အဆင့် ၄ လှိုင်းများ (၂)
Vol. 15 Ch. 288
ဟွားမန်ရုံ၊ လီဖေး၊ ကျန်းရန်တောက်နှင့် ကျန်လူများသည် အစပထမတွင် အံ့အားသင့်နေမိကြ သော်လည်း နောက်ဆုံးတွင် ထခုန်မိမတတ် ပျော်ရွှင်သွားတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အဆင့် ၄ ပဏာအဆင့် နတ်ဆိုးသားရဲနှစ်ကောင်ကို သုတ်သင်နိုင်သည်ဆိုပါက နှစ်ဦးစလုံး၏ စွမ်းအားအစစ်အမှန်သည် ရွှေအမြုတေပဏာမအဆင့်တစ်ဦးကို ကောင်းစွာ ယှဉ်ပြိုင်နေနိုင်ပြီဖြစ်သလို ရှေးဟောင်းမူလမြို့တော်ကို နတ်ဆိုးသားရဲများ လက်ချက်မှ ကာကွယ်ရန် မျှော် လင့်ချက်သည်လည်း ပိုမိုရှင်သန်လာနိုင်ပြီဖြစ်သည်။ သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ပျော်ရွှင်ခြင်း၊ အောင်ပွဲခံခြင်းတို့မပြုဘဲ မျက်မှောင်ကြုတ်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသားရဲများသည် ဆုတ်ခွာခြင်းမရှိ ဆက်လက်ချီတက်နေသော ကြောင့်ဖြစ်သည်။ ထိုအခြင်းအရာသည် ပုံမှန်မဟုတ်ပါ။ အများအားဖြင့် ခေါင်းဆောင်သားရဲများ သေဆုံးသွားပါက ကျန်အဆင့်နိမ့် သားရဲများသည်လည်း တပ်ပျက်ကာ အမြန်ဆုံးဆုတ်ခွာသွား လေ့ရှိကြသည်။ ကျန်းချန်ရွှမ် ကြိုတင်မြင်ထားခဲ့သော နိမိတ်ပုံရိပ်များအကြောင်းကို သိရှိပြီးဖြစ်သူ ရှန်းရူယန်က မျက်မှောင်ကြုတ်လိုက်ပြီး နှစ်ဦးသား အကြည့်ဆုံသွားကြသည်။ ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦးလည်း အချိန်မဖြုန်းတော့ဘဲ မြို့တွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။ ဟွားမန်ရုံတို့ကိုလည်း နတ်ဆိုးသားရဲများအား လိုက်လံချေမှုန်းခြင်း မပြုရန် မှာကြားခဲ့သေးသည်။
ဟွားမန်ရုံနှင့်တကွ ကျန်လူများသည် ကျန်းချန်ရွှမ်တို့နှစ်ဦး၏ အပြုအမူကို နားမလည်ဖြစ်နေ သည်။ သူတို့ဘက်မှ အရေးသာနေသည့် အခိုက်တွင် သားရဲများကို ရတတ်သရွေ့ သုတ်သင်ထားရမည် မဟုတ်ပါလား။ သို့သော်လည်း ကျန်းချန်ရွှမ် တားမြစ်သည်မှာ အကြောင်းတစ်ခုခုရှိမည်ဟု ယူဆသည့်အတွက် ဟွားမန်ရုံတို့လည်း အစီအစဉ်ကို ဖျက်သိမ်း၍ ပြန်လည်ဆုတ်ခွာလာကြတော့သည်။ သူတို့အားလုံး တိုင်ယီအစီအရင်ကွက်၏ ကာကွယ်မှုအောက်ရှိ တံတိုင်းအတွင်းသို့ ပြန်ရောက်ပြီးမကြာမီ အဝေးတစ်နေရာရှိ ရှေးဟောင်းမူလတောင်တန်းတဝိုက်ထံမှ ကြောက်မက်ဖွယ်အော်ရာလှိုင်း အနိမ့်အမြင့်များ လွင့်ထွက်လာသည်ကို ခံစားမိလိုက်ကြသည်။
