အဆင့် ၄ နတ်ဆိုးသားရဲနှင့် ရင်ဆိုင်ရခြင်း (၂)
Vol. 15 Ch. 286
“ဒီတော့ ကျုပ်တို့ထဲက တစ်ယောက်ယောက်က အဲဒီနှစ်ကောင်ကို ခွဲထုတ်ပြီး ထိန်းထားဖို့လိုတယ်၊ အဲဒီအချိန်မှာ ကျန်တဲ့သားရဲတွေကို နှိမ်နင်းနိုင်ရင် ကျုပ်တို့အတွက် အခြေအနေကောင်းလာမှာ ဖြစ်သလို ဒီကောင်တွေ အစီအရင်ခံတပ်ကို ဘယ်နည်းနဲ့မှ ဖောက်နိုင်မှာ မဟုတ်ဘူး”
ကျန်းချန်ရွှမ်၏အဆိုမှာ သင့်မြတ်ကြောင်း အားလုံးသဘောတူကြသည်။ သို့သော် ဤနေရာတွင် ပြဿနာတစ်ခုရှိနေသည်။ ထိုအဆင့် ၄ ပဏာမအဆင့် နှစ်ကောင်ကို မည်သူက တာဝန်ယူကိုင်တွယ်မည်နည်းဟူသောပြဿနာဖြစ်သည်။ အဆိုပါနှစ်ကောင်ကို ကိုင်တွယ်ရခြင်းသည် ရွှေအမြုတေ ပဏာမအဆင့် ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်ရသည်နှင့် အတူတူဖြစ်သည်။ ဤတာဝန်သည် ကြီးလေးသလို တစ်ချက်မှားသည်နှင့် အသက်ပါသွားနိုင်သည်။
“ဒီတာဝန်ကို ကျုပ်နဲ့ရူယန် တာဝန်ယူလိုက်မယ်”
ကျန်းချန်ရွှမ်၏ အာမခံစကားကြောင့် ကျန်လူများအားလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် ကျန်းချန်ရွှမ်ကပင် ဆက်လက်ရှင်းပြသည်။
“လက်ရှိအခြေအနေကို အားလုံးနားလည်ပြီးဖြစ်မှာပါ။ ကျုပ်တို့အနေနဲ့ အင်အားအစစ်အမှန်ကို ဖုံးကွယ်နေလို့မထူးတော့ဘူး။ ရှိသမျှ အားအင်အကုန်ထုတ်ပြီး တိုက်ပွဲဝင်မှ ဒီမြို့ကို ကာကွယ်နိုင် လိမ့်မယ်။ မဟုတ်ရင် ဒီမြို့ကျသွားလို့ ကျုပ်တို့တတွေ ထွက်ပြေးလွတ်မြောက်သွားရင်တောင် အနာဂတ်မှာ လူသားတစ်မျိုးနွယ်လုံးအတွက် ကံကြမ္မာဆိုးတစ်ခု ထပ်တိုးလာမှာ သေချာတယ်”
ကျန်းချန်ရွှမ်၏စကားကို သူတို့ခုနှစ်ဦးလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။ သူတို့အားလုံး၏မသိစိတ်ထဲတွင် ကျန်းချန်ရွှမ်သည် အလိုလို ခေါင်းဆောင်တစ်ဦးဖြစ်လျက်ရှိပြီး သူစီမံသည့်အတိုင်း နာခံရန် ဆုံးဖြတ်လိုက်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆင့် ၄ သားရဲနှစ် ကောင်နှင့် ရင်ဆိုင်ရန် ပျံသန်းသွားသလို ကျန်ခုနစ်ဦးလည်း လူစုခွဲလျက် အရှေ့နှင့်မြောက် တံတိုင်းများထံ ထွက်ခွာသွားကြသည်။ ထိုအချိန်တွင် ဓားသွားရွှေလင်းယုန်နှင့် သံနက်ဝက်ဝံတို့မှာ တံတိုင်းနှင့် ငါးမိုင်အကွာကို ရောက်ရှိလာကြပြီဖြစ်သည်။ ကျန်းချန်ရွှမ်က သံနက်ဝက်ဝံသားရဲကို ရင်ဆိုင်မည်ဖြစ်ပြီး ရှန်းရူယန်က လင်းယုန်သားရဲကို ကိုင်တွယ်မည်ဖြစ်သည်။
