← Chapters

ကံကောင်းသော အခြေအနေသုံးရပ်

Vol. 13 Ch. 178

ကံကောင်းသော အခြေအနေသုံးရပ်

Vol. 13 Ch. 178

“သူက နစ်ခရိုမန်ဆာတစ်ယောက်လား”

သာမန်မှော်ပညာမန္တန်အသုံးပြုသူများအား နစ်ခရိုမန်ဆာတစ်ဦးဖြစ်သည်ဟု သတ်မှတ်၍ မရပေ။

သို့သော် ထိုသူမှာမူ မီးတောက်မျှော်စင်၏ အထူးပြုစွမ်းအင် တစ်ခုဖြစ်သော မီးတောက်မန္တန်ကို အသုံးပြုနေခြင်းဖြစ်သည်။

တစ်ဖက်တွင် ထိုမှော်မန္တန်အသုံးပြုသူ၏ မျက်နှာနှင့် သူ၏ ပုံပန်းသဏ္ဍန်များကို ကြည့်ရှု၍ အာရန်သည် ထိုသူမှာ နစ်ခရိုမန်ဆာတစ်ဦးမုချပင်ဖြစ်ရမည်ဟု တွေးမိလိုက်သည်။

သူသည် အစစ်အမှန်လူသားတစ်ဦးထက် လမ်းလျှောက်နေသော အရိုးစုတစ်ခုနှင့်သာ ပို၍တူနေသည်။

ထိုနစ်ခရိုမန်ဆာမှော်ဆရာသည် အားနည်းသည့်ဟန်ပေါက်မနေပေ။ သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့လျှင်ပင် သူသည် အလွန်မြင့်မားသော ရာထူးကို ရရှိထားသူတစ်ဦးဖြစ်မည်ဟု အာရန်သည် သေခြာစွာ ခန့်မှန်းလိုက်သည်။

ထိုသို့သာဖြစ်မည်ဆိုပါက ထိုသူအသုံးပြုခဲ့သော ငရဲမီးမန္တန်သည်ပင် သူ၏ အထူးပြုစွမ်းရည်တစ်ခု မဟုတ်နိုင်သေးပေ။

သူသည် ထိုငရဲမီးမန္တန်အား အသုံးပြု၍ ဤနေရာကို သာမန်သာဆော့ကစားနေခြင်းဖြစ်လေမည်။

ဆိုလိုသည်မှာ ထိုသူသည် သူ၏ အဓိကဖြစ်သော သေခြင်းမန္တန်များကိုပင် အသုံးပြုရန် ၎င်းဝိညာဉ်များမှာ မထိုက်တန်သေးကြောင်း အထင်သေးနေသကဲ့သို့ ဖြစ်လေသည်။

“နစ်ခရိုမန်ဆာမျှော်စင်က ဝိညာဉ်လောကကို ဘာလို့လာ တိုက်ခိုက်နေတာလဲ နေဦး ပထမဦးဆုံးမေးရမှာက သူတို့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာကြတာလဲ”

ဝိညာဉ်လောကသည် ဝိညာဉ်တစ်ဦး၏ အကူအညီဖြင့်သာ ဝင်ထွက်နိုင်သော အထူးသီးသန့်နေရာတစ်ခုဟု သူ မှတ်ယူထားခဲ့သည်။

ဝိညာဉ်တစ်ဦးသည် ၎င်းတို့ကို သစ္စာဖောက်ပြီး ထိုသူကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သလော။

သို့မဟုတ် နစ်ခရိုမန်ဆာများသည် ဤနေရာသို့လာရောက်ရန် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သလော။

“ကျူးကျော်သူတွေကို တားဆီးဖို့ နယ်စပ်မြို့ကို တည်ဆောက်ခဲ့တယ်လို့ သူတို့ ပြောခဲ့တယ် ကျူးကျော်သူတွေလို့ ပြောတဲ့အခါ သူတို့က နစ်ခရိုမန်ဆာမျှော်စင်ကလူတွေကို ဆိုလိုခဲ့တာလား”

အာရန်သည် တတိယကျွန်းဆွယ်၏ အစွန်း၌ ထိုင်နေသောကြောင့် ဒုတိယကျွန်းဆွယ်တစ်ခုလုံးရှိအဖြစ်အပျက်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

ဤနေရာမှ သူသည် တိုက်ပွဲထဲသို့ ပါဝင်စရာမလိုဘဲ ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်နိုင်လေသည်။

“ဒါက ထူးဆန်းတယ် နစ်ခရိုမန်ဆာမျှော်စင်ကသာ ဒီနေရာကို တကယ်ပဲ ဖျက်ဆီးချင်ခဲ့ရင် ဒီနေရာက ဒီလောက်ကြာကြာ တည်ရှိနေနိုင်ခဲ့ပါ့မလား”