အော်ရာလှိုင်းသည် ကြီးမားကျယ်ပြောသလို သိပ်သည်းပြင်းထန်လွန်း၍ ကျန်းချန်ရွှမ်နှင့်တကွ ကျန်လူအားလုံး၏ နတ်ဘုရားစိတ်အာရုံများကို ကြီးလေးသော ဖိအားတစ်ရပ်နှင့် ညှပ်သိပ်လိုက်သလို ခံစားမိကြသည်။ ထိုအခါ ဟွားမန်ရုံနှင့် ကျန်လူများမှာ မျက်နှာအကြီးအကျယ် ပျက်ကုန်ကြသည်။ ထိုလှိုင်းများကို လွှင့်ထုတ်နေသူ၏ စွမ်းအားအဆင့်အတန်းကို သူတို့အားလုံး နားလည်လိုက်ကြသည်။
“အဆင့် ၄ သားရဲ။ အဆင့် ၄ အစစ်အမှန် သားရဲပဲ”
ပိုင်ကျိရွမ်တစ်ယောက် ထိတ်လန့်တကြား ရေရွတ်မိလိုက်သည်။ ကျန်လူများသည်လည်း သူမ နည်းတူ တုန်လှုပ်ကုန်ကြသည်။ ပိုင်မိသားစု၏ ဘိုးဘေးဖြစ်သူ ပိုင်မင်ရှန်းသည်ပင် အကြောက်တရားကို မဖုံးကွယ်နိုင်တော့ဘဲ ခေါင်းကိုခါယမ်းလိုက်မိသည်။ အဆင့် ၄ နတ်ဆိုးသားရဲသည် သူ တို့အားလုံး ရင်ဆိုင်၊ ခုခံနိုင်သည့် အရာမျိုးမဟုတ်ပါ။ အဆိုပါရန်သူမျိုးနှင့် ရင်ဆိုင်ချိန်တွင် တိုင်ယီအစီအရင်သည်ပင် သူတို့ကို ကာကွယ်ပေးနို်ငရန် မသေချာပါ။ ရွေးချယ်စရာ တစ်ခုတည်းသော နည်းလမ်းမျာ ပြင်ပမှ စစ်ကူတောင်းရန်သာရှိသည်။ ဟွားမန်ရုံသည် အဝေးပို့ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ချက်ချင်းထုတ်လိုက်တော့သည်။
တိုက်ပွဲအခြေအနေ ပြောင်းလဲပုံကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ကျောက်စိမ်းရေဓားစင်မြင့်သို့ ပို့လွှတ်လိုက်သည်။ ထိုအခါ ကျန်းချန်ရွှမ်သည် သင်္ကာမကင်းဟန်နှင့် မျက်လုံးအစုံမှာ မသိမသာ ကျဉ်းမြောင်းသွားသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် သူတင်ကြိုမြင်ခဲ့သည့် နိမိတ်ပုံရိပ်များဆီသို့ တဖြည်းဖြည်း ဦးတည်လျက်ရှိသည်။ သည်အတိုင်းဆက်သွားပါက သူမြင်ခဲ့သည့် ဖြစ်ရပ်ဆိုးများသည် အမှန်တကယ် ဖြစ်လာနိုင်ချေ မြင့်နေသည်။ ထို့ကြောင့် သူအနေနှင့် တစ်ခုခု စီမံဖို့လိုနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်သည် မပြောမဆိုနှင့် အစီအရင်ကွက်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ စနစ်ထံမှ ဆုလာဘ်အဖြစ် ရရှိခဲ့သည့် ကြယ်သံကြိုးအစီအရင်ပြားဖြစ်သည်။ အကြံအိုက်နေသော ကျန်လူများလည်း ကျန်းချန်ရွှမ် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သောအခါ စိတ်ဝင်စားစွာ လှမ်းကြည့်လိုက်ကြသည်။
“တာအိုမိတ်ဆွေကျန်း ဒါကြီးက…..”
