အပြိုင်ကမ္ဘာစစ်ပွဲ
Vol. 12 Ch. 35
မက်ဒါနာကိုမှတ်မိနေသေးတဲ့ လင်ဒါနံပါတ်နှစ်က တခြားသူ အားလုံးကို ဦးဆောင်ပြီးတော့ မက်ဒါနာရဲ့ကမ္ဘာဆီကို ပြန်ပြီး လာခဲ့ကြပါတယ်။ အဲဒီကမ္ဘာကိုရောက်ပြီးပြီးချင်း မကြာခင် မှာပဲ ဖရာလီတာက သူ့ခေါင်းကိုသူဆုပ်ကိုင်ထားလိုက်တယ်။
“ငါဘာလို့ ငါ့ရဲ့အရေးအကြီးဆုံးလူတစ်ယောက်ကို မေ့သွား ခဲ့ရတာလဲ။”
တခြားသူတွေလည်း အတူတူပါပဲ။ သူတို့တွေက မူလကမ္ဘာ ပြန်ရောက်လာပြီး သူတို့ဘဝရဲ့ရင်းနှီးတဲ့ အငွေ့အသက်တွေ ပြန်ရလာပြီးတဲ့နောက်မှာ ပျောက်ဆုံးသွားတဲ့လူတွေကို ပြန်ပြီး သတိရလာကြတယ်။
“မက်ဒါနာ ပျောက်သွားတယ်ဆိုတော့ အဲဒီအာကာသထဲက တိုက်ပွဲမှာ သူရှုံးသွားတယ်လို့ ဆိုလိုတာပဲမဟုတ်လား။”
လင်ဒါနံပါတ်တစ်က စိုးရိမ်စွာနဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း ပြောလိုက်ပါတယ်။ သူ့ပုံစံက သိပ်ကိုတုန်လှုပ်နေတဲ့ပုံပဲ။ သုတို့အတွက် မက်ဒါနာဆိုတာက မရှုံးနိမ့်နိုင်တဲ့ နတ်ဘုရား တစ်ပါးလိုပါပဲ။
“အဲဒီလိုရန်သူမျိုးကို ငါတို့တွေ ဘယ်လိုအနိုင်ယူရမှာလဲ။” လင်ဒါက စိတ်ဓာတ်ကျနေခဲ့ပေမဲ့ တခြားလင်ဒါကတော့ ဒေါသတကြီးနဲ့ နံရံကိုလက်သီးနဲ့ထိုးလိုက်ပြီး...
“အခုက စိတ်ဓာတ်ကျနေရမယ့်အချိန်မဟုတ်ဘူး။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တွေးရမယ့်အချိန်။”
ဖရာလီတာကလည်း ခေါင်းညိတ်လိုက်ပါတယ်။ “ငါတို့ အင်အားပြန်စုဖို့လိုတယ်။ ပြီးတော့ မက်ဒါနာက ငါတို့ရဲ့ တစ်ယောက်တည်းသော အိုမီဂါအဆင့်မဟုတ်ဘူးဆိုတာ မမေ့နဲ့ဦး။”
အဲဒီစကားကို ကြားတဲ့အချိန်မှာတော့ လင်ဒါနံပါတ်တစ်က ခေါင်းကိုမော့လိုက်တယ်။ လင်ဒါနံပါတ်နှစ်ကတော့ အံ့ဩနေတဲ့ပုံနဲ့...
“နင်တို့ကမ္ဘာမှာ ကမ္ဘာကိုဖျက်ဆီးနိုင်တဲ့အဆင့် ရှိတဲ့သူ နောက်တစ်ယောက်ရှိသေးတယ်လို့ ပြောချင်တာလား။”
ဖရာလီတာက ခေါင်းခါပြလိုက်ပြီး လက်ညိုးနှစ်ချောင်း ထောင်ပြလိုက်ပါတယ်။ “တကယ်က နှစ်ယောက်တောင်...”
