← Chapters

ကုယွဲ့ဖန်းရောက်လာပြီ (၂)

Vol. 15 Ch. 296

ကုယွဲ့ဖန်းရောက်လာပြီ (၂)

Vol. 15 Ch. 296

“စီနီယာကု၊ ပန်ပိုင်ယန်ရဲ့ ရွှေအမြုတေကို ကျောက်စိမ်းသေတ္တာထဲမှာ ပိတ်ထားပါတယ်။ သူ့ကို မသတ်သေးတာက စီနီယာအလာကို စောင့်ပြီး သူ့ကိုစစ်ဆေးစေချင်လို့ပါ”

ကုယွဲ့ဖန်းသည် ဖြစ်ပြီးသမျှအကြောင်းစုံကို ဟွားမန်ရုံက စာဖြင့်ရေးသားအစီရင်ခံ၍ အကြမ်း ဖျဉ်းသိရှိပြီးဖြစ်သော်လည်း ကျန်းချန်ရွှမ်က သေတ္တာကို ကမ်းပေးလိုက်သည့်အခါ ချက်ချင်းမယူသေးဘဲ ကျန်းချန်ရွှမ်ကို ကျေနပ်အားရဟန်နှင့် စိုက်ကြည့်လိုက်ပြီးမှ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ရင်း

“ကောင်းတယ် ကောင်းတယ်”

ထို့နောက် သေတ္တာကိုလှမ်းယူပြီး အသာအယာ တို့ထိလိုက်သည်။ ထိုအခါ သေတ္တာကို ရစ်ပတ်ထားသည့် ထိန်းချုပ်စည်းများ အရည်ပျော်လာသည်။ ထို့နောက်တွင် မျက်နှာပြင်တစ်ခုလုံး အက်ကွဲရာများ ပြည့်နေသည့် ရွှေအမြုတေလုံးသည် သေတ္တာအတွင်းမှ ခုန်ထွက်ပြီး အဝေးသို့ ပျံသန်းသွားသည်။ ဤသည်ကိုကြည့်လျက် ကုယွဲ့ဖန်းတစ်ယောက် နှာခေါင်းရှုံ့လိုက်သည်။ ထိုအခါတွင် ထွက်ပြေးနေသည့် အမြုတေလုံးသည် ရုတ်တရက်ရပ်သွားတော့သည်။

“ကုယွဲ့ဖန်း မင်းကိုယ်တိုင်လာတာကိုး”

ကုယွဲ့ဖန်းသည် အချိန်မဆွဲဘဲ ရွှေအမြုတေလုံးကို ဖမ်းယူကာ သေတ္တာအတွင်း ပြန်ချလိုက်သည်။ ထို့နောက် လက်ဖြင့် နောက်တစ်ကြိမ် တို့ထိလိုက်ရာ တွင်းနက်ပုံစံ ဝဲကတော့တစ်ခုသည် ကုယွဲ့ဖန်း၏ မျက်လုံးအတွင်း၌ ပေါ်လာပြီး အမြုတေမှ ထုတ်လွှတ်နေသည့် အော်ရာလှိုင်းများ အားနည်းလာသည်။ နောက်ဆုံးတွင် အစအနမကျန်အောင် ပေါက်ကွဲပျက်စီးသွားတော့သည်။ ထိုမြင်ကွင်းကြောင့် လူအားလုံး အံ့အားသင့်သွားပြီး ကုယွဲ့ဖန်းကို မေးခွန်းထုတ်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ကုယွဲ့ဖန်းသည် မျက်လုံးအစုံကို မှိတ်လျက် တစ်စုံတစ်ခုကို စဉ်းစားတွက်ချက်နေပုံပေါ်သည်။ တစ်အောင့်မျှအကြာတွင် မျက်လုံးကိုဖွင့်လိုက်ပြီး

“ပန်ပိုင်ယန်က လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက နတ်ဆိုးသားရဲတွေနဲ့ ပူးပေါင်းခဲ့တယ်၊ သူ ရွှေအမြုတေသိပ်သည်းနိုင်ခဲ့တာ နတ်ဆိုးသားရဲတွေရဲ့ အကူအညီကြောင့်ပဲ”

