သေခြင်းအစားထိုးရတနာ (၂)
Vol. 15 Ch. 298
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သားရဲခုနစ်ကောင် သေဆုံးသွားပြန်သည်။ ကျန် အဆင့် ၃ သားရဲများမှာ တစ်ချိုးတည်း ထွက်ပြေးကုန်ကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တိုက်ပွဲ ဝင်စွမ်းရည်မှာ အဆင့် ၃ ကို ကျော်လွန်ပြီးဖြစ်၍ သူတို့လို အဆင့် ၃ သားရဲများကို သတ်ဖြတ်ရသည်မှာ အထူးပင်လွယ်ကူနေတော့သည်။ ထိုမြင်ကွင်းကို နောက်တန်းတစ်နေရာတွင် ကြည့်နေသော ဝံပုလွေဘုရင်၏ မျက်နှာမှာ မည်းမှောင်လာသည်။ ထို့နောက်တွင် မြေပြင်တစ်ခုလုံး တုန်ခါလုနီးနီး ကျယ်လောင်စွာ အူလိုက်သည်။ ရွှေအမြုတေအဆင့် ဝိညာဉ်ဖိအားလှိုင်းလုံးကြီး ထွက် ပေါ်လာပြီး ဒရောသောပါး ထွက်ပြေးနေသည့် အဆင့် ၃ သားရဲများအပါအဝင် သားရဲအုပ်ကြီးကို ရိုက်ခတ်သွားသည်။
“ထွက်ပြေးတဲ့ကောင်တွေ အကုန်သေမယ်”
စကားဆုံးလျှင်ဆုံးချင်း ရာထောင်ချီသည့် နတ်ဆိုးသားရဲများသည် နေရာတွင်ပင် ရုတ်တရက် ပေါက်ကွဲပြီး သွေးမြူအဖြစ် ပြောင်းကုန်ကြသည်။ ကျန်ရှိနေသော အဆင့် ၃ သားရဲများမှာ အထူးပင်တုန်လှုပ်ခြောက်ချားသွားပြီး ဝံပုလွေဘုရင်ကို ထိတ်လန့်စွာကြည့်မိလိုက်ကြသည်။
“ငါပြောတာမရှင်းဘူးလား၊ မင်းတို့ကို နောက်တစ်ခါပြောရမှာလား”
ဝံပုလွေဘုရင်က အေးစက်စွာ ဆိုလိုက်သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်တို့နှစ်ဦးသည် သူ တို့အပေါ်သို့ ပြင်းထန်ရက်စက်သည့် ဖိအားတစ်ရပ် နိမ့်ဆင်းလာကြောင်း သတိပြုမိလိုက်သည်။ ဝံပုလွေဘုရင်က ကျန်းချန်ရွှမ်တို့နှစ်ဦးကို မီးဝင်းဝင်းတောက်သည့် မျက်လုံးများဖြင့် ကြည့်ရင်း
“လူကောင်တွေ မင်းတို့ကြောင့် ဒီတစ်ခါ ငါတကယ်ဒေါသထွက်သွားပြီ”
စကားဆုံးသည်နှင့် ဝံပုလွေဘုရင်သည် နေရာမှပျောက်ကွယ်သွားပြီး ကျန်းချန်ရွှမ်တို့၏ ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားမိသည်။ ဝံပုလွေဘုရင်ထံမှ ရရှိသည့် အန္တရာယ်အငွေ့အသက်သည် ပန်ပိုင်ယန်ထက် မယှဉ်သာအောင် သာလွန်နေကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် ဝံပုလွေဘုရင်သည် နှုတ်သီးကိုဟလျက် အနီရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် လေထုကိုဖြတ် သန်းနေစဉ်အတွင်း တစ်စထက်တစ်စ ကြီးမားလာပြီး နောက်ဆုံးတွင် ပေတစ်ထောင်ကျော် ရှည် လျားသည့် ဝံပုလွေခေါင်းတပ် ဓားရှည်ကြီးအဖြစ် အသွင်ပြောင်းကာ ကျန်းချန်ရွှမ်တို့နှစ်ဦးကို အလျားလိုက် ခုတ်ပိုင်းလိုက်တော့သည်။
