← Chapters

နတ်ဆိုးသားရဲတစ်ထောင်ကို သတ်ဖြတ်ခြင်း (၂)

Vol. 15 Ch. 282

နတ်ဆိုးသားရဲတစ်ထောင်ကို သတ်ဖြတ်ခြင်း (၂)

Vol. 15 Ch. 282

ယခုအခါ အဆင့် ၃ နတ်ဆိုးသားရဲ ရှစ်ကောင်အနက် ငါးကောင်သေဆုံးသွားပြီးဖြစ်သည်။ ထိုအခါ ခေါင်းနှစ်လုံးမြွေသားရဲသည် တစ်ချိုးတည်း လစ်ပြေးသွားတော့သည်။ ဟွားမန်ရုံကို ပိတ်ဆို့တိုက် ခိုက်နေသော တိုက်ပွဲဝင်မျောက်ကြီးနှင့် လမင်းမျိုငွေဝံပုလွေတို့လည်း ထိုမြင်ကွင်းကို ကြောင်လျက်သား ကြည့်နေမိကြသည်။ တစ်ခဏချင်းတွင် တိုက်ပွဲချိန်ခွင်လျှာမှာ ရုတ်တရက်ပြောင်းလဲ သွားပြီး အဆင့် ၃ သားရဲငါးကောင် သေဆုံးသွားသည်ကို သူတို့နှစ်ကောင်လုံး မယုံနိုင်ဖြစ်နေကြ သည်။‌ ငွေဝံပုလွေသည် အသံကိုလေးပင်စွာဆွဲလျက် အူညည်းလိုက်ပြီးနောက် အရိပ်အဖြစ်သို့ အသွင်ပြောင်းကာ ထွက်ပြေးသည်။

တစ်ကောင်တည်း ကျန်ရစ်ခဲ့သော မျောက်သားရဲသည်လည်း နဂိုမူလကတည်းက ပါးနပ်သည့် အမျိုးအနွယ်ဖြစ်သည့်နှင့်အညီ အခြေအနေမကောင်းမှန်း ရိပ်စားမိလိုက်ပြီးနောက် ကောင်းကင်အထက်သို့ ခုန်တက်ပြီး ငွေရောင်ဝံပုလွေထွက်ပြေးသည့် လမ်းကြောင်းအတိုင်း ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။ ကျန်းချန်ရွှမ်သည် ထိုသုံးကောင်အနောက်သို့ လိုက်လံချေမှုန်း လိုပါသော်လည်း ထောင်ချောက်ဖြစ်နေမည်စိုး၍ အကြံကို ရုပ်သိမ်းလိုက်ပြီး ဖရိုဖရဲဆုတ်ခွာနေ သည့် အဆင့်နိမ့်သားရဲများကိုသာ ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်၌ စနစ်ထံမှ အချက်ပေးသံတစ်ခု ကြားလိုက်ရသည်။

[ဒင်]

[စနစ်မှမစ်ရှင်အသစ်ကြေငြာလိုက်သည်။ နတ်ဆိုးသားရဲတစ်ထောင်ကို သတ်ဖြတ်ပါ]

[လက်ရှိအခြေအနေ ၀ %]

မမျှော်လင့်သော အခြေအနေမျိုးတွင် စနစ်မှ မစ်ရှင်အသစ်ပေးလာသောကြောင့် ကျန်းချန်ရွှမ် မှင်သက်သွားသည်။ ထို့ပြင် စနစ်သည် ကျန်းချန်ရွှမ် သတ်ဖြတ်ခဲ့ပြီးသော နတ်ဆိုးသားရဲများကို ထည့်တွက်ထားခြင်းမရှိဘဲ အစအဆုံး ပြန်လည်ဆောင်ရွက်ခိုင်းလိုက်သေးသည်။ ဤမစ်ရှင်ကို အချိန်တိုအတွင်း အပြီးသတ်ရန် အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲကြီးကို ကျင်းပရမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ ထိုအချိန်တွင် ဟွားမန်ရုံတစ်ယောက် သူ့ရှေ့မှောက်သို့ ရောက်လာသည်။ သူမ၏ လှပသောမျက်နှာသည် ဖြူလျော့လျက်ရှိပြီး လတ်တလောတိုက်ပွဲကြောင့် ဒဏ်ရာရလာခဲ့ဟန်တူသည်။

