← Chapters

လောဘကြီးသော ဝိညာဉ်

Vol. 13 Ch. 173

လောဘကြီးသော ဝိညာဉ်

Vol. 13 Ch. 173

ဗိုလ်မှူးလီသည် ကောင်းကင်ရှိ မှော်စက်ဝိုင်းကြီးကို စိုက်ကြည့်နေမိသည်။

“အဲဒါသာ ပြုတ်ကျရင် အကာအကွယ်လွှာက...”

သူတို့သည် ယခင်က ကျူးကျော်သူများစွာကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော အရာမျိုးမကြုံဘူးခဲ့ပေ။

ကျူးကျော်သူအချို့သည် ကြမ်းတမ်းကြသော်လည်း ဤအဆင့်အထိတော့ မရောက်ခဲ့ကြပေ။

ကောင်းကင်ရှိ ထိုမှော်စက်ဝိုင်းဆီမှ မြင်ရသောအရာများသည် သူယခင်က ရင်ဆိုင်ခဲ့ဖူးသမျှအားလုံးထက်ပင် လုံးဝကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိနေကြောင်း သဘောပေါက်လိုက်သည်။

“အဆိုးဆုံးတွေအထိ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြဟေ့”

ဗိုလ်မှူးလီက ထိုသို့အော်ဟစ်သတိပေးလိုက်သော်လည်း မြို့တော်အပေါ်သို့ ကျရောက်လာသော မီးတောက်မုန်တိုင်းကြီး၏ ကျယ်လောင်သော ပဲ့တင်သံကြောင့် သူ၏ အော်သံကို မည်သို့မျှ သက်ရောက်မှုမရှိခဲချေ။

“အာရုံစိုက်ထားကြ မင်းတို့ရဲ့ စွမ်းအားအားလုံးကို အကာအကွယ်လွှာထဲကို ထည့်သွင်းလိုက်ကြ အကုန်လုံး”

ဗိုလ်မှူးလီသည် သူ၏ အင်အားရှိသမျှဖြင့် အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

“ခံတပ်မြို့ကို အသက်ပေးပြီးကာကွယ်ကြ”

ငရဲမီးသည် အကာအကွယ်လွှာနှင့် ထိပ်တိုက်တွေ့မိကာ ထိုအကာအကွယ်လွှာအား အက်ကွဲရာအစင်းကြောင်းများ တဖြည်းဖြည်းပိုပို ထလာစေသည်။

ဝိညာဉ်စစ်သည်များစွာသည် အံ့အားသင့်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို တပြိုင်နက်ထဲခံစားလိုက်ကြရ၍ မိမိတို့နေရာများတွင်ပင် ကြောင်၍ ရပ်နေမိကြသည်။

ဤအကာအကွယ်လွှာသည် ပြန်လည်မတိုက်ခိုက်နိုင်သော မြို့သူမြို့သားများအား ကာကွယ်ပေးရန်လည်းဖြစ်လေသည်။ ၎င်းအကာအကွယ်လွှာသည် သူတို့၏ မိသားစုများကို ကာကွယ်ရန်လည်းဖြစ်လေသည်။

၎င်းတို့ မှတ်မိသလောက်ဆိုလျှင် ဤအကာအကွယ်လွှာသည် ဘယ်တုန်းကမှ မပျက်စီးဘူးခဲ့ပေ။

သို့သော် ယခုအကြိမ်တွင်မူ အက်ကွဲကြောင်းများကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးများကို မယုံကြည်နိုင်ဖြစ်သွားကြရလေသည်။

ဗိုလ်မှူးလီ ၏ သတိပေးသံကို ကြားသောအခါမှသာ ၎င်းတို့သည် သတိပြန်ဝင်လာကာ အကာအကွယ်လွှာကို အားဖြည့်ပေးရန် ၎င်းတို့၏ ရှိသမျှခွန်အားများအား စတင်ထည့်သွင်းလိုက်ကြသည်။

အဝေးရှိ အနက်ရောင် ဝတ်ရုံကိုခြုံလွှမ်းထားသော ပုံရိပ်သည် ဖြေးဖြေးမှန်မှန်ဖြင့် ခံတပ်မြို့ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာလျက်ရှိနေသည်။

