← Chapters

သူတို့င့ါကိုနောက်နေတာလား

Vol. 13 Ch. 175

သူတို့င့ါကိုနောက်နေတာလား

Vol. 13 Ch. 175

အာရန်သည် ဘာဖြစ်သွားသည်ကို သေချာမသိရသော်လည်း ယခုဂိတ်တံခါးပေါက်မှ ထွက်လာပြီးသည့်နောက် စနစ်မျက်နှာပြင်မှ အချိန်သတ်မှတ်ထားမှုသည် အလွန်လျင်မြန်စွာ လျော့နည်းသွားခဲ့လေသည်။

သူသည် ယခုဂိတ်တံခါးပေါက်အတွင်း၌ အချိန်စီးဆင်းမှုသည် သူထင်ထားသည်ထက် ပို၍ ကုန်ဆုံးခဲ့ခြင်းကြောင့်ပေလော။ သူ မသေချာနေပါ။

ယခုအချိန်တွင် တစ်ခုတည်းသော ရှင်းလင်းနေသည့်အရာမှာ သူသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရန် မိနစ်အနည်းငယ်သာ အချိန်ကျန်ရှိတော့ခြင်းပင်ဖြစ်သည်။

ဝိညာဉ်ဘုရင်မသည် အာရန်နှင့် ထိုရှက်ရွံ့ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးသည့်နောက် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

သူမသည် အာရန်ကို အပြစ်မတင်နိုင်ခဲ့ပေ။ ထိုအချိန်က သူမသည် သူမ၏ စိတ်ထိန်းချုပ်မှုမှ လွတ်ကင်းသွားပြီး ရှေ့သို့လဲကျလုနီးပါး ဖြစ်သွားခဲ့ရခြင်းတွင် သူမ၏ အမှားလည်း ပါဝင်နေသည်။

သူမသည် အဆိပ်ကြောင့် မည်းနေဆဲဖြစ်သော သူမ၏ လက်ချောင်းများကို တိတ်တဆိတ် ကြည့်နေမိသည်။ သူမသည် ထိုလည်ဆွဲကိုပင် မထိတွေ့ရသေးမီမှာပင် ထိုအဆိပ်များ၏ သက်ရောက်ခြင်းကို ခံခဲ့ရခြင်းဖြစ်လေသည်။

သူမသည် ဘယ်ဘက်လက်တွင် ဝိညာဉ်စွမ်းအင်ဖြင့် ဓားမြှောင်တစ်လက်ကို ဖန်တီးလိုက်သည်။

အာရန်သည် သတ်မှတ်ချိန်ပြည့်တော့မည်ဖြစ်၍ ရွေးချယ်မှုတစ်ခုကို မဖြစ်မနေ ရွေးချယ်ရတော့မည်ဖြစ်ကာ ထိုအရာကို အလေးအနက်ထား စဉ်းစားနေရသဖြင့် အာရုံများနေခဲ့သည်။

သို့သော်လည်း သူ၏ မျက်လုံးထောင့်မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူသည် စိတ်ကူးယဉ်နေမှုမှ မကြာမီပင် နိုးထလာခဲ့သည်။

အာရန်သည် ဝိညာဉ်ဘုရင်မမှ ဓားမြှောင်တစ်လက်အား လွှဲယမ်းနေသည်ကို မြင်လိုက်ရသည်။

ထိုဓားမြှောင်၏ လှုပ်ရှားမှုနောက်တွင် ဟင်းလင်းပြင်ပင်အနည်းငယ် ဂရက်ရိုက်၍ ကျန်ရစ်ခဲ့သည်။

အာရန်သည် ထိုလှုပ်ရှားမှုကို ခဏတာမျှ အံ့အားသင့်စွာ ငေးမောကြည့်နေမိခဲ့သည်။

၎င်းသည် ဟင်းလင်းပြင်ကိုပင် ထိုးခွင်းနိုင်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ သူသာဆို ဤတိုက်ခိုက်မှုအား ခုခံနိုင်ပါ့မလားဟု စဥ့်စားမိလိုက်သည်။

ကံကောင်းစွာဖြင့် ထိုလှုပ်ရှားမှုသည် သူ့အား ဦးတည်နေခြင်း မဟုတ်ခဲ့ပေ။

ထိုအစား ဝိညာဉ်ဘုရင်မသည် အဆိပ်အား သူမ၏ ခန္ဓာကိုယ်အနှံ့သို့ မပြန့်နှံ့မီ အစွမ်းနှင့် ခေတ္တချိတ်ပိတ်ထားသော သူမ၏ လက်ချောင်းများကိုသာ ခုတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်လေသည်။

“ဒါက...”