“မကောင်းတော့ဘူး”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး တုန်လှုပ်သွားမိသည်။ ကျန်းချန်ရွှမ်က မပေါ့ဆဝံ့ဘဲ အကန့်အသတ်မဲ့ဘီးကို ထုတ်ဖော်လိုက်ပြီး တစ်ဆက်တည်း နဂါးဆင်နတ်ဘုရားစွမ်းအားကိုလည်း အမြင့်ဆုံးအထိ မြှင့်တင်လိုက်ရသည်။ တစ်ခဏချင်းတွင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်သည် မီတာ ၂၀ အထိ ကြီးထွားသွားပြီး လက်တွင်ကိုင်စွဲထားသည့် နက်ရှိုင်းမြေဓာတ်လှံကို နားကွဲမတတ် တဝီဝီ ရွေ့လျားစေလျက် ဝံပုလွေခေါင်းတပ် ဓားပျံကို ရိုက်ထုတ်လိုက်သည်။ ရှန်းရူယန်၏ ခန္ဓာကိုယ် ပတ်လည်တွင်လည်း လျှပ်စီးကြောင်းများ ကွန့်မြူးလာပြီး ခေတ္တအကြာတွင် လျှပ်စီးနှင့်လူ တစ်သားတည်းဖြစ်တည်သွားသည်။ ရှန်းရူယန်၏ ရုပ်ပိုင်းနတ်ဘုရားစွမ်းအားဖြစ်သည့် မိုးကြိုးဝိ ညာဉ်စစ်မှန်ခန္ဓာ ဖြစ်သည်။
ဂျိန်း…
ကောင်းကင်အထက် တစ်နေရာမှ လျှပ်စီးကြောင်းများ အဆက်မပြတ် ကျဆင်းလာပြီး ဝံပုလွေ ခေါင်းတပ်ဓားကို တစ်ချက်ပြီးတစ်ချက် ထိမှန်ကုန်ကြသည်။ ပေါက်ကွဲမှုများ အဆက်မပြတ်ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် တန်ပြန်လှိုင်းများ အရပ်ဆယ်မျက်နှာကို ပျံ့နှံ့သွားသည်။ ရှောင်တိမ်းရန် အခွင့်မရသည့် နတ်ဆိုးသားရဲများသည် တန်ပြန်လှိုင်းများအတွင်း ပါသွားပြီး သဲကိုလေ တိုက်စားသလို တစ်စစီကျေပြုန်းကုန်ကြသည်။ ကောင်းကင်ထက်တွင် အနီရောင်၊ ငွေရောင်အလင်းတန်းနှစ်ခုနှင့်အတူ အဝါရောင်အလင်းလုံးတို့ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။ နောက်ဆုံးတွင် အဝါရောင်အလင်းလုံး ပေါက်ကွဲသွားပြီး ကျန်အလင်းနှစ်ခုမှာ အဝေးသို့ လွင့်စင်သွားသည်။
ထိုပုံရိပ်နှစ်ခုမှာ မြေဓာတ်ပုဆိန်လှံကို ကိုင်ဆောင်ထားသည့် ကျန်းချန်ရွှမ်နှင့် လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းထားသည့် ရှန်းရူယန်တို့ပင်ဖြစ်သည်။ နှစ်ဦးလုံး ဒဏ်ရာကိုယ်စီရရှိထားကြသည်။ ဝံပုလွေဘုရင်တစ်ဦးတည်းသာ လေထဲတွင် ဟန်မပျက်ရပ်တည်လျက် အရှိန်ပြင်းသည့် အော်ရာတစ်မျိုးကို ထုတ်လွှတ်လျက်ရှိသည်။ ၎င်းတွင် ဒဏ်ရာတစိုးတစိမျှ ရရှိထားခြင်း မရှိပါ။ ထိုအခိုက်တွင် ၎င်း၏ မျက်လုံးအစုံအတွင်း၌ သတ်ဖြတ်လိုသော အော်ရာများ ဖြစ်တည်လာပြီး ကျန်းချန်ရွှမ်တို့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ ထိုခဏတွင် ဝံပုလွေဘုရင်သည် အလွန်အန္တရာယ်ကြီးသည် အော်ရာတစ်ခု သူ့ထံသို့ ဦးတည်ချဉ်းကပ်လာသည်ကို သတိပြု မိလိုက်သည်။