ထိုသားရဲကြီးနှစ်ကောင်သည် သူတို့ထံသို့ လူသားနှစ်ဦး ပျံသန်းလာသည်ကို မြင်သောအခါ အံ့ အားသင့်သွားသလို တစ်ချိန်တည်းတွင် ဒေါသအမျက် ပြင်းစွာထွက်လာတော့သည်။ သားရဲကြီးနှစ်ကောင်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်များနှင့် မီးဝင်းဝင်း တောက်လျက်ရှိသည်။ နှစ်ကောင်လုံး ပြိုင်တူဟိန်းဟောက်လိုက်ကြပြီး ကျန်းချန်ရွှမ်တို့နှစ်ဦးထံ ပြေးဝင်လိုက်ကြသည်။ လေထဲတွင် နှစ်ဖွဲ့ထိပ်တိုက်တွေ့မိပြီး ပြင်းထန်သည့် တန်ပြန်လှိုင်းတစ်ခု လွင့်ထွက်သွားသည်။ ကျန်းချန်ရွှမ်သည် အဆင့် ၃ အမြင့်ဆုံးအဆင့် မူလဓမ္မရတနာဖြစ်သည့် ရွှေ ဗလာနယ်ဓားကို ထုတ်ယူပြီး ဆက်တိုက်တိုက်ခိုက်လိုက်သည်။ စက္ကန့်ပို်ငးအတွင်း၌ သံနက်ဝက်ဝံကြီးကို အကွက်ပေါင်း ရာဂဏန်းတိုက်ခိုက်နှင့်ပြီးဖြစ်သည်။
သံနက်ဝက်ဝံကြီးသည် နာမည်နှင့်လိုက်အောင်ပင် ခံစစ်နှင့် မာကျောမှုကို အသားပေးသည့် အ ဆင့် ၄ ပဏာမအဆင့် သားရဲတစ်ကောင်ဖြစ်သည်။ ရွှေဗလာနယ်ဓားကဲ့သို့ စူးရှထက်မြက်ပြီး ဖောက်ထွင်းအားကောင်းသည့် ဓမ္မရတနာသည်ပင် ဝက်ဝံသားရဲကြီးကို ပြောပလောက်သည့် ဒဏ်ရာမျိုး မပေးနိုင်သေးချေ။ ကျန်းချန်ရွှမ်ကိုယ်တိုင်ကလည်း အင်အားပြည့် ထုတ်မသုံးသေးသည့် အချက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ တိုက်ပွဲမှာ အားပါးပြင်းထန်သည်ဟု ယူဆဖွယ်ရှိ သော်လည်း ကျန်းချန်ရွှမ်ရော၊ ဝက်ဝံကြီးပါ အင်အားပြည့် အသုံးပြုခြင်းမရှိသေးဘဲ သွေးတိုးစမ်းနေသည့် အဆင့်သာရှိပါသေးသည်။ ထိုခဏတွင် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
ထိုအရာမှာ ဝက်ဝံကြီးသည် အဆင့် ၄ ပဏာအဆင့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်မှန်း အမြင်အားဖြင့်ပင် သိနိုင်သော်လည်း ၎င်းထံမှ ထွက်ပေါ်လာသည့် ဝိညာဉ်ဖိအားသည် ထင်ထားသည်ထက် လျော့နည်းနေခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်၏ ကျင့်ကြံမှုနှင့် ဓမ္မစွမ်းအင် သက်သက်ဖြင့်ပင် ထိုဝက်ဝံသားရဲကို ကောင်းစွာထိန်းချုပ်နိုင်မည်ဟု ယုံကြည်မိသည်။ သို့သော် ထိုသားရဲကြီးကို အပြီးတိုင်သတ်ဖြတ်လိုလျှင်တော့ ဝှက်ဖဲ သို့မဟုတ် အထူးလက်နက်တစ်ခုခုကို ထုတ်သုံးရနိုင်ချေရှိသည်။ ထိုအတွေးကြောင့် ကျန်းချန်ရွှမ်၏မျက်လုံးအစုံသည် ကျဉ်းမြောင်းသွားပြီး ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်အားလုံးကို ရွှေဗလာနယ်ဓား ထိပ်ဖျားသို့ ပို့လွှတ်လိုက်သည်။
