ကြောက်မက်ဖွယ်ပုံရိပ်များ (၂)
Vol. 15 Ch. 284
“ဒါပေမဲ့ ကျဉ်းထဲကျပ်ထဲ ရောက်လာရင်တော့ ကျွန်မအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး တပ်ကူတွေတောင်းပေးမှာပါ”
ဟွားမန်ရုံ၏ ကတိစကားသည် သူတို့အားလုံးအတွက် စိတ်သက်သာရဖွယ် မရှိပါ။ အစည်းအဝေးပြီးဆုံးသည့်အခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တည်းခိုရာ လှိုဏ်ဂူအတွင်းသို့ တန်းပြန်လာကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က
“ရူယန် ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ ကိုယ်တို့အားလုံး ဘေးကင်းဖို့အတွက် တစ်ကိုယ်တည်း ဂူအောင်းပြီး အနာဂတ်ဖြစ်ရပ်တွေကို တွက်ချက်မှဖြစ်မယ်။ ဒီအတောအတွင်းမှာ ဘယ်သူ့ကိုမှ ကိုယ့်လှိုဏ်ဂူထဲ မဝင်ပါစေနဲ့။ ဘာကိစ္စနဲ့မှ ကိုယ့်ကို မနှောက်ယှက်ပါစေနဲ့”
ကျန်းချန်ရွှမ်၏ ယတိပြတ်စကားကို ကြားလျှင် ရှန်းရူယန်က စိုးရိမ်ပူပန်ဟန်နှင့်
“ဒီလိုအချိန်မျိုးမှာ ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကိုသုံးတာ အန္တရာယ်မများလွန်းဘူးလား”
ကျန်းချန်ရွှမ်က ခေါင်းခါရင်း
“ကိုယ့်ရဲ့ကျင့်ကြံမှုအဆင့်နဲ့ လက်ရှိတွက်ချက်ခြင်းစွမ်းရည်အရ နည်းနည်းတော့ အရဲစွန့်ရမယ်။ ဒါပေမဲ့ စိုးရိမ်ရလောက်တဲ့အထိ အန္တရာယ်မရှိပါဘူး။ နောက်ပြီး ကိုယ့်ရဲ့ ဘေးကင်းမှုကို ဦးစားပေးပြီးမှ ဆောင်ရွက်မှာပါ။ ကိုယ့်အတွက် မစိုးရိမ်ပါနဲ့”
ထိုအခါ ရှန်းရူယန်လည်း တစ်စုံတစ်ရာ မပြောတော့ဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။
“ဘာမှမပူနဲ့ ယောက်ျား၊ ရှင်မထွက်လာမချင်း ဘယ်သူမှ မနှောက်ယှက်စေရဘူး”
“ကောင်းပြီ။ကိုယ်စိတ်ချမယ်နော်”
ထို့နောက် ကျန်းချန်ရွှမ်လည်း အချိန်မဖြုန်းတော့ဘဲ တစ်ကိုယ်တော် ကျင့်ကြံရာ လှိုဏ်ဂူအတွင်း သို့ ခပ်သုတ်သုတ် ဝင်သွားတော့သည်။ အခန်းထဲရောက်ရောက်ချင်း တွက်ချက်ခြင်းပုတီးစေ့ကို ထုတ်ယူလိုက်ပြီး ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်၏ နောက်ဆက်တွဲကျင့်စဉ်များကို ဖော်ထုတ်ရာတွင် အသုံးပြုလိုက်သည်။ တစ်ခဏချင်းတွင် ကျန်းချန်ရွှမ်၏စိတ်ထဲ၌ ပျောက်ဆုံးနေသော ကျင့်စဉ်နည်းနာများ အလျှိလျှိုပေါ်လာပြီး ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကို ပိုမိုသိမြင်နားလည်လာသည်။ တစ်ရက်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ်ပုံရိပ်များ အမြင်အာရုံထဲတွင် စီတန်းကာ ပေါ်လာတော့သည်။ ကျန်းရန်တောက်နှင့် ပိုင်မင်ရှန်းသေဆုံးသွားပြီး လီဖေးနှင့် ပိုင်ကျိရွမ်တို့ သွေးမြူအဖြစ် ပြောင်းသွားသည်။ ပိုင်ယွမ်ချန်းနှင့် ဟွားမန်ရုံတို့မှာ နတ်ဆိုးသားရဲများ၏ အရှင်လတ်လတ် ဝါးစားခံလိုက်ရသည်။ သူနှင့် ရှန်းရူယန်တို့မှာ အသက်ကို အနိုင်နိုင်လုလျက် ထွက်ပြေးနေရပြီး ကိုယ်စီ ဒဏ်ရာအကြီးအကျယ် ရနေကြသည်ကို မြင်လိုက်ရတော့သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် ပါးစပ်အတွင်းမှ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာမှာ သွေးဆုတ်ထားသလို ဖြူ လျော်နေတော့သည်။
ထိုမြင်ကွင်းများသည် တွက်ချက်ခြင်းပုတီးစေ့ကို အသုံးပြု၍ ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်၏ နောက်ဆက်တွဲ တတိယစာမျက်နှာကို ဖော်ထုတ်ရင်း မြင်လိုက်ရသည့် တုန်လှုပ်ဝမ်းနည်းဖွယ် မြင်ကွင်းများပင် ဖြစ်သည်။ ထိုအဖြစ်အပျက်များသည် အနာဂတ်တွင် တွေ့ကြုံရမည့် အဖြစ်သနစ်များပေလော။ ကျန်းချန်ရွှမ်ကိုယ်တိုင် နားမလည်သည့်အချက်က သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့်အတန်းအရ အဆင့် ၄ နတ်ဆိုးသားရဲနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် အထိုက် အလျောက် ခုခံနိုင်မည်ဖြစ်ရာ ထိုအဖြစ်အပျက်များသည် တစ်ခုခုမှားယွင်းနေနိုင်ကြောင်း ဖြစ်သည်။
ထိုခဏတွင် ကျန်းချန်ရွှမ်၏ ဦးခေါင်းမှာ ချာချာလည်အောင် မူးလာသည်။ ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နိုင်ကြောင်း သူတွေးမိသည်။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်တွင် မူလအင်အားထက် ၂၀ ရာခိုင်နှုန်းသာ ကျန်ပါတော့သည်။ ထို့ကြောင့် ဝိညာဉ်အားဖြည့် ဆေးတစ်လုံးကို သောက်သုံးပြီး ဆေးစွမ်းအင်များကို တိတ်ဆိတ်ငြင်သာစွာ စုပ်ယူလိုက်သည်။ တစ်ချိန်တည်းတွင် သူမြင်တွေ့ခဲ့ရသည့် နိမိတ်ပုံရိပ်များကို ပြန်တွေးကြည့်သည်။ ကျန်းရန်တောက်၊ လီဖေးနှင့် ပိုင်ကျိရွမ်တို့သည် တစ်ချိန်တည်း သေဆုံးနေခြင်းဖြစ်ကြောင်း သတိပြုမိသည်။ ထို့ပြင် သူတို့သေဆုံးနေသည့်နေရာသည် ရှေးဟောင်းမူလမြို့၏ အပြင်ဘက်တွင် မဟုတ်ပါ။
တစ်နည်းအားဖြင့် သူတို့သုံးဦးသည် နတ်ဆိုးသားရဲများ လက်ချက်ဖြင့် သေဆုံးခြင်း မဖြစ်နိုင်ပါ။ သို့သော် ကျီဖုအဆင့် ရှစ်ဦးအနက် သူနှင့် ရှန်းရူယန်မှလွဲ၍ ကျန်ခြောက်ဦးလုံး သေဆုံးကုန်ကြသည်ဖြစ်ရာ အတွင်းလူလက်ချက်တော့ မဟုတ်တန်ရာ။ ဟွားမန်ရုံအဆိုအရ ရှေးဟောင်းမူလမြို့တော်ကို ပြင်ပမှ တပ်ကူများ ပေးပို့လာနိုင်ချေ ရှိသည်ဟုဆိုထားရာ ထိုလူများ၏ လက်ချက်များပေလော။ သို့သော် သူတို့ခြောက်ဦးကို သတ်ဖြတ်နိုင်ဖို့ဆိုလျှင် ကျီဖုနယ်ပယ်အထက် ကျင့်ကြံသူများဖြစ်ရပါလိမ့်မည်။ ထိုအတွေးကြောင့် ကျန်းချန်ရွှမ် တုန်လှုပ်သွားမိသည်။ စစ်ကူလာမည့်လူများမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်နေမည်ဆိုလျှင်…..