အာရန်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။ ဤအမျိုးသမီးသည် သူမ၏ လက်ချောင်းများကို သူမကိုယ်တိုင်ပင် တစ်ချက်မတွန့်ပဲ ခုတ်ဖြတ်ပစ်လိုက်သော်လည်း အနည်းငယ်မျှပင် မျက်နှာပျက်သွားသည့် အရိပ်အယောင် မမြင်ခဲ့ရပေ။

သူမ၏ တုံ့ပြန်မှုကြောင့် အာရန်သည် ထိုအမျိုးသမီးမှာ မြင်ရသလောက် ရိုးရှင်းသူ မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

သူမသည် မိမိကိုယ်ကိုပင် မဆိုင်းမတွပဲ နာကျင်အောင် ပြုလုပ်နိုင်လျှင် အခြားသူများကို ဆိုပါက မည်သို့ မပြုလုပ်နိုင်ပဲနေမည်နည်း။

သူမ၏ ခုတ်ပစ်လိုက်သော ထိုလက်ချောင်းများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အောက်ရှိ မြက်ပင်များနှင့် ပေါင်းစပ်ကာ ၎င်းတို့အတွက် အာဟာရဓာတ်ပြုမှုတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလင်းမှုန်များ ဖြစ်ပေါ်လာလေသည်။

“မေမေ”

အက်စ်တလီနာသည် သူမ မိခင်၏ လက်ချောင်းများ အဆိပ်သင့်နေသည်ကို ယခုမှ သတိပြုမိကာ အော်ဟစ်လိုက်သည်။

သူမသည် သူမ၏ မိခင်ကို နာကျင်စေခဲ့သော အာရန်အား ဒေါသထွက်စွာ စူးစိုက်ကြည့်လိုက်သည်။

သူမသည် အခြားကမ္ဘာရှိ ဝိညာဉ်များကိုပင် ထိခိုက်စေနိုင်သော သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန်အတွက် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။

သို့သော် သူသည် သူမ၏ မိခင်ကိုပင် ထိခိုက်မိစေခဲ့သည်။ သူမသည် နောက်ထပ် ငြိမ်နေနိုင်တော့မည် မဟုတ်ပေ။

“ရှင် ကျွန် အမေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့”

သူမသည် အာရန်အား တစ်စက္ကန့်မျှပင် အချိန်မဆိုင်းတော့ဘဲ တိုက်ခိုက်လိုက်သည်။

“ခဏနေပါဦး ငါဘာမှ မလုပ်ရသေးဘူးလေ...”

အာရန်သည် ပင်လယ်နဂါးမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားကို အသုံးပြုကာ လျင်မြန်စွာ တုံ့ပြန်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် မြောက်တက်သွားပြီး ပို၍ လျင်မြန်လာကာ ထိုတိုက်ခိုက်မှုအား ရှောင်ရှားနိုင်ခဲ့လေသည်။

အားကောင်းသော ဝိညာဉ်စွမ်းအင်များပြည့်နှက်နေသည့် ဓားတစ်ချောင်းသည် အာရန်ဆီသို့ တည့်တည့်မက်မက် ရောက်ရှိလာသည်။

အာရန်သည် ထိုဓားအား သူ့ကို မထိမိစေရန် အလျှင်အမြန်ပင် ရှောင်ရှားလိုက်ရသည်။

“ဘာ ဘယ်လိုဖြစ်နိုင်တာလဲ”

အာရန်သည် ထိုတိုက်ခိုက်မှုကို အသေအခြာ ရှောင်ရှားနိုင်ခဲ့ကြောင်း မှတ်မိနေလေသည်။

အမှန်တကယ်တွင် သူသည် ထိုဓားကို ရှောင်ရှားစဉ်က သူတည်ရှိနေရာနေရာနှင့် ထို ဓားဖြင့်တိုက်ခိုက်မှုကြားတွင် မီတာတစ်ဝက်ခန့် အကွာအဝေးတစ်ခု ရှိနေခဲ့သည်။

ထိုတိုက်ခိုက်မှုမှ သူ့ကို ထိုဓားဖြင့် ထိမိရန် အခွင့်အရေးပင် မရခဲ့ပေ။ သို့သော်အာရန်သည် အံ့အားသင့်စွာပင် ထိုတိုက်ခိုက်မှုမှ သူ့အား နာကျင်စေခဲ့လေသည်။

သူ၏ ပခုံးပေါ်၌ ဓားဖြင့်ခုတ်ပိုင်းမိသံတစ်ခု ပေါ်လာပြီး သွေးများသည် သူ၏ လက်မောင်းတစ်လျှောက် စီးကျလာခဲ့သည်။

မိစ္ဆာဂိုဏ်းမှ သူရရှိခဲ့သော အထူးဝတ်စုံရှည်ကြီးပင်လျှင် ထောင့်စွန်းနေရာမှ စုတ်ပြဲသွားခဲ့သည်။

