အာရန်၏ လောဘ
Vol. 13 Ch. 179
“မေမေ.. မေမေ… မေမေ “ ဟုသောစကားလုံးကို ထိုအရိုးစုသည် လှောင်ပြောင်သံဖြင့် ရွတ်ဆိုနေခဲ့ပြီး သူ၏ မျက်လုံးဟောက်ပက်ဖြစ်နေသော မျက်ခွံများအတွင်း၌ အနက်ရောင်သန်းနေသော မီးတောက်များသည် တဖျပ်ဖျပ် တောက်လောင်လျက်ရှိသည်။
“ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ... ဝိညာဉ်တွေကလဲ လူသားတွေလိုပဲ တူညီတဲ့ ခံစားချက်တွေနဲ့ အရေးမပါတဲ့ ဆက်ဆံရေးတွေကို တွယ်ငြိနေကြတာပဲ”
သူ၏ အေးစက်စက် လက်ချောင်းများသည် အဖိုးတန်ပစ္စည်းတစ်ခုကို တန်ဖိုးထားနေသည့်အလား အက်စ်တလီနာ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
“သေခြင်းရဲ့ လှပတဲ့ ထွေးပွေ့မှုထဲမှာ အဲဒီလို အားနည်းချက်မျိုးအတွက် နေရာမရှိဘူးဆိုတာ မင်း မသိဘူးဘဲ”
အက်စ်တလီနာ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့သည်။ သူမသည် သူမ၏ သန့်စင်သောဝိညာဉ်အဆီအနှစ်အချို့အားလောင်ကြွမ်းစေ၍ လှံတစ်ချောင်းကို ဖန်တီးလိုက်ကာ မဆိုင်းမတွပင် ထိုနစ်ခရိုမန်ဆာဆီသို့ ပစ်လွှတ်လိုက်သည်။
သို့သော် ထိုလှံသည် ထိုသူအား မထိုးဖောက်နိုင်မီပင် ထိုသူသည် ပျောက်ကွယ်သွားခဲ့ပြီး သူ့အားလှည့်ပတ်နေခဲ့သော အနက်ရောင်စွမ်းအင်အချို့ကိုသာ ချန်ထားရစ်ခဲ့သည်။
ထိုအစား သူမ၏ လှံသည် သူ့နေရာ၌ အစားထိုးရောက်ရှိလာသော အခြားဝိညာဉ်တစ်ဦးကိုသာ ထိုးစိုက်မိသွားသည်။
“ဟီး ဟီး ဟီး… ဝိညာဉ်ဘုရင်မရဲ့ သမီးလေး မင်းက ဒါထက် ပိုကြိုးစားဖို့လိုလိမ့်မယ်” ဟု သူ၏ အသံသည် အရပ်မျက်နှာ အဘက်ဘက်မှ ပဲ့တင်ထပ်၍ ကြားနေရသည်။
အထက်တွင် အာရန်သည် ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများကို စောင့်ကြည့်နေခဲ့သည်။
ဆူညံသံများကြောင့် အခြားသူများ သတိမထားမိသော အရာများစွာကို သူ မြင်နိုင်ခဲ့သည်။
ပထမဦးစွာ ထိုနစ်ခရိုမန်ဆာသည် ၎င်းတို့နှင့် သာမန်ပင်ဆော့ကစားနေသကဲ့သို့ ထင်ရသော်လည်း ၎င်းသည် လုံးဝမှန်ကန်သည်တော့မဟုတ်ပေ။
သူသည် အနီးအနားရှိ တစ်စုံတစ်ဦးနှင့် သူ၏ခန္ဓာကိုယ်တည်နေရာကို အစားထိုးခြင်းဖြင့် တိုက်ခိုက်မှုအားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။
သာမန်အခြေအနေများတွင် အာရန်မှာ ၎င်းစွမ်းရည်သည် မည်သို့အလုပ်လုပ်ကြောင်းနှင့် ထိုသူ၏ ထိုမန္တန်အတွင်းရှိ အားနည်းချက်များကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
သို့သော် ဘေးတွင်ထိုင်၍ ပွဲကြည့်ပရိတ်သတ်အဖြစ်အသေးစိတ် လေ့လာသူတစ်ဦး အနေဖြင့်မူ သူသည် အချို့သော အချက်အလက်များကို မြင်တွေ့နိုင်ခဲ့လေသည်။
ဝိညာဉ်များသည် အားကောင်းသည်ဟု သူ ထင်ထားခဲ့သော်လည်း ထိုနစ်ခရိုမန်ဆာအရိုးစုအား ရင်ဆိုင်ရာတွင် ၎င်းတို့သည် အမှန်တကယ် အခက်အခဲတွေ့နေကြရသည်။
အထူးသဖြင့် ဝိညာဉ်ဘုရင်မသည် သူမ၏ လူများကို ကာကွယ်ရန် ကြိုးစားရင်း ထိုငရဲမီးမန္တန်များဖြင့်ပင် အလုပ်ရှုပ်နေရသောကြောင့် ဖြစ်လေသည်။