နစ်ခရိုမန်ဆာမျှော်စင်သည် လူသားများ၏ လောက၌ပင် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဖြစ်သည်။

အထူးသဖြင့် ၎င်းတို့၏ မျှော်စင်သခင်ပင် ဖြစ်လေသည်။

နစ်ခရိုမန်ဆာမျှော်စင်သည် ထိုသူတို့နှင့် စစ်ပွဲများရင်ဆိုင်ရပါ အဆိုးဝါးဆုံး ရန်သူများဖြစ်သည်ဟု အဆိုရှိကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကြမ်းတမ်းသည့် သေခြင်းမန္တန်များနှင့် အားကောင်းသော ဖုတ်ကောင်တပ်ကြီးသည် ၎င်းတို့အား ကိုင်တွယ်ရန် အလွန်အခက်အခဲတွေ့ စေသောအရာများဖြစ်လေသည်။

နစ်ခရိုမန်ဆာများသည် ၎င်းတို့ကိုယ်တိုင်ကပင် အားကောင်းကြရုံသာမက ၎င်းတို့သည် ၎င်းတို့၏ ရန်သူများကို သတ်ဖြတ်ပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်တပ်ဖွဲ့များအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။

ရန်သူ၏ တပ်ဖွဲ့များ များပြားလေလေ နစ်ခရိုမန်ဆာမျှော်စင်သည် တိုက်ပွဲ၌ ပို၍ ထူးချွန်လေလေဖြစ်လေသည်။

ထို့ကြောင့် နစ်ခရိုမန်ဆာမျှော်စင်ကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းဗျူဟာမှာ တိုက်ပွဲ၌ တပ်ဖွဲ့ဝင်အနည်းငယ်ကိုသာ ခေါ်ဆောင်သွားရန်ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ထိုတိုက်ပွဲသည် အနိုင်ရရန် မဖြစ်နိုင်သလောက်ပင်။

သန်းပေါင်းများစွာသော ဖုတ်ကောင်တပ်ကြီးကို တပ်ဖွဲ့ငယ်တစ်ခုက ဘာများလုပ်နိုင်မည်နည်း။

ထိုမျှမကသေး အကယ်၍ ၎င်းတို့သည် ထိုအရာများကို ကျော်ဖြတ်၍ မျှော်စင်သခင်ထံသို့ ရောက်ရှိနိုင်ခဲ့လျှင်ပင် ထိုမကောင်းဆိုးဝါးကောင်ကြီးကို ၎င်းတို့ အနိုင်ယူနိုင်ပါ့မလား။

အစပိုင်းတွင် အာရန်သည် မျှော်စင်သခင်အကြောင်း များများ မသိခဲ့ပေ။ သူဖတ်ခဲ့သော ၀တ္ထု၏ အပိုင်းများ၌လည်း ထိုသူအကြောင်း များများစားစား မဖော်ပြထားခဲ့ပေ။

ထို့ကြောင့် သူသည် ကောလာဟလများဖြစ်စေကာမူ ၎င်း၏ အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းရန် ကြိုးစားခဲ့လေသည်။

ထိုအထဲမှ ထူးခြားသော ကောလာဟလတစ်ခုမှာ နစ်ခရိုမန်ဆာမျှော်စင်၏ မျှော်စင်သခင်သည် အမှန်တကယ် မသေဆုံးနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်ဟူသော ကောလဟာလပင်ဖြစ်သည်။

သူသည် မည်မျှပင် အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပါစေ သူသည် အမြဲ တစေ ပြန်လည်ရှင်သန်လာနိုင်ခဲ့လေသည်။

ထိုကဲ့သို့သော တည်ရှိမှုတစ်ခုသည် ဝိညာဉ်လောကကို ဖျက်ဆီးလိုလျှင် ထိုဝိညာဉ်များ ဆက်လက်ရှင်သန်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဒါဆို ဘာကြောင့်လဲ…. တစ်ခုခုတော့ လွဲနေလေသည်။

“ဒါဆို မျှော်စင်သခင်လည်း ဒီကို တစ်ချိန်ချိန် လာနိုင်တယ်လို့ဆိုလိုတာလား” ဟု တွေးတောမိလိုက်သည်။

သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူဖြစ်နေသော်လည်း တစ်ချိန်တည်း၌ ၎င်းတို့၏ ရန်သူလည်းဖြစ်လေသည်။

မျှော်စင်သခင်သာ ဤနေရာသို့ ရောက်လာပါက ထိုအခြေအနေကို ကိုင်တွယ်ရန် သူ၌ လက်ရှိတွင် လုံလောက်သော ယုံကြည်မှု မရှိပေ။