အာရန်သည် သူမည်သို့ ထိခိုက်မိခဲ့သည်ကိုပင် သေချာစွာမသိနိုင်ခဲ့ပေ။ သူ၏ မျက်လုံးများက သူ့အား အထင်မှားစေခဲ့သလော။

ထိုတိုက်ခိုက်မှုသည် မျက်စိဖြင့် မြင်ရသည်ထက် အမှန်တကယ်တွင် သူနှင့် ပိုမို နီးကပ်ခဲ့၍လော။

[ရွေးချယ်ရန် ကျန်ရှိချိန်: ၀၀:၀၀:၃၉]

[၀၀:၀၀:၃၈]

စက္ကန့်တိုင်းသည် တဖြည်းဖြည်းကုန်လွန်သွားသည်နှင့်အမျှ အချိန်ဖော်ပြသည့် ဇယားကွက်သည်လည်း အဆုံးသတ်သို့ တဖြည်းဖြည်း နီးကပ်လာနေသည်။

သူသည် ရွေးချယ်မှုတစ်ခုပြုလုပ်ရန် တစ်မိနစ်ပင် မကျန်တော့ဘဲ အခြေအနေသည် တစ်ခုခုကြံရန်ပင် အတော်မလုံမလောက် ဖြစ်သွားရလေသည်။

သူသည် ဆုံးဖြတ်ချက်တစ်ခု မချနိုင်မီ ဝိညာဉ်ဘုရင်မအပေါ်ကိုပင် ခွဲခြားသတ်မှတ်ခြင်းအစွမ်းအား အသုံးမပြုကြည့်ရသေးပေ။

သို့သော် သူမသည် တစ်ချက်ပင်တွန့်ဆုပ်ခြင်းမရှိဘဲ မိမိကိုယ်ကိုပင် ပြန်လည် နာကျင်စေခဲ့သော အမျိုးသမီးတစ်ဦးဖြစ်လေသည်။

ထိုအမျိုးသမီးကို သူ့အား ချစ်မိသွားအောင် လုပ်ဆောင်ရန်မှာ အမှန်တကယ်ဖြစ်နိုင်ပါ့မလား။

“သေစမ်း”

အက်စ်တလီနာသည် အာရန်အား တစ်ဖန် ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။

“တော်ပါတော့ ပထမရွေးချယ်မှုကိုပဲ ရွေးလိုက်ပါတော့မယ်”

အာရန်သည် အချိန်မရတော့သဖြင့် ရွေးချယ်မှုတစ်ခုကိုပင် အမြန်ပြုလုပ်လိုက်ရင်း အော်ဟစ်ပြောဆိုမိလိုက်သည်။

အသက်ရှင်ရန်အတွက် သူသည် တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုအဆိပ်လည်ဆွဲ၏ စွမ်းအားကို သူ မထိန်းချုပ်နိုင်ပါက အက်စ်တလီနာကိုပင် သတ်မိသွားနိုင်သည်။

သူမ၏ သမီးကို အနိုင်ယူပြီးနောက် သူမ၏ မိခင်ကို သူ့အား ချစ်ခင်လာအောင် လုပ်ရန် မဖြစ်နိုင်တော့ပေ။

ဤအချိန်၌ ရွေးချယ်စရာ တစ်ခုတည်းသည်သာ အဓိပ္ပာယ်ရှိနေတော့သည်။

မည်သို့ပင်ဖြစ်စေ သူသည် ၎င်းတို့အား ပြန်လည်တိုက်ခိုက်ရမည် မှန်းသေခြာနေမည်ဆိုပါက ၎င်းကို ကောင်းမွန်စွာ အသုံးချသင့်ပေသည်။

သူ၌ အဆိပ်လည်ဆွဲမှ တိုက်ခိုက်မှု နှစ်ကြိမ် ကျန်ရှိနေသေးသည်။

တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဤဝိညာဉ်များ၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုတစ်ခုကို သူ သွတ်သွင်းပေးနိုင်ခဲ့လျှင် ၎င်းသည် သူ၏ အသက်ကို စတေးလိုက်ခြင်းထက် ပို၍ ကောင်းပေသည်။

သို့သော် ၎င်းသည် ပြောရန်သာ လွယ်ကူကြောင်းလည်း သူသိနေသေးသည်။

ထိုအချိန်အာရန်၏ လည်ဆွဲသည် အစိမ်းရောင်များ တဖြည်းဖြည်းပိုမိုတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ကို အစွမ်းများ စတင်ဖြည့်တင်းလိုက်သည်။