သူ့စကားသံသည် တိုးဖွသော်လည်း ကြားရသူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်ပမာ ကျယ်လောင်ကြည်မြနေသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် နတ်ဆိုးသားရဲများ၏ သူလျှိုဖြစ်နေသည်တဲ့။ ဤသတင်းသာ ပျံနှံ့သွားပါက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ရုတ် ရုတ်သဲသဲဖြစ်စေမှာ သေချာသည်။ လူသားများသည် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ရေးအတွက် စိတ်ပင်မကူးဝံ့သည့် လုပ်ရပ်များကို ကျူးလွန်နိုင်ကြောင်း ပန်ပိုင်ယန်က သက်သေပြနေသည်။ ထို့နောက်တွင် ကုယွဲ့ဖန်းကပင် ဆက်လက်ရှင်းပြသည်။

“သူ့ကိုတာဝန်ပေးလိုက်သူက ရေလွှမ်းနဂါးဘုရင်ပဲ။ သူ့တာဝန်က ဝံပုလွေဘုရင်နဲ့ ပူးပေါင်းပြီး ရှေးဟောင်းမူလမြို့တော်ကို ဖျက်ဆီးဖို့နဲ့၊ ဒီတောင်တန်းဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး မြောက်ပိုင်းတောအုပ်အထိ နယ်မြေချဲ့ထွင်ဖို့ပဲ”

ကုယွဲ့ဖန်းရည်ညွှန်းသည့် မြောက်ပိုင်းတောအုပ်ဆိုသည်မှာ လျန်နိုင်ငံ၏ မြောက်ဘက်ရှိ ရင်းမြစ်များပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပြီး လတ်တလောတွင် ကျီဖုအဆင့် ကျင့်ကြံသူများ မပြတ်စောင့်ကြပ်လျက်ရှိသည်။ ဝံပုလွေဘုရင်နှင့် ပန်ပိုင်ယန်တို့၏ အကြံသာ အောင်မြင်သွားခဲ့ပါက လျန်နိုင်ငံ၏ ရှေ့တန်းခံတပ်ဖြစ်သည့် ရှေးဟောင်းမူလတောင်တန်း တစ်ကြောလုံးကို ဆုံးရှုံးရ မည့်အပြင် အဆင့် ၄ ဝိညာဉ်သွေးကြောကိုပါ ဆုံးရှုံးရမည်မှာ ကျိန်းသေသည်။ ဟွားမန်ရုံနှင့် ကျန်လူများသည် ထိုအချက်ကို စဉ်းစားမိသောအခါ ကျောများပင်စိမ့်တက်လာတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သာ သူတို့အဖွဲ့တွင်မရှိခဲ့ပါက မည်သို့မည်ပုံ ဖြစ်ပျက်မည်ကို စိတ်ပင်မကူးဝံ့ကြပါ။

“ဆရာ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”

ဟွားမန်ရုံက ဆရာဖြစ်သူ ကုယွဲ့ဖန်းကို စိုးရိမ်တကြီး မေးလိုက်ရာ လူအားလုံး၏ အကြည့်က ကု ယွဲ့ဖန်းထံ ကျရောက်သွားသည်။ ကုယွဲ့ဖန်းက ခေတ္တခဏ စဉ်းစားလိုက်ပြီးမှ တွေးတွေးဆဆနှင့် ပြောသည်။

“ပုံမှန်အတိုင်းဆိုရင် ငါဒီမြို့ရောက်နေတာကို အတော်များများ မသိကြသေးဘူး။ အထူးသဖြင့် ဝံပုလွေဘုရင်နဲ့ နတ်ဆိုးသားရဲတွေ သိဦးမှာမဟုတ်သေးဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ဒီဒေသက နတ်ဆိုးသားရဲတွေအားလုံးကို အပြတ်ရှင်းဖို့ စီစဉ်ထားတယ်”

“တကယ်လား”