ဝိညာဉ်စစ်သည်များ၏ အချည်းနှီးသော ကြိုးစားရုန်းကန်မှုကို ခံစားမိလိုက်သောအခါ သူ၏ မကောင်းဆိုးဝါးဆန်သော ရယ်သံကြီးကို မရပ်တန့်နိုင်တော့ပေ။

“ ဟီး ဟီး ဟီး… နည်းနည်းလေး ပိုပြီး စိတ်ဝင်စားစရာကောင်းသွားအောင် ထပ်လုပ်လိုက်ရမလား”

ထို့နောက်ထိုသူသည် သူ၏အရိုးစုလက်ချောင်းများကို မြောက်၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်။

ပထမ မှော်စက်ဝိုင်းတစ်ခု ၏ အပေါ်တွင် ဒုတိယမြောက် မှော်စက်ဝိုင်းတစ်ခုသည် ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

မှော်စက်ဝိုင်းနှစ်ခု ထပ်လိုက်သော အကျိုးသက်ရောက်မှုကြောင့် ငရဲမီးတောက်များသည် ပို၍ပင် အားကောင်းလာလေသည်။

ဗိုလ်မှူးလီသည် အကာအကွယ်လွှာကို ထိန်းထားရန် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေခဲ့သည်။

သို့သော် ငရဲမီးတောက်များသည် ရုတ်တရက် ပိုမိုအားကောင်းလာသောအခါ ဗိုလ်မှူးလီသည် သူ၏ မျက်စိရှေ့တွင်ပင် ထိုအကာအကွယ်လွှာကြီးတစ်ခုလုံး ပျက်စီးသွားသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။

သူ၏ မျက်လုံးများသည် အလွန်ပင် တုန်ယင်လျက်ရှိပြီး မီးတောက်မုန်တိုင်းကြီးတစ်ခုသည် ခံတပ်မြို့လေးအပေါ်သို့ ကျရောက်လာကာ မြို့တော်အတွင်းမှ နာကျင်စွာ အော်ဟစ်သံများစွာသည် နောက်တွင် ကပ်၍ ထွက်ပေါ်လာခဲ့လေသည်။

“ဘာလဲ နှစ်ထပ်ပဲသုံးရသေးတယ်လေ သူတို့က တကယ်ပဲ ဒီလောက်တောင် အားနည်းကြတာလား”

အနက်ရောင် ဝတ်စုံခြုံလွှမ်းထားသော အရိုးစုပုံရိပ်သည် ခံတပ်မြို့တော်အား အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့် စောင့်ကြည့်နေလိုက်သည်။

သူသည် မည်သည့်အချိန်တွင်မဆို ငရဲမီးတောက်များကိုဆင့်ခေါ်သော မှော်စက်ဝိုင်း ခုနစ်ထပ်အထိ ဖန်တီးနိုင်စွမ်းရှိလေသည်။

သူသည် စက်ဝိုင်းတစ်ခုဖြင့်သာ စတင်ခဲ့ရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ထိုသူတို့၏ ရုန်းကန်နေမှုများကို အရသာခံကြည့်ရှုကာ ပျော်ရွှင်မှုတစ်ခုရယူလိုသောကြောင့်သာဖြစ်လေသည်။

သူ၏ ပျော်ရွှင်မှုသည် မှော်စက်ဝိုင်း နှစ်ထပ်ဖြင့်သာ ရပ်တန့်သွားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ငါ အများကြီး ကြိုးစားကြည့်ချင်ခဲ့တာ ဒါပေမယ့် ဒီဝိညာဉ်တွေက အားနည်းလွန်းအားကြီးတယ်...”

အနက်ရောင် ဝတ်စုံခြုံထားသော အရိုးစုသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

“ဟီး ဟီး.. ကောင်းပြီလေ ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်တော့မဟုတ်သေးပါဘူး သူတို့ရဲ့ ဘုရင်မကတော့ ငါ့ကို အနည်းအကျဉ်း ဖျော်ဖြေမှုတစ်ခုလောက်တော့ ပေးစွမ်းနိုင်ကောင်းပါရဲ့”

....