ထိုအချိန်တွင် စနစ်မှ အချက်ပေးသံဝင်လာသည်။
[စနစ်မှ မစ်ရှင်အသစ်ကြေငြာလိုက်သည်။ စနစ်ပိုင်ရှင်၊ ရှေးဟောင်းမူလမြို့တော်ကို ကာကွယ်ပြီး သင်၏ မိတ်ဆွေအပေါင်းအပါများ သေဆုံးခြင်းမရှိရန် ဆောင်ရွက်ပါ]
ကျန်းချန်ရွှမ်တစ်ယောက် မျက်လုံးပြူးသွားသည်။ စနစ်မှပေးအပ်သည့် မစ်ရှင်အသစ်သည် သူ လက်ခံရရှိခဲ့သော တာဝန်များနှင့် ကွဲပြားနေသည်။ တစ်ဖန် ထိုမစ်ရှင်သည် သူကြိုမြင်ခဲ့သော နိမိတ်ပုံရိပ်များမှာ မှန်ကန်မှုရှိကြောင်း သွယ်ဝိုက်ရည်ညွှန်းလိုက်သလိုလည်းဖြစ်နေသည်။ ကျန်းချန်ရွှမ်သည် စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်သည်။ သူပထမဆုံး ဆောင်ရွက်ရမည်မှာ နောက်ထပ်နတ်ဆိုးသားရဲ ထိုးစစ်မတိုင်မီ အင်အားပြည့်နေဖို့ဖြစ်သည်။ ဆေးပြားတစ်ခုကို ထုတ်ယူပြီး သောက်သုံးလိုက်ကာ စိတ်နှင့်ခန္ဓာကို ချိန်ညှိလိုက်သည်။
နှစ်လကြာပြီးနောက်…
ကျန်းချန်ရွှမ်သည် အကောင်းပကတိအတိုင်း ပြန်လည်အင်အားပြည့်သွားခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း အဆင့် ၃ အမြင့်ဆုံးအဆင့် အဂ္ဂိရတ်စွမ်းရည်ကို တက်လှမ်းရန် ကြိုးစားနေခဲ့ပါသေးသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် နိမိတ်ပုံရိပ်များ၏ လှုံ့ဆော်မှုကြောင့်လားတော့မသိ၊ ကျန်းချန်ရွှမ်၏ သစ်ဥသစ်ဖုများ၊ ဝိညာဉ်ဆေးပင်များကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် မီးကို ထိန်းညှိ နိုင်သည့်စွမ်းရည်တို့မှာ ပုံမှန်ထက် များစွာသာလွန်လျက်ရှိသည်။ ထို့ကြောင့် ဆေးဝါးဖန်တီးခြင်း ဖြစ်စဉ်သည် ထင်ထားသည်ထက် များစွာချောမွေ့နေသည်။ တစ်လမပြည့်မီမှာပင် ဆေးပင်များ ပြုပြင်မွမ်းမံခြင်း၊ ခွဲခြမ်းခြင်း၊ ရောစပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို အချောသပ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် အခက်ခဲဆုံးအပိုင်းဖြစ်သည့် ဆေးပြားသိပ်သည်းခြင်း အဆင့်ကို ရောက်ရှိနေ ပါပြီ။ သည်အဆင့်အောင်မြင်ခဲ့လျှင် အဆင့် ၃ အမြင့်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်အဆင့်ကို တက်လှမ်းနိုင်ပြီဟု ဆိုနိုင်ပါမည်။ ကျန်းချန်ရွှမ်သည် လက်သင်္ကေတများကို အသုံးပြုပြီး မီးဖိုအတွင်းရှိ အဂ္ဂိရတ်မီးလျှံကို ထိန်းညှိလိုက်သည်။ ဆေးပြားမီးဖိုအတွင်း၌ မြစိမ်းရောင်အဆင်းရှိသော ဆေးပြားသုံးခုသည် တဖြည်းဖြည်း ပုံပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် သိပ်သည်းခြင်းအဆင့်ပြီးဆုံးကာ ဆေးသုံးပြားကို အောင်မြင်စွာရရှိလိုက်သည်။ ဆေးပြားများသည် လုံးဝန်းချောမွေ့ပြီး အပြစ်အနာအဆာ ကင်းစင်နေသည်။
ကျန်းချန်ရွှမ်သည် မီးဖိုအတွင်းမှ လွင့်ပျံလာသည့် ဆေးရနံ့ကို ရှုရှိုက်မိသောအခါ ကျေနပ်စွာ ပြုံးလိုက်တော့သည်။ လက်ဖြင့်ဝှေ့ယမ်းလိုက်သောအခါ မီးဖိုအဖုံးပွင့်သွားပြီး အဆင့် ၃ အမြင့်ဆုံးအဆင့် အရည်အသွေးရှိသည့် ဒဏ်ရာကျက်ဆေးပြားသုံးခု ပျံထွက်လာပြီး အသင့်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းအတွင်းသို့ အလိုက်သင့် ဝင်ရောက်သွားတော့သည်။ ထိုအချိန်တွင် သူနှင့်ရင်း နှီးကျွမ်းဝင်ပြီးဖြစ်သည့် အသံကို ကြားလိုက်ရတော့သည်။
***