ကုယွဲ့ဖန်း၏ စကားကြောင့် ဟွားမန်ရုံနှင့် ကျန်လူများအားလုံး မှင်သက်သွားကြသည်။ ကုယွဲ့ဖန်းသာ ဝံပုလွေဘုရင်ကို သုတ်သင်နိုင်ခဲ့လျှင် ဟွားမန်ရုံနှင့်တကွ ရှေးဟောင်းမူလမြို့တော်တွင် တာဝန်ကျသော လူသားကျင့်ကြံသူများ အားလုံးအတွက် ကပ်ဘေးအပြီးတွင် အသက်ရှင်ကျန်ခဲ့ရန် အခွင့်အလမ်းများလာမည်ဖြစ်သည်။ ကုယွဲ့ဖန်းတစ်ယောက် ရှေးဟောင်းမူလမြို့တော်ကို ရောက်ရှိနေပြီး အဆင့် ၄ ဝံပုလွေဘုရင်ကို သုတ်သင်လိုက်သည့် သတင်းကိုသာ နတ်ဆိုးသားရဲ များ ကြားသိသွားပါက ဤမြို့ကို နောက်တစ်ကြိမ် ထိုးစစ်ဆင်ရန် တွန့်ဆုတ်သွားမှာ သေချာပါသည်။ ထိုစဉ် ကုယွဲ့ဖန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ဝံပုလွေဘုရင်က ထွက်ပြေးတိမ်းရှောင်တဲ့ နေရာမှာ သူမတူအောင် ကျွမ်းကျင်တယ်လို့ သိရတယ်။ ဒီတော့ ငါတစ်ယောက်တည်းနဲ့ သူ့ကိုသတ်နိုင်ဖို့ မသေချာဘူး”

ဤနေရာတွင် ကုယွဲ့ဖန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖက်ကို လှည့်ကြည့်လိုက်ပြီး

“ဒါကြောင့် မင်းတို့နှစ်ယောက်ရဲ့ အကူအညီကို လိုလာလိမ့်မယ်၊ မစိုးရိမ်ပါနဲ့၊ မင်းတို့ကို သူနဲ့ထိပ်တိုက်မရင်ဆိုင်ခိုင်းပါဘူး။ သူထွက်ပြေးမဲ့လမ်းကြောင်းကို ကြိုတင်ပိတ်ဆို့ပေးရုံပါပဲ”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်က

“ကျွန်တော်တို့နှစ်ယောက်က နောက်ကွယ်ကနေ ကူညီပေးရုံပဲဆိုတော့ ကိစ္မမရှိပါဘူး။ ဒါပေမဲ့ စီနီယာကုကို မေးချင်တာတစ်ခုရှိပါတယ်။ ဝံပုလွေဘုရင်က လျန်နိုင်ငံကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ပုံမှန်အတိုင်းဆို ကျင်းနိုင်ငံမှာပဲ ရှိနေရမှာမလား”

ကျန်းချန်ရွှမ်၏ မေးခွန်းမှာ လူတိုင်းသိချင်နေကြသည့် ပဟေဠိဖြစ်နေ၍ ဟွားမန်ရုံအပါအဝင် လူ အားလုံးသည် ကုယွဲ့ဖန်း၏ အဖြေကို မျှော်လင့်စောင့်စားနေကြသည်။ ကုယွဲ့ဖန်းက မျက်မှောင်ကြုတ်သွားပြီး အတန်ကြာငြိမ်နေပြီးမှ

“ဒါတော့ငါလည်းမသိဘူး။ ဒါပေမဲ့ ဒီကပ်ဘေးပြီးရင် ကျင်းနိုင်ငံကိုသွားပြီး ဖြေရှင်းချက်တောင်းဖို့ စဉ်းစားထားတယ်။ အဲဒီအချိန်ရောက်ရင် မင်းတို့အားလုံး စိတ်ပိုင်းအရ ပြင်ဆင်ထားဖို့လိုမယ်”

ကုယွဲ့ဖန်းသည် မည်သည့်အတွက် ပြင်ဆင်ရမည်ကို အသေးစိတ်ရှင်းပြခြင်းမရှိပါ။ ကျန်းချန်ရွှမ် နှင့် ရှန်းရူယန်တို့ ဝိုးတဝါးနားလည်မိသည်က သည်အရေးအခင်းပြီးလျှင် ကန်းနန်ဒေသရှိ နိုင်ငံငါး နိုင်ငံတွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာလိမ့်မည် ဟူ၍သာဖြစ်သည်။ ရက်အနည်းငယ်ကြာ ပြီးနောက်တွင် လှိုဏ်ဂူထဲတွင် ကျင့်ကြံနေသော ကျန်းချန်ရွှမ်သည် မြို့တံတိုင်းအပြင်ဘက် တစ်နေရာမှ အလွန်အားကောင်းသည့် အော်ရာလှိုင်းတစ်ခုကို ခံစားမိလိုက်သည်။ ထိုအော်ရာလှိုင်း၏ ပိုင်ရှင်သည် ဝံပုလွေဘုရင်ပင်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အရှေ့ဘက်တံတိုင်းကို ရောက်သည့်အခါ မြို့ပြင်တစ်နေရာတွင် နတ်ဆိုးသားရဲတပ်ကြီး စုဝေးနေသည်ကို တွေ့လိုက်ရ တော့သည်။

