← Chapters

အဆင့် ၄ လှိုင်း

Vol. 15 Ch. 287

အဆင့် ၄ လှိုင်း

Vol. 15 Ch. 287

တွင်းထဲရှိ သံနက်ဝက်ဝံကြီးသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၍ ကျယ်လောင်စွာ မာန်ဖီလိုက်ပြီး တောင်ပူစာအရွယ်ရှိသည့် လက်ဝါးနှစ်ဖက်ကို ရှေ့သို့ပူး၍ လက်ခုပ်တီးသလို ရိုက်ချလိုက်သည်။ လျှပ်စစ်လွန်ပူ လည်ပတ်နေသလို စူးရှသည့်အသံတစ်ခု ပဲ့တင်ထပ်သွားပြီး ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားနှင့် သံနက်ဝက်ဝံ၏ လက်ဝါးနှစ်ဖက် ထိပ်တိုက်တိုးမိကြသည်။ လေထုထဲတွင် မီးခိုးများ တလူလူထွက်လာတော့သည်။ ကျန်းချန်ရွှမ်၏မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး

“မင်းက အတော်ခံနိုင်ရှည်တယ်ပေါ့။ ဒီတစ်ခုရော ခံနိုင်သေးလား”

ကျန်းချန်ရွှမ်သည် လေထဲကို လက်လှမ်းပြီး တစ်စုံတစ်ခုကို ဆွဲယူလိုက်သည်။ ဆန်းကြယ်သည့် အော်ရာတစ်မျိုး ထုတ်လွှင့်နေသည့် ပေသုံးရာကျော် ရှည်လျားသော အစိမ်းရောင်ဓားပျံတစ်စင်း ဗလာနယ်ထဲမှ ထွက်ပေါ်လာတော့သည်။ ကျန်းချန်ရွှမ်သည် အချိန်မဆွဲဘဲ တွင်းထဲရှိ ဝက်ဝံကြီးကိုချိန်ရွယ်လျက် အားကုန်ပစ်လွှတ်လိုက်သည်။ ထိုဓားပျံသည် သူ၏ နတ်ဘုရားစွမ်းအားဖြစ်သည့် အဇူရာဧကရာဇ် ကောင်းကင်ဘုံရန်နှိမ်ဓားပင်ဖြစ်သည်။ အရောင်တလက်လက် တောက်ပနေသည့် ထိုဓားစိမ်းကြီးသည် လေထုကို ဖြိုခွင်းသွားသည်။

အဝေးတစ်နေရာရှိ ဟွားမန်ရုံနှင့် ကျန်လူများသည် မြေပြင်ထက်သို့ သက်ဆင်းနေသော ဓားစိမ်းကြီးကို မှုန်ဖျဖျ ဓားပျံပုံရိပ်တစ်ခုက မနီးမဝေးမှ ဖြတ်သန်းသွားသည်ကို မြင်လိုက်ကြရသည်။ ထို ဓားပျံသည် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာ ရွှေဗလာနယ်ဓားဖြစ်သည်။ ဓားနှစ်စင်း ပူးပေါင်းပစ် လွှတ်လိုက်သည့် ပြင်းအားသည် မူလထက် ၃၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်သည်ဖြစ်ရာ အလွန်မာ ကျောသည့် သံနက်ဝက်ဝံကြီးပင် မခုခံနိုင်တော့ဘဲ လက်ဝါးနှစ်ဖက်လုံး ကွဲကြေသွားတော့သည်။ ဓားနှစ်စင်းသည် ဝက်ဝံကြီး၏ သံမဏိကျောပြင်ကြီးကို ရှေ့ဆင့်နောက်ဆင့် ဖောက်ထွင်းသွားပြန်သည်။