ဟွားမန်ရုံက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ ကျန်းချန်ရွှမ်က ခေါင်းညိတ်လျက်
“ဒီပစ္စည်းကို ကံကောင်းထောက်မစွာ ရခဲ့တာပါ။ ကြယ်သံကြိုးအစီအရင်ပြားလို့ခေါ်တဲ့ အဆင့် ၄ အစီအရင်ပစ္စည်းပဲ။ ဒီအစီအရင်ပြားကို အသက်သွင်းလိုက်ရင် ဒီမြို့ကို ယာယီအားဖြင့် ကာကွယ် ပေးနိုင်လိမ့်မယ်”
“တကယ်လား”
ကျန်းချန်ရွှမ်၏စကားကြောင့် အားလုံး မှင်သက်ကုန်ကြသည်။ ထို့နောက်တွင်မှ အံ့အားသင့်ခြင်းနေရာတွင် ပျော်ရွှင်မှုက အစားထိုးသွားကြသည်။ ပိုင်မင်ရှန်းက ဝမ်းသာအားရလေသံဖြင့်
“ဒါဖြင့် အဆင့် ၄ သားရဲကောင်ကြီးကို ကျုပ်တို့ခုခံနိုင်တော့မှာပေါ့”
ထိုအချိန်တွင် ဟွားမန်ရုံသည် အများနှင့်မတူဘဲ တည်ငြိမ်လျက်ရှိပြီး ကျန်းချန်ရွှမ်ကို စိုက်ကြည့်ကာ
“တာအိုမိတ်ဆွေကျန်း၊ ဒီရတနာကို ကျွန်မတို့ အဖိုးအခပေးပြီး ဝယ်ဖို့လိုသလား။ ဒါမှမဟုတ်ရင် တစ်ခုခုအစားပြန်ပေးရမလား”
ဟွားမန်ရုံ၏တုံ့ပြန်မှုကြောင့် ကျန်းချန်ရွှမ်အနေနှင့် ထိုအမျိုးသမီးကို ရှေးကထက် ပို၍ ကြည်ညိုသွားတော့သည်။ ယခုလို အသည်းအသန် အခြေအနေမျိုးတွင်ပင် ဟွားမန်ရုံသည် သူတို့တစ်ဦး ချင်းစီကို လေးစားမှုအပြည့်ဖြင့် တန်ရာတန်ကြေး ပေးဝယ်ရန် ကမ်းလှမ်းလိုက်သေးသည်လေ။ အဆင့် ၄ ရတနာဆိုသည်မှာ သူတို့အားလုံးအတွက် အလွန်ရှားပါးသည့် ပစ္စည်းအမျိုးအစားဖြစ်၍ သူတို့အားလုံး၏ အသက်အတွက် ကျန်းချန်ရွှမ်တစ်ဦးတည်းက အနစ်နာခံရမည်ကို မလိုလားခြင်းဖြစ်ပုံရသည်။ သို့မဟုတ် ကျန်းချန်ရွှမ်အပေါ် အမြတ်မထုတ်လိုခြင်းလည်း ဖြစ်နိုင်သည်။
နောက်တစ်ချက်က ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ယနေ့ပြသခဲ့သော စွမ်းရည်အရ ဇနီးမောင်နှံ နှစ်ဦးလုံး ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ရန် မဝေးတော့သည်ကို ဟွားမန်ရုံ၊ လီဖေးတို့အပြင် ပိုင်မိသားစုဝင်သုံးဦးလည်း ရိပ်မိထားကြသည်။ ထိုအတွက် သူတို့အားလုံးအနေနှင့် ကျန်း ချန်ရွှမ်နှင့် မိတ်မပျက်လိုသလို သူတို့အပေါ် တစ်မျိုးတစ်မည် ထင်သွားမည်ကို စိုးရိမ်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် ပိုင်မင်ရှန်းကလည်း အလိုက်သိစွာဖြင့် ကြားဝင်လိုက်သေးသည်။
“တာအိုမိတ်ဆွေဟွားပြောတာမှန်တယ်။ မိတ်ဆွေလေးကျန်း လိုချင်တာကိုပြောပါ။ ကျုပ်တို့ဖက်က တတ်နိုင်တဲ့အရာမျိုးဆိုရင် မငြင်းပါဘူး”
