သူရဲကောင်းလော ဗီလိန်လော
Vol. 13 Ch. 180
....
ဖီလိုနာသည် သူမ၏ လူများကို ကာကွယ်ရန် ကြိုးစားနေစဉ် အာရန်၏ အဆိပ်ကြောင့် အားနည်းနေခဲ့သော သူမ၏ ဝိညာဉ်အဆီအနှစ်များသည် အချိန်ကြာလာသောအခါ တဖြည်းဖြည်းချင်း ပို၍ကုန်ဆုံးသွားခဲ့သည်။
ထိုအဆိပ်သည် သူမ၏ ဝိညာဉ်အဆီအနှစ် အမြောက်အမြားကို ဖြုန်းတီးစေခဲ့သည်။
သူမသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်ခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ထားခဲ့လျှင် ထိရောက်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပေလိမ့်မည်။
သို့သော် ဤအခြေအနေ၌ သူမသည် စိတ်မကောင်းစွာဖြင့် နောက်သို့သာ ဆုတ်နေခဲ့ရလေသည်။
သူမ၏ ခန္ဓာကိုယ်သည် ဝိညာဉ်အဆီအနှစ်များ၏ အကာအကွယ်အော်ရာ တစ်ခုဖြင့် ဝန်းရံထားလေသည်။
သူမသည် ငရဲမီးတောက်များ၏ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်အမြောက်အမြားကို စုပ်ယူချေဖျက်နိုင်ခဲ့ပြီး သူမ၏ ဝိညာဉ်အဆီအနှစ်ဖြင့် ဖန်တီးပြုလုပ်ထားသော သေးငယ်သည့်အလုံးလေးတစ်ခုဖြင့် မီးတောက်များကို ထိန်းချုပ်ထားလေသည်။
၎င်းသည် မည်မျှ မတည်ငြိမ်သောအခြေအနေဖြစ်ကြောင်း သူမ ကောင်းစွာ သဘောပေါက်ထားသည်။
သူမ မည်သည့်အရာမျှ ဆက်လက်မလုပ်ဆောင်နိုင်ပါက ထိုမီးတောက်များသည် ထိုအလုံးလေးအတွင်းမှ လွတ်မြောက်ရန် အချိန်အနည်းငယ်သာ လိုအပ်မည်ဖြစ်လေသည်။
ထိုအလုံးလေးကို အဆုံးစွန်အထိ စုစည်းပြီးနောက် သူမသည် ၎င်းကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်လေသည်။ ၎င်းသည် သူမအတွက် အဆိပ်တစ်ခုနှင့် မခြားနားနေခဲ့ပေ။
“ဟင်”
နစ်ခရိုမန်ဆာသည်လည်း ဝိညာဉ်ဘုရင်မ၏ အောင်မြင်စွာ ခုခံကာကွယ်လိုက်မှုကြောင့် အံ့အားသင့်သွားရသည်။
ထို့နောက် သူသည် ဖြည်းဖြည်းချင်း လက်ခုပ်တီးလိုက်သည်။
“အံ့ဩစရာပဲ ဒါပေမဲ့ မင်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာမို့လို့လဲ”
“ဟမ့်”
အရိုစုသည် ရုတ်တရက် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ကျွန်းတစ်ခုလုံးကို ဗိုလ်မှူလီထက် အားကောင်းသော ဝိညာဉ်စစ်သည် အမြောက်အများဖြင့် ဝန်းရံထားလိုက်လေသည်။
“မင်းနဲ့ နည်းနည်း ပိုဆော့ချင်ခဲ့မိတယ် ဒါပေမဲ့ ခုတော့မင်းကို အရမ်း စိတ်ပျက်သွားမိပြီ ဒီလိုဆိုတော့လည်း ဒါကို အဆုံးသတ်လိုက်ကြရအောင် ငါ့မှာ ထပ်ပြီး ဆော့ကစားချင်တဲ့ စိတ်လည်း မရှိတော့ပါဘူး”
တော်ဝင်စစ်သည်များသည် ထိုအရိုးစု၏ ပတ်လည်၌ စုရုံးလိုက်ကြကာ ထိုသူအား ဖမ်းဆီးရန် စက်ဝိုင်းပုံစံ၀င်္ကဘာတစ်ခု ဖွဲ့စည်းလိုက်သည်နှင့် ထိုနစ်ခရိုမန်ဆာအရိုးစု၏ ပျော်ရွှင်နေသော မျက်နှာအမူအရာသည် ပျောက်ကွယ်သွားခဲ့လေသည်။
နစ်ခရိုမန်ဆာသည် ထိုသူတို့နှင့် အလုပ်များနေစဉ် ဒုတိယကျွန်းပေါ်ရှိ ပြည်သူများမှာလည်း နေရာရွှေ့ပြောင်းထားလိုက်နိုင်ပြီဖြစ်ပြီဖြစ်သည်။
ထိုသို့ဖြင့် ဖီလိုနာ၏ အကြံအစီသည် အောင်မြင်သွားခဲ့ပြီဖြစ်လေသည်။