ပို၍ပင် ဆိုးသည်မှာ သူ၏ စနစ်သည် လက်ရှိလုပ်ငန်းစဥ်တစ်ခု၌ ပိတ်မိနေခြင်းဖြစ်လေသည်။

နစ်ခရိုမန်ဆာမျှော်စင်သည် ဤနေရာကို သိမ်းပိုက်လိုက်ပါက သူသည် ၎င်းတို့ထံမှ ထိန်းချုပ်မှုကို ပြန်လည်ရယူရမည်ဖြစ်လေသည်။

၎င်းသည် ဝိညာဉ်များကို ကိုင်တွယ်ရခြင်းထက် များစွာပို၍ ခေါင်းခဲစရာတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်လေသည်။

ဤအခြေအနေ၌ အရာများစွာသည် သူ၏ ကံပေါ်တွင် မူတည်ကြောင်း တွေးမိလိုက်သည်။

ပထမတစ်ချက်မှာ မျှော်စင်သခင် ဤနေရာတွင်မရှိမှရပေမည်။

ဒုတိယတစ်ချက်မှာ ဤနစ်ခရိုမန်ဆာအရိုးစုသည် နီခရိုမန်ဆာမျှော်စင်မှ ရောက်ရှိလာသည့် တစ်ဦးတည်းသော ရန်သူ ဖြစ်ရပေမည်။

တတိယတစ်ချက်မှာ ဝိညာဉ်များသည် သူ၏ အကူအညီကို တောင်းခံရမည့်အခြေအနေအထိ ရှုံးနိမ့်နေရပေလိမ့်မည်။

ထိုအခြေအနေသုံးရပ် ပြည့်စုံနေမှသာ သူသည် သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်၍ ဤဝိညာဉ်လောက၏ အာဏာကို သူ့အတွက် လုယူနိုင်မည်ဖြစ်လေသည်။

လောလောဆယ်တွင် အခြေအနေသုံးရပ်လုံး ပြည့်စုံကြောင်း သေချာစေရန် သူသည် စောင့်ကြည့်သည့် နည်းလမ်းကိုသာ ကျင့်သုံးရတော့သည်။

သူသည် ယခုအချိန်တွင် ကြည့်ရှုသူပွဲကြည့်ပရိတ်သတ် သက်သက်သာ ဖြစ်ပေသည်။

ဒုတိယကျွန်းဆွယ်၏ ကောင်းကင်အထက်၌ အက်စ်တလီနာသည် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

ကျူးကျော်သူတစ်ဦးသည် ထိုမျှလွယ်ကူစွာ တော်ဝင်မြို့တော်အတွင်းသို့ ရောက်ရှိလာနိုင်သည်ကို သူမသည် မယုံကြည်နိုင်သေးပေ။

သူမသည် နယ်စပ်မြို့မှ ပြန်ရောက်လာသည်မှာ အစောပိုင်းလေးကပင် ဖြစ်လေသည်။

ထိုသို့ဆိုလျှင် ဗိုလ်မှူးလီနှင့် အခြားဝိညာဉ်အစောင့်များအားလုံး သေဆုံးသွားပြီဟု ဆိုလိုရာရောက်မနေဘူးလား။

“ဒါ တကယ်ကို ပျော်စရာကောင်းတဲ့ ပွဲတစ်ပွဲပဲ နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ကြ

ရအောင်”

နစ်ခရိုမန်ဆာအရိုးစုသည် သဘောကျစွာ ရယ်မောရင်း နောက်ထပ် မန္တန်စက်ဝိုင်းတစ်ခုကို ကောင်းကင်၌ ထပ်မံဖော်ဆောင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ၎င်းသည် မန္တန်စက်ဝိုင်းတစ်ခုတည်းဖြင့် မရပ်တန့်ခဲ့ပေ။

ဝိညာဉ်ဘုရင်မသည် ၎င်းကို ဆင့်ခေါ်ခြင်းအထမြောက်ရန် ခွင့်မပြုနိုင်သောကြောင့် ဆက်တိုက်တိုက်ခိုက်လိုက်လေသည်။

သို့သော် ထိုအရိုးစု၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဤမြို့ရှိ အခြားသော ဝိညာဉ်ပြည်သူတစ်ဦးနေရာတွင် လူချင်း အစားထိုး၍ လဲလှည်လိုက်လေသည်။

“ဟီး ဟီး ဟီး ဒီလို ကလိန်ကကျစ်ကျလို့မရဘူးလေ”

