကြောင်း မမှန်းဆနိုင်ပေ။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်ခုတည်းသော အသားစဟူ၍ ဖြစ်တည်နေသည့်နေရာမှာ သူ၏ မျက်နှာပင် ဖြစ်သော်လည်း ထိုအသားစများသည်လည်း တစ်ချိန်တည်းတွင် ပြန်လည်ဖြစ်ပေါ်လာလိုက် ပြန်လည် ပျက်စီးသွားလိုက် ဖြစ်နေသောကြောင့် မြင်ရသည်မှာ အလွန်ပင် ကြောက်ရွံ့စက်ဆုပ်ဖွယ်ကောင်းနေလေသည်။

သို့သော် သူသည် သူ၏ ထိုမျက်နှာကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိပုံရသည်။

“ဟမ့်.. မျှော်စင်သခင်က သူတို့ကို လေ့ကျင့်ပေးဖို့ အားအနည်းဆုံး ဖုတ်ကောင်တွေကိုပဲ အမြဲပို့လွှတ်ခဲ့တယ် ဒီလူတွေ ဘာလို့ ဒီလောက်မောက်မာလာရတာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး အဲဒီ အကာအကွယ်လွှာတစ်ခုတည်းနဲ့ ငါ့ကို တားနိုင်မယ်လို့ သူတို့ တကယ်ထင်နေကြတယ် ကြည့်ပါဦး...”

“ငရဲတံခါးကို ဖွင့်ဖို့အချိန် နီးလာပြီဆိုတော့ င့ါမှာကစားဖို့ အချိန်မရှိတော့ဘူး နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အင်အားအစစ်အမှန်ရှေ့မှာ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဘယ်လောက် အသုံးမဝင်ဘူးလဲဆိုတာကို ပြသပေးရသေးတာပေ့ါ”

သူသည် သူ၏လက်ကို မြှောက်လိုက်လေသည်။

“ငရဲမီး”

ထိုစကားတစ်ခွန်းသည် နတ်ဆိုး၏ ပရောဖက်ပြုချက်နှင့်တူညီလေသည်။

ထိုစကားတစ်ခွန်းကို ရည်ရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် မြို့တော်အထက်တွင် မှော်စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ငရဲ၏ မီးတောက်မီးလျှံများသည် ခံတပ်မြို့လေးအပေါ်သို့ ကျဆင်းသွားလေတော့သည်။

(ဘာသာပြန်သူမှတ်ချက်။ ။ ပရောဖက်ပြုချက် (Prophecy) ဆိုသည်မှာ အနာဂါတ်ဟောကိန်း သို့မဟုတ် ဗျာဒိတ်တော်ဟုလည်း သုံးနှုန်းကြပါသည်။ ခရစ်ယာန်ဘာသာရေးကျမ်းများတွင် အသုံးပြုသောစကားလုံးဖြစ်ပါသည်။)

#Catfoot

All Chapters