အဆင့် ၄ နတ်ဆိုးသားရဲနှင့် ရင်ဆိုင်ရခြင်း
Vol. 15 Ch. 285
[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဆင့် ၃ အမြင့်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်အဆင့်ကို တက်လှမ်း နိုင်ခဲ့ပါပြီ၊ သုံးဆင့်ဆေးပြားနှင့် သက်ရှည်ဆေးပြားတို့ကို ရရှိပါမည်]
[သုံးဆင့်ဆေးပြားသည် သောက်သုံးလိုက်ပါက ကျင့်ကြံသူ၏ တိုက်ပွဲဝင်စွမ်းအားကို သုံးဆအထိ ယာယီမြှင့်တင်ပေးပါမည်။ ကြာချိန်မှာ ဆယ်မိနစ်မှ နှစ်နာရီအတွင်းဖြစ်ပြီး အသုံးပြုသူ၏ ကိုယ်ခန္ဓာ၊ ရှေးဦးဝိညာဉ်နှင့် တာအိုအုတ်မြစ်ကို တစ်စုံတစ်ရာ ဆိုးကျိုးသက်ရောက်မှု မရှိပါ။ တစ်ခုတည်းသော ဆိုးကျိုးမှာ အသုံးပြုပြီးနောက် သုံးရက်တာ အားနည်းနေလိမ့်မည်ဖြစ်သည်]
[အသက်ရှည်ဆေးပြားသည် အသုံးပြုသူ၏ သက်တမ်းကို နှစ်တစ်ရာအထိ တိုးမြှင့်ပေးနိုင်ပြီး စနစ်၏ အထူးရတနာဖြစ်သည့်အလျောက် သက်တမ်းဆွဲနိုင်သည့်် ဆေးဝါးများကို သုံးကြိမ်အထိ မှီဝဲထားသူသည်ပင် ဤဆေးပြားကို သောက်သုံးပြီး တူညီသည့်အာနိသင်ကို ခံစားနိုင်လိမ့်မည်]
စနစ်မှ ချီးမြှင့်လိုက်သည့် ဆုလာဘ်များသည် အတိုင်းအတာတစ်ခုအထိ အကျိုးရှိသည်ဟု ဆိုရပါမည်။ အထူးသဖြင့် သုံးဆင့်ဆေးပြားရှိနေခြင်းကြောင့် လာမည့် အနာဂတ်ဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ရာတွင် ပို၍ သက်တောင့်သက်သာ ရှိပါလိမ့်မည်။ ကျန်းချန်ရွှမ်၏ တိုက်ပွဲဝင်စွမ်းရည်ကို သုံးဆအထိ မြှင့်တင်လိုက်လျှင် ရွှေအမြုတေအဆင့် သို့မဟုတ် အဆင့် ၄ နတ်ဆိုးသားရဲတစ်ကောင်ကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သူကောင်းစွာသိရှိပြီးဖြစ်သည်။ သို့သော် ရွှေအမြုတေ အလယ်အဆင့်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကိုတော့ ရင်ဆိုင်နိုင်စွမ်း မရှိသေးပါ။ ကျန်းချန်ရွှမ်၏ ကိုယ်ပိုင်အမြင်အရ သူမြင်တွေ့ခဲ့သည့် နိမိတ်ပုံရိပ်များသည် ရွှေအမြုတေအလယ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များကြောင့် မဖြစ်နိုင်သေးပါ။
ထိုထက် တစ်ဆင့်နိမ့်သည့် ရန်သူများလက်ချက်သာ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ မြင်တွေ့ခဲ့သည့် နောက်ဆုံးနိမိတ်ပုံရိပ်တွင် သူနှင့် ရှန်းရူယန်တို့နှစ်ဦး ဒဏ်ရာကိုယ်စီရလျက် ထွက်ပြေးလွတ်မြောက်သွားသည်လေ။ ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးနှင့် ရင် ဆိုင်ရပါက ထိုသို့လွတ်မြောက်ရန် အခွင့်အရေးရှိမည်မဟုတ်ပါ။ နေရာတွင်ပင် ပွဲချင်းပြီး ဇီဝိန်ပြုတ်သွားမည်ဖြစ်သည်။
