← Chapters

အနိုင်ပိုင်းခြင်း (၂)

Vol. 15 Ch. 294

အနိုင်ပိုင်းခြင်း (၂)

Vol. 15 Ch. 294

ရှိသမျှစွမ်းအင်လက်ကျန်ဖြင့် ထိုးဖောက်လိုက်သော မြေဓာတ်ပုဆိန်လှံသည် ဒိုင်းကိုချိုးဖျက်ပြီး ပန်ပိုင်ယန်၏ ခန္ဓာကိုယ်ကိုပါ ဆက်လက်ထိုးစိုက်သွားကာ ပန်ပိုင်ယန်တစ်ယောက် အရိုးများ ကျိုးလုမတတ် ခံစားလိုက်ရသည်။ သူသာ ရွှေအမြုတေအဆင့် မဟုတ်ခဲ့ပါက ကျန်းချန်ရွှမ်၏ ပုဆိန်ချက်သည် သူ့အား ဒုက္ခကောင်းကောင်းပေးမည်မှာ သေချာသည်။ သို့သော် လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်၏သက်လုံနှင့် ဓမ္မစွမ်းအင်မှာ ကုန်ဆုံးလုနီးပါးဖြစ်သွားသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ရခြင်းသည် အဆီအနှစ်စွမ်းအင်၊ ဓမ္မစွမ်းအင်နှင့် သက်လုံများစွာ ကုန်ကျပါသည်။

ကျန်းချန်ရွှမ်တွင် ကံကောင်းထောက်မစွာဖြင့် အတ္တမူကျောက်စိမ်းကို ပိုင်ဆိုင်ထားသည့်အတွက် အချိန်တိုအတွင်း ဓမ္မစွမ်းအင်ကို တစ်ရာရာခိုင်နှုန်းအထိ သုံးကြိမ်တိတ် ပြန်လည်ဖြည့်တင်းနိုင်သော်လည်း သည်အတိုင်းဆက်သွားပါက အခြေအနေမကောင်းနိုင်ကြောင်း ကျန်းချန်ရွှမ် နားလည်လိုက်သည်။ ထို့ကြောင့် တိုက်ပွဲကို အမြန်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်သည် ဆေးပြားတစ်ပြားကို ထုတ်ယူသောက်သုံးလိုက်တော့သည်။ ထိုဆေးပြားသည် စနစ်ထံမှ ရရှိထားသည့် သုံးဆင့်ဆေးပြားပင်ဖြစ်သည်။

တစ်ခဏချင်းတွင် ကျန်းချန်ရွှမ်၏ မှေးမှိန်အားနည်းစပြုနေသည့် အော်ရာသည် တစ်ဖန်ပြန်လည် တောက်ပလာပြီး တစ်အောင့်မျှအကြာတွင် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားသည်၊ သို့သော် အော်ရာတက်သည့်နှုန်းမှာ ဤမျှနှင့် မရပ်သွားဘဲ ဆက်လက်ထိုးတက်နေသည်။ မျက်စိတစ်မှိတ်အတွင်း၌ ကျန်းချန်ရွှမ်၏ အော်ရာသည် ပန်ပိုင်ယန်ကို ကျော်တက်သွားသည့်အပြင် ဆက်လက်ထိုးတက်လျက်ရှိသည်။

“ဘာ…ဒီကောင် ဘာဆေးလုံးကြီးသောက်လိုက်တာလဲ။ ဘာလို့ သူ့အော်ရာက ရုတ်တရက် တက်လာတာလဲ”

