အနာဂတ်ဖြစ်ရပ်
Vol. 15 Ch. 291
ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် စစ်မြေပြင်တစ်ခုလုံးရှိ ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများပါ တုန်လှုပ်ကုန်ကြသည်။ ထိုအချိန်မှာပင် တိုက်ပွဲကို ရောက်ရှိလာသူမှာ အသက်ငါးဆယ်ကျော်အရွယ်ရှိသည့် အပြာရောင်ဝတ်စုံဝတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေသည်ကို တွေ့ လိုက်ရသည်။ ထိုသူသည် ကျောက်စိမ်းရေဓားစင်မြင့်မှ အဓိပတိအကြီးအကဲလည်းမဟုတ်သလို ကောင်းကင်ယွဲ့ဂိုဏ်းမှ စီနီယာအကြီးအကဲလည်းမဟုတ်ပါ။ မကြာသေးမီကမှ ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့သည့် ပန်မိသားစု၏ ဘိုးဘေး ပန်ပိုင်ယန်ဖြစ်နေသည်။ ထို့ကြောင့် မျှော် လင့်တကြီး အားကိုးမိသည့် ဟွားမန်ရုံတို့လူစုမှာ အနည်းငယ်စိတ်ပျက်သွားသည်။
ပန်ပိုင်ယန်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ် ရာ ခွန်အားနှင့် ကျင့်ကြံမှုအဆင့်အတန်းတွင် စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့မှ စီနီယာရွှေအမြုတေအဆင့် ကျင့်ကြံသူများကို မည်သည့်နည်းနှင့်မှ ယှဉ်နိုင်စွမ်းမရှိပါ။ သို့သော် လက်ရှိအခင်းအကျင်းတွင် လူသားကျင့်ကြံသူများဖက်မှ ရွှေအမြုတေအဆင့်ဆို၍ သူတစ်ဦးတည်းသာ ရှိနေပါ သည်။ ကြယ်သံကြိုးအစီအရင်ကို ထိန်းချုပ်နေသူ ကျန်းချန်ရွှမ်နေရာတွင် ပန်ပိုင်ယန် အစားထိုး တာဝန်ယူလိုက်မည်ဆိုပါက ဝံပုလွေဘုရင်အနေနှင့် မြို့တော်ကိုထိုးဖောက်ရန် အကြံအစည်ကို အပြီးတိုင်စွန့်လွှတ်ရပါလိမ့်မည်။
လက်ရှိအချိန်တွင် ပန်ပိုင်ယန်၏ တိုက်ပွဲဝင်စွမ်းအားနှင့် ကျင့်ကြံမှုအုတ်မြစ်သည် ဝံပုလွေဘုရင် ထက်နိမ့်ကျနေသည်မှာ ထင်ရှားသည်။ အသက်လုရမည့် တိုက်ပွဲမျိုးတွင် ပန်ပိုင်ယန်အနေနှင့် ဝံပုလွေဘုရင်ကို မယှဉ်နိုင်ကြောင်းကို သူကိုယ်တိုင်လည်း ရိပ်မိပုံပေါ်သည်။ ထို့ကြောင့် အဆင်ပြေဆုံးနည်းလမ်းမှာ ပန်ပိုင်ယန်အနေနှင့် ကျန်းချန်ရွှမ်၏ နေရာတွင် အစားထိုးပြီး ကြယ်သံကြိုးအစီ အရင်ကို ထိန်းချုပ်လည်ပတ်ရန်နှင့် ဝံပုလွေဘုရင်ကို အားလုံးလက်တွဲပြီး ရင်ဆိုင်ရန်သာဖြစ်ပါ သည်။ ထိုစဉ် ပန်ပိုင်ယန်၏ ပုံရိပ်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်ပြီး အစီအရင်ကွက်၏ အနားသတ်နေရာတွင် ပြန်ပေါ်လာသည်။