ဒုတိယဆုလာဘ်ဖြစ်သည့် သက်ရှည်ဆေးပြားသည်လည်း မဆိုးလှဟု ယူဆရပါမည်။ ကျန်းချန်ရွှမ် အတိတ်တွင် ရရှိခဲ့ဖူးသည့် သက်တမ်းကို ဆွဲဆန့်နိုင်သည့် သစ်သီးကဲ့သို့ပင် ထိုဆေးပြားသည် ကျင့်ကြံခြင်းလောက၏ သက်တမ်းဆွဲခြင်းနှင့် စပ်ဆိုင်သည့် စည်းမျဉ်းများကို ဖီဆန်နိုင်စွမ်းရှိ သည်။ အထူးသဖြင့် သက်တမ်းဆွဲ ဝိညာဉ်ရတနာသုံးခုဖြင့် သုံးကြိမ်တိုင်တိုင် သက်တမ်းဆွဲဆန့် ထားသူများအတွက် အသုံးဝင်မည်မှာ သေချာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်တော့ ထိုဆေးပြားမှာ အသုံးမလိုသေးပါ။ သို့သော် ရှန်းယွမ်လုံအတွက်တော့ ထိုဆေးပြားမှာ အထူးအ ရေးပါလောက်မည်ဟု သူထင်မိသည်။ နတ်ဆိုးသားရဲအရေးပြီးလျှင် ရှန်းယွမ်လုံကို လက်ဆောင်ပေးမည်ဟု စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။
ထိုအချိန်မှာပင် ရှေးဟောင်းမူလမြို့တော်၏ အပြင်ဘက်တွင် နတ်ဆိုးသားရဲများ အလုံးအရင်းဖြင့် ပေါ်ပေါက်လာကြတော့သည်။ အရှေ့နှင့် မြောက်တံတိုင်းကို ဦးတည်ချီတက်လာကြပြီး အဆင့် ၃ သားရဲ ၂၂ ကောင်အထိ ပါဝင်နေသည့်အတွက် ရှေးအကြိမ်များထက် အဆများစွာ အင်အားပိုနေသည်။ ထို ၂၂ ကောင်အနက် အဆင့် ၃ ခြောက်ကောင်၊ အလယ်အဆင့် ရှစ်ကောင်နှင့် အနိမ့်ဆုံးအဆင့် ရှစ်ကောင် အသီးသီးပါဝင်ကြသည်။ ထိုထက် တုန်လှုပ်ဖွယ်ကောင်းသည်မှာ အဆင့် ၃ သားရဲများ၏ အနောက်မှ ကပ်ပါလာသော ပုံရိပ်နှစ်ခုဖြစ်သည်။ တစ်ကောင်မှာ ဓားသွား ရွှေလင်း ယုန်ဖြစ်ပြီး အဝါရောင်အမွေးများ ပိုင်ဆိုင်ထားကာ ရွှေရောင်အလင်းမှုန်များ ထုတ်လွှတ်လျက်ရှိသည်။ တောင်ပံနှစ်ဖက်အလျားသည်ပင် မီတာ ၁၅၀ ကျော်နေသည်။
ဒုတိယတစ်ကောင်မှာ သံနက်ဝက်ဝံကြီးဖြစ်ပြီး ပေလေးရာကျော် အမြင့်ရှိကာ မီတာသုံးဆယ် ရှည်လျားသည့် တင်းပုတ်ကြီးတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းထံမှ ပြင်းထန်ကြမ်းတမ်းသည့် အော်ရာလှိုင်းများ ထွက်ပေါ်နေသည်။ ထိုနှစ်ကောင်လုံးသည် အဆင့် ၄ ပဏာမအဆင့် သားရဲကြီးများဖြစ်ပြီး ရွှေအမြုတေ ပဏာမအဆင့် လူသားကျင့်ကြံသူတစ်ဦးနှင့် အဆင့်တူသည်။ နှစ်ကောင်လုံးသည် ပတ်ဝန်းကျင်ကို ဂရုပြုဟန်မတူဘဲ ဖြည်းဖြည်းချင်း ချီတက်လျှောက်လှမ်း လျက်ရှိသည်။ ခြေတစ်လှမ်းတစ်လှမ်းတွင် မြေပြင်ရှိ အဆင့်နိမ့် သားရဲဆယ်ကောင်နီးပါး အသက်ပါသွားကြသည်။
တံတိုင်းထက်မှနေ၍ အကဲခတ်နေသော ဟွားမန်ရုံနှင့် ပိုင်ရှန်းမင်တို့၏ မျက်နှာများမှာ မှုန်ကုပ်လျက်ရှိသည်။ သည်တစ်ခါ နတ်ဆိုးသားရဲထိုးစစ်သည် မြို့တော်ကို အပြီးတိုင်ဖျက်ဆီးသိမ်းပိုက် ရန် ဖြစ်ကြောင်းထင်ရှားနေသလို လူသားကျင့်ကြံသူများအဖို့ အဆိုပါထိုးစစ်ကြီးကိုခုခံရန် မဖြစ်နိုင်သလောက်နီးပါး ရှိနေကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။