ထိုအော်ရာသည် ဝံပုလွေဘုရင်၏ နှလုံးကိုပင် လှုပ်ခါစေသည့်အထိ ကြောက်မက်ဖွယ်ကောင်းနေ ၍ ကျန်းချန်ရွှမ်တို့နှစ်ဦးကို ဂရုမစိုက်နိုင်တော့ဘဲ အဆင့် ၄ ဓမ္မရတနာ ဝံပုလွေခေါင်းတပ်ဓားကို ပြန်လည်ဆင့်ခေါ်လိုက်ရသည်။ ထိုစဉ် ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရပြီး ဝံပုလွေခေါင်း တပ်ဓား၏ အသွားပေါ်တွင် အလင်းပွင့်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအလင်းပွင့် သည် ဓားသွားမှတဆင့် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကိုပါ ဖြတ်သန်းသွားသည့် အင်အားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဝံပုလွေဘုရင်သည် တစ်စုံတစ်ခုက အားကုန်တွန်းထုတ်လိုက် သည့်အလား အဝေးသို့ လွင့်စင်သွားတော့သည်။
ဘုန်း ဘုန်း ဘုန်း
၎င်း၏ ခန္ဓာကိုယ်သည် မြေပြင်ထက်ရှိ တောင်များကို တစ်လုံးပြီးတစ်လုံး ထိုးဖောက်သွားပြီး ကောင်းကင်ထက်တွင် ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခု ဖြစ်တည်လာတော့သည်။ မြင်ရသူအားလုံး မှာ ထိုမြင်ကွင်းကို အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။ ထိုအခိုက်တွင် အလွန်ထက်ရှ ပြီး အရှိန်အဝါပြင်းထန်သည့် အော်ရာလှိုင်းကို သယ်ဆောင်လာသည့် ဓားအလင်းတန်းတစ်ခု သည် လဲကျနေသော ဝံပုလွေဘုရင်၏ ကိုယ်ခန္ဓာကြီးကို နှစ်ပိုင်းတိတိ ပိုင်းဖြတ်လိုက်သည်။
“အား”
ဝံပုလွေဘုရင်၏ နာကျင်စွာ အော်ဟစ်လိုက်သံက လေထုအတွင်း ပဲ့တင်ထပ်သွားတော့သည်။ ထို့ နောက်တွင် တစ်စုံတစ်ရာကို နားလည်သွားဟန်နှင့် ဝံပုလွေဘုရင်သည် တုန်လှုပ်စွာ ရေရွတ်မိသည်။
“ကိုယ်ပျောက်ဓား ကုယွဲ့ဖန်း၊ မင်းက ကျောက်စိမ်းရေဓားစင်မြင့်က ကုယွဲ့ဖန်းပဲ”
ဝံပုလွေဘုရင်၏ စကားကို ထောက်ခံနေသည့်အလား ဓားအလင်းသည် ပိုမိုတောက်ပလာသည်။ ထိုစဉ် အဝတ်စစုတ်ပြဲသလို အသံတစ်သံကြားလိုက်ရပြီး ကိုယ်တစ်ပိုင်းပြတ်နှင့် ထွက်ပြေးနေသူ ဝံပုလွေဘုရင်သည် ရုတ်တရက် ရပ်သွားသည်။ ၎င်း၏ ဦးခေါင်းထက်တွင် သွေးနီရောင်မျဉ်းတစ်ခု ပေါ်လာပြီး ထိုမျဉ်းသည် တဖြည်းဖြည်းနိမ့်ဆင်းလာကာ ခန္ဓာကိုယ်တစ်ပိုင်းပြတ်ကို နောက်ထပ် နှစ်ခြမ်း ထပ်ခွဲလိုက်ပြန်သည်။ ထိုအချိန်ရောက်မှ ကုယွဲ့ဖန်း၏ ပုံရိပ်ကို အားလုံးမြင်တွေ့ခွင့်ရ လိုက်ကြသည်။ ကုယွဲ့ဖန်းသည် ဝံပုလွေဘုရင်ကို သတ်ဖြတ်ပြီးသော်လည်း မျက်မှောင်ကြုတ် လျက်ပင်ရှိသေးသည်။
အဘယ်ကြောင့်ဆိုသော် ဝံပုလွေဘုရင်၏အော်ရာမှာ ပျောက်ကွယ်သွားခြင်း မရှိသေး၍ဖြစ်သည်၊ တစ်ခုခုမှားနေကြောင်း သတိထားမိလိုက်သည်။
ကျွီ…
