အနာဂတ်ဖြစ်ရပ် (၂)
Vol. 15 Ch. 292
ထို့ပြင် ပန်ပိုင်လုံအတွက် အကျိုးတစ်စုံတစ်ရာ မရှိဘဲ သူ့အသက်ကို ရင်းပြီး သူတို့အားလုံးကို လာရောက်ကယ်ဆယ်စရာ အကြောင်းမရှိပါ။ သူ့လိုရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးမှ တိုက်ရိုက်အမိန့်မပေးမချင်း တာဝန်ကို ရှောင်လွှဲနိုင်သည်လေ။ ပန်ပိုင်လုံသည် ကျန်းချန်ရွှမ်၏အမေးကို ကြားသောအခါ မျက်နှာအနည်း ငယ်ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်ပြင်လိုက်သည်ကို ကျန်းချန်ရွှမ် သတိပြုမိသည်။ တစ်ချိန်တည်းတွင် ဟွားမန်ရုံတို့လူစုသည် ရွှေအမြုတေအဆင့် စီနီယာတစ်ဦးကို ကျန်းချန်ရွှမ်က မယုံ သင်္ကာဟန်နှင့် မေးခွန်းထုတ်လိုက်သည်ကို မြင်လျှင် အနည်းငယ်တုန်လှုပ်သွားကြသည်။
“မရှိတော့ရော ဘာဖြစ်လဲ။ ရှိခြင်းမရှိခြင်းက မင်းနဲ့ဘာပတ်သက်လို့လဲ”
ပန်ပိုင်လုံ၏ လေသံမှာ ကျန်းချန်ရွှမ် သူ့အား မေးခွန်းထုတ်လိုက်ခြင်းကို လုံးဝနှစ်သက်ဟန်မတူကြောင်း ထင်ရှားနေသည်။ ဟွားမန်ရုံက အခြေအနေတင်းမာလာသည်ကို သတိပြုမိပြီး ဖျန်ဖြေ မည်အပြုတွင် ကျန်းချန်ရွှမ်က ရုတ်တရက်ပြုံးလိုက်ပြီး
“ဟုတ်သားပဲ ကျုပ်မေးခွန်းက ရင့်သီးသွားတယ်။ ကျုပ်စကားကို ဗွေမယူဖို့ မျှော်လင့်ပါတယ်၊ အစီအရင်ကို ထိန်းချုပ်ခွင့်ကို ခင်ဗျားလက်ထဲအပ်ပါတယ်”
ပြောပြောဆိုဆိုနှင့် ကျန်းချန်ရွှမ်သည် ထိန်းချုပ်ဘီးကို ပန်ပိုင်ယန်ထံ ကမ်းပေးလိုက်သည်။ ထိုအခါတွင် ဘေးမှကြည့်နေသော ဟွားမန်ရုံတို့လည်း အံ့အားသင့်သွားကြသည်။ သူတို့ထင်ထားသည် က ကျန်းချန်ရွှမ်သည် သူသင်္ကာမကင်းဖြစ်နေသည့် ပန်ပိုင်ယန်ကို အစီအရင်ထိန်းချုပ်ခွင့်အား လွယ်လွယ်နှင့်ပေးမည်မဟုတ် ဟူ၍ဖြစ်သည်။ ပန်ပိုင်ယန်ကိုယ်တိုင်လည်း အံ့အားသင့်ဟန်နှင့် မျက်ခုံးတွန့်သွားပြီးနောက် ဟန်မပျက် လှမ်းယူလိုက်သည်။
ဒုန်း…
ထိုအချိန်တွင် အစီအရင်စက်ဝန်းအပြင်ရှိ ဝံပုလွေဘုရင်သည် အနီရောင်အလင်းတန်းများဖြင့် အစီ အရင်ကို ထိုးဖောက်ရန် ကြိုးစားလိုက်ပြန်သည်။ အလင်းတန်းများသည် စက်ဝန်းပေါ်သို့ အဆက် မပြတ်ကျရောက်သွားကာ မျက်နှာပြင်တစ်လျှောက် ကြက်ခွပ်လှိုင်းများ ပေါ်လာပြီး အစီအရင် တစ်ခုလုံး ယိမ်းထိုးသွားသည်။ ဟွားမန်ရုံနှင့်ကျန်လူများလည်း ပန်ပိုင်ယန်ကို စိုးရိမ်တကြီး လှမ်း ကြည့်မိလိုက်ကြသည်။ ပန်ပိုင်ယန်က လက်ကာပြပြီး
“အရင်ဆုံး ဒီအစီအရင်နဲ့ ကျွမ်းဝင်မှုရှိအောင် ကျုပ်ကိုအချိန်တစ်ခုပေးပါ။ အဲဒီအတောအတွင်း ခံတပ်ကို မင်းတို့အားလုံး ကာကွယ်ပေးထားပါ။ အချိန်တစ်ခုရောက်တာနဲ့ ဒီမြို့ကို ဘယ်သူမှ ထိုးဖောက်နိုင်တော့မှာ မဟုတ်ဘူး”