ယခု သူမသည် ဤနေရာ၌ မည်သူ့ကိုမျှ ကာကွယ်ရန် မလိုအပ်တော့သောကြောင့် ယခုအချိန်တွင်မူ တိုက်ခိုက်မှုအပေါ်ကို အာရုံစိုက်နိုင်ပြီဖြစ်လေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်း၌ အဆိပ်ကဲ့သို့ ပျံ့နှံ့နေသော မသန့်ရှင်းသော မီးတောက်အဆီအနှစ်အချို့သက်ရောက်ခံထားရသောကြောင့် သူမသည် ယခင်သာမန်အချိန်မများထက် ပို၍ အန္တရာယ်များနေပြီဖြစ်သည်။
“ရှင့်ကို ဒီလောက်လွယ်လွယ်နဲ့ အဆုံးသတ်ခွင့်ပေးမယ်လို့ ထင်နေတာလား ရှင်က ဆော့ကစားချင်တယ်ဆိုတော့ ကျွန်မကလည်း ရှင်နဲ့ နည်းနည်း လောက် ဆော့ကစားပေးရတာပေ့ါ”
ဖီလိုနာ၏ အသံသည် အလွန်အေးစက်လွန်းနေပြီး ခံစားချက်အနည်းငယ်မျှ ပင် မပါဝင်ပေ။
အာရန်နှင့် စကားပြောစဉ်ကမြင်တွေ့ခဲ့ရသော ထိုဝိညာဉ်ဘုရင်မ ဖီလိုနာ၏ ပုံစံကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။
သူမသည် လုံးဝ ကွဲပြားခြားနားသော လူတစ်ဦးဖြစ်သွားသည်နှင့် တူနေသည်။
“အို ဒါက သူမရဲ့ အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားတာမျိုးလား စိတ်ဝင်စားစရာပဲ ဒါပေမဲ့ သူမက အမှားတစ်ခု ပြုလုပ်မိခဲ့တယ်” တတိယကျွန်းဆွယ်ပေါ်၌ ရှိနေသေးသော အာရန်သည် စိတ်ပျက်လက်ပျက် ဖြင့် ခေါင်းခါလိုက်သည်။
“ဖန်တရာတေနေတဲ့ဝတ္ထုတိုင်းမှာ လူကောင်းတွေဟာ စကားလုံးတွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်လေ့ရှိကြပြီး သူတို့ရဲ့ရန်သူတွေကို သူတို့ရဲ့ အဓိကလက်နက်တွေ၊အစွမ်းတွေ သုံးဖို့ အခွင့်အရေးတွေပေးမိလေ့ရှိတယ် သူမက လည်း ဘာလို့အဲ့လို အတွေ့အကြုံမရှိတဲ့လူတစ်ယောက်လို အမှားမျိုး ပြုလုပ်မိခဲ့ရတာလဲ”
အာရန်သည် သူမကို သတိပေးရန်ပင် မကြိုးစားခဲ့ပေ။ နှစ်ဖက်စလုံး များများထိခိုက်လေ သူ့အတွက် အကျိုးရှိလေဖြစ်သောကြောင့် အခြေအနေများ မည်သို့ဖြစ်လာမည်ကို သူသည် စောင့်၍သာကြည့်နေခဲ့လေသည်။
ထိုအခါမှသာ သူ့ကဲ့သို့ သူရဲကောင်းတစ်ဦး... သို့မဟုတ် ဗီလိန်တစ်ဦးသည် နောက်ဆုံးတွင် ဝင်ရောက်လာပြီး အရာအားလုံးကို ကိုယ်တိုင် သိမ်းယူနိုင်မည် ဖြစ်လေသည်။
နစ်ခရိုမန်ဆာသည် သူ၏ သိုလှောင်ခန်းနှင့် ချိတ်ဆက်ထားသော ဟင်းလင်းပြင်တံခါးပေါက်တစ်ခုကို ဖွင့်လိုက်သည်။
သူသည် သူ၏လက်ကို တံခါးပေါက်အတွင်းသို့ ထည့်ကာ အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းသည် အက်ကြောင်းအချို့ပါရှိနေသော ကြည်လင်နေသည့် ရှေးဟောင်း ဖန်ပုလင်းတစ်ခုလည်း ဖြစ်လေသည်။ ၎င်းသည် စျေးပေါသော ကော်အညံ့စား အချို့ဖြင့် အနည်းငယ်သာ ဆက်ထားသည့်ပုံပေါက်နေသည်။
{“ခွဲခြားသတ်မှတ်ခြင်း”}
အာရန်သည် ထိုအရာမှာ နောက်ပိုင်း၌ သူ၏ အစီအစဉ်များအား တားဆီးနိုင်လောက်အောင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း သေချာစေရန် ချက်ချင်းပင် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။
“ဟင် ဒီပစ္စည်းက... ဟူး ....ဝိညာဉ်တွေ ဒီတစ်ခါတော့ တကယ် နားကားပြီပဲ”
အာရန်သည် ထိုရှေ့ဟောင်းဖန်ပုလင်းလေး၏အကြောင်းအရာ အသေးစိတ် ဖော်ပြချက်များကို ဖတ်ရှုပြီးနောက် သူ၏ မျက်နှာအမူအရာသည် ပြန်လည် တည်တန့်သွားရလေသည်။
.......