ငရဲမီးများ၏ နောက်တွင် ပျက်စီးခြင်းမှလွဲ၍ မည်သည့်အရာမျှ မကျန်ရစ်ခဲ့ပေ။

ထိုမီးလျှံများ ပျောက်ကွယ်သွားချိန်တွင် မြို့တော်တစ်ခုလုံးသည် တစ်ချိန်က တည်ရှိခဲ့သည်ဟူ၍ပင်မှတ်မိနိုင်စရာမရှိတော့သည်အထိ ပျက်စီးကျေမွသွားခဲ့ရလေသည်။

အဆောက်အအုံအားလုံးသည် အပျက်အစီးပုံများအဖြစ် ကျန်ရစ်ခဲ့ပြီး မီးလောင်ကျွမ်းထားသော အလောင်းများသည် နေရာတိုင်းတွင် ပြန့်ကျဲလျက်ရှိနေသည်။

ဤမြို့မှ သာမန်ဝိညာဉ်များသည် ငရဲမီးတောက်များ ကျရောက်လာသောအခါ လုံခြုံသည့် ခိုလှုံရာနေရာများသို့ပင် မရောက်ရှိခဲ့ကြပေ။

အပျက်အစီးများကြားတွင် မြို့တော်၌ အနည်းငယ်သာကျန်ရှိတော့သော အကာအကွယ်လွှာလေးသည် အနည်းငယ်တုန်ခါသွားကာ မကြာမီမှာပင် ထိုအကာအကွယ်လွှာသည် လုံး၀ပျောက်ကွယ်သွားလေသည်။

ထိုစဉ် မီးလောင်ရာဒဏ်ရာများပြည့်နှက်နေသော လက်တစ်ဖက်သည် အပျက်အစီးများကြားမှ ထွက်ပေါ်လာကာ ကျောက်တုံးများအား ဖယ်ရှားလိုက်သည်။

မီးလောင်ရာဒဏ်ရာများစွာဖြင့်တစ်ကိုယ်လုံးပြည့်နှက်နေသော လူတစ်ယောက်သည် အပျက်အစီးပုံများအတွင်းမှ ထွက်ပေါ်လာသည်။

ထိုသူသည်ဗိုလ်မှူးလီပင်ဖြစ်လေသည်။

ဗိုလ်မှူးလီသည် ပျက်စီးနေသော မြို့တော်တွင် တစ်ဦးတည်းတွေတွေကြီး ရပ်နေပြီး အလုံးစုံပျက်စီးသွားသော ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။

ဤနေရာတွင် သူမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဤတိုက်ခိုက်မှုအတွင်း မခုခံနိုင်ခဲ့ကြပေ။

တော်ဝင်မြို့တော်ဆီသို့ ပြန်ကာ ငြိမ်းချမ်းသော ဘဝများကို ခံစားရန် ပြောခဲ့ကြသော သူ၏ လက်အောက်ငယ်သားများအားလုံးကိုလည်း ဆုံးရှုံလိုက်ရပြီဖြစ်သည်။

ယခုအချိန်တွင် မြို့တော်၌ မည်သည့်အဆောက်အအုံမျှ မကျန်ရှိတော့ပေ။

မြို့တော်၏ အဆောက်အဦးအများစုသည် လောင်ကျွမ်းသွားခဲ့ပြီး ငရဲမီးတောက်များကြောင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ပျက်စီးခြင်း၏ အကျိုးဆက်ကို အမှတ်အသားတစ်ခုအဖြစ်သာ ချန်ထားခဲ့နိုင်တော့သည်။

ထိုနေရာအနီးတွင် ဝိညာဉ်ဂိတ်ပေါက်တစ်ခုသာ အကောင်းအတိုင်း ကျန်ရှိနေတော့သည်။

“ကျုပ်...”

ဗိုလ်မှူးလီသည် ဂိတ်ဝင်ပေါက်ဆီသို့ အားနည်းစွာ လျှောက်သွားနေစဉ် သူ၏ သူငယ်ချင်း ရဲဖော်ရဲဘက်များအတွက် ဝမ်းနည်းပူဆွေးရန် အချိန်ပင် မရခဲ့ပေ။

ခံတပ်မြို့တော်သည် ကျရှုံးသွားခဲ့ပြီဖြစ်သည်။

သူသည်အမြန်သွား၍ ထိုဝိညာဉ်ဂိတ်ပေါက်ကို အခြားတစ်ဖက်မှ ပိတ်ပစ်ရမည်ဖြစ်သည်။

ကျူးကျော်သူများကို မည်သည့်နည်းနှင့်မျှ တော်ဝင်မြို့တော်သို့ ရောက်ခွင့်မပြုနိုင်ပေ။

