။ ကြောက်မက်ဖွယ်ပုံရိပ်များ
Vol. 15 Ch. 283
ပိုင်ယွမ်ချန်းတို့လေးဦးသည် မြောက်ဘက်တံတိုင်းရှိ အဖြစ်အပျက်များကို မျက်မြင်တွေ့ခြင်းမရှိသော်လည်း ကျန်းချန်ရွှမ် ထုတ်ဖော်လိုက်သည့် စွမ်းအားကို ခံစားသိရှိလိုက်ဟန်တူသည်။ အဆင့် ၃ သားရဲရှစ်ကောင် အပြေးအလွှား ဆုတ်ခွာထွက်ပြေးသွားရသည်မှာ ကျန်းချန်ရွှမ်၏ လက်ချက်ဖြစ်မှန်း ရိပ်မိလိုက်ကြသည့်အတွက် ကျန်းချန်ရွှမ်ကို မှင်သက်စွာ ကြည့်ရှုနေမိကြခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရင်းနှီးပြီးဖြစ်သည့် ကျန်းရန်တောက် ကိုယ်တိုင်ပင် သူ၏ စီနီယာဦးလေးဖြစ်သူသည် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့ပါ။ ကျန်းချန်ရွှမ်၏ လက်ရှိအဆင့်အတန်းမှာ ရွှေအမြုတေ ပဏာမအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးသည် ကျန်းချန်ရွှမ်ကို ကြည်ညိုလေးစားစွာ ချီးမွမ်းခန်းဖွင့်ကြသည်။ သို့သော် ကျန်းချန်ရွှမ်က မသိကျိုးကျွံပြုလျက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ထို့နောက် တွင် သူတို့အားလုံး စကားတပြောပြောနှင့် မြို့တွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။ တစ်အောင့်မျှကြာလျှင် ကျီဖုအဆင့် ကျင့်ကြံသူရှစ်ဦးစလုံး အစည်းအဝေးခန်းမအတွင်း စုမိကြ၏။ လူအားလုံး၏ မျက်နှာများမှာ လေးနက်သည့်အသွင်ကို ဆောင်နေသည်။ လတ်တလော အခြေအနေများအရ အင်အားအစစ်အမှန်ကို ဖုံးကွယ်၍ အချိန်ဆွဲရန် အကြံအစည်မှာ အလုပ်မဖြစ်တော့မှန်း ထင်ရှားနေသည်။ အထူးသဖြင့် မြောက်ဘက်တံတိုင်းတွင် ကျန်းချန်ရွှမ် ထုတ်ဖော်ပြသခဲ့သော စွမ်းရည် ကြောင့် နတ်ဆိုးသားရဲများသည် ရှေးဟောင်းမူလမြို့တော်ကို အမြင်သစ်တစ်မျိုးဖြင့် ချဉ်းကပ် လာတော့မည်ဖြစ်သည်။
အနာဂတ်တွင် နတ်ဆိုးသားရဲများသည် ဤမြို့ကို တိုက်ခိုက်ရာတွင် ရှေးကထက် များစွာသာလွန်သည့် အင်အားကို အသုံးပြုမည်မှာ မုချဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်၏လုပ်ရပ်မှာ မှားသည်ဟု မဆိုသာပါ။ ထိုအခြေအနေမျိုးတွင် ကျန်းချန်ရွှမ်အနေနှင့် အင်အားအစစ်အမှန်ကို ဆက်လက် ဖုံးကွယ်ထားခဲ့လျှင် ဟွားမန်ရုံနှင့်တကွ မြောက်များလှသော ကျင့်ကြံသူများ၏ အသက်ဘေးမှာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်သွားနိုင်ပါသည်။ အထူးသဖြင့် ဟွားမန်ရုံ၏ ဦးဆောင်မှုမှာ အရေးပါလှသည့်အတွက် သူမသေဆုံးသွားမည်ကို မည်သူမျှမလိုလားကြပါ။ ထိုအခိုက်တွင် ဟွားမန်ရုံက စကားစလိုက်သည်။
“အားလုံးသိပြီးကြတဲ့အတိုင်းပဲ နတ်ဆိုးသားရဲတွေဟာ အချိန်ဆက်မဆွဲချင်တော့ဘူး။ ဒီမြို့ကို အမြန်ဆုံးသိမ်းပိုက်ပြီး ကိစ္စဖြတ်ချင်နေပုံရတယ်။ ဒါပေမဲ့ တာအိုမိတ်ဆွေကျန်းရဲ့ ခုခံမှုကို သူတို့ မမျှော်လင့်ထားတဲ့အတွက် ဒီတစ်ကြိမ်မှာ တပ်ခေါက်ပြီးပြန်သွားရတယ်။ ဒါပေမဲ့ လာမဲ့ထိုးစစ်တွေမှာ အရင်အကြိမ်တွေကထက် အင်အားအဆပေါင်းများစွာ တိုးသုံးလာမှာ သေချာတယ်။ ဒီတော့ ကျွန်မတို့အားလုံး ရှေ့ထွက်ပြီး တိုက်ခိုက်ဖို့သင့်ပြီ”
ဟွားမန်ရုံ၏ သုံးသပ်ချက်သည် ကျိုးကြောင်းညီသော်လည်း အခန်းထဲရှိ လူအားလုံးမှာ ကိုယ်စီမျက်မှောင်ကြုတ်သွားကြသည်။ မကြာခင်လာတော့မည့် တိုက်ပွဲများသည် သူတို့ရင်ဆိုင်ဖူးသမျှ ထက် ခက်ခဲကြမ်းတမ်းမည်မှာ သေချာနေသည်လေ။