နစ်ခရိုမန်ဆာမျှော်စင်၏ အတွင်းပိုင်းတစ်နေရာ၌
......
မောပန်းစွာ အသက်ရှူနေသော အသံများသည် မှောင်မိုက်ပြီး တိတ်ဆိတ်လွန်းသော စင်္ကြံလမ်းလေးတစ်ခု အတွင်း၌ ပျံ့လွင့်လာနေစဉ် ခေါင်းစွပ်တစ်ခုကိုခြုံလွှမ်းထားသော ပုံရိပ်တစ်ခုသည် အားအင်ကုန်ခမ်းလုနီးပါးပုံစံဖြင့် ဒယီးဒယိုင် ပြေးလွှားလျက်ရှိနေသည်။
မကြာမီ သူသည် သေခြင်းတရား၏ အော်ရာအငွေ့အသက်များဖြင့် လွှမ်းခြုံထားသော အခန်းတစ်ခုအနီးသို့ ရောက်ရှိသွားလေသည်။
ထိုအော်ရာတစ်ခုတည်းဖြင့်ပင် သူသည် အခန်းအနီးသို့ ရောက်ရှိသောအခါ သူ၏ အသက်ဓာတ်စွမ်းအင်ကိုအနည်းငယ် ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အခန်းအနီးသို့ ထပ်မံ၍ မကပ်ရဲတော့ပေ။ ထိုစင်္ကြံလမ်းလေးမှပင် သူ သည် လှမ်းပြောလိုက်သည်။
“သခင်... သခင်ခင်ဗျာ ကျွန်တော် သခင့်ကို တင်ပြစရာ တစ်ခု ရှိနေပါတယ်”
“မျှော်စင်သခင် ပြန်ရောက်လာလို့လား”
အခန်းအတွင်းမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီး စကားလုံးတိုင်းနှင့်အတူ အခန်းပတ်လည်ရှိ သေခြင်းတရား၏ အော်ရာသည်လည်း ပို၍ အားကောင်းလာလေသည်။
ထိုခေါင်းစွပ်တစ်ခုခြုံထားသော လူသည် ကြောက်ရွံ့စွာဖြင့် ပို၍ ဝေးကွာသော နေရာသို့ ဆုတ်လိုက်မိလေသည်။
“မ... မဟုတ်ပါဘူး အဲဒါမဟုတ်ပါဘူး ဝိညာဉ်ပုလင်း အကြောင်းပါ အဲ့ဒါ ပျောက်ဆုံးသွားလို့ပါ”
သေခြင်းတရား၏ အော်ရာသည် ပို၍တိုးများလာကာ ထိုမျှော်စင် တစ်ပိုင်းလုံးကို လွှမ်းခြုံသွားလေသည်။
ထိုအကွာအဝေးအတွင်း ရှိနေသူတိုင်းသည် ဒူးထောက်လိုက်ကြကာ သူတို့၏ လည်ပင်းများကို ဆုပ်ကိုင်ထားကြကာ အသက်ရှူရန်ပင် အသဲအသန် ရုန်းကန်နေကြရကာ အလွန်အသက်ရှူကြပ်လာသည်ဟု ခံစားလိုက်ကြရသည်။
သတင်းပေးသူ ခေါင်းစွပ်ခြုံထားသော သူပင်လျှင် ဒူးထောက်ကာ လည်ပင်းကို ဆုပ်ကိုင်ရင်း အသက်ရှူရန် အသဲအသန်ရုန်းကန်နေရသည်။
သူ၏ အသက်ဓာတ်စွမ်းအင်များသည် စက္ကန့်တိုင်းတွင် ဆုံးရှုံးနေရသောကြောင့် အနက်ရောင်မျဉ်းကြောင်းများသည် သူ၏ အရေပြားပေါ်တွင် ပျံ့နှံ့သွားလေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် အတော်အတန် အိုစာသွားပုံရလေသည်။
“နောက်ဆုံး အဲဒီအခန်းထဲကို ဘယ်သူ ဝင်သွားခဲ့တာလဲ”
အသံတစ်ခုသည် တစ်ဖန် ထပ်မံထွက်ပေါ်လာခဲ့ပြီး သတင်းပေးသူအပေါ်ရှိ ဖိအားကို အနည်းငယ် လျှော့ချပေးလိုက်သည်။