ထိုသားရဲများအနက် အဆင့် ၃ သားရဲ အကောင်ရေ သုံးဆယ်ထက်မနည်း ပါဝင်ပြီး အများစုမှာ အဆင့် ၃ အလယ်နှင့် အနိမ့်စားအဆင့်သာဖြစ်သည်။ သို့သော် အဆိုပါအစုအဖွဲ့သည် ကြယ်သံကြိုးအစီအရင်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်သည်မှာ ထင်ရှားသည်။ စစ်ပွဲ၏ သဘောမှာ အရေအတွက်သည် အတိုင်းအတာတစ်ခုထိ ရောက်လျှင် အရည်အချင်းအဖြစ် ပြောင်းလဲသွားတတ်သည့် သဘောရှိသည်။ ထို့ပြင် အစီအရင်အတွက် ဝိညာဉ်ကျောက်တုံးများ လျော့နည်းလာ သည်ကလည်း လူသားကျင့်ကြံသူများအတွက် ပြဿနာတစ်ရပ်ဖြစ်နေပြန်သည်။ ကုယွဲ့ဖန်းသာ ဝိညာဉ်ကျောက်တုံး အမြောက်အများကို သူနှင့်တစ်ပါတည်း မယူလာမိခဲ့လျှင် လက်ရှိအချိန်တွင် ကြယ်သံကြိုးအစီအရင် လည်ပတ်နိုင်တော့မည် မဟုတ်ပါ။

“ဆရာ ကျွန်မတို့ဘာလုပ်ကြမလဲ”

ဟွားမန်ရုံသည် သူမ၏ရှေ့မှောက်ရှိ နတ်ဆိုးသားရဲအုပ်ကြီးကို မြင်ပြီးနောက် စိုးရိမ်တကြီး မေး လိုက်သည်။ သားရဲအရေအတွက်မှာ ရှေးအကြိမ်များထက် ပိုမိုများပြားလာရုံမက ဝံပုလွေဘုရင် အသစ်ခေါ်ဆောင်လာသည့် အဆင့်မြင့်သားရဲများပါ ထပ်မံအားဖြည့်ထားရာ စိုးလည်းစိုးရိမ်စရာပင်ဖြစ်သည်။ ထိုဝံပုလွေဘုရင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ပျောက်နေခဲ့ခြင်းမှာ ထိုသားရဲများကို စစ်ကူသွားခေါ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။ လက်ရှိအချိန်တွင် ကုယွဲ့ဖန်းကိုယ်တိုင်ပင် ဝံပုလွေဘုရင်ကို သုတ်သင်ရန်အတွက် အဆိုပါ အဆင့်မြင့်သားရဲများကို အရင်ဆုံး အာရုံလွှဲဖို့လိုပါဦး မည်။ ထို့ပြင် ဝံပုလွေဘုရင်သည် ရှေ့ထွက်ခြင်းမရှိဘဲ နောက်တန်းတစ်နေရာတွင် နေရာယူထားသည့် သဘောအရ အဆင့်မြင့်သားရဲများကို ဦးဆုံးစေလွှတ်မည့် သဘောဖြစ်ဟန်တူသည်။

ထိုအခိုက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ကျန်း ချန်ရွှမ်က ရှေ့တက်လာပြီး

“စီနီယာကု ကျွန်တော်တို့မှာ နောက်တစ်နည်းရှိသေးတယ် ထင်ပါတယ်”

“ဘာ နောက်တစ်နည်း ဟုတ်လား”

လူအားလုံးသည် ကျန်းချန်ရွှမ် ပြောမည့်စကားကို စိတ်ဝင်စားစွာ အာရုံစိုက်လိုက်ကြသည်။

***

All Chapters