အေမီကတော့ သူတို့တွေကို ကြည့်နေရင်းနဲ့ စက်ဆီကို ဦးတည်သွားလိုက်တယ်။ “ကျွန်မတို့နဲ့လူချင်းကွဲသွားတဲ့ ဆေလာမက်ဒါနာကို ရှာကြည့်လိုက်ဦးမယ်။ သူအဆင်ပြေရင် ပြေနေဦးမှာ။”
အေမီက စက်ပေါ်မှာရှိတဲ့ အပြိုင်ကမ္ဘာမြေပုံကို ဖွင့်လိုက်ပြီး ဆေလာမက်ဒါနာကို ရှာဖို့ကြိုးစားလိုက်တယ်။ နောက်တော့ “ထူးဆန်းတယ်၊ ဆေလာမက်ဒါနာရဲ့တည်ရှိမှုကို အာရုံခံလို့ မရတော့ဘူး။”
နောက်တော့ အေမီက ဖရာလီတာကို လှမ်းဆွဲခေါ်ပြီးတော့ စက်ပေါ်ကို လက်တင်ခိုင်းလိုက်တယ်။ “ဘာ... ဘာလုပ်တာလဲဟဲ့။”
ရုတ်တရက်ကြီး ဆွဲခေါ်ခံရလို့ စိတ်ရှုပ်သွားပေမဲ့ ဖရာလီတာလည်း မကြာခင်မှာပဲ စက်ပေါ်က အချက်ပြကို သတိထားမိသွားတယ်။ “ဖရာလီတာနောက်တစ်ယောက်က ရှိနေသေးပေမဲ့ ဆေလာမက်ဒါနာရှိမနေတော့ဘူး။ ဆိုလိုတာက...”
“ဆေလာမက်ဒါနာလည်း တည်ရှိမှုအဖျောက်ခံလိုက်ရပြီပဲ။”
အခြေအနေက သူတို့ထင်ထားတာထက် ပိုပြီး ဆိုးဝါးနေတာ သတိထားမိလိုက်တဲ့အတွက် ဖရာလီတာ၊ အေမီနဲ့ လင်ဒါ နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက် ကြပါတယ်။
“ဘာပဲဖြစ်ဖြစ် အဲဒီဖရာလီတာကို ပြန်ခေါ်ကြတာပေါ့။” သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ပေါ်တယ်ဖွင့်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ ပေါ်တယ်ကနေပြီး အရေးပေါ် အချက်ပြတွေ မြည်လာတဲ့အတွက် မျက်လုံးပြူးရပြန်တယ်။
“ဘာတွေဖြစ်နေတာလဲ။” ဖရာလီတာက စက်ကိုသေချာ စမ်းစစ်ကြည့်လိုက်ပြီးနောက် ခေါင်းက ဆံပင်တွေကို ထိုးဖွလိုက်တယ်။
“ဘယ်လိုလုပ်ပြီး ဒီကမ္ဘာရဲ့ကောင်းကင်ပေါ်မှာ အပြိုင်ကမ္ဘာက ပေါ်တယ်တွေအများကြီး ပွင့်လာရတာလဲ။”
...
အပြိုင်ကမ္ဘာပေါင်းများစွာရဲ့ကောင်းကင်ပေါ်မှာတော့ ပုံစံတူ အေမီတွေရဲ့ပုံရိပ်က ထွက်ပေါ်လာပြီး တစ်ပြိုင်နက်တည်း ဆိုသလို လက်ကိုဆန့်တန်းကာ မြေပြင်အောက်မှာရှိနေတဲ့ သက်ရှိတွေအားလုံးကို လက်ညိုးထိုးညွန်ပြလိုက်တယ်။
“သွားကြ၊ လမ်းမှာတွေ့သမျှ သက်ရှိတိုင်းကို ဖျက်ဆီးခဲ့ကြ။ မျှော်လင့်ချက်မဲ့မှုဆိုတာ ဘာလဲပြလိုက်။ ကြောက်ရွံမှုဆိုတာ ဘာလဲပြလိုက်။”
မကြာခင်မှာပဲ ပေါ်တယ်ပေါင်းသိန်းသန်းချီဟာ ကမ္ဘာတွေရဲ့ ကောင်းကင်ယံမှာ ပွင့်လာပြီး အတွင်းထဲကနေ ယာဥ်ပျံတွေ၊ စက်ရုပ်တွေအများကြီး ပျံသန်းထွက်လာကြတယ်။ သူတို့ရဲ့ ပစ်မှတ်ကတော့ ကမ္ဘာတွေမှာရှိသမျှ သက်ရှိတိုင်းကိုပါ။
...
