ရွှေအမြုတေရောက်လာခြင်း
Vol. 15 Ch. 289
ကျန်းချန်ရွှမ်က အားမနာတော့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်သည်။
“ရှိပါတယ်။ ဒီအစီအရင်ပြားကို အသုံးပြုရင် အဆင့် ၄ နတ်ဆိုးသားရဲကို အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်ပါလိမ့်မယ်။ ကျုပ်ရဲ့အစီအရင်ပြားက ရှားပါးပစ္စည်းဖြစ်တဲ့အတွက် ဒီကပ်ဘေးပြီးရင် စင်မြင့်ဖက်က တစ်ခုခုပြန်ပေးဖို့ မျှော်လင့်ပါတယ်”
ဟွားမန်ရုံက ချက်ချင်း သဘောတူလိုက်သည်။
“ရပါတယ်၊ စင်မြင့်သခင်နဲ့ ကျွန်မဆရာကို တင်ပြလိုက်ပါ့မယ်။ ရှင်မနစ်နာအောင် သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်”
“ကောင်းပါပြီ။ ဒါဆိုအခုပဲစလိုက်ကြစို့”
ကျန်းချန်ရွှမ်က လက်တွင်းရှိ ကြယ်သံကြိုး အစီအရင်ပြားကို အသက်သွင်းလိုက်သည်။ လိုအပ် သည့် စွမ်းအင်ရင်းမြစ်ဖြစ်သည့် ဝိညာဉ်သွေးကြော မရှိခြင်းကြောင့် ကြယ်သံကြိုး အစီအရင်ပြား သည် ရှားပါး အဆင့် ၄ အစီအရင်ဖြစ်သော်လည်း လတ်တလောတွင် ယာယီခံတပ်သဘောမျိုး ဖြင့်သာ အသုံးဝင်ဦးမည်ဖြစ်သည်။
ကျွီ…..
ထိုအချိန်တွင် အစီအရင်ပြား၏ ကိုယ်ထည်မှ အလင်းများ ပြိုးပြက်လာပြီး တစ်ချိန်တည်းတွင် ကောင်းကင်ထက်မှ ကြယ်အလင်းများ ကျဆင်းလာကာ အစီအရင်ပြား၏ မျက်လုံးများနှင့် ချိတ်ဆက်သွားသည်။ တစ်ဆက်တည်းတွင် အဆင့် ၃ အစီအရင်များထက် အဆများစွာ သာလွန်သည့် ဝိညာဉ်စွမ်းအားတစ်ရပ်သည် အစီအရင်ပြား၏ ဗဟိုမှထွက်ပေါ်လာပြီး ရှေးဟောင်းမူလတစ်မြို့ လုံးကို လွှမ်းအုပ်သွားတော့သည်။ မြို့တော်ကို ကာကွယ်ထားသည့် တိုင်ယီအစီအရင်သည်ပင် ကြယ်သံကြိုးအစီအရင်အောက်တွင် ငုပ်လျှိုးသွားရသည်။
ထိုအချိန်တွင် မြို့ပြင်အဝေးတစ်နေရာတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် အထင်ကြီးလောက်ဖွယ် ဟန်ပန်မျိုးမရှိဘဲ ခြောက်မီတာအရွယ်သာ ရှိသည်။ အများအားဖြင့် မီတာရာပေါင်း များစွာအထိ ကြီးမားလေ့ရှိကြသည့် နတ်ဆိုးသားရဲများအကြားတွင် ထိုသတ္တဝါသည် သေးကွေးသည်ဟု ဆိုနိုင်ပါမည်။ သို့သော် ထိုသတ္တဝါရောက်လာသည်နှင့် မြေပြင်ရှိ နတ်ဆိုးသားရဲများအားလုံးသည် ပြားပြားဝပ်လျက် တဆတ်ဆတ်တုန်လျက်ရှိကြသည်။ ထိုအထဲတွင် အဆင့် ၃ အမြင့်ဆုံးအဆင့် သားရဲကြီးများပင် ပါဝင်သည်။
ထိုမြင်ကွင်းကို တံတိုင်းထက်မှနေ၍ ကြည့်ရှုနေသည့် ကျန်းချန်ရွှမ်တို့လူစုမှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ အထူးသဖြင့် လီဖေးနှင့် ဟွားမန်ရုံတို့မှာ အကြီးအကျယ် မျက်နှာပျက်ကုန် ကြသည်။
“ဖူတောင်က ဝံပုလွေဘုရင်ပဲ၊ ဒီကိုဘယ်လိုရောက်လာတာလဲ”
အခြေအနေကို မသိသေးသော ကျန်းချန်ရွှမ်က ကြားဖြတ်မေးလိုက်သည်။
“တစ်ခုခုထူးခြားလို့လား”
ထိုအခါ ဟွားမန်ရုံက ပင့်သက်ရှိုက်လိုက်ပြီး မျက်နှာပျက်ပျက်နှင့်ပင် ရှင်းပြသည်။
“ကျွန်မသိသလောက် ဒီဝံပုလွေဘုရင်က လျန်၊ ယွင်နဲ့ ယန်နိုင်ငံမှာ ပေါ်လာရမှာ မဟုတ်ဘူး။ သူ နေတာက ကျင်းနိုင်ငံထဲက ဖူတောင်မှာပဲ”