၎င်းက သူသည် နစ်ခရိုမန်ဆာတစ်ဦးနှင့် ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် တွေ့ဆုံရခြင်းဖြစ်သော်လည်း ကမ္ဘာပေါ်ရှိအခြားတိုက်ကြီးများမှလူအများသည် အဘယ်ကြောင့် နစ်ခရိုမန်ဆာမျှော်စင်ကို ဤမျှ ကြောက်ရွံ့နေကြခြင်းကို သူ သဘောပေါက်နိုင်ခဲ့သည်။
“ခုအချိန်ထိတော့ မျှော်စင်သခင်က သူ့ကိုယ်သူ လူလုံးထွက်မပြသေးဘူး ငါ မှန်းတာ မမှားဘူးဆိုရင် သူကိုယ်တိုင် ဒီကို မလာခဲ့ဘူး ဒီတစ်ယောက်တည်းရဲ့ စွမ်းအားကို ကြည့်ခြင်းအားဖြင့် သူ တစ်ယောက်တည်း ဒီကို လာတာက ပိုပြီး ဖြစ်နိုင်ချေရှိတယ်”
“အဲတော့ အခြေအနေတွေက ငါ့အတွက်ကျေနပ်စရာလို့ ပြောလို့ရနေတယ် ဒါဆို ငါလည်း ပြင်ဆင်ထားသင့်ပြီမဟုတ်လား”
အာရန်သည် တိုက်ခိုက်သံများကြားမှ သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ရင်း အသံထွက်၍ ပြောလိုက်သည်။
“ဒီအရာက ဘယ်လောက်ထိ အသုံးဝင်နိုင်မလဲ ကြည့်ရအောင်”
အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် မာနာများကို ကျည်ဆံများအဖြစ် အသုံးပြုရန် ပြုပြင်ထားသော ခေတ်မီ သေနတ်တစ်လက်ပုံစံဖြစ်လေသည်။
သို့သော်၎င်းသည် သာမန်သေနတ်မဟုတ်တော့ဘဲ စနစ်မှ သူ့အား ပေးအပ်ထားသော ထူးခြားသည့် လက်နက်တစ်ခုဖြစ်လေသည်။
သူသည် အတိတ်တွင် ဤသေနတ်၏ ခွန်အားကို စမ်းသပ်ကြည့်လိုခဲ့သော်လည်း ၎င်းအား စမ်းသပ်ရန် သင့်တော်သော အခွင့်အရေးတစ်ခုကို မရခဲ့ပေ။
သူ၏ မာနာဖြင့် ဖန်တီးထားသော ထိုကျည်ဆံများသည် မည်မျှ အားကောင်းမည်ကို သူ မသိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ခွန်အားသည် ကိုင်ဆောင်သူ၏ မာနာ စင်ကြယ်မှုနှင့် သိပ်သည်းမှုပေါ်တွင် မူတည်သောကြောင့် ဖြစ်လေသည်။
၎င်းသည် မှန်းထားသလောက် သက်ရောက်မှုမရှိနိုင်ခဲ့ပါကလည်း အထူးသဖြင့် သူ၏ ထိုစမ်သပ်ချက်အတွင်း ထိုနစ်ခရိုမန်ဆာ၏ အားနည်းချက်အချို့ကို ဖော်ထုတ်ခဲ့ပါက ၎င်းကို ရင်ဆိုင်ရာတွင် ကောင်းမွန်သော အသုံးပြုမှုတစ်ခု ဖြစ်လိမ့်မည်ဖြစ်လေသည်။
အာရန်သည် သူ၏ ညာဘက်လက်တွင် မာနာသေနတ်ရှိနေပြီး ဘယ်ဘက်လက်တွင်မူ အသူရာဂိုဏ်းချုပ်၏ သိုလှောင်လက်စွပ်အတွင်းမှ သိမ်းပိုက်ထားခဲ့သော ဓားတစ်လက်ကို ဆုတ်ကိုင်ထားခဲ့သည်။
ယခုအချိန်တွင် ၎င်းသည် သူ့၌ရှိသည့်အရာများအနက် အကောင်းဆုံးဓားတစ်ချောင်းလည်း ဖြစ်လေသည်။
ပုံမှန်အားဖြင့် မိစ္ဆာဂိုဏ်းကြီးတွင် ဂိုဏ်းသားသစ်တစ်ဦးသည် ဂိုဏ်းသို့ဝင်ရောက်သည်နှင့် ဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်းမှ လက်နက်တစ်ခုကို ရွေးချယ်နိုင်ပြီး ထိုသူသေဆုံးသောအခါ ထိုလက်နက်သည် ဘဏ္ဍာတိုက်အတွင်းသို့ အလိုလို ပြန်လည်ရောက်ရှိသွားသည်ဟု ဆိုကြလေသည်။
သို့သော် အကြီးအကဲရန်သည် အာရန် ဤကမ္ဘာသို့ မရောက်လာမီကတည်းကပင် မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လေသည်။
သူသည် အကြီးအကဲရန်မည်သည့်အရာများ ရွေးခဲ့သည်ကို မသိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အကြီးအကဲရန်၏အိမ်၌ သင့်တော်သော မည်သည့် လက်နက်တစ်ခုကိုမျှ ရှာမတွေ့ခဲ့သောကြောင့်ဖြစ်လေသည်။