အာကိုင်းဂါမီကိုင်းတိုက ဘုရားကျောင်းထဲမှာ တံမြက်စည်း လှည်းနေရင်းနဲ့ မိုးကောင်းကင်ပေါ်ကို မော့ပြီးတော့ ကြည့်လိုက်တယ်။ ကောင်းကင်ကြီးက မှိုင်းညို့သွားပြီး ပေါ်တယ်တွေအများကြီး ပွင့်လာတဲ့အချိန်မှာတော့ သူ့ရဲ့မျက်နှာက တင်းမာခက်ထန်သွားတယ်။
မိရိုင်နဲ့ယုဆက လက်ချင်းတွဲပြီး ဘုရားကျောင်းပေါ်ကို တက်လာခဲ့ပေမဲ့ ကိုင်းတိုရဲ့ပုံစံကိုမြင်တော့ နှစ်ယောက်လုံး စိုးရိမ်သွားကြတယ်။
“အစ်ကိုနတ်ဘုရား၊ ဘာဖြစ်လို့လဲ။” ယုဆက မေးတော့ ကိုင်းတိုက ခေါင်းခါလိုက်ပြီး...
“မင်းတို့နှစ်ယောက်လုံး မြို့ကိုကာကွယ်ပေးဖို့လုပ်ကြ။ ငါကတော့ အဲဒီကောင်တွေ မြေပေါ်ဆင်းမလာနိုင်အောင် လုပ်ပေးရမယ်။”
ကိုင်းတိုက လေဟာနယ်ထဲကို လက်ကိုဆန့်တန်းထုတ်တယ်။ သူ့လက်ထဲမှာ နေစွမ်းအင်မီးတောက်တွေက ဓားအဖြစ် ဖွဲ့စည်းသွားပြီး သူ့ကျောနောက်မှာတော့ မီးတောက် တောင်ပံတွေ ထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ ကောင်းကင်ပေါ်ကို ပျံတက်သွားပြီး သူ့ဘေးနားမှာ မီးတောက်ကြာပန်းပေါင်းထောင်သောင်းချီ ထွက်ပေါ် လာပါတော့တယ်။
...
ဥစာကီကလည်း နံရံမှာချိတ်ထားတဲ့ဓားကို ဖြုတ်ယူလိုက်တယ်။ အဲဒီနောက် ဆိုင်အပြင်ကိုထွက်ကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီးတော့ ဒရုန်းဇုန်ကို ပြောလိုက်တယ်။ “ဘယ်ကမှန်းမသိတဲ့ ရန်သူတွေ ကမ္ဘာကို ကျူးကျော်လာပြီ။ ဒရုန်းဇုန်၊ ဆိုင်ထဲကလူတွေကို ဘေးကင်းရာ ပို့ထားလိုက်။ ပြီးတော့ ဟိုပုစဥ်းကောင်။”
“ဟုတ်... ဟုတ်ကဲ့ခင်ဗျ။” ဒီပက အစ်မကြီးသုံးယောက် ကြားကနေ ရုန်းထွက်ပြီး အပြင်ကိုထွက်လိုက်လာတယ်။
“တခြားပိုးကောင်ဗိုလ်ချုပ်တွေကို အကြောင်းကြား။ အင်ပါယာမှာ လုပ်စရာရှိနေပြီလို့ါ”
“ဟုတ်ကဲ့ခင်ဗျ။” ဒီပက တစ်ပါတည်းပါ ပြုံးလိုက်တယ်။ ‘နောက်ဆုံးတော့ တကယ်ကြမ်းပြရတော့မယ်။' ဆိုပြီးပေါ့။
...
လန်ဒန်ရှိ ဘက်ကင်ဟမ်နန်းတော် နန်းရင်ပြင်။
အနီရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး လူသာမန်တွေမှာ ရှားတယ်လို့ဆိုနိုင်တဲ့ ဂျီဆိုက် သင်္ဘောသီးကြီးတွေပိုင်ရှင် ရွှေရောင်ဆံပင်နဲ့ ရင့်ကျက်တဲ့ မိန်းမလှအမျိုးသမီးက သက်ပြင်းချလိုက်တယ်။ အာနွေးငွေ့တချို့က လေထုထဲ ထွက်လာတယ်။
“မြေးမလေး၊ ပျောက်နေပါတယ်ဆိုမှ အနှောင့်အယှက် ကောင်တွေက ရောက်လာပြန်ပြီ။ လန်ဒန်မြို့မှာရှိနေတဲ့ အဆင့် ခြောက်အထက်က မှော်ဆရာတိုင်းကို ဆင့်ခေါ် လိုက်တော့။ မြို့ကိုခုခံဖို့ပြင်။”
လက်ထောက်အမျိုးသမီးကတော့ အဲဒီအမျိုးသမီးကြီးကို ကြည့်ရင်း “အရှင်မအော်သာရီရာကရော...” လို့မေးလိုက်တော့။
“မေးစရာလိုသေးလို့လား။ ငါက ကောင်းကင်ပေါ်က ရန်သူတွေကို ဓားနဲ့ဟက်တပ်ခွဲပစ်တော့မှာလေ။”
အဲဒီနောက် အော်သာရီယာရဲ့ခန္ဓာကိုယ်က လေထဲကို အလိုလိုမြောက်တက်လာပြီး လက်ထဲက မှော်နှင်တံကို ဝေ့ယမ်းလိုက်ပါပြီ။
“အဆင့် ၁၂ အထွတ်အမြတ်မှော်ပညာ။ ဓားတစ်သိန်း စက်ဝန်း...”