ပြင်းထန်သည့်ဖိအားကြောင့် တွင်းကြီးသည်ပင် ထပ်မံနိမ့်ဆင်းသွားပြီး ဝက်ဝံကြီး၏ ကိုယ်လုံးကြီးလည်း ထပ်မံနစ်မြုပ်သွားသည်။ သို့သော် သံနက်ဝက်ဝံကြီးသည် အလျှော့ပေးလိုဟန် မတူဘဲ ကိုယ်လုံးကြီးကို ဖြည်းဖြည်းချင်း မတင်လျက် တွင်းထဲမှ ပြန်တက်ရန် ကြိုးစားနေသည်။ ကျန်းချန်ရွှမ်ကလည်း ဝက်ဝံကြီးကို အခွင့်အရေးမပေးလိုသောကြောင့် အဆုံးသတ်ရန် ကြိုးစားလိုက်သည်။ သူသည် ကိုယ်ခန္ဓာကို အနည်းငယ်ကိုင်းလျက် ညာလက်သီးကို ကျစ်ကျစ်ပါအောင် စုစည်း လိုက်သည်။ ခဏချင်းတွင် ရွှေရောင်လက်သီးအရိပ်တစ်ခု ဖွဲ့တည်လာပြီး ပေရာပေါင်းများစွာ အရွယ်အထိ ကြီးမားသွားသည်။

ထို့နောက် ဆန်းကြယ်သည့် ဖိအားတစ်ရပ်နှင့်အတူ လက်သီးအရိပ်ကြီးသည် သံနက်ဝက်ဝံကြီးထံ ထိုးစိုက်သွားသည်။ သည်တစ်ကြိမ်တွင်တော့ သံနက်ဝက်ဝံကြီးလည်း တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ လက်သီးအရိပ်ကြီးက ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကွဲထွက်သွားတော့သည်။ အဝါရောင်တောက်တောက် နတ်ဆိုးအမြုတေတစ်ခုသာ လေတွင်မျောလျက် ကျန်ရစ်ခဲ့သည်။ ကျန်းချန်ရွှမ်က လက်ကိုမြှောက်ပြီး အမြုတေကို ဖမ်းဆွဲလိုက်သည်။ ကံမကောင်းစွာနှင့် ထိုအမြုတေသည် စစ်မှန်သော အဆင့် ၄ နတ်ဆိုးအမြုတေဖြစ်ရန် အနည်းငယ် လိုနေသေးသည်။

ထို့ကြောင့် ထိုအမြုတေကို အသုံးချပြီး အဖိုးတန်ရွှေအမြုတေအဖြစ် သိပ်သည်း၍ မရသလို အမြု တေသိပ်သည်းခြင်းဆေးပြားများ ဖော်စပ်ရာတွင်လည်း မသုံးနိုင်ပါ။ သို့သော် ခရမ်းရောင်ကောင်းကင်ဘုံဆေးပြား တစ်ဖိုစာ ဖော်စပ်ရာတွင်တော့ အသုံးပြုနိုင်ပါလိမ့်မည်။ ထိုဆေးပြားများသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများကို ကျီဖုနယ်ပယ်သို့ တက်လှမ်းရာတွင် အထောက်အကူပြုသည့် ဆေးဝါးတစ်မျိုးဖြစ်သည်။ ကျီဖုအဆင့်သို့ တက်လှမ်းနိုင်ချေအား ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည့်အပြင် ကိုယ်တွင်းရှိ သွေးကြောများ မပျက်စီးရန်လည်း ကာကွယ်ပေးနိုင်သည်။ တက်လှမ်းရာတွင် မအောင်မြင်ခဲ့လျှင်တောင် ကျင့်ကြံသူအား အသက်ဆုံးမည့်ဘေးမှ တားဆီးပေးပါလိမ့်မည်။