သူသည် ရှုယင်ကိုပင် ထိုစဉ်ကသူသည် မည်သည့်အရာ ရွေးချယ်ခဲ့သည်ကို သိထားသလောဟု တဖက်လှည့်ဖြင့် မေးခဲ့သော်လည်း သူမပင် မသိဟုပြန်ဖြေခဲ့လေသည်။
သူမ၏အဆိုအရ မိစ္ဆာဂိုဏ်းချုပ်ပင်လျှင် ဘဏ္ဍာတိုက်အတွင်း၌ မည်သူသည် မည်သည့်လက်နက်ကိုရွေးခဲ့သည်ကို မသိသကဲ့သို့ သူမသည်လည်း ဘဏ္ဍာတိုက်အတွင်း၌ သိမ်းဆည်းထားသမျှ အရာအားလုံးကိုလည်း မသိနိုင်ပေ။
ဂိုဏ်း၏ ဘဏ္ဍာတိုက်သည် ယခင်မျိုးဆက်မှ အမွေဆက်ခံရရှိခဲ့ခြင်းဖြစ်ပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။
၎င်းသည် အတွင်း၌ မည်သည့်အရာများရှိနေသည်ကို မည်သူမျှ မမြင်နိုင်အောင် ပြုလုပ်ထားသော အားကောင်းသည့် အတားအဆီးများနှင့် ပြည့်နှက်နေလေသည်။
၎င်းသည် မည်သူ့ကမျှ တစ်ခုထက်ပို၍ ယူရန် မဖြစ်နိုင်စေသောကြောင့် တစ်စုံတစ်ဦးသည် တစ်ခုထက်ပို၍ မယူခဲ့ကြောင်း သေချာစေရန် မည်သည့် စစ်ဆေးမှုမှ ပြုလုပ်ခဲ့ခြင်းမရှိပါ။
ပုံမှန်အားဖြင့် ကောင်းမွန်သော လက်နက်ကို ရရှိသူများသည် ၎င်းအကြောင်းကို ထုတ်ဖော် ချီးမွမ်းလေ့ရှိကြပြီး ၎င်းသည် အခြားသူများ မည်သူမည်သည့်လက်နက် ရရှိသည်ကို သိရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်လေသည်။
အကြီးအကဲရန်မှာမူ ထိုသို့ ပြုလုပ်ခဲ့ခြင်းမရှိပေ။
အာရန်သည် အကြီးအကဲရန်မှာ မည်သည့်အရာကို ရွေးချယ်ခဲ့သနည်းဟု အမှန်တကယ်ပင် စိတ်ဝင်စားမိခဲ့သည်။
သို့သော် သူရွေးခဲ့သည့် ထိုအရာသည် ယခုဘာဖြစ်သွားသနည်း။ သို့မဟုတ် ဘယ်ကို ရောက်သွားခဲ့သနည်း။
သူထိုခန္ဓာကိုယ်အားသိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် မူလအကြီးအကဲရန်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်ဟု ယူဆကာ ၎င်းလက်နက်သည် ဘဏ္ဍာတိုက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ခြင်းများလော။
သူသေခြာမသိနိုင်ပေ။ ထို့ကြောင့် သူသည် သူ၏ လက်နက်များကို သူကိုယ်တိုင်သာ ကြိုးစားရယူရမည်ဖြစ်သည်ဟု သိထားခဲ့လေသည်။
အက်စ်တလီနာနှင့် ရက်စ်ဖီတို့သည် နစ်ခရိုမန်ဆာအရိုးစုနှင့် တိုက်ခိုက်နေကြပြီး နစ်ခရိုမန်ဆာသည် ၎င်းတို့နှင့် ရိုးရိုးသာမန်ဆော့ကစားနေခဲ့ခြင်းနှင့်သာ ပိုတူနေခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် ဤသူကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်သလောက် နီးပါးဖြစ်ကြောင်း သိထားကြသည်။
၎င်းတို့သည် အထက်ကျွန်းများမှ တော်ဝင်အစောင့်များ ရောက်ရှိလာစေရန် အချိန်ဆွဲထားကြခြင်းသာ ဖြစ်လေသည်။
တိုက်ပွဲကို ကြည့်မိပါက လူအတော်များများ စိတ်ဓာတ်များကျဆင်းသွားကြမည်မှာ ပုံမှန်ပင်ဖြစ်လေသည်။
သို့သော် အာရန်မှာမူ ထိုသို့ဖြစ်ရမည့်အစား ထိုနစ်ခရိုမန်ဆာအရိုးစုအား သူ၏ မျက်လုံးများ၌ လောဘတကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။
“သူ့ကို သတ်ရင် ငါ ဘယ်အဆင့်ထိ တက်သွားနိုင်မလဲ သူ့ နှလုံးသားကကော...”