အော်သာရီယာရဲ့နားမှာ ပြောင်လက်နေတဲ့ ရွှေရောင် ဓားဆယ်လက်က ပထမဆုံးစတင်ထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ ဓားဆယ်လက်က တစ်ရာ၊ တစ်ရာက တစ်ထောင်၊ တစ်ထောင်ကနေ တစ်သိန်းအထိ တိုးပွား လာပြီးတော့ လန်ဒန်မြို့ကောင်းကင်ကြီး တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တယ်။
...
တောင်ငူအင်ပါယာ။
မြို့တော်ပဲခူးရဲ့ကောင်းကင်ပေါ်မှာ ယာဥ်ပျံတွေစက်ရုပ်တွေ ပြည့်နှက်နေပြီးတော့ မြို့တွင်းနေရာချထားတဲ့ လေယာဥ်ပစ် သလင်းကျောက်အမြောက်တွေက အစွမ်းကုန် အလုပ်လုပ် နေရလို့ အရည်တောင်ပျော်တော့မယ်။
“အရှင့်သားဒီပ၊ အခြေအနေမကောင်းတော့ပါဘူး။ ရန်သူ့ အင်အားက များလွန်းတယ်။”
ဒီပကတော့ အလွတ်ဖြစ်နေတဲ့ပလ္လင်ကို ကြည့်လိုက်ရင်းနဲ့ “မင်းတို့သောက်သုံးမကျတဲ့ကောင်တွေ၊ မင်းတို့ကြောင့် ငါ့အစ်မထွက်သွားတာမဟုတ်လား။ အခုချက်ချင်း သူ့ကို ရှာကြစမ်း။ သူ့ကိုမတွေ့ရင် နာရီပိုင်းအတွင်း တောင်ငူ အင်ပါယာရောကမ္ဘာကြီးပါ ပျက်စီးသွားလိမ့်မယ်။”
“ဒါပေမဲ့... အရှင့်မှာ ဘယ်တုန်းကမှ အစ်မမရှိခဲ့...”
“ပါးစပ်ပိတ်၊ ရှာဆိုရင်ရှာကြ။”
...
ဧရာမစက်ရုပ်ကြီးတေက ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ ယာဥ်ပျံတွေနဲ့စက်ရုပ်တွေကို ယှဥ်ပြီး တိုက်ခိုက်နေကြတယ်။
ရုတ်တရက် ရေထဲကနေပြီး မီတာနှစ်ရာလောက်မြင့်တဲ့ ရေဘဝဲလိုတိုက်တန်ကြီး ထွက်ပေါ်လာတဲ့အတွက် ပိုင်းလော့တွေ ထိတ်လန့်ကုန်ပြီး “ကိုင်ဂျူးမိခင်ကြီး ထွက်လာပြီ။”ဆိုပြီး အော်ဟစ်ကြပေမဲ့ ကိုင်ဂျူးမိခင်ကြီးက သူတို့ကို ဂရုမစိုက်ဘဲ ကောင်းကင်ပေါ်က စက်ရုပ်တွေကိုသာ ပါးစပ်ကြီးဟပြီး အလင်းတန်းကြီးနဲ့ပစ်ခတ် ဖျက်ဆီးတယ်။
ဒီကမ္ဘာက သူအုပ်စိုးရမယ့်ကမ္ဘာမလို့ တခြားသူတွေကို ဝင်မရှုပ်စေချင်တဲ့ပုံပဲ။
...