ပန်ပိုင်ယန်၏ အတွေးမဆုံးခင်မှာပင် ကျန်းချန်ရွှမ်သည် သူ၏ စိတ်အာရုံအတွင်း၌ မြားတစ်စင်းကိုဖွဲ့တည်လိုက်ပြီး အလျှံတငြီးငြီး တောက်လောင်နေသည့် မီးလျှံများနှင့် ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။ ဤသည်မှာ ကျန်းချန်ရွှမ်၏ ကိုယ်ပိုင် ရှေးဦးစိတ်ဝိညာဉ် တိုက်ခိုက်ခြင်းနည်းစနစ်ဖြစ်သည့် နေမင်းလောင်ကျွမ်းခြင်းမြား ဖြစ်သည်။ ပန်ပိုင်ယန်သည် သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ လောင်ကျွမ်းနေသည့်မြားတစ်စင်း ချဉ်းနင်းဝင်ရောက်လာသည်ကို ခံစားမိလိုက်သည့်အတွက် နှလုံးကွဲမတတ် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ခေတ္တမျှ စိတ်အာရုံအမှောင်ဖုံးသွားသည်။

ကျန်းချန်ရွှမ်၏ အနောက်ရှိ နဂါးဆင်ပုံရိပ်ကြီးသည် ချိန်သားကိုက် ဟစ်အော်လိုက်ပြီးနောက် သူ့ ခန္ဓာကိုယ်သည် မီတာသုံးဆယ်ကျော်အထိ ကြီးထွားသွားသလို ကိုင်ဆောင်ထားသည့် မြေဓာတ် ပုဆိန်လှံသည်လည်း ဆယ်မီတာအထိ ရှည်ထွက်သွားပြီး ပြင်းထန်သိပ်သည်းသည့် အော်ရာလှိုင်း များကို ထုတ်လွှတ်လျက် ပန်ပိုင်ယန်၏ ဦးခေါင်းကို ထုချလိုက်သည်။ ပန်ပိုင်ယန်သည် ကျန်းချန်ရွှမ်၏ ရှေးဦးစိတ်ဝိညာဉ်မြားကို အနိုင်နိုင်တိမ်းရှောင်လိုက်ရပြီးနောက်တွင် နောက်ထပ်အန္တရာယ်တစ်ခုက အသင့်ဆီးကြိုနေပြန်သည်။ ကြောက်ရွံ့တုန်လှုပ်စပြုလာသည့် ပန်ပိုင်ယန်သည် အဆင့် ၄ ဓမ္မရတနာဓားဖြင့် ဆီးခံလိုက်သည်။ သတ္တုချင်းထိခတ်သည့် အသံတစ်ခု မြည်ဟိန်းထွက်လာပြီးနောက် ပန်ပိုင်ယန်တစ်ယောက် အဝေးသို့လွင့်စင်သွားတော့သည်။

ပန်ပိုင်ယန်သည် မယုံနိုင်သည့် မျက်လုံးများနှင့် ကျန်းချန်ရွှမ်ကို ငေးစိုက်ကြည့်နေမိသည်။ သူ့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးက ကျီဖုအဆင့်တစ်ဦးကို ရှုံးနိမ့်နေသည့် ဖြစ်အင်ကို လက်ခံနိုင်စွမ်းမရှိပါ။ ထိုအချိန်တွင် မြေဓာတ်ပုဆိန်လှံသည် လေထုထဲတွင် လွန်းထိုးရွေ့လျားရင်း သူ့ထံသို့ ဦးတည်ပြေးဝင်လာပြန်သည်။ ပန်ပိုင်ယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဓားပျံပေါ်သို့ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။ ဓားသွားသည် သွေးအဆီအနှစ်ကို စုပ်ယူပြီးနောက်တွင် ရှေးကထက် ပိုမိုတောက်ပလာပြီး မြေဓာတ်ပုဆိန်လှံကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။