ထိုစကားကြားလျှင် ဟွားမန်ရုံတို့လည်း မျက်လုံးပြူးကုန်သည်။ ပန်ပိုင်ယန်သည် အစီအရင်ကို ထိန်းချုပ်ခွင့်ရလျှင်ရချင်း သူပြောလိုက်သည့်စကားက သဘာဝမကျပါ။ သူပြောသလို အစီအရင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် အချိန်ပေးစရာမလိုဘဲ ဝံပုလွေဘုရင်တစ်ဦးတည်း၏ တိုက်ခိုက်မှုကို အလွယ်တုံ့ပြန်နိုင်ရမည်ဖြစ်သည်။ ထို့ပြင် ထိုအတောအတွင်း သူတို့လို ကျီဖုအဆင့် ကျင့်ကြံသူများကို အဆင့် ၄ သားရဲတစ်ကောင်နှင့် တိုက်ခိုက်ပြီး အချိန်ဆွဲလိုစေခြင်းမှာ ယုတ္တိမတန်ပါ။ ဟွားမန်ရုံနှင့် ပိုင်မင်ရှန်းတို့သည် ပန်ပိုင်ယန်တစ်ယောက် ရိုးသားမှုမရှိကြောင်း ရိပ်မိလိုက်ပြီး သူအချိန်ယူရသည့် အကြောင်းအရင်းအမှန်မှာ အစီအရင်၏ သော့ချက်ဖြစ်သည့် မူလအစီအရင်ပြားကို ပြုပြင် မွမ်းမံလို၍ ဖြစ်နိုင်ကြောင်း တွေးမိတော့သည်။
ပန်ပိုင်ယန်၏ အဓိကပစ်မှတ်မှာ သူတို့ကို ကူညီရန်မဟုတ်ဘဲ ကျန်းချန်ရွှမ်၏ အဆင့် ၄ အစီအရင်ကို အပိုင်သိမ်းလိုခြင်းဖြစ်နိုင်ကြောင်း တွေးမိသောအခါ ဟွားမန်ရုံတစ်ယောက် မျက်နှာပျက်သွားတော့သည်။
“စီနီယာပန် အဆင့် ၄ သားရဲဘုရင်ကို ကျွန်မတို့လက်ရှိအဆင့်နဲ့ ခုခံဖို့မဖြစ်နိုင်ပါဘူး။ ပြန်စဉ်းစား ပေးဖို့လိုပါတယ်”
ထိုအခါ ပန်ပိုင်ယန်၏ တုံ့ပြန်မှုမှာ ရှေးကနှင့်မတူတော့ဘဲ ထူးဆန်းနေသည်။
“ဘာ မင်းတို့မလုပ်နိုင်ဘူး ဟုတ်လား”
ပန်ပိုင်ယန်၏ မျက်လုံးအစုံတွင် စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်းတို့ ပြွမ်းတီးလျက် အရူးတစ်ယောက်ပမာ ဒေါသတကြီး ရေရွတ်လိုက်သည်။
“မင်းတို့ငါခိုင်းတဲ့အတိုင်း ပါးစပ်ပိတ်ပြီး လုပ်လိုက်ရင် အသက်ရှင်ဖို့ အခွင့်အလမ်းရှိသေးတယ်။ အခုတော့ ငါကိုယ်တိုင်လုပ်ရပြီပေါ့”
“ဘယ်လို”
ဟွားမန်ရုံနှင့် ကျန်လူများသည် ပန်ပိုင်ယန်၏ စကားကို ကြားလျှင် ပထမတွင် တုန်လှုပ်မှင်သက်သွားသော်လည်း အခြေအနေမဟန်ကြောင်း တဖြည်းဖြည်းရိပ်မိလိုက်ကြပြီး မျက်စိမျက်နှာပျက် ကုန်သည်။
“မင်းတို့ရိပ်မိသွားပြီလား၊ နောက်ကျသွားပြီကွ”
ရုတ်တရက် ပန်ပိုင်ယန်၏ ကိုယ်တွင်းမှ ဝိညာဉ်ဖိအားတစ်ရပ် ပြိုဆင်းလာပြီးနောက် ဧရာမဓားကြီးတစ်စင်းသည် ကောင်းကင်ထံမှ အရှိန်ပြင်းစွာကျဆင်းပြီး ဟွားမန်ရုံတို့လူစုကို ခုတ်ပိုင်းလိုက်တော့သည်။ အခြေအနေကို မပြတ်အကဲခတ်နေသော ကျန်းချန်ရွှမ်သည် ပန်ပိုင်ယန် စတင်လှုပ် ရှားလိုက်သည်နှင့် နဂါးဆင် ရုပ်ပိုင်းနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ပြီး အကန့်အသတ်မဲ့ ဘီးကျင့်စဉ်ကို အမြင့်ဆုံးအထိ လည်ပတ်လိုက်သည်။ ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေးသုံးဆယ်ကျော်အထိ ကြီးထွားသွားပြီး လက်ဝါးပြင်တွင် အဝါရောင်အလင်းများ စုစည်းလာပြီး ပုဆိန်လှံတစ်စင်း ဖြစ်တည်လာတော့သည်။