ဂိုင်ယာအာကာသစခန်း။
ဆံပင်တွေဖြူဖွေးနေပြီး လျှပ်စီးကြောင်းတွေကြောင့် ခန္ဓာကိုယ်က ဝေဝါးသွားလိုက် ပြန်ဖြစ်တည်လိုက်နဲ့ ဖြစ်နေတဲ့ အေမီက ပုံပျက်နေတဲ့အပြုံးမျိုး ပြုံးလိုက်တယ်။
“ဟင်းဟင်း... နင်တို့ရဲ့အားနည်းလှတဲ့ ကမ္ဘာတွေက အဲဒီလောက်ပဲ ပြန်ခုခံနိုင်တာလား။ Main Point တွေဖြစ်တဲ့ မမလေးရဲ့မူကွဲတွေ မရှိတော့တာနဲ့ အတော်အားနည်း သွားကြတာပဲ။ အခုက အမြစ်ဖြတ်ရမယ့်အချိန်ပဲ။”
အေမီက လက်ဆစ်တွေကိုချိုးလိုက်တယ်။ အပြိုင်ကမ္ဘာ အားလုံးမှာရှိနေတဲ့ အေမီတွေကလည်း လက်ဆစ်တွေကို ချိုးလိုက်ကြတယ်။
“တကယ့်အန္တရာယ်ဆိုတာ ဘာလဲ ပြလိုက်ကြရအောင်။”
သူတို့တွေအားလုံးက ကမ္ဘာတွေကို ကာကွယ်ပေးနေတဲ့ အင်အားအကြီးဆုံးဆိုတဲ့သူတွေကို ပြိုင်တူကြည့်လိုက်ပြီး အဲဒီလူတွေကို ပစ်မှတ်ထားကာ နေရာကနေ ထွက်ခွာ သွားကြတော့တယ်။
...
ဆံပင်ရှည်တွေရှိတဲ့ မက်ဒါနာက ကမ္ဘာပျက်ကြီးထဲမှာ ပြေးလွှားနေတယ်။ သူရှိနေတဲ့ကမ္ဘာက တခြားကမ္ဘာတွေလို စွမ်းအားတွေမရှိဘူး။ ဒီအတိုင်း ရိုးရိုးရှင်းရှင်းပဲ။ ဒါကြောင့် အပြိုင်ကမ္ဘာစစ်တပ်ကြီး ရောက်ရှိလာတဲ့အချိန်မှာ မခုခံနိုင်ဘဲ ရှုံးနိမ့်နေပါတယ်။
ဒါတောင်မှ မက်ဒါနာက ကျည်ဆန်တွေ၊ ပေါက်ကွဲမှုတွေ ကြားထဲကနေ သူငှားနေတဲ့ တိုက်ခန်းလေးဆီကို ပြန်ပြီး သွားခဲ့တယ်။ အိမ်အပြန်လမ်းမှာ သူ့ဘေးနား အမြောက် ကျည်ကျပြီး ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားတယ်။ ခြေထောက်တစ်ဖက်ကို အမြောက်ဆန်တွေ စိုက်ဝင်တာကြောင့် လှုပ်ရှားလို့မရတော့အောာင် ဖြစ်သွားခဲ့တယ်။
“မဖြစ်သေးဘူး... ဒီနေရာမှာ ငါလဲကျသွားလို့ မဖြစ်ဘူး။” မက်ဒါနာက အံ့ကိုတင်းတင်းကြိတ်လိုက်ပြီး နံရံတစ်ခုကို အားပြုကာ ပြန်ထရပ်လိုက်တယ်။ ဒါပေမဲ့ ကြေမွသွားတဲ့ ခြေထောက်ကိုတော့ သူဆက်ပြီးသုံးလို့မရတော့ဘူး။ ဒါကြောင့် သူဝတ်ထားတဲ့ဘောင်းဘီရှည်ကိုဆွဲဖြဲကာ သွေးတွေတစိမ့်စိမ့်ကျနေတဲ့ ခြေထောက်ကို ပက်တီး စည်းလိုက်တယ်။ ဒါပေမဲ့ ဒဏ်ရာက သပ်ကိုကြီးမားတဲ့ အတွက်ကြောင့် သွေးမတိတ်တော့ဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သေတော့မှာဆိုပေမဲ့....