ဟွားမန်ရုံနှင့် ပိုင်မင်ရှန်းတို့၏ တုံ့ပြန်မှုကို ကျန်းချန်ရွှမ်တစ်ယောက် ကျေနပ်သွားပြီး အသံအုပ်အုပ်ဖြင့် ရှင်းပြလိုက်သည်။
“ဒီအစီအရင်ပြားကို အသက်သွင်းဖို့ ဝိညာဉ်ကျောက်တုံးတွေလိုတယ်။ အနည်းဆုံး ငါးသိန်းပဲ။ ဒီပမာဏနဲ့ဆိုရင် တစ်ရက်နှစ်ရက်လောက်တော့ ကာကွယ်ပေးနိုင်လိမ့်မယ်”
တစ်ရက်နှစ်ရက် အသုံးပြုရန်အတွက်ပင် ဝိညာဉ်ကျောက်တုံးငါးသိန်း ကုန်ကျမည်ဆိုပါက ထိုအစီအရင်ပြားကို မရပ်မနားလည်ပတ်ရန်အတွက် ကျောက်တုံးသန်းဂဏန်း အသုံးပြုရမည့်သဘော ဖြစ်သည်။ စစ်ကူများ အချိန်မီမရောက်ခဲ့ပါက ကျောက်တုံးလိုအပ်ချက်မှာ တစ်နေ့တခြား ပိုမိုများ ပြားလာမည်မှာ သေချာနေသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပါ။ ရှေးဟောင်းမူလမြို့ တွင် ဝိညာဉ်ကျောက်တုံး အစား အသုံးပြုနိုင်မည့် ဝိညာဉ်သွေးကြောလည်း မရှိပါ။ အဆင့် ၄ ဝိ ညာဉ်သွေးကြောရှိသော်လည်း နက်ရှိုင်းသည့် မြေအောက်တစ်နေရာတွင် တည်ရှိနေသည့်အတွက် လတ်တလော အသုံးပြိုနိုင်ခြင်းမရှိ။ အသုံးပြုနိုင်ခဲ့လျှင်တောင် နတ်ဆိုးသားရဲများကို အချက်ပြသလိုဖြစ်သွားနိုင်သည့်အတွက် အသုံးပြုရန် စိတ်ပင်မကူးဝံ့ပါ။
ထို့ကြောင့် ဝိညာဉ်ကျောက်တုံးကို တိုက်ရိုက်အသုံးချ၍ အသက်သွင်းသည့် တစ်နည်းသာ ရှိပါတော့သည်။ ဤအချက်က စစ်ပွဲတစ်ပွဲတွင် ရင်းမြစ်၏ အရေးပါပုံကို မီးမောင်းထိုးပြနေသည်။ အစီအရင်ကွက်များ အသက်သွင်းသည်ဖြစ်စေ၊ ဓမ္မလက်နက်များ၊ ဓမ္မရတနာများ သုံးစွဲရာတွင်ဖြစ်စေ၊ ဝိညာဉ်ကျောက်တုံးကို အနည်းနှင့်အများ လိုအပ်သည်သာဖြစ်သည်။ ကျန်းချန်ရွှမ်၏ စကားကြောင့် သူတို့အားလုံး ငြိမ်ကျသွားသည်။ ထိုပမာဏသည် သူတို့လို ကျီဖုနှောင်းပိုင်း ကျင့်ကြံသူများအတွက်ပင် အလွန်များပြားသည့် ပမာဏတစ်ရပ်ဖြစ်သည်။ ထို့ပြင် သူတို့ရင်ဆိုင်နေရသော အန္တရာယ်သည် မည်မျှ ကြာရှည်မည်ဖြစ်ကြောင်းကို မှန်းဆနို်ငခြင်းမရှိသည့်အတွက် လချီပြီး ကြာမြင့်သွားခဲ့ပါက တစ်မြို့လုံးတွင်ရှိသမျှ ကျောက်တုံးအားလုံး သုံးစွဲလိုက်လျှင်တောင် လောက်ငှဖို့မသေချာပါ။ သို့သော် လက်ရှိအခြေအနေအရ တတ်နိုင်သမျှ အချိန်ဆွဲရန်က အရေးကြီးဆုံးဖြစ်နေသည်။ ထို့ကြောင့် ဟွားမန်ရုံ၊ ပိုင်မင်ရှန်းနှင့် ကျန်လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
“ကျုပ်တို့မှာ ပြဿနာမရှိပါဘူး။ တခြား ဘာများတောင်းဆိုစရာရှိသေးလဲ”
***