ဒိန်း

အင်အားနှစ်ရပ် စုဆုံမှုသည် လေထုကိုဓားနှင့်ထိုးခွဲလိုက်သည့်အလား ကျန်းချန်ရွှမ်နှင့် ပန်ပိုင်ယန်တို့တိုက်ခိုက်နေသည့် စက်ဝန်းအတွင်း မျက်နှာပြင်တွင် အက်ကြောင်းများထလာသည်။ ထိုအခါ ကျန်းချန်ရွှမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားသည်။ အစီအရင်စက်ဝန်းသည် ပြင်ပမှ ဝံပုလွေ ဘုရင်တို့အုပ်စု၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရသလို သူနှင့်ပန်ပိုင်ယန်တို့၏ တိုက်ပွဲကြောင့်ဖြစ်ပေါ်လာသော အတွင်းမှဒဏ်ကိုလည်း ခါးစည်းခံနေရသည်ဖြစ်ရာ မကြာမီ အစီအရင်တစ်ခုလုံး ပြိုကျနို်ငကြောင်း တွေးမိသည်။

ထိုသို့ဖြစ်လာလျှင် သူအပါအဝင် မြို့တွင်းရှိ လူသားအားလုံး၏ ကံကြမ္မာမှာ မတွေးဝံ့စရာပင် ဖြစ်သည်။ ထို့ကြောင့် အချိန်မဆွဲတော့ဘဲ အမြန်ဆုံးနည်းဖြင့် ဤတိုက်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။ အတ္တမူကျောက်စိမ်းအတွင်းရှိ လက်ကျန်စွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီးနောက် နက်ရှိုင်းသော စွမ်းအင်လှိုင်းတစ်ရပ် ထွက်ပေါ်လာတော့သည်။

“သေစမ်း”

ထို့နောက်တွင် မြေဓာတ်ပုဆိန်လှံသည် ဥက္ကာခဲကြွေကျသည့်ပမာ ပန်ပိုင်ယန်ထံ ဦးတည်၍ အရှိန်အဟုန်ပြင်းစွာ သက်ဆင်းလာသည်။ ပန်ပိုင်ယန်လည်း မပေါ့ဆရဲဘဲ ဓမ္မရတနာဓားကို အလင်းလွှာတစ်လွှာပြီးတစ်လွှာ ဖွဲ့စည်းပေါင်းစပ်လျက် ပုဆိန်လှံကို ကာဆီးရန် ပြင်ဆင်ထားသည်။ သို့ သော် ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ ဦးခေါင်းထက်မှ တောင်ကြီးတစ်လုံး ပျံထွက်လာသည်ကို မထင်မှတ်ဘဲ မြင်လိုက်ရသည်။ ထိုတောင်ကြီးကို နတ်ဘုရားအလင်းတစ်မျိုးက ဖုံးလွှမ်းထားသည်၊ တောင်ကြီးသည် ရန်သူကို အလိုလိုသိရှိနေသည့်အလား ပန်ပိုင်ယန်၏ အဆင့် ၄ ဓမ္မရတနာဓားကို မျက်နှာမူလျက် ချိန်ရွယ်လိုက်သည်။

ထိုတစ်ခဏတွင် မူလက တလက်လက်တောက်ပနေသော ဓားပျံသည် ရုတ်တရက် ညှိုးကျလာ ပြီး အထိန်းအကွပ်မဲ့သည့် အသွင်ကိုဆောင်လာသည်။ အချိန်မရွေး တောင်ကြီးရှိရာထံသို့ အထိန်း အချုပ်မဲ့ လွင့်ပါသွားတော့မည့် အရိပ်လက္ခဏာများပြလာသည်။

“ဘာလဲဟ ဒွိအစွန်းနတ်ဘုရားတောင်လား။ မင်းမှာ ဒီလိုဓမ္မရတနာမျိုး ရှိနေတယ်ပေါ့”