ပုံမှန်အားဖြင့် ထိုဆေးပြားများသည် ဓာတ်ငါးပါးသလင်းကျောက်များနှင့် ကျီဖုကျောက်စိမ်းပြားတို့ထက် ပိုမိုတန်ဖိုးကြီးသည် ဟုဆိုနိုင်ပါမည်။ ကျန်းချန်ရွှမ်သည် အမြုတေကို သိမ်းဆည်းလိုက် ပြီးနောက် ရှန်းရူယန်၏ အခြေအနေကို အကဲခတ်လိုက်သည်။ ရှန်းရူယန်သည်လည်း ရွှေလင်းယုန်သားရဲအား အနိုင်ရတော့မည့်ဆဲဆဲ အခြေအနေကို ရောက်နေသည်။ မိုးကြိုးပစ်ချက်များကြောင့် ရွှေလင်းယုန်၏ အမွေးအတောင်များသည် မည်းနက်လျက်ရှိပြီး မီးစာကုန်ခါနီး အနေအထားမျိုးဖြစ်နေသည်။ သို့သော် ထိုခဏတွင် လင်းယုန်သားရဲသည် စူးရှသည့် မြည်တွန်သံတစ်ခုကို ပြုလိုက်ပြီး ပျံသန်းနေသည့် အရှိန်မှာ ရုတ်တရက် မြင့်တက်သွားသည်။

လင်းယုန်သားရဲသည် ကိုယ်တွင်းရှိ သွေးများကို တစ်လှိုင်းပြီးတစ်လှိုင်း လောင်ကျွမ်းရင်း ရှန်းရူယန်၏ လျှပ်စီးပစ်ချက်များမှ လွတ်ကင်းမည့် အကွာအဝေးသို့ အရှိန်မြှင့် ပျံသန်းနေသည်။ ထိုအခိုက်တွင် ရှန်းရူယန်၏ ရောင်စဉ်ငါးသွယ်အလင်းနှင့် မိုးကြိုးတစ်ခု ရောနှောပေါင်းစပ်သွားပြီး လင်းယုန်ကြီးထံသို့ ပြေးဝင်သွားတော့သည်။ လင်းယုန်သားရဲ၏ ကိုယ်ပေါ်ရှိ အမွေးများမှာ ရုတ်တရက်ထောင်သွားပြီး အကြီးအကျယ် တုန်လှုပ်သွားကာ သွေးလောင်ကျွမ်းနှုန်းကို ၇၀ ရာခိုင် နှုန်းအထိ မြှင့်တင်လိုက်သည်။ ရွှေရောင်ကိုယ်လုံးကြီးသည် ကြက်‌သွေးရောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ဟုန်ထိုး ပျံထွက်သွားသည်။ သို့သော် ရောင်စဉ်ငါးသွယ်အလင်းတန်းသည် လင်းယုန်သားရဲထက် ပိုမိုမြန်ဆန်နေသည်။

အသည်းအသန် ထွက်ပြေးနေသော လင်းယုန်ကြီးသည် ရုတ်တရက် ရပ်သွားသည်။ လျှပ်စီး ကြောင်းများစွာ ထိမှန်ပြီးနောက် ခန္ဓာကိုယ်ပတ်လည်ရှိ သွေးချီသည် မှိန်ဖျော့ပျောက်ကွယ်သွားတော့သည်။ အမြီးတစ်နေရာတွင် အက်ရာတစ်ခုပေါ်လာပြီး ထိုအက်ရာသည် လင်းယုန်၏ ဦးခေါင်းအထိ ဆက်သွားပြီးနောက် စုတ်ပြဲသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် လင်းယုန်ကြီး၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားပြီး မြေပေါ်သို့ ထိုးဆင်းသွားတော့သည်။ ရှန်းရူယန်က ကျန်ရစ်ခဲ့သော အမြုတေကို အသာအယာ ဖမ်းယူလိုက်သည်။ ထိုမြင်ကွင်းကြောင့် လူသားကျင့်ကြံသူများအပြင် နတ်ဆိုးသားရဲများပါ တုန်လှုပ်ခြောက်ချားကုန်ကြသည်။ အဆင့် ၄ ပဏာမအဆင့် နတ်ဆိုးသားရဲနှစ်ကောင်သည် ကျီဖုအဆင့် လူသားကျင့်ကြံသူနှစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြပြီဖြစ်သည်။

***

All Chapters