လမ်းဘေးမှာရှာတွေ့တဲ့ သစ်သားချောင်းတစ်ချောင်းကို တောင်ဝှေးလို အသုံးပြုပြီး မရအရ တိုက်ခန်းရှိရာ အဆောက်အဦဆီ ပြန်လာခဲ့တယ်။ ဒါပေမဲ့ စိန်ခေါ်မှုက အခုမှစတာပါ။
အဆောက်အဦက အပြိုင်စကြဝဠာတပ်ဖွဲ့ရဲ့တိုက်ခိုက်ခြင်း ခံထားရပြီးတော့ မှန်တွေကွဲအက်ကာ မီးခိုးတွေအူထွက် နေပါတယ်။ အထပ်မြင့်တွေ မီးလောင်နေတဲ့အတွက် ဓာတ်လှေကားက အလုပ်မလုပ်တော့ဘူး။ ဒါကြောင့် အလာတုန်းကလိုပဲ အရေးပေါ်လှေကားကနေပြီး တက်ဖို့ ဖြစ်လာခဲ့တယ်။
နဂိုကတည်းက အရေးပေါ်လှေကားကို သူသုံးနေကျ ဆိုပေမဲ့ အခုအခါမှာတော့ သူက သေစေနိုင်တဲ့ ဒဏ်ရာ ရထားပြီးတော့ အကောင်းဆုံးအခြေအနေမှာ ရှိမနေဘူး။
လှေကားတစ်ထစ်ချင်းစီက သူ့အတွက် တောင်ကြီးတစ်လုံး ဖြတ်ကျော်နေရသလိုပဲ။ ဒါပေမဲ့ သူရအောင်တက်ခဲ့တယ်။ စက္ကန့်တိုင်းမှာ အေမီရဲ့အပြုံးတွေကိုပဲ သူမြင်နေပြီးတော့ အားလျော့ဖို့ကို မစဥ်းစားခဲ့ဘူး။
လှေကားကနေ သွေးတွေက ရေတံခွန်လိုစီးကျနေပေမဲ့ သူ့အသိက မြဲမြဲရှိနေသေးတယ်။ သူနေတဲ့အထပ်ကို ရောက်တော့ အရေးပေါ်တံခါးကို ဆွဲဖွင့်လိုက်တယ်။ သေဆုံးနေသူတွေအထပ်လိုက်ကို သူမြင်နေရပြီး ရင်ထဲ ပျို့တက်လာခဲ့ပေမဲ့ အရေးကြီးတာကိုလုပ်ဖို့ သူ့ကိုယ်သူ အတင်းဖိအားပေးတိုက်တွန်းလို့ ရှေ့ဆက်ခဲ့တာပေါ့။
နောက်ဆုံးတော့ သူ့အိပ်ခန်းဆီ ပြန်ရောက်လာခဲ့ပြီ။
“အဲဒီဟာ ငါနဲ့အတူရှိနေပါစေ... အဲဒါကိုရှာတွေ့မှာဖြစ်မယ်။”
မျက်လုံးတွေပြာဝေလာပေမဲ့ မက်ဒါနာက တစ်စုံတစ်ခုကို လိုက်ရှာဖွေနေခဲ့ပြီး မေ့မျောလုနီးနီးအခြေအနေမှာပဲ ရှာတွေ့သွားတယ်။ အဲဒါက သေနတ်လေးတစ်လက်ပါ။ သူက သူ့မျက်လုံးထဲ သုံးလေးငါးထပ်မြင်နေရတဲ့ သေနတ်ကို ကိုင်လိုက်ပြီး ပြုံးလိုက်တယ်။
“တော်သေးတာပေါ့။ ဒါလေးကို သူပြန်ယူမသွားခဲ့လို့။”
မောဟိုက်နေပြီး ရေငတ်မွတ်မှုကို အပြင်းအထန် ခံစားနေရတဲ့ ကြားကနေ မက်ဒါနာက သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ခတ်လိုက်တယ်။ ပေါ်တယ်တစ်ခုက သူ့နောက်မှာပွင့်လာပြီး သူက သူ့ခန္ဓာကိုယ်ကို အလိုက်သင့် လှဲချလိုက်တာကြောင့် ခန္ဓာကိုယ်က ပေါ်တယ်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားတော့တယ်။
အဲဒီနောက်တော့ အလွန်အမင်းပင်ပန်းနေခြင်းကို မခုခံနိုင်တော့ဘဲ ဆံပင်ဖြူနဲ့မိန်းကလေးရဲ့မျက်လုံးတွေက ပိတ်ကျသွားပါတော့တယ်။