အစစ်အမှန်ကမ္ဘာတွင် ဝိညာဉ်များသည် ဝိညာဉ်ခန္ဓာကိုယ်များအဖြစ်သာ တည်ရှိနေကြခြင်ဖြစ်သော်လည်း ဤဝိညာဉ်လောကတွင်မူ ၎င်းတို့သည် အမှန်တကယ် လူသားများကဲ့သို့ပင် ဖြစ်တည်နေခြင်းဖြစ်လေသည်။

၎င်းတို့၌ လူသားများကဲ့သို့ အသားအရေများရှိနေကြပြီး လူသားများကဲ့သို့ပင် နာကျင်မှုကို ခံစားကြရလေသည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် မီးလောင်မှုကြောင့် နာကျင်မှုများ အဆက်မပြတ် ခံစားနေရသော်လည်း ဗိုလ်မှူးလီသည် သူ၏ လက်အောက်ခံများ၏ အသက်မဲ့သော အလောင်းများကို ကျော်ဖြတ်ကာ ဝိညာဉ်ဂိတ်ပေါက်ဆီသို့ ပြေးထွက်သွားနေခဲ့သည်။

မကြာမီ သူသည် ဂိတ်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ၏ လက်ချောင်းထိပ်များသည် ၎င်းဂိတ်ပေါက်ကို ထိလုဆဲဆဲတွင် တစ်စုံတစ်ခုက သူ၏ လည်ပင်းကို ဆွဲကိုင်လိုက်သည်။

သူသည် အတင်းအကျပ် ဆောင့်ဆွဲခံလိုက်ရပြီးနောက် ဘေးသို့ ပစ်ချခံလိုက်ရသည်။

သူသည် အလျင်အမြန်ပင် ဟန်ချက်ကိုပြန်ထိမ်းနိုင်ရန်ကျိုးစားလိုက်ရကာ အောက်သို့လဲကျသွားခြင်းမှ ကာကွယ်လိုက်သည်။

ဗိုလ်မှူးလီသည် သူ၏ ဓားကို မြှောက်လိုက်ကာ သူ့အား နောက်ပြန်ဆွဲခဲ့သောသူကို တိုက်ခိုက်ရန် အလျင်အမြန် ပြေးဝင်သွားလိုက်သည်။

သို့သော် ထိုသူကို မြင်တွေ့လိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။

“ဘ-ဘယ်လို... မင်း အသက်ရှင်နေသေးတာလား”

ခဏတာမျှ ပျော်ရွှင်မှုသည် ဗိုလ်မှူးလီ၏ မျက်လုံးများတွင် တောက်ပလာလေသည်။

သူ့အား နောက်ပြန်ဆွဲခဲ့သူသည် သူ၏ လက်အောက်ငယ်သား တစ်ဦးပင်ဖြစ်လေသည်။

၎င်းသည် သူ၏ကတိကို ပြန်မရုပ်သိမ်းရဟု ပြောခဲ့သော သူ၏လက်‌အောက်ငယ်သားနှင့် ဆင်တူနေလေသည်။

ဗိုလ်မှူးလီသည် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူ မဟုတ်သည်ကို တွေးမိလိုက်သဖြင့် အတော်လေးစိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော် ထိုသူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ တစ်ခုခု မှားယွင်းနေသည်ကို သူသတိပြုမိလိုက်သည်။

‘သူက... အရင်ကနဲ့ မတူတော့သလိုပဲ’

ထိုဝိညာဉ်စစ်သည်၏ မျက်လုံးများတွင် ယခင်ကကဲ့သို့ တောက်ပမှုများ မရှိတော့ပေ။

ထိုအစားထိုမျက်လုံးများသည် အသက်မဲ့နေဟန်ရပြီး ယခင်ထက်များစွာပို၍ မဲနက်နေသည်။

“မင်း ဘာဖြစ်သွားတာလဲ” ဟု မေးလိုက်ပြီး ဗိုလ်မှူးလီ၏ မျက်နှာအမူအရာသည် ပို၍ မှောင်မိုက်လာသည်။