ရယ်သံတစ်ခုသည် ဝိညာဉ်ဘုရင်မ၏ နောက်ကျောဘက်ဆီမှ ပဲ့တင်ထပ်၍ ရောက်လာလေသည်။

ဝိညာဉ်ဘုရင်မသည် ထိုနောက်ဘက်သို့ တဖန်လှည့်၍ တိုက်ခိုက်သော်လည်း အစောကအတိုင်းပင် ထပ်မံဖြစ်ပျက်သွားခဲ့သည်။

သူမ၏ တိုက်ခိုက်မှုသည် ထိုကျွန်း၌ နေထိုင်သည့် အခြားသော သာမန်ဝိညာဉ်တစ်ဦးကိုသာ ထိခိုက်မိသွားခဲ့သည်။

ဤတစ်ကြိမ်တွင် နစ်ခရိုမန်ဆာသည် အက်စ်တလီနာနှင့် ရက်စ်ဖီတို့၏ အလယ်၌ ပေါ်လာပြီး သူ၏ ရယ်သံသည် ပို၍ ကျယ်လောင်လာသည်။

တစ်ခုပြီးတစ်ခု ပုံစံတူညီသော မန္တန်စက်ဝိုင်းများသည် ခုနစ်ခုတိတိအထိ ထပ်မံအားဖြည့်ထားပြီး တူညီသောမန္တန်စက်ဝန်းပုံစံ တစ်ခုတည်းကိုပင် တူညီစွာ အခြေတည်ထားလေသည်။

“ဒါ တော်တော် အံ့ဩစရာကောင်းတာပဲ ငါကိုယ်တိုင်တောင် အဲဒီတိုက်ခိုက်မှုကို ခုခံနိုင်ပ့ါမလား မသေချာဘူး”

အခြားနေရာတစ်ခု၌ အာရန်သည် ကောင်းကင်ရှိ မန္တန်စက်ဝိုင်းများကို ကြည့်ရှုနေပြီး ၎င်းတို့အတွင်း၌ အလွန်များပြားသော မှော်စွမ်းအားများ ပြည့်နှက်နေသည်ကို ခံစားမိနေသည်။

ဘာကြောင့်မှန်း သူ မသေချာသော်လည်း ထိုမန္တန်စက်ဝိုင်းများကို ကြည့်ရသည်မှာ သူနှင့် ရင်းနှီးမှုတစ်ခုရှိနေသကဲ့သို့ ခံစားနေရလေသည်။

၎င်းသည် သူလည်း နားမလည်နိုင်သော ထူးဆန်းသည့် ခံစားချက်တစ်ခုမျှသာ ဖြစ်သည်။

မန္တန်စက်၀ိုင်းခုနစ်ခုသည် တစ်ချိန်တည်း၌ စတင်အလုပ်လုပ်လာပြီး ပို၍သိပ်သည်းသော မီးတောက်မုန်တိုင်းတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာလေတော့သည်။

ကောင်းကင်သည် ထိုကျွန်းဆွယ်လေးရှိ ဝိညာဉ်များအတွက် ကောင်းကင်ပြစ်ဒဏ်တစ်ခုကို ချမှတ်ခံထားရသကဲ့သို့ပင် တူညီနေလေသည်။

ဝိညာဉ်ဘုရင်မ ဖီလိုနာ သည် ဘာလုပ်ရမှန်း မသိတော့ပေ။ သူမသည် ထိုသူကို တိုက်ခိုက်လိုက်တိုင်းတွင် သူမ၏ လူတစ်ဦးကိုသာ ပြန်လည်သတ်မိခဲ့သည်။

သူသည် ဤသူ မည်သို့ လုပ်ဆောင်နေသည်ကိုပင် နားမလည်နိုင်ခဲ့ပေ။ သို့သော် သူမ၌ စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူမသည် ဦးစွာ သူမ၏ လူများကို ကယ်တင်ရမည်ဖြစ်လေသည်။

သူမသည် ပတ်ဝန်းကျင်မှ ဝိညာဉ်အဆီအနှစ်များကို စုစည်းကာ ထိုမီးတောက်မုန်တိုင်းကြီး၏ ဗဟိုချက်သို့ တည့်တည့်မက်မက် ပျံသန်းသွားလေသည်။

“မေမေ”

အက်စ်တလီနာသည် သူမ၏ မိခင်မှာ မီးတောက်မုန်တိုင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အော်ဟစ်မိလိုက်သည်။

“ဟီး ဟီး အဲ့ဒါ မင်းမေမေလား”

ထိုနစ်ခရိုမန်ဆာ၏ ရယ်သံသည် ပို၍ပင် ကျယ်လောင်လာပြီး သူသည် အက်စ်တလီနာဘက်သို့ ရုတ်တရက် လှည့်လိုက်ကာ သူ၏ ဦးခေါင်းခွံသည် ၂၇၀ ဒီဂရီ အထိ လည်ထွက်သွားလေသည်။

#Catfoot

All Chapters