ထိုလှံသည် ကျန်းချန်ရွှမ်၏ နောက်ထပ်မူလဓမ္မရတနာဖြစ်သည့် နက်ရှိုင်းမြေဓာတ်ပုဆိန်လှံဖြစ် သည်။ ကျန်းချန်ရွှမ်သည် ပုဆိန်လှံကို ရုပ်ပိုင်းနတ်ဘုရားစွမ်းအား ထည့်သွင်းပေါင်းစပ်လိုက်ပြီး ပန်ပိုင်ယန်၏ အဆင့် ၄ ဓမ္မရတနာဓားကို အားကုန်ခတ်ထုတ်လိုက်သည်။
ဒုန်း…
ရှေးဟောင်းမူလတစ်မြို့လုံး တုန်ခါသွားသည်။ ထိုစဉ် ကျန်းချန်ရွှမ်၏ ဧရာမကိုယ်ခန္ဓာကြီးသည် နောက်သို့ ခြေဆယ်လှမ်းအထိ ဆုတ်လိုက်ရသည်ကို ဟွားမန်ရုံတို့ မြင်လိုက်ရသည်။ ဆုတ်လိုက်သည့် ခြေတစ်လှမ်းတိုင်းသည် အချင်းငါးမီတာရှိသည့် တွင်းနက်ကြီးများအဖြစ် မြေတွင်ထင်ကျန်ရစ်ခဲ့သည်။ ပန်ပိုင်ယန်ကိုယ်တိုင်ပင် မျက်လုံးပြူးသွားသည်။
“သူငါ့ဓားကို ကာလိုက်နိုင်တယ်”
ပန်ပိုင်ယန်သည် သူမြင်လိုက်ရသည့် မြင်ကွင်းကို မယုံနိုင်ဟန်နှင့် အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်မိသည်။ သူသည် ရွှေအမြုတေ ပဏာမအဆင့်ပင် မဟုတ်ဘဲ စစ်မှန်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ လက်ရှိအချိန်တွင် ပထမအဆင့်သာ ရှိသေးသော်လည်း သူ၏ ဓားချက်သည် ကျီဖုအဆင့်တစ်ဦးကို ကာကွယ်နိုင်သည့် အရာမျိုးမဟုတ်ပါ။ ရွှေအမြုတေပဏာမအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင် သူ့ဓားချက်ကို တိုက်ရိုက်ခုခံနိုင်မည်မဟုတ်။ နယ်ပယ်နှစ်ခုအကြား အဆင့်အတန်းမှာ ကွာခြားလွန်းနေသည်။
ကျန်းချန်ရွှမ်မှာ ရွှေအမြုတေ ပဏာမအဆင့်ပင် မဟုတ်ဘဲ ကျီဖုနှောင်းပိုင်းအဆင့်သာ ရှိပါသော်လည်း ပန်ပိုင်ယန်၏ ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ကာကွယ်ပြလိုက်သည်။ ဟွားမန်ရုံအနေနှင့် အဆိုပါမြင်ကွင်းမျိုးကို ကိုယ်တိုင်မြင်တွေ့ဖူးဖို့ ဝေးစွ၊ ကြားပင်မကြားဖူးပါ။ ထိုအချိန်တွင် ပန်ပိုင်ယန်၏ မျက်လုံးများသည် အေးစက်ကြမ်းတမ်းလာပြီး ကျန်းချန်ရွှမ်ကို စူးစိုက်ကြည့်လျက်
“မင်းကိုငါအထင်သေးမိတာ မှားပြီပဲ။ ဒါကြောင့် မင်းက ငါ့ကိုပြန်မေးခွန်းထုတ်ရဲတဲ့အထိ သတ္တိကောင်းနေတာပေါ့”
စကားဆုံးလျှင်ဆုံးချင်း ပန်ပိုင်ယန်သည် လက်ထဲရှိ ဓားကို အထက်သို့မြှောက်ပြီး ကျန်းချန်ရွှမ်ထံ ချိန်ရွယ်ပစ်လွှတ်လိုက်ပြန်သည်။ ဓားပျံ၏ အရှိန်ကြောင့် တစ်မြို့လုံး တုန်ခါသွားပြန်သည်။ ဟွား မန်ရုံနှင့် ကျန်လူများလည်း မျက်လုံးပြူးကုန်ကြသည်။
“မကောင်းတော့ဘူး။ ဒီအတိုင်းဆက်သွားရင် တစ်မြို့လုံးပြိုလိမ့်မယ်”
***