ပင်လယ်နဂါးမင်းသားနှင့် တိုက်ခိုက်စဉ်က ခံစားခဲ့ရသကဲ့သို့ သူ ခံစားလိုက်ရသည်။

သူသည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး လည်ဆွဲ၏ အသုံးပြုခွင့် တစ်ကြိမ်ကို သူ၏ ယခုတိုက်ခိုက်မှု၌ လုံးဝ အသုံးချရန် ပြင်ဆင်ထားလိုက်သည်။

“ဟင်”

အာရန်သည် လည်ဆွဲကို အစွမ်းကုန် အသုံးပြုရန် ပြင်ဆင်နေစဉ်မှာပင် ဝိညာဉ်ဘုရင်မသည် အက်စ်တလီနာ၏ နောက်တွင် ပေါ်လာသည်ကို သူ မြင်လိုက်သည်။

သူမ၏လက်ကို အက်စ်တလီနာ၏ ပခုံးပေါ်၌ တင်လိုက်ကာ သူမအား မြေပြင်ပေါ်သို့ ပြန်ဆွဲချလိုက်သည်။

“ရပ်လိုက်တော့ ဒါ သူ့အမှား မဟုတ်ပါဘူး ငါက အကြောင်းမသိဘဲ အဲဒီအရာကို ထိဖို့ ကြိုးစားခဲ့မိတာ” ဟု ဝိညာဉ်ဘုရင်မက သူမ၏ သမီးကို တိုက်ခိုက်ခြင်းမှ တားဆီးရင်း ပြောလိုက်သည်။

အာရန်သည် ကောင်းကင်၌ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပြီး သူ၏ နှုတ်ခမ်းများမှာ စိတ်ပျက်လက်ပျက် တုန်ယင်နေသည်။

သူတို့ တိုက်ခိုက်ကြမည်ဟု ထင်ကာ ပထမရွေးချယ်မှုကို သူ ရွေးချယ်ခဲ့သည်။ ထိုအချိန်၌ ထိုထက်ကောင်းသော ရွေးချယ်စရာ မရှိဟု သူ ထင်ခဲ့သည်။

ယခု သူ အသင့်ဖြစ်နေချိန်၌ တိုက်ပွဲက ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

‘သူတို့ ငါ့ကို စနေကြတာလား’ ဟု သူ တွေးလိုက်မိပြီး ဘာပြောရမှန်းပင် မသိ ဖြစ်သွားရသည်။ ယခု သူ ဘာလုပ်သင့်သနည်း။

သူတို့ကို ဆက်လက် တိုက်ခိုက်သင့်သလော။ ယခု သူသည် ဤနေရာကို မည်သို့ သိမ်းပိုက်နိုင်ဦးမည်နည်း။

ရွေးချယ်မှု ပြုလုပ်ပြီးပြီဖြစ်၍ အခြားရွေးချယ်စရာများအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူသည် အခြားမည်သည့်အရာကိုမျှ မစမ်းသပ်ကြည့်နိုင်တော့ပေ။ တစ်ဖန် သူသည် မိမိကိုယ်ကို အဆင်မပြေသော အနေအထား၌ တွေ့ရှိလိုက်ရသည်။

“ခွဲခြားသတ်မှတ်ခြင်း”

သူသည် ဝိညာဉ်ဘုရင်မအပေါ်၌ သူ၏ ‘ခွဲခြားသတ်မှတ်ခြင်း’ အစွမ်းကို အသုံးပြုလိုက်သည်။

[အမည်: ဖီလိုနာ]

[အဆင့်အတန်း: ဝိညာဉ်ဘုရင်မ]

[မျိုးရိုး: မရှိ]

[အသက်: ၉၆၁]

[စာချုပ်ချုပ်ဆိုထားသော လူသား : မရှိ]

[နောက်ထပ်အချက်အလက် : ဝိညာဉ်လောက၏ သမိုင်းတွင် အားအကောင်းဆုံးဟု လူသိများသော ဝိညာဉ်ဘုရင်မ]

“ကျွန်မ သမီးရဲ့ မိုက်မဲတဲ့ အပြုအမူအတွက် တောင်းပန်ချင်ပါတယ်”

အာရန်သည် သူ၏ မယုံကြည်နိုင်ဖြစ်နေခြင်းမှ မလုံလောက်သေးသကဲ့သို့ ဝိညာဉ်ဘုရင်မသည် သူ့ကိုပင် ယဉ်ကျေးသိမ်မွေ့စွာ တောင်းပန်လိုက်သေးသည်။

အာရန်သည် ထိုအချိန်၌ ကိုယ့်မျက်နှာကိုယ် လက်ဖြင့် ဖြတ်ရိုက်ချင်စိတ် ပင် ပေါက်သွားသည်။

သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့ ရောက်ရှိသွားခဲ့ပါသနည်း။

#Catfoot

All Chapters