“တာအိုမိတ်ဆွေဟွား အဆင်ပြေရဲ့လား”

ဟွားမန်ရုံက ခေါင်းညိတ်ပြလိုက်ပြီး

“ဘာမှမဖြစ်ပါဘူး။ တာအိုမိတ်ဆွေကျန်းကို ကျေးဇူးတင်ရမယ်။ ရှင်သာဝင်မကယ်ရင် ကျွန်မသေနေလောက်ပြီ”

ဟွားမန်ရုံပြောသည်မှာ မမှားပါ။ သူမ၏ ကျင့်ကြံမှုအဆင့်အရ အဆင့်တူသားရဲ နှစ်ကောင်ကိုသာ အများဆုံးကိုင်တွယ်နိုင်ပါသည်။ သုံးကောင်ဆိုလျှင် မနိုင်မနင်းဖြစ်လာပြီး လေးကောင်ဆိုလျှင်တော့ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်သွားနိုင်ပါလိမ့်မည်။ ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး

“မလိုပါဘူးဗျာ။ ကျုပ်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ရမဲ့ တာဝန်ရှိပါတယ်၊ နောက်ပြီး ခင်ဗျားရဲ့ကျင့်ကြံမှုအဆင့်အရ ကျုပ်မကူညီလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ထွက်နိုင်မှာပါ”

ထိုအခါ ဟွားမန်ရုံက ကျန်းချန်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး

“ဟိုတစ်လောက ရှင်နဲ့ ရှင့်ရဲ့တာအိုကျင့်ကြံဖက်ဟာ ကျင်းနိုင်ငံက ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ သူ့နောက်လိုက်တွေကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ကျွန်မကြားတော့ ရှင့်ရဲ့အစွမ်းက အရမ်းမြင့်မယ်မှန်း ရိပ်မိပြီးသားပါ။ ဒါပေမဲ့ ဒီနေ့မျက်မြင်တွေ့လိုက်ရတော့ ရှင်က ကျွန်မထင်ထားတာထက်တောင် အများကြီးပိုနေတယ်”

ထိုအခါ ကျန်းချန်ရွှမ်က ရယ်ကျဲကျဲနှင့်

“မိတ်ဆွေကြီးဟွားက ကျုပ်ကိုမြှောက်နေပြန်ပါပြီ”

ကျန်းချန်ရွှမ်သည် ထိုအကြောင်းကို ဟွားမန်ရုံနှင့် မဆွေးနွေးလိုသောကြောင့် စကားစဖြတ်ရန် ကြိုးစားသည်။

“ကျုပ်တို့နှစ်ယောက်လုံး အားနေပြီဆိုတော့ အရှေ့တံတိုင်းကို သွားကူရအောင်”

ဟွားမန်ရုံက ခေါင်းညိတ်လိုက်ပြီး

“အချိန်မရှိဘူး။ မြန်မြန်သွားကြစို့”

နှစ်ဦးသား အရှေ့ဘက်တံတိုင်းရှိရာသို့ ပျံသန်းလာချိန်တွင် ကျန်းချန်ရွှမ်သည် စနစ်မှပေးထားသည့်မစ်ရှင်ကို အမှတ်ရလိုက်သည်။ ထို့ကြောင့် စစ်မြေပြင်ကို ရောက်ရောက်ချင်းတွင် ရွှေဗလာနယ်ဓားကို ထုတ်ပြီး အဆင့်နိမ့်သားရဲများကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်သည်။ ထိုတစ်ခဏတွင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး နတ်ဆိုးသားရဲများသည် အစုလိုက် ပြာမှုန်အဖြစ်သို့ ကူးပြောင်းကာ ဇီဝိန်ကြွေကုန်ကြသည်။ ကျန်းချန်ရွှမ်၏ မစ်ရှင်ပြကိန်းတန်းမှာလည်း တစ်ဟုန်ထိုးတက်လာတော့သည်။