မူလက ကျန်းချန်ရွှမ်၏ ရှေ့တည့်တည့်တွင် ရှိနေသည့် ရွှေဗလာနယ်ဓားသည် ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားသည်။ တစ်အောင့်မျှအကြာ ရွှေဗလာနယ်ဓားသည် ကျန်းချန်ရွှမ်၏ ဓမ္မစွမ်းအင်အလုံးစုံကို သယ်ဆောင်ပြီး ဝက်ဝံသားရဲကြီး အနီးတွင် ရုတ်ခြည်းပေါ်လာပါတော့ သည်။ သံနက်ဝက်ဝံကြီးသည် အန္တရာယ်ကို ရိပ်စားမိဟန်နှင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းတွင် ၎င်း၏ ခန္ဓာကိုယ်ကြီးသည် မီတာ ၁၇၀ ကျော်အထိ ကြီးထွား သွားပြီး ကြွက်သားထုထည်များလည်း ဖုထစ်ဖောင်းကားလာတော့သည်။ အလွန်ပြင်းထန်သည့် စွမ်းအင်တစ်ရပ်သည် ဝက်ဝံကြီးကို ဗဟိုပြုလျက် အရပ်ဆယ်မျက်နှာသို့ လွင့်ထွက်သွားသည်။
ထိုစဉ် သံနက်ဝက်ဝံကြီး၏ ဝမ်းဗိုက်တစ်နေရာကို ကိုယ်ပျောက်ဓားချီတစ်ခုက မြန်ဆန်စွာ ထိုးဖောက်မွှေနှောက်လိုက်သည့်အတွက် မီးပွင့်များ ပြိုးပြက်သွားပြီး ဝမ်းဗိုက်တစ်လျှောက်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာကြသည်။ ထိုဒဏ်ရာများမှ သွေးများစီးကျလာတော့သည်။ ဝက်ဝံကြီးသည် သူ၏ ဝမ်းဗိုက်ကို အံ့အားသင့်စွာ ငုံ့ကြည့်မိလိုက်သည်။ ထိုခဏတွင် ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားချီသည် ပြင်းထန်အားပါသည့် စွမ်းအင်တစ်ရပ်ကို လွှင့်ထုတ်လိုက်ပြီး ဓားအလင်းတန်းကြီးအဖြစ် အသွင်ပြောင်းကာ ဝက်ဝံကြီး၏ ဝမ်းဗိုက်ကို ထိုးစိုက်လိုက်ရာ ဧရာမအပေါက်ကြီး ဖြစ်လာပြီး သွေးများယိုစီးလျက်ရှိသည်။
ဝေါင်း
သံနက်ဝက်ဝံကြီးသည် ဒေါသကြီးစွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ မျက်လုံးများနှင့် ခန္ဓာကိုယ်တစ်ခုလုံး အနီရောင်သမ်းလာသည်။ ရှေးကျပြီး အရိုင်းဆန်သည့် အော်ရာလှိုင်းတစ်ခု ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာပြီး အနီးအနားရှိ အဆင့်နိမ့်သားရဲများစွာသည့် တုန်လှုပ်ခြောက်ချားသည့် လက္ခဏာနှင့် မြေတွင်ပြားပြားဝပ် တုန်ရီလျက်ရှိတော့သည်။
“ဘာလဲဟ အရိုင်းနယ်ပယ်ထဲ ဝင်သွားတာလား”
ထိုမြင်ကွင်းကြောင့် ကျန်းချန်ရွှမ်တုန်လှုပ်သွားသည်။ သူ့ရှေ့မှောက်ရှိ သံနက်ဝက်ဝံကြီး၏ အော်ရာနှင့် ခြိမ်းခြောက်နိုင်စွမ်းသည် မူလထက် အဆပေါင်းများစွာ မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။
“ဒီတိုက်ပွဲကို အမြန်ဆုံးဖြတ်မှဖြစ်မယ်”
ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်ဖြစ်သည့် အကန့်အသတ်မဲ့ဘီးကို ထုတ်ဖော်လည်ပတ်လိုက်သည်။ တစ်ခဏချင်းတွင် သူ၏ ခွန်အား၊ အမြန်နှုန်းနှင့် နတ်ဘုရားအာရုံတို့သည် အဆပေါင်းများစွာ ထိုးတက်သွားတော့သည်။ ထိုအချိန်တွင် သံနက်ဝက်ဝံကြီးသည် တင်းပုတ်ကြီးကို ကိုင်ဆောင်လျက် ကျန်းချန်ရွှမ်ထံသို့ ကမူရှူးထိုးပြေးဝင်လာသော်လည်း ကျန်းချန်ရွှမ်သည် ရှောင်တိမ်းခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
အုံး….
