ကုယွဲ့ဖန်း ရောက်လာပြီ
Vol. 15 Ch. 295
ကျန်းချန်ရွှမ်သည် လက်ဟန်သင်္ကေတအချို့ကို ပြုလုပ်ပြီး ပန်ပိုင်ယန်ရှိနေသည့် အမြုတေထံ မန္တန်တစ်ခု ထုတ်လွှင့်လိုက်သည်။ မကြာမီ အမြုတေအတွင်းရှိ ပန်ပိုင်ယန်၏ အော်သံများ တိတ်ဆိတ်သွားသလို အမြုတေမျက်နှာပြင်ထက်ရှိ ဝိညာဉ်အလင်းများလည်း ငြိမ်းသွားတော့သည်။ ထိုအခါတွင် ကျန်းချန်ရွှမ်သည် အမြုတေကို အသာအယာ ဖမ်းယူလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်ခုအတွင်း သိမ်းဆည်းထားလိုက်သည်။ ကျန်းချန်ရွှမ်သည် ကိုယ်ခန္ဓာကို တစ်ချက်လှုပ်ရှားလိုက်ရာ တိုက်ပွဲစက်ဝန်းအပြင်ကို ရောက်ရှိလာတော့သည်။ ထိုအခါ နတ်ဆိုးသားရဲထိုးစစ်ကို အသည်းအသန်ခုခံနေသော ဟွားမန်ရုံ၊ လီဖေးနှင့် ပိုင်မင်ရှန်းအပါအဝင် ကျင့်ကြံသူအားလုံး ကျန်းချန်ရွှမ်ကိုကြောင်လျက် ကြည့်နေမိကြသည်။
ကျန်းချန်ရွှမ်သည် စက်ဝန်းငယ်အတွင်း၌ ပန်ပိုင်ယန်နှင့် တိုက်ပွဲဝင်နေမှန်း သူတို့အားလုံး သိပြီးဖြစ်သလို ပန်ပိုင်ယန်သည် ရွှေအမြုတေအဆင့်ဖြစ်၍ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကိုလည်း သိပြီးဖြစ်သည်။ ရွှေအမြုတေပထမ အဆင့်သာရှိသူဖြစ်သော်လည်း ထိုအဆင့်သည် ကျန်းချန်ရွှမ်လို ကျီဖုအဆင့် အသာထား၊ ရွှေအမြုတေ ပဏာမအဆင့်သည်ပင် ယှဉ်ပြိုင်ရန် စိတ်မကူးဝံ့သည့် နယ်ပယ်တစ်ရပ်ဖြစ်သည်။ ယခုတော့ ကျန်းချန်ရွှမ်သည် စက်ဝန်းအတွင်းမှ ဒဏ်ရာတစ်စုံတစ်ရာပင် ရရှိခြင်းမရှိဘဲ အေးအေးလူလူ ထွက်လာနိုင်သည်ကို ကြည့်၍ ကျန်လူများအားလုံး အံ့အားသင့်မှင်သက်ကုန်ကြသည်။ ပန်ပိုင်ယန်တစ်ယောက် ကျန်းချန်ရွှမ်လက်ချက်ဖြင့် ကိစ္စတုံးပြီလားဟု အားလုံးတွေးမိလိုက်ကြသေးသည်။
“အားလုံးပဲ၊ ကျုပ်ခဏနားမှဖြစ်မယ်၊ မြို့တော်ကို ခင်ဗျားတို့ပဲ ကာကွယ်ပေးထားကြပါဦး”
ကျန်းချန်ရွှမ်သည် ဟွားမန်ရုံတို့လူစုကို အထက်ပါအတိုင်း ပြောကြားပြီးနောက် ရှန်းရူယန်ထံသို့ ဖြည်းဖြည်းချင်းလျှောက်လိုက်ပြီး
“ရူယန် ကိုယ်သုံးရက်လောက် အားနည်းနေလိမ့်မယ်၊ ဒီအတောအတွင်း ကိုယ်ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ မင်းကိုပဲအားကိုးရမှာပဲ”
စကားဆုံးသည်နှင့် ကျန်းချန်ရွှမ်၏ မျက်နှာသည် ဖြူဆုတ်သွားပြီး လက်ကျန်ခွန်အားမှန်သမျှသည် ဒီရေလှိုင်းကျသလို ပျောက်ဆုံးသွားတော့သည်။ လက်ရှိအချိန်တွင် မတ်တတ်ပင်မရပ်နိုင် တော့သည့်အတွက် မြေပြင်ထက်တွင် ခြေချိတ်ထိုင်လိုက်ရသည်။ ရှန်းရူယန်သည် ခင်ပွန်းဖြစ်သူ၏ ဖြစ်အင်ကို မြင်သောအခါ စိုးရိမ်သွားပြီး
“ယောက်ျား ရှင်ဘာဖြစ်လာသလဲ”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဓမ္မစွမ်းအင်အနည်းငယ် သွတ်သွင်းကာ စမ်းသပ်ကြည့်သည်။ ထိုအခါ အကြောင်းရင်းမှန်ကို သိလိုက်ရပြီး သက်ပြင်းချမိသည်။ ကျန်းချန်ရွှမ်သည် ဒဏ်ရာရရှိခဲ့ခြင်း မဟုတ်ဘဲ အင်အားကုန်ခန်းသွားခြင်းသာဖြစ်ပြီး ရက်အနည်းငယ် အနားယူလိုက်ပါက ပုံမှန်အတိုင်း ပြန်ကောင်းသွားပါလိမ့်မည်။ ထိုအချိန်တွင် အစီအရင်အပြင်ဘက်မှ ဝန်းရံတိုက်ခိုက်နေသော ဝံပုလွေဘုရင်သည် မြို့တွင်းရှိ ပန်ပိုင်ယန်၏အော်ရာ ပျောက်ဆုံးသွားသည်ကို သတိထားမိလိုက်သည်နှင့် ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။