ဟွားမန်ရုံ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ကျန်လူများမှာ မျက်မှောင်ကြုတ် ကုန်ကြသည်။ ကျင်းနိုင်ငံမှ အဆင့် ၄ ဝံပုလွေဘုရင်သည် အဘယ်အကြောင်းကြောင့် လျန်နိုင်ငံတွင် လာပေါ်နေရသနည်း။ ဤအဖြစ်မျိုးသည် အဓိပ္ပာယ်လုံးဝမရှိပါ။ ဝံပုလွေဘုရင်အနေနှင့် ကျင်းနိုင်ငံမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမသိအောင် နှစ်နိုင်ငံနယ်နိမိတ်ကို ကျော်ဖြတ်ပြီး လျန်နိုင်ငံအတွင်းသို့ ဝင်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်နီးပါးရှိသည်။ လွန်ခဲ့သည့်နှစ်များစွာက နိုင်ငံငါးနိုင်ငံအကြား သဘောတူညီမှုတစ်ခု ချမှတ်ခဲ့ဖူးသည်။ နိုင်ငံတစ်နိုင်ငံသည် မိမိနယ်မြေအတွင်းရှိ နတ်ဆိုးသားရဲကို အခြားတစ်နိုင်ငံသို့ ရောက်ရှိသွားခြင်းမရှိရန် ကာကွယ်ရမည်ဟူသော သဘောတူညီချက်ဖြစ်သည်။
ထိုသို့ချမှတ်ရသည့် အကြောင်းရင်းမှာ နတ်ဆိုးဘုရင်များအားလုံး တစ်နိုင်ငံတည်းတွင် စုဝေးမိပါက ထိုနိုင်ငံကို အပြီးတိုင် ပြာချနိုင်သည့်အထိ အန္တရာယ်များခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အဆင့် ၄ နတ်ဆိုးဘုရင်တစ်ဦးဖြစ်သည့် ဝံပုလွေဘုရင်သည် ကျင်းနိုင်ငံကို ဖြတ်ကျော်လျက် လျန်နိုင်ငံကိုရောက်လာခြင်းသည် ပုံမှန်မဟုတ်သလို စိုးရိမ်ဖွယ် အခင်းအကျင်းဖြစ်ကြောင်း ဟွားမန်ရုံ နှင့် လီဖေးတို့ နားလည်ထားကြ၍ မျက်စိမျက်နှာများ ပျက်နေကြခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုအရေးကို စဉ်းစားနေရန် အချိန်မရှိဘဲ မြို့တော်ကို ကာကွယ်ရန်သာ အာရုံစိုက်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဝံပုလွေဘုရင်သည် သူတို့ကို တည့်တည့်စိုက်ကြည့်နေကြောင်း သတိပြုမိလိုက်သည်။ တစ်ခဏချင်းတွင် ၎င်း၏ မျက်လုံးအစုံမှ အနီရဲရဲ လေဆာတန်းကဲသို့ အလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်တော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံး တုန်ခါသွားသည်။ တစ်ချိန်တည်းတွင် ကြယ်သံကြိုးအစီအရင်သည် အလင်းများထုတ်လွှတ်လိုက်သည်။ ကောင်းကင်ထက်မှ နဂါးငွေ့တန်းနှင့်တူသည့် ကြယ်အလင်းစီးကြောင်းများ ကျဆင်းလာပြီး ဝံပုလွေဘုရင်၏ အနီရောင် အလင်းတန်းနှစ်ခုကို ကြားဖြတ်တားဆီးလိုက်သည်။ ခဏချင်းတွင် အနီရောင်အလင်းတန်းများ ပျက်ပြယ်ကုန်ကြသည်။
“စိတ်ဝင်စားစရာပဲ”
ဝံပုလွေဘုရင်သည် ကြယ်သံကြိုးအစီအရင်ကို စိတ်ဝင်စားစွာ အကဲခတ်နေသည်။ သူ့မျက်လုံးအစုံတွင် ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်များ ထင်ဟပ်နေသည်။
“ငါဒီကိုလာပြီးမှ လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး”
ဝံပုလွေဘုရင်သည် မြေပြင်ထက်ရှိ နတ်ဆိုးသားရဲများကို ဝေ့ကြည့်လျက် မာန်ပါပါအမိန့်ပေးလိုက်သည်။
“ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်ကြ။ နတ်ဆိုးသားရဲအားလုံး မင်းတို့ရှေ့မှာရှိနေတဲ့မြို့ကို ရှိသမျှ အားအင်အကုန်သုံးပြီး တိုက်စမ်း၊ ငါ့အမိန့်မရဘဲ မရပ်နဲ့”
“ဟုတ်ကဲ့”
အဆင့် ၃ သားရဲများသည် ဝံပုလွေဘုရင်၏ ညွှန်ကြားမှုကို နာခံလိုက်ကြသည်။ မကြာမီ ရှေးက ထက်ပိုမိုပြင်းထန်သည့် ထိုးစစ်တစ်ခု စတင်လာပါတော့သည်။
***