“သခင် လစ်ချ်... သူက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ ထွက်သွားခဲ့တာပါ ပြီးတော့ အဲ့ဒီနောက်မှာ ကျွန်တော် နေ့တိုင်း လုပ်နေကျအတိုင်း အဲ့ဒီနေရာကို သွားစစ်ဆေးကြည့်ခဲ့တာပါ”
သူသည် ဘဏ္ဍာတိုက်အတွင်းရှိ ရတနာအားလုံးကို ရေတွက်ပြီး မည်သည့်အရာမျှ ပျောက်ဆုံးမနေကြောင်း သေချာစေရန် နေ့စဉ် ဘဏ္ဍာတိုက်ကိုသွားရောက် စစ်ဆေးရန် တာဝန်ရှိသူတစ်ဦးဖြစ်လေသည်။
နစ်ခရိုမန်ဆာမျှော်စင်ရှိ ရတနာများသည် ၎င်းတို့၏ ကိုယ်ပိုင်အသက်များ ရှိကြသည်။ နစ်ခရိုမန်ဆာမျှော်စင်ကိုယ်တိုင်ပင်လျှင် ကြိုတင်ကာကွယ်မှုများ မပြုလုပ်ဘဲ ၎င်းတို့ကို လွှတ်ပေးထားခြင်း မရှိပေ။
ကျိန်စာသင့်နေသော ထိုရတနာများကို စစ်ဆေးရန် တာဝန်ရှိသူအပြင် သခင်အဆင့်မျှော်စင်အဖွဲ့ဝင် သို့မဟုတ် ထို့ထက်မြင့်သောအဆင့်ရှိသူများသာ ထိုနေရာသို့ ဝင်ရောက်နိုင်လေသည်။
သို့သော် ၎င်းတို့ပင်လျှင် မျှော်စင်သခင်၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာကိုမျှ ယူဆောင်သွားခွင့်မရှိပေ။
“ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ အရိုးစုပဲလား”
အခန်းအတွင်းမှ လေသံသည် ပို၍ အေးစက်သွားလေသည်။
“သခင်ရဲ့ အမိန့်မရှိဘဲ ဝိညာဉ်ဘုရင်မဆီကို မသွားဖို့ သူ့ကို ကျွန်တော် သတိပေးခဲ့ပါတယ် ဒါပေမဲ့ သူ နားမထောင်ခဲ့ဘူး”
“သူ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ” ဟု ထိုသူက မေးလိုက်သည်။
“တစ်နာရီလောက် ရှိပါပြီ”
“ဒါဆိုရင်တော့ အဲဒီသောက်ရူးကောင်က အဲဒါကို သုံးပြီးလောက်ပြီ။”
ထိုနေရာတွင် အချိန်အတော်ကြာ တိတ်ဆိပ်နေခဲ့ပြီး တအောင့်အကြာတွင် အခန်းအတွင်းမှ ထိုလူ၏ စကားသံဖြင့် ထိုတိတ်ဆိပ်မှုအားဖြိုခွင်းပစ်လိုက်သည်။
“ကောင်းပြီလေ သူ့ကို ဒီတစ်ခေါက်တော့ ဆော့ကစားခွင့်ပေးလိုက်ပါမယ် ဒီကနေ အကောင်းဆုံးတွေလည်းဖြစ်သွားနိုင်တာပဲ အဲဒီအရာနဲ့ဆိုရင် သူက ဝိညာဉ်ဘုရင်မအပြင် အခြားသင့်တော်တဲ့ ပစ္စည်းအချို့ကိုပါ ယူပြီး ပြန်လာနိုင်ဖို့ အလားအလာများပါတယ်”
“ဒါပေမဲ့ သူပြန်ရောက်လာတာနဲ့ ငါ့စကားကို လျစ်လျူရှုဖို့ ကြိုးစားခဲ့တဲ့အတွက် သူ့ကို ငါကိုယ်တိုင် ဖယ်ရှားပစ်မယ်”
သေခြင်းတရား၏ အောရာအငွေ့အသက်သည် အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ခေါင်းစွပ်ခြုံထားသော ပုံရိပ်သည် နောက်ဆုံး၌ ဒူးထောက်လိုက်ကာ သူ၏ အရေးအကြောင်းထင်နေသော မျက်နှာသည် သူ၏ အသက်ဓာတ်စွမ်းအင်ကို ပြန်လည်ရရှိလာသကဲ့သို့ ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် သခင်”
#Catfoot