သူ၏ ထိုလက်အောက်ငယ်သားသည် အတိတ်က ထိုကျူးကျော်သူများကဲ့သို့ မျက်လုံးများရှိနေလေသည်။

“ ဟီး ဟီး ငါ့ရဲ့ လက်ဆောင်လေးက ဘယ်လိုလဲ”

ဗိုလ်မှူးလီသည် စိတ်ရှုပ်ထွေးနေစဉ် သူ၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

သူသည် လှည့်ကြည့်လိုက်သောအခါ မျက်နှာတွင် အသားစိမ်းများဟိုတစ်စဒီတစ်စ လှုပ်ရှားနေသော အရိုးစုမျက်နှာတစ်ခုအား မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာသည် ပို၍ပင် ရွံရှာထိတ်လန့်သွားလေသည်။

“အဲဒီ အကာအကွယ်လွှာလေး ပျက်သွားတဲ့အချိန်မှာ ဘယ်သူမှ အသက်ရှင်ကျန်ရစ်မယ်လို့ မထင်ထားခဲ့ဘူး ဒါပေမယ့် မင်းတစ်ယောက်တော့ အသက်ရှင်ကျန်နိုင်ခဲ့တယ် မဆိုးဘူးပဲ ဒါကြောင့် မင်းကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တာ”

အရိုးစုမျက်နှာနှင့်လူသည် ဗိုလ်မှူးလီ၏ ရွံရှာထိတ်လန့်နေသော မျက်နှာအမူအရာကို ကြည့်ကာ ရယ်မောရင်းပြောလိုက်သည်။

“ဘာလဲ မင်း မကြိုက်ဘူးလား” ဟု ထပ်မံမေးလိုက်ပြီး သူ၏ ကြောက်မက်ဖွယ်အပြုံးသည် ပို၍ ပင်ပီပြင်လာခဲ့သည်။

“ဟီး ဟီး ဟီး …. မင်းက ဘယ်လောက် လောဘကြီးတဲ့ ဝိညာဉ်လဲကွာ ကိစ္စမရှိပါဘူး ငါ မင်းကို ပိုကြီးတဲ့ လက်ဆောင်ပေးမယ်လေ”

ထိုသူသည် သူသည် သူ၏ အရိုးစုလက်ချောင်းများကို မြှောက်လိုက်ကာ လက်ဖျောက်တစ်ချက်တီးလိုက်ကာ လေထဲတွင် နောက်ထပ် မှော်စက်ဝိုင်းတစ်ခုကို ထပ်မံ ဖန်တီးလိုက်သည်။

သို့သော် ဤတစ်ကြိမ် မှော်စက်ဝိုင်းမှာမူ ယခင်အကြိမ်များကဲ့သို့ ငရဲမီးတောက်များမဟုတ်ပဲ အလွန်ပိန်းပိတ်အောင် မှောင်မည်းနေလေသည်။

ထို့နောက် ဗိုလ်မှူးလီရှေ့တွင် ပေါ်လာသော မြင်ကွင်းသည် သူ့အတွက် ပို၍ပင် ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းနေလေသည်။

သူ၏ ပတ်ဝန်းကျင်တွင် မီးလောင်ကျွမ်းထားသော အလောင်းများသည် သေဆုံးနေရာမှ ပြန်လည်ထကြွလာကြပြီး ၎င်းတို့၏ မျက်လုံးများသည် မဲနက်လျက်ရှိနေကြကာ အသက်မဲ့သောအကြည့်များအဖြစ်သို့ အသွင်သို့ ပြောင်းလဲသွားကြသည်။

“မင်းရဲ့ သူငယ်ချင်းအားလုံးကို ငါ ပြန်ခေါ်လာပေးခဲ့တယ် အခုဆိုရင်တော့ မင်း ပျော်ရွှင်နိုင်ပြီမဟုတ်လား”

“ဟီး ဟီး ဟီး ….၀ူး ဟား ဟား ဟား….”

ထို ထူးဆန်းသော စက်ဆုပ်ဖွယ် အရိုးစုသည် သူ၏လုပ်ရပ်ကို အလွန်ပင် သဘောကျနေဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည်။

#Catfoot

All Chapters