“တာအိုမိတ်ဆွေရန်တောက် မိတ်ဆွေချန်းရွှမ်နဲ့ ရူယန်တို့ ဘယ်ရောက်နေကြလဲ”
ဟွားမန်ရုံ၏အမေးကို ကျန်းရန်တောက် မဖြေနိုင်ခင်မှာပင် ကျန်းချန်ရွှမ်၏အသံကို ကြားလိုက်ရသည်။
“ကျုပ်တို့ရောက်နေပါပြီ”
ဟွားမန်ရုံနှင့် ကျန်လူများမှာ ကျန်းချန်ရွှမ်တို့စုံတွဲကို မြင်လိုက်မှ သက်ပြင်းချမိလိုက်ကြသည်။ ယခုလို အရေးကြီးသည့် အချိန်မျိုး၌ ထိုစုံတွဲ ဂူပိတ်ကျင့်ကြံမှု မပြီးသေးမှာကို စိုးရိမ်နေမိခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်သည် မြို့တံတိုင်းသို့ ဦးတည်ချီတက်လာသော နတ်ဆိုးသားရဲတပ်ကြီးကို အကဲခတ်လိုက်သည်။ အထူးသဖြင့် ဓားသွားရွှေလင်းယုန်နှင့် သံနက်ဝက်ဝံသားရဲနှစ်ကောင်ကို ဖြစ်သည်။ ကျန်းချန်ရွှမ်၏ မျက်နှာထက်ဝယ် တွေးရခက်သည့် အရိပ်အယောင်တစ်မျိုး ထင်ဟပ်လာသည်။ သည်တစ်ခေါက် နတ်ဆိုးသားရဲအင်အားသည် အထူးတလည် တောင့်တင်းသည်မှန်သော်လည်း သူတင်ကြိုမြင်ခဲ့သည့် နိမိတ်ပုံရိပ်အတိုင်း အမှန်တကယ် ဖြစ်လာအောင်အထိ စိုးရိမ်ဖွယ်မရှိပါ။
သူနှင့်ရူယန် နှစ်ဦးတည်းနှင့် အဆိုပါ အဆင့် ၄ ပဏာမအဆင့် နတ်ဆိုးသားရဲနှစ်ကောင်ကို ကိုင်တွယ်နိုင်ပါသည်။ ကျန်သားရဲအင်အားသည်လည်း အထူးတောင့်တင်းသည် မှန်သော်လည်း တိုင်ယီအစီအရင်ကွက်၏ အကူအညီနှင့် ပေါင်းစပ်လိုက်လျှင် အချိန်အတန်ကြာအထိ ခုခံနိုင်ဖွယ်ရှိပါ သေးသည်။ ထိုအတောအတွင်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အဆင့် ၄ ပဏာအဆင့် နှစ်ကောင်ကို သုတ်သင်နိုင်ခဲ့လျှင် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်သွားနိုင်သည်။ ဤအချက် ကို ကြည့်ခြင်းဖြင့် ကျန်းချန်ရွှမ်မြင်ခဲ့သော ဖြစ်ရပ်ဆိုးကြီး၏ လက်သည်မှာ ယခုထိုးစစ်မဟုတ်ကြောင်း ကောက်ချက်ချမိသည်။
သူတို့အနာဂတ်တွင် ရင်ဆိုင်ရမည့် ဖြစ်ရပ်ဆိုးကြီးသည် ယခုအခြေအနေထက် အဆများစွာ ဆိုးဝါးသည့် ရန်သူများထံမှ မြစ်ဖျားခံလာမည်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် ခေတ္တမျှ စဉ်းစားနေပြီးနောက် ဟွားမန်ရုံဖက်ကိုလှည့်ပြီး
“ခင်ဗျားတို့လည်း အဆင့် ၄ ပဏာမနှစ်ကောင် ပါလာတာကို မြင်ပြီးလောက်ပြီ။ ဒီနှစ်ကောင်ကို ကျန်တဲ့ သားရဲအုပ်ကြီးနဲ့အတူ တံတိုင်းကို တိုက်ခိုက်ခွင့်ပေးလိုက်ရင် တိုင်ယီအစီအရင်ကွက်က ကြာရှည်ခံမှာမဟုတ်ဘူး ဒီတော့…..”
***