ကောင်းကင်ထက်တွင် အင်အားနှစ်ရပ် ထိပ်တိုက်တွေ့ပြီး ပြင်းထန်လွန်းသည့် အဟုန်ကြောင့် ကြားထဲရှိလေထုသည် တိုင်တစ်လုံးပမာ အပေါ်တည့်တည့်သို့ ထိုးတက်သွားသည်။ တစ်ချိန်တည်းတွင် အောက်တည့်တည့်ရှိ မြေထုသည်လည်း ကွဲအက်သွားပြီး ထိုမြေပြင်ပေါ်ရှိ အဆင့်နိမ့် နတ်ဆိုးသားရဲများသည် သွေးမြူအဖြစ်ပြောင်းလဲကာ အတုန်းအရုံး သေဆုံးကုန်ကြသည်။ ကျန်းချန်ရွှမ်သည် နတ်ဆိုးနှိမ်လက်သီးနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ မျက်လုံးအစုံသည် ဝင်းဝင်းတောက်လျက်ရှိပြီး ဧရာမလက်သီးကြီး၏ အရိပ်များသည် သံနက်ဝက်ဝံကြီး အားကုန်လွှဲရိုက်လိုက်သည့် တင်းပုတ်ကြီးထံ ပြေးဝင်သွားသည်။
ဒုန်း ဒုန်း ဒုန်း…
ပြင်းထန်သော ပေါက်ကွဲမှုများ ဆင့်ကဲဖြစ်ပေါ်လာသည်။ အဝေးတစ်နေရာရှိ လူသားကျင့်ကြံသူများသည် ကျန်းချန်ရွှမ်နှင့် သံနက်ဝက်ဝံကြီးတို့ ကြမ်းကြုတ်ပြင်းထန်ပြီး အရိုင်းဆန်လှသည့် တိုက်ခိုက်မှုနည်းလမ်းများဖြင့် တစ်ဦးကိုတစ်ဦး ချေမွရန် ကြိုးစားနေသည်ကို ကြည့်ပြီး မှင်သက် ကုန်ကြသည်။ ဝက်ဝံနက်ကြီးသည် အဆင့် ၄ ပဏာမအဆင့် သားရဲတစ်ကောင်ဖြစ်ရာ ထိုသားရဲကို တန်းတူရင်ဆိုင်နေသည့် ကျန်းချန်ရွှမ်သည်လည်း ရွှေအမြုတေပဏာမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရမည်ဟုပင် တွေးထင်မိကြတော့သည်။ တစ်ချိန်တည်းတွင် ရှန်းရူယန်သည်လည်း မိုးကြိုး ဆင်းကောင်းကင်ဘုံ တံဆိပ်တော်ကို အသုံးပြု၍ ကောင်းကင်ဘုရင်ဟု ဆိုနိုင်မည့် ဓားသွားရွှေလင်းယုန်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
တံဆိပ်တော်မှ ပစ်လွှတ်လိုက်သည့် အရည်အသွေး အမျိုးမျိုးပိုင်ဆိုင်သည့် လျှပ်စီးကြောင်း အဖုံဖုံသည် ရွှေလင်းယုန်သားရဲကြီးကို တစ်ချက်ပြီးတစ်ချက် ထိမှန်လျက်ရှိသည်။ လင်းယုန်သားရဲကြီးသည် အလွန်မြန်ဆန်သော ပျံသန်းအားကို ပိုင်ဆိုင်ထားသော်လည်း ရှန်းရူယန်၏ လျှပ်စီးအလျင် ကို ရှောင်တိမ်းနိုင်စွမ်းမရှိပါ။ ထိုထက်အံ့အားသင့်ဖွယ် ကောင်းသည်မှာ ရှန်းရူယန်၏ ဓမ္မစွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အပြောကျယ်သည့် ပင်လယ်သမုဒ္ဒရာထဲမှ ရေကို ခပ်ယူသလိုပင် မကုန်မခန်းနိုင်ဖြစ်နေခြင်းဖြစ်သည်။
ဘုန်း..
ထိုစဉ် ကျန်းချန်ရွှမ်နှင့် သဲသဲမဲမဲ တိုက်ခိုက်နေသည့် သံနက်ဝက်ဝံကြီးသည် မမျှော်လင့်ဘဲ လက်သီးစာမိပြီး မြေပေါ်သို့ ထိုးဆင်းသွားသည်။ မြေပြင်ထက်ရှိ အဆင့်နိမ့်သားရဲပေါင်းများစွာသည် ဝက်ဝံကြီး၏ခန္ဓာကိုယ်ဖြင့် ဖိမိခြင်းကြောင့် အရိုးနှင့်အသား တခြားစီ ဖြစ်ကုန်ကြသည်။ မြေပြင်ထက်တွင် မီတာရာဂဏန်း အချင်းရှိသည့် တွင်းကြီးတစ်ခုပင် ဖြစ်ပေါ်လာပြီး အစိမ်းရောင်မီးခိုးများ တလူလူထွက်နေသည်။ ထိုအခွင့်အရေးကို ကျန်းချန်ရွှမ်က အမိအရအသုံးချပြီး ရှိသမျှ ဓမ္မ စွမ်းအင်ကို စုစည်းလျက် ရွှေဗလာနယ်ဓားကို မီတာသုံးရာကျော်အထိ ရှည်ထွက်စေလိုက်သည်။ ထို့နောက် ရှိသမျှ အားအင်အကုန်သုံးလျက် တွင်းထဲတွင် လဲကျနေသော ဝက်ဝံကြီးအပေါ် စိုက်ချလိုက်တော့သည်။
***