[၅ % ၁၈ % ၃၃ % ၄၁ % ]

အချိန်တိုအတွင်း၌ မစ်ရှင်ပြကိန်းတန်းသည် ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။ အရှေ့တံတိုင်းရှိ အဆင့် ၃ နတ်ဆိုးသားရဲများ အပါအဝင် သားရဲအုပ်ကြီးများကို ဖြိုခွဲပြီးသည့်အခါတွင် မစ်ရှင်ကို တစ်ထိုင်တည်း အပြီးသတ်နိုင်လိမ့်မည်ဟု ကျန်းချန်ရွှမ် တွက်ချက်လိုက်သည်။ ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့ အရှေ့တံတိုင်းကို ရောက်ပြီးမကြာခင်တွင် လီဖေး၊ ကျန်းရန်တောက်နှင့် ပိုင် ကျိရွမ်တို့ကို တိုက်ခိုက်နေသော ဓားသွားလင်းယုန်သည် အလင်းတန်းရှစ်ခုအဖြစ် ကွဲထွက်သွားပြီး အဝေးရှိတောင်တန်းများသို့ ပျံသန်းသွားတော့သည်။ မြောက်ဘက်တံတိုင်းရှိ တိုက်ပွဲအခြေအနေကို ဓားသွားလင်းယုန်သည် ရိပ်စားမိဟန်တူပြီး ကျန်းချန်ရွှမ်တို့ ရောက်လာသည်နှင့် အလျင်အမြန်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်သည် ထွက်ပြေးသွားသော အဆင့် ၃ သားရဲများကို ကြည့်ရင်း အားမလိုအားမရ ကျန်ရစ်ခဲ့သည်။ သို့သော် ကံကောင်းစွာနှင့် အဆင့်နိမ့်သားရဲများစွာ ကျန်နေပါသေးသည်။ ရွှေဗလာနယ်ဓားသည် အလင်းများ ပြိုးပြက်လာပြီး ပေရာပေါင်းများစွာ ရှည်လျားသည့် ဓားအလင်းတန်း ကြီးအဖြစ် အသွင်ပြောင်းကာ ဖရိုဖရဲဆုတ်ခွာနေသော အဆင့်နိမ့်သားရဲများစွာကို တံမြက်စည်း လှည်းသလို သုတ်သင်ရှင်းလင်းလိုက်တော့သည်။ ထိုခဏတွင် အဆင့်နိမ့်သားရဲများစွာမှာ သွေးမြူအဖြစ်ပြောင်းလဲကာ အသက်ပျောက်ကုန်ကြသည်။ ထို့နောက်တွင် သူမျှော်လင့်ထားသည့်အတိုင်း စနစ်မှ အချက်ပေးသံဝင်လာသည်။

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ နတ်ဆိုးသားရဲတစ်ထောင်ကို သတ်ဖြတ်ပြီးပါပြီ။ ဆုလာဘ်အဖြစ် နတ်ဆိုးသားရဲနှိမ် ပါရမီအမှတ် + ၁ နှင့်အတူ တွက်ချက်ခြင်းပုတီးစေ့ကို ရရှိပါမည်]

[နတ်ဆိုးသားရဲနှိမ် ပါရမီသည် ထုတ်ဖော်အသုံးချရသည့် စွမ်းရည်ဖြစ်ပြီး နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်နေစဉ်အတွင်း ထိုစွမ်းရည်ကို အသက်သွင်းလိုက်ပါက အသုံးပြုသူ၏ စွမ်းရည်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း ကျပန်းမြှင့်တင်ပေးပါလိမ့်မည်]