သူသည် အစီအရင်ကွက်အတွင်းရှိ ဟွားမန်ရုံတို့လူစုကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် သူ့အ ကြည့်က အစီအရင်ကို မောင်းနှင်နေသည့် ကျန်းချန်ရွှမ်ထံသို့ ကျရောက်သွားသည်။
“ကျုပ်က ပန်မိသားစုက ပန်ပိုင်ယန်ပဲ။ မင်းတို့အကူအညီတောင်းတဲ့ သတင်းကို ဖတ်မိလို့ လာကူ ညီပေးတာ။ ကျုပ်ကို အစီအရင်ကွက်ထဲ ပေးဝင်ပါ”
သူ့စကားကို ဟွားမန်ရုံနှင့် ကျန်လူများက ယုံမှားခြင်းမရှိသော်လည်း အနာဂတ်ဖြစ်ရပ်ဆိုးများကို တင်ကြိုမြင်ထားသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာမူ သင်္ကာမကင်းဟန်နှင့် မျက်မှောင်ကိုယ်စီကြုတ်သွားကြသည်။ သို့သော် တစ်စုံတစ်ရာမပြောဘဲ အစီအရင်ကို မတင်ပေးလိုက်သည်။ ပိုင်ပန်ယန်လည်း ချက်ချင်းပင် ဝင်ရောက်လိုက်ပြီး တံတိုင်းပေါ်ကို တက်လာသည်။
“နှုတ်ဆက်ပါတယ် အင်မော်တယ်ပန်”
“ကောင်းတယ်”
ပန်ပိုင်ယန်က ကျေနပ်ဟန်နှင့် ခေါင်းညိတ်ပြီးနောက် ကျန်းချန်ရွှမ်ကို စိုက်ကြည့်ရင်း
“ဝံပုလွေဘုရင်က ရွှေအမြုတေ စတုတ္ထအဆင့်ကို ရောက်နေပြီ။ စိတ်မကောင်းစွာနဲ့ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က သူ့ကိုလုံးဝမယှဉ်နိုင်ဘူး”
သူ့စကားကို အားလုံးက စိတ်ဝင်တစား နားထောင်နေကြသည်။ ထို့နောက် ပန်ပိုင်ယန်က ဆက်လက်၍ ရှင်းပြသည်။
“ဒါပေမဲ့ ကံကောင်းတာက မင်းတို့မှာ အဆင့် ၄ အစီအရင်ကွက်ရှိနေတာပဲ။ ဝံပုလွေဘုရင်မပြောနဲ့၊ နောက်ထပ် ရွှေအမြုတေအဆင့်နှစ်ကောင် ရောက်လာလျှင်တောင် ငါ့အနေနဲ့ ဒီမြို့တော်ကို မှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ အစီအရင်ကွက်ကို ထိန်းချုပ်တဲ့လူက ငါဖြစ်နေဖို့လိုတယ်၊ ဘယ်လိုသဘောရလဲ”
ပန်ပိုင်ယန်သည် ရှည်လျားစွာ ရှင်းပြပြီးနောက်တွင် သူ့အကြည့်က ကျန်းချန်ရွှမ်ထံတွင် အဆုံးသတ်သွားသည်။ ဟွားမန်ရုံနှင့် ကျန်လူများသည်လည်း ကျန်းချန်ရွှမ်ကို လှည့်ကြည့်လိုက်ကြပြန်သည်။ ကြယ်သံကြိုးအစီအရင်ကို တရားဝင်ပိုင်ဆိုင်သူမှာ ကျန်းချန်ရွှမ်ဖြစ်နေ၍ ပန်ပိုင်ယန်ပြောသည့်အတိုင်း ဆောင်ရွက်မည်ဆိုလျှင် သူ့ထံမှ ခွင့်အရင်တောင်းမှ ဖြစ်ပါလိမ့်မည်။ သို့သော် ကြယ်သံကြိုးကဲ့သို့ အဆင့် ၄ အစီအရင်တစ်ခုသည် တန်ဖိုးအလွန်ကြီးသောကြောင့် ထိုအစီအရင်အား ထိန်းချုပ်ခွင့်ကို ကျန်းချန်ရွှမ်က အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါ့မလား ဟူသူတို့အားလုံး သိချင်နေကြသည်။