“သားရဲတွေနဲ့ပတ်သက်ပြီး ဘာအချက်အလက်တွေ ရှိထားလဲ”
ထိုစဉ် ပိုင်မင်ရှန်းက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“ဆိုလိုတာက အင်အားအတိအကျ၊ အသုံးပြုတဲ့လက်နက်၊ အဆင့်အတန်း စသဖြင့်ပေါ့”
ထိုအခါ လူအားလုံး၏ အကြည့်က ဟွားမန်ရုံထံ ရောက်သွားသည်။ ဟွားမန်ရုံက ခေါင်းခါရင်း
“လတ်တလောမှာတော့ မရှိသေးဘူး။ လက်ရှိအခြေအနေအရ နတ်ဆိုးသားရဲတွေကို ထောက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အတွက် အကြမ်းဖျဉ်း မှန်းဆတာလောက်ပဲ တတ်နိုင်မယ်။ ဒါတွေကလည်း တိကျမှုရှိမှာမဟုတ်ဘူး”
“စစ်ကူတွေကရော၊ ဒီမြို့က လျန်နိုင်ငံအတွက် အရမ်းအရေးကြီးတယ် မဟုတ်လား၊ ခင်ဗျားတို့ စင်မြင့်မှာ အရန်အစီအစဉ်တွေ မချထားဘူးလား”
သည်တစ်ခါ မေးခွန်းထုတ်လိုက်သူက ကျန်းရန်တောက်ဖြစ်သည်။ ထိုမေးခွန်း၏ အဖြေကို ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ပိုင်မင်ရှန်းတို့လူစုလည်း သိချင်နေကြသည်။ အမှန်တကယ်တွင်လည်း ရှေးဟောင်းမူလမြို့သည် မဟာဗျူဟာအရသော်လည်းကောင်း၊ ဝိညာဉ်သွေးကြော တည်ရှိနေမှုအရသော်လည်းကောင်း အရေးပါသည့်ဒေသဖြစ်ရာ ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့တွင် အရန်အစီအစဉ်များ ရှိနေဖို့များသည်။ ဤမျှအရေးကြီးသောဒေသကို ကျီဖုအဆင့် ကျင့်ကြံသူများလက်ထဲ ဝကွက်အပ်နှံထားမည့်တော့ မဟုတ်ပေ။ ကျန်းရန်တောက်၏ မေးခွန်းကို ဟွားမန်ရုံက နက်နက်နဲနဲ စဉ်းစားနေပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“မှန်ပါတယ်။ ကျွန်မတို့ဒီကိုမလာခင်ကတည်းက ကျွန်မနဲ့ ဂျူနီယာမောင်လေး လီဖေးတို့ကို ဝှက်ဖဲတစ်ခုပေးထားပါတယ်။ ဒါပေမဲ့ ဒီဝှက်ဖဲကို မဖြစ်မနေသုံးဖို့ လိုအပ်တဲ့ အချိန်မျိုးကျမှ ထုတ်သုံးဖို့ စဉ်းစားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝှက်ဖဲကို သုံးလိုက်တာနဲ့ ဒီရှေးဟောင်းမူလ မြို့တော်တစ်ခုလုံးနဲ့ ဝိညာဉ်သွေးကြောပါမကျန် ချက်ချင်းပျက်စီးသွားမှာမလို့ပဲ။ အခုလောက်ဆိုရင် ရှင်တို့အားလုံး ရိပ်စားမိလောက်ပါပြီ”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်တို့အားလုံး မှင်သက်တုန်လှုပ်ကုန်ကြသည်။ စင်မြင့်၏ အရေးပေါ်အစီအမံသည် မြို့နှင့်တကွ ဝိညာဉ်သွေးကြောကိုပါ ဖောက်ခွဲပစ်ရန် ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပါ။ ထို့ပြင် ဝိညာဉ်သွေးကြောကို ဖျက်ဆီးခြင်းသည် ကောင်းကင်နှင့်ဆန့်ကျင်နေသည့်အတွက် ဟွားမန်ရုံနှင့် လီဖေးတို့အနေနှင့် ကောင်းကင်ဒဏ်ခတ်ခြင်းကို ခံစားရဦးမည် ဖြစ်သည်။ ဖျက်ဆီးမည့် ဝိညာဉ်သွေးကြောသည် အဆင့် ၄ ဖြစ်နေသောကြောင့် သူတို့နှစ်ဦး၏ နောက်ကွယ်ရှိ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ကိုပါ သက်ရောက် မှုရှိလာနိုင်သည့်အပြင် အဆင်မသင့်လျှင် သူတို့ခြောက်ဦးပါ အချောင်ဝင်ခံရမည့်ကိန်း ဆိုက်သွားနိုင်ပါသည်။
ထိုအချိန်တွင် ဟွားမန်ရုံက ဆက်လက်ရှင်းပြပြန်သည်။
“စစ်ကူကိစ္စကလည်း စိတ်မကောင်းစွာနဲ့ပဲ လတ်တလောအတွင်း မဖြစ်နိုင်သေးဘူး”
***