ထိုစွမ်းရည်သည် လက်ရှိရင်ဆိုင်နေရသော အခင်းအကျင်းတွင် အလွန်အသုံးဝင်သည်ဟု ကျန်းချန်ရွှမ်မြင်မိသည်။ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းဆိုသည်မှာ မဖြစ်စလောက်ဟု ထင်ဖွယ်ရှိသော်လည်း အကျပ်အတည်းတွေ့နေချိန်တွင် တိုက်ပွဲအဖြေကို ပြောင်းလဲနိုင်သည့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်။ တစ်ချိန်တည်းတွင် ဒုတိယဆုလာဘ်ဖြစ်သည့် တွက်ချက်ခြင်းပုတီးစေ့သည်လည်း ကျန်းချန်ရွှမ်အတွက် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို နောက်တစ်ဆင့် မြှင့်တင်ရတွင် အသုံးချနိုင်မည်ဖြစ်၍ အသုံးဝင်ပါဦးမည်။ သည်တစ်ခါ မစ်ရှင်သည် အလွန်လွယ်ကူသလောက် ပြန်ရသည့် အကျိုးအမြတ်မှာ ကျေနပ်ဖွယ်ဖြစ်သည် ဟုဆိုရမည်။

[ဒင်]

ထိုအချိန်တွင် စနစ်မှ အချက်ပေးသံတစ်ခု ဝင်လာပြန်ရာ ကျန်းချန်ရွှမ်တစ်ယောက် အံ့အားသင့်မိသွားသည်။

[မစ်ရှင်အသစ် ကြေငြာလိုက်သည်၊ စနစ်ပိုင်ရှင် အဆင့် ၄ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ပါ]

ကျန်းချန်ရွှမ်တစ်ယောက် ကြက်သေသေငိုင်သွားမိသည်။ နောက်ဆုံးပေးအပ်ခဲ့သည့် မစ်ရှင်သည် များစွာလွယ်ကူကြောင်း အတွေးမဆုံးခင်မှာပင် စနစ်သည် မဖြစ်နိုင်သော တာဝန်ကို အကောင်အထည်ဖော်ခိုင်းနေလေပြီ။ အဆင့် ၃ သားရဲကို သတ်ဖြတ်ခိုင်းခြင်းသည် ရွှေအမြုတေအဆင့် နတ်ဆိုးဘုရင်ကို သတ်ခိုင်းသည်နှင့် မကွာခြားပါ။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ အဆင့် ၄ နတ် ဆိုးဘုရင်ကို သတ်ဖြတ်ဖို့ကို အသာထား၊ ထိုနတ်ဆိုးဘုရင် လိုက်သတ်သည်ကို ထွက်ပြေးနိုင်ရန်ပင် မသေချာသည့် အခြေအနေမျိုးဖြစ်နေသည်။ ကျန်းချန်ရွှမ်သည် ထိုမစ်ရှင်အကြောင်းကို ဆက် မတွေးတော့ဘဲ လက်ရှိအခြေအနေကို အာရုံစိုက်လိုက်သည်။

ကျန်းရန်တောက်၊ လီဖေး၊ ပိုင်ယွမ်ချန်းနှင့် ပိုင်ကျိရွမ်တို့အားလုံး ကိုယ်စီဒဏ်ရာများ ရရှိထားသည်ကို သူသတိပြုမိလိုက်သည်။ ကံကောင်းစွာနှင့် ဒဏ်ရာပြင်းထန်ပုံမပေါ်ပါ။ ကျန်းချန်ရွှမ်က ထိုလေးဦးကို ကြည့်နေစဉ်မှာပင် သူတို့လေးဦးသည်လည်း ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ အထူးသဖြင့် သူတို့၏အကြည့်က ကျန်းချန်ရွှမ်အပေါ်တွင် ဖြစ်သည်။

***

All Chapters