နောက်တစ်ချက်မှာ ပန်မိသားစုသည် မကြာသေးမီကမှ ရွှေအမြုတေအဆင့် မိသားစုတစ်ခု ဖြစ်လာခဲ့သော်လည်း အဆင့် ၄ အစီအရင်ကို ပိုင်ဆိုင်ထားခြင်းမရှိပါ။ အကယ်၍ ကျန်းချန်ရွှမ်က ပန်ပိုင်ယန်အား အစီအရင်ထိန်းချုပ်ခွင့် လွှဲပေးလိုက်ပြီး နတ်ဆိုးသားရဲကပ်ဘေးအပြီးတွင် ပြန်လည် လွှဲပြောင်းပေးခြင်းမရှိဘဲ အပြီးတိုင်သိမ်းပိုက်လိုက်လျှင်ရော။ ထိုအတွေးကြောင့် အခြေအနေမှာ ရုတ်တရက် ငြိမ်ကျသွားပြီး ဟွားမန်ရုံ၊ လီဖေးနှင့် ပိုင်မင်ရှန်းတို့မှာ ချွေးစေးများပင် ပြန်လာကြ သည်။ သည်လိုအချိန်မျိုးတွင် ကျန်းချန်ရွှမ်တစ်ယောက် အဆင်အခြင်မဲ့သည့် ဆုံးဖြတ်ချက်မျိုး ချလိုက်မည်ကို သူတို့အားလုံး စိုးရိမ်နေကြသည်။
ထိုအချိန်တွင် ပန်ပိုင်ယန်သည် တစ်စုံတစ်ရာမပြောဘဲ ကျန်းချန်ရွှမ်၏ တုံ့ပြန်မှုကို လက်ပိုက်ပြီး စောင့်မျှော်နေသည်။ ခဏအကြာတွင် ကျန်းချန်ရွှမ်သည် ပြုံးလျက်ခေါင်းညိတ်လိုက်သည်။
“ဒီအစီအရင်ကို စီနီယာပန်ကို လွှဲရမှာ အပန်းမကြီးပါဘူး။ ဒါပေမဲ့ စီနီယာပန်ကို မေးခွန်းတစ်ခု အရင်မေးချင်ပါတယ်”
ပန်ပိုင်ယန်က ခေါင်းညိတ်လိုက်ပြီး
“မေးလေ ဘာသိချင်တာလဲ”
ထိုအခါ ကျန်းချန်ရွှမ်လည်း ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“ခင်ဗျားဒီကိုမလာခင် ကျောက်စိမ်းရေဓားစင်မြင့် ဒါမှမဟုတ် ကောင်းကင်ယွဲ့ဂိုဏ်းဆီက ရတနာ တစ်ခုခု လက်ခံရရှိခဲ့သေးလား”
သူဆိုလိုသည်မှာ စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့သည် အဆင့် ၄ နတ်ဆိုးသားရဲများကို ရင်ဆိုင်နိုင်မည့် အဆင့် ၄ အစီအရင်ပြား အစရှိသည့် လက်နက်၊ ရတနာများကို ပန်ပိုင်ယန်အား တင်ကြိုပေးအပ်ခဲ့သလား ဟူ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပန်ပိုင်ယန်သည် တက်သစ်စ ရွှေအမြုတေကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး ထိုအဆင့်နှင့် လိုက်ဖက်သင့်တော်မည့် လက်နက်၊ ရတနာ မျိုးမရှိလျှင် အဆင့် ၄ သားရဲတစ်ကောင်ကို တစ်ဦးတည်း ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးရှိနေသည်လေ။
***