ထိုအချိန်တွင် အဝေးတစ်နေရာမှ အော်ရာလှိုင်းတစ်ခု ထွက်ပေါ်လာသောကြောင့် လူအားလုံး၏ အကြည့်မှာ ထိုနေရာကို ရောက်သွားကြသည်။ အော်ရာပိုင်ရှင်မှာ ဝံပုလွေဘုရင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် အကောင်းပကတိအတို်ငးဖြစ်နေသည်။ တည်ငြိမ်မှုမရှိသည့် လှိုင်းအတက်အကျများကြောင့်သာ ဝံပုလွေဘုရင် ဒဏ်ရာရထားမှန်း သိနိုင်ပြီး ပကတိမျက်မြင်အားဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်နေသည်။ လူအားလုံးမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်ကုန်ကြသည်။ ကုယွဲ့ဖန်း၏ လက်ချက်ဖြင့် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ် တစ်စစီပျက်စီးသွားသည်မှာ သူတို့မျက်မြင်ပင်ဖြစ်သည်။ မည်သို့ ဖြစ်ပျက်သွားသည်ကို လူအားလုံး မတွေးတတ်အောင် ဖြစ်နေသည်။
“သေခြင်းအစားထိုးရတနာပဲ၊ သူ့မှာ သေခြင်းအစားထိုးရတနာရှိနေတယ်”
ရှန်းရူယန်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ထိုစကားကြောင့် ကျန်းချန်ရွှမ်အပါအဝင် ကြားရသူတိုင်း မှင်သက်ကုန်ကြသည်။ ကုယွဲ့ဖန်းမှာမူ ထူးထူးခြားခြားပင် တည်ငြိမ်လျက်ရှိပြီး တစ်စုံတစ်ရာကို အပြင်းအထန်စဉ်းစားနေပုံရသည်။ သေခြင်းအစားထိုးရတနာအကြောင်းကို သူတို့ အားလုံး သိရှိပြီးဖြစ်သည်။ အတိုချုပ်ရှင်းပြရလျှင် တစ်ဖက်ရန်သူပေးလိုက်သည့် ဒဏ်ရာများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်စွမ်းရှိသည့် ရတနာတစ်မျိုးဖြစ်သည်။ သို့သော် လက်ခံနိုင် သည့် ဒဏ်ရာပြင်းအား ပမာဏကတော့ အတိုင်းအတာရှိပါသည်။ ဥပမာ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လိုက်သည့် ဒဏ်ကိုတော့ အဆိုပါရတနာသည် ခံယူနိုင်စွမ်း ရှိမည်မဟုတ်ပါ။
အဆိုပါ အခြေအနေမျိုးတွင် ထိုရတနာကို အသုံးပြုသူသည်လည်း အခြေတည်ဝိညာဉ်အဆင့်ရှိမှသာ အသက်ရှင်နိုင်ရန် အခွင့်အလမ်းရှိမည်ဖြစ်သည်။ ထိုထက် အရေးကြီးသည့်တစ်ချက်မှာ သေခြင်းအစားထိုးရတနာကို ပိုင်ဆိုင်ထားသူတစ်ဦး၏ နောက်ကွယ်တွင် အခြေတည်ဝိညာဉ်အဆင့် နှင့်အထက် နယ်ပယ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးရှိနေတတ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အဆင့် ၄ ဝံပုလွေဘုရင်၏ နောက်ကွယ်တွင် အဆင့် ၅ နတ်ဆိုးဧကရာဇ်ရှိနေရန် ရာခိုင်နှုန်းများနေသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကုယွဲ့ဖန်းတို့သည် သူတို့ရင်ဆိုင်နေရသည့် အရေးအခင်း၏ အတိမ်အနက်ကို နားလည်လိုက်သည့်အတွက် ကိုယ်စီသက်ပြင်းချမိလိုက်ကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဝံပုလွေဘုရင်ကို အသက်ရှင်လျက် လွတ်မြောက်ခွင့်ပေး၍ မဖြစ်ကြောင်း ကုယွဲ့ဖန်း နားလည်လိုက်သည်။ တစ်ခဏချင်းတွင် ကုယွဲ့ဖန်းသည် ဓားအလင်းတန်းအဖြစ် အသွင်ပြောင်းကာ ထွက်ပြေးနေသည့် ဝံပုလွေဘုရင်ကို ခုတ်ပိုင်းလိုက်တော့သည်။
***