ပန်ပိုင်ယန်သည် တုန်လှုပ်ခြောက်ချားစွာ ရေရွတ်လိုက်မိသည်။ ကျန်းချန်ရွှမ်ထံတွင် သတ္တုအခြေခံလက်နက်နှင့် ဓမ္မရတနာမှန်သမျှကို ချုပ်ထိန်းနိုင်သည့် ဓမ္မရတနာမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု စိတ်ပင်မကူးဖူးပါ။ ပုံစံအရ ကျန်းချန်ရွှမ်၏ ဒွိအစွန်းနတ်ဘုရားတောင်သည် ဓမ္မရတနာလောင်း အဆင့်သာ ရှိသေးသော်လည်း သူ၏ ဓမ္မရတနာဓားပျံအပါအဝင် အဆင့် ၃ သတ္တုလက်နက်များ ကို ကောင်းစွာချုပ်ထိန်းနို်ငပါသေးသည်။ ကျန်းချန်ရွှမ်သည် သည်တစ်ချီတွင် ပွဲကိုအပြီးဖြတ်ရန် ဆုံးဖြတ်ထားသည့်အလျောက် နောက်ထပ် ဝှက်ဖဲတစ်ခုကို ထုတ်သုံးလိုက်ပြန်သည်။

ကျန်းချန်ရွှမ်သည် ရှေးဦးစိတ်ဝိညာဉ်ရတနာဖြစ်သည့် ကောင်းကင်ခွင်ကျယ် နတ်ဘုရားကျောက်စိမ်းကို ရာနှုန်းပြည့်အသက်သွင်းလိုက်ပြီး နေမင်းလောင်ကျွမ်းခြင်းမြားနှင့် ပေါင်းစပ်အားဖြည့် ကာ နဂိုမူရင်းစွမ်းအားထက် ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သည်။ ပန်ပိုင်ယန်သည် သူ၏ဦးနှောက်ကို တရဲရဲတောက်လောင်နေသည့် သံချောင်းနှင့် ထပ်တလဲလဲ ထိုးဆွနေသလို ခံစားလိုက်ရသည့်အတွက် ငယ်သံပါအောင် အော်ဟစ်လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူ၏ ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးလာသည်။ ထိုအချိန်တွင် မြေဓာတ်ပုဆိန်လှံသည် သူ့အပေါ်သို့ အရှိန်ပြင်း စွာ ကျဆင်းလာသည်။

အစွမ်းကင်းမဲ့လုနီးနီး ဖြစ်နေသော အဆင့် ၄ ဓားပျံသည်လည်း ပုဆိန်လှံကို ခုခံနိုင်စွမ်း မရှိဘဲ အဝေးသို့လွင့်စင်သွားတော့သည်။ ထို့နောက်တွင် ပုဆိန်လှံကြီးသည် ပန်ပိုင်ယန်ကို တစ်စစီချေမွ ဖျက်ဆီးပစ်လိုက်သည့်အတွက် ရွှေအမြုတေတစ်ခုသာ လေတွင်ဝဲလျက် ကျန်ရစ်ခဲ့သည်။ အမြုတေထံမှ အားနည်းနေသည့် နတ်ဘုရားအာရုံတစ်ခု ဖြန့်ကျက်လာပြီး မကျေမချမ်းအသံတစ်ခု ထွက်ပေါ်လာသည်။

“ငါလက်မခံနိုင်ဘူး။ မင်းစောင့်နေ၊ တစ်နေ့ မင်းပြန်ပေးဆပ်ရမယ်”

စကားဆုံးသည်နှင့် ရွှေအမြုတေသည် အလင်းများ ပြိုးပြက်လာပြီး နေရာမှပျောက်ကွယ်ကာ အဝေးသို့ထွက်ပြေးသွားတော့သည်။ သို့သော် ထိုအချိန်တွင် ဗလာနယ်ထဲမှ ဓားတစ်စင်းထွက်ပေါ်လာပြီး ရွှေအမြုတေထွက်ပြေးနေသည့် လမ်းကြောင်းအတွင်း ရုတ်တရက် ရောက်ရှိလာကာ အမြုတေကို ခုတ်ပိုင်းလိုက်တော့သည်။ အမြုတေ၏ မျက်နှာပြင်တစ်လျှောက်တွင် အက်ကွဲရာများ ဥဒဟိုပေါ်လာသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

***

All Chapters