“သောက်သုံးမကျတဲ့ အမှိုက်သရိုက်ကောင်”
ရှေးဟောင်းမူလမြို့တော်ကို အတွင်းမှနေ၍ ဖြိုခွဲမည့်အကြံ မအောင်မြင်ကြောင်း ဝံပုလွေဘုရင် ရိပ်မိလိုက်သည်။ ထို့ကြောင့် မြို့ကိုသိမ်းပိုက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ပြင်ပကနေ တရစပ်ဖိအားပေး၍ လူသားများ၏ ရင်းမြစ်နှင့် ဝိညာဉ်ကျောက်တုံးများကို ကုန်ခန်းစေသည့် တစ်နည်းသာကျန်ပါတော့သည်။ ထိုအချိန်ရောက်လျှင် အဆင့် ၄ သားရဲဘုရင် မပါလျှင်တောင် ကျန်သားရဲများဖြင့်ပင် မြို့တော်ကို အလွယ်သိမ်းပိုက်နိုင်မည်ဖြစ်သည်။ သို့သော် လျန်နိုင်ငံရှိ ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့သည် ပြင်ပနိုင်ငံတစ်နိုင်ငံမှ အဆင့် ၄ သားရဲဘုရင်တစ်ဦးက သူတို့ပိုင်မြို့ကို တိုက်ခိုက်နေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ဟု ဝံပုလွေဘုရင်ယူဆမိသည်။
မကြာခင်ရက်ပိုင်းအတွင်း ထိုဂိုဏ်းမှ ရွှေအမြုတေအဆင့် စစ်ကူများ ရောက်ရှိလာမည့်အရေးကို တွက်ဆပါက သူ့အတွက် အခြေအနေမကောင်းနိုင်ကြောင်း ဝံပုလွေရိပ်စားမိသည်။ ထို့ကြောင့်ပင် သူသည် ရှေးဟောင်းမူလမြို့ကို မမှိတ်မသုန် စိုက်ကြည့်လိုက်ပြီးနောက် ရှည်လျားစွာ အူညည်းလိုက်သည်။ ထို့နောက်တွင် အဝေးတောင်တန်းများသို့ ဆုတ်ခွာသွားတော့သည်။ ဝံပုလွေဘုရင် ဆုတ်ခွာသွားသည်ကိုမြင်မှ ရှန်းရူယန်နှင့် ဟွားမန်ရုံတို့လည်း သက်ပြင်းချနိုင်တော့သည်။ ဝံပုလွေ ဘုရင်သာ ခေါင်းမာပြီး နောက်ထပ်ရက်အနည်းငယ် ဆက်တိုက်ခဲ့လျှင် ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားမည်ဖြစ်ပြီး အစီအရင်ကျိုးပျက်ဖို့ ရာနှုန်းပြည့်သေချာနေပါသည်။ ကံကောင်းစွာဖြင့် ဝံပုလွေဘုရင်သည် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် သူတို့အားလုံး အသက်ရှုချောင်သွား သည်ဟု ဆိုရမည်။
လတ်တလောတွင် ဟွားမန်ရုံတို့အတွက် တတ်နိုင်သည်က ကျောက်စိမ်းရေဓားစင်မြင့် သို့မဟုတ် ကောင်းကင်ယွဲ့ဂိုဏ်းမှ စစ်ကူများ အမြန်ရောက်လာပါစေဟု ဆုတောင်းရုံသာရှိသည်။ လီဖေးနှင့် ဟွားမန်ရုံတို့လည်း တာဝန်ရှိသည်နှင့်အညီ တိုက်ပွဲအခြေအနေများကို စင်မြင့်ဌာနချုပ်ထံ စာရေး တင်ပြလိုက်သည်။ ငါးရက်ကြာလျှင် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခုသည် ရှေးဟောင်းမူလမြို့ထံသို့ လျင်မြန်စွာ ပျံသန်းလာပြီး မြို့အတွင်းတစ်နေရာတွင် ဆင်းသက်လိုက်သည်။ ထိုသူသည် ကိုယ်ပျောက်ဓား ဟုနာမည်ကျော်ကြားသည့် ကုယွဲ့ဖန်း ပင်ဖြစ်သည်။ ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်၊ ဟွားမန်ရုံနှင့် လီဖေးတို့ကို တစ်လှည့်စီကြည့်ပြီး
“ဖြစ်ခဲ့တာအားလုံးကို ငါကြားပြီးပြီ၊ လက်ရှိအခြေအနေက ဘယ်လိုလဲ”
ထိုအခါ ကျန်းချန်ရွှမ်က ထိန်းချုပ်စည်းများ အထပ်ထပ်ရစ်ပတ်ထားသည့် ကျောက်စိမ်းသေတ္တာ တစ်လုံးကို ကမ်းပေးလိုက်သည်။
***