ဖြည်းဖြည်းချင်း သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
ပုံမှန်ဆိုပါက အရိုးစုတစ်ခုတွင် နှလုံးသား ရှိမနေသင့်သော်လည်း ၎င်းသည် အားကောင်းသော မန္တန်များကို ဖန်တီးနိုင်သော နစ်ခရိုမန်ဆာအရိုးစု ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်မျိုး၌ နှလုံးသား မရှိရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုသူတွင် နှလုံးသားရှိလျှင် အာရန်သည် သူ၏ စွမ်းအင်များကို ဝါးမြိုသူအစွမ်းဖြင့် ခိုးယူနိုင်သည်ဟု ဆိုလိုခြင်းလည်း ဖြစ်လေသည်။
“ဒီအရိုးစုက ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”
....
မီးတောက်မုန်တိုင်းသည် ပို၍ ပြင်းထန်လာသောအခါ ဝိညာဉ်ဘုရင်မ ဖီလိုနာ သည် ၎င်းအား ထိန်းချုပ်ရန်အတွက် သူမ၏ ဝိညာဉ်အဆီအနှစ် အမြောက်အမြားကို အသုံးပြုခဲ့ရသည်။
တစ်စုံတစ်ဦးကို ကာကွယ်ခြင်းသည် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းထက် ပို၍ ခက်ခဲသည်ဟု ဆိုရိုးစကားရှိခဲ့ပြီး ၎င်းသည် ဝိညာဉ်ဘုရင်မအတွက် မှန်ကန်နေပုံရသည်။
“ဟင် နောက်ဆုံးတတိယအခြေအနေက ငါထင်ထားသလောက် ပြည့်စုံဖို့ မလွယ်ဘူးထင်တယ် ငါက ဖီလိုနာ ကို လျော့တွက်မိခဲ့တာပဲ”
ကောင်းကင်အထက်၌ အာရန်သည် ဖီလိုနာမှာ သူထင်ထားသည်ထက် ပို၍ ကောင်းမွန်စွာ လုပ်ဆောင်နေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူသည် ဝင်ရောက်စွက်ဖက်ရန် အသင့်ဖြစ်နေသော်လည်း ယခုအချိန်သည် သင့်တော်သော အချိန်ကောင်းမဟုတ်သေးကြောင်း သူ မြင်နိုင်လေသည်။
၎င်းသည် လုံလောက်သော စိတ်ပျက်အားငယ်စရာအခြေအနေတစ်ခု မဟုတ်သေးပေ။ ၎င်းတို့၏ မျှော်လင့်ချက်များသည် မချိုးဖျက်ခံရသေးပေ။
“ဒါပေမဲ့ အချိန်တစ်ခုပဲလိုတော့တာပါ” အာရန်သည် ထိုနစ်ခရိုမန်ဆာကိုသာ အာရုံစိုက်ထားလိုက်သည်။
နစ်ခရိုမန်ဆာအရိုးစုသည် ယခုအချိန်တွင်မူ အထူးသဖြင့် တော်ဝင်ဝိညာဉ်စစ်သည်များ ထောင်နှင့်ချီ၍ ရောက်ရှိလာသောကြောင့် အနည်းငယ် အလေးအနက်ထားလာပုံရလေသည်။
“ဟီး ဟီး ခုမှ ပိုပြည့်စုံသွားတာ ဒါဆိုရင်တော့လည်း တစ်ခါတည်း အဆုံးသတ်လိုက်တော့မယ်”
နစ်ခရိုမန်ဆာအရိုးစုသည် ဟင်းလင်းပြင်တံခါးပေါက်တစ်ခုကို ဖွင့်လိုက်ရင်း ရယ်မော၍ ပြောလိုက်သည်။
#Catfoot