မစ်ရှင်အောင်မြင်ခြင်း (၂)
Vol. 15 Ch. 300
ပထမဆုဖြစ်သည့် အတိဒုက္ခရှောင်လွှဲခြင်း ပုလဲလုံးသည် နာမည်အတိုင်းပင် ကျိန်စာကဲ့သို့ အတိ ဒုက္ခများကို ရှောင်လွှဲနိုင်စွမ်းရှိသည်။ အထူးသဖြင့် ကောင်းကင်ဘုံမှ ချမှတ်ထားသည့် အတိဒုက္ခများကို အဓိက ရှောင်ဖယ်နိုင်စွမ်းရှိသည်။ တိုက်ဆိုက်သည်မှာ ဤနတ်ဆိုးသားရဲကပ်ကြီးပြီးလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အမြုတေသိပ်သည်းခြင်း ဖြစ်စဉ်ကို စတင်ရန် စီစဉ်ထားရာ ထိုဖြစ်စဉ်တွင် စမ်းသပ်မှုအချို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုစမ်းသပ်မှုများအနက် အန္တရာယ်အကြီးဆုံးအဆင့်မှာ ကောင်းကင်ဘုံအတိဒုက္ခပင်ဖြစ်သည်။ ထိုအချိန်တွင် ဤပုလဲလုံးသည် အလွန် အသုံးဝင်လာပါလိမ့်မည်။
ဒုတိယဆုဖြစ်သည့် ထူးကဲကောင်းကင်ရေစင်သည် ကျင့်ကြံသူများကို ရွှေအမြုတေနယ်ပယ်သို့ တက်လှမ်းရာတွင် အောင်မြင်နိုင်ချေ ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည့် ရတနာတစ်ပါး ဖြစ်သည်။ နံပါတ်တစ် ဝိညာဉ်ရတနာဟု သတ်မှတ်ကြသည့် အမြုတေဖွဲ့စည်းခြင်းဆေးပြားနှင့် တန်ဖိုးချင်းကောင်းစွာယှဉ်နိုင်သည့် ရတနာတစ်ပါးဖြစ်သည်။ အမှန်တွင် အမြုတေဆေးပြားထက်ပင် သာလွန်သည်ဟု ဆိုနိုင်ပါသေးသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကုယွဲ့ဖန်းတို့သည် ဝံ ပုလွေဘုရင်ကို သတ်ဖြတ်ပြီးသော်လည်း ရှေးဟောင်းမူလမြို့ကို မပြန်သေးဘဲ အနီးတဝိုက်ရှိ အ ဆင့် ၃ သားရဲများကို သုတ်သင်ရန် ဆုံးဖြတ်လိုက်ကြသည်။
မကြာမီ အဆင့် ၃ နတ်ဆိုးသားရဲအားလုံး သူတို့သုံးဦးလက်ချက်ဖြင့် ကိစ္စတုံးကုန်ကြသည်။ ထို့ နောက်တွင်မှ သုံးဦးသား မြို့တော်သို့ ပြန်လာခဲ့ကြသည်။ ခေတ္တအကြာတွင် မြို့တော်ရှိ အစည်းအဝေးခန်းမတွင် ကုယွဲ့ဖန်း၊ ကျန်းချန်ရွှမ်နှင့်တကွ ကျီဖုအဆင့် ကျင့်ကြံသူအားလုံး စုစည်းမိကြ သည်။ သူတို့အားလုံး၏ မျက်နှာများမှာ လေးနက်တည်ကြည်နေသည်။ ထိုစဉ် ဟွားမန်ရုံက စပြီး မေးခွန်းထုတ်လိုက်သည်။
“ဆရာ ဝံပုလွေဘုရင်ကို ကျွန်မတို့သတ်လိုက်ပြီဆိုတော့ ဘာတွေဆက်ဖြစ်လာနိုင်လဲ”
လူအားလုံးသည် ကုယွဲ့ဖန်း၏အဖြေကို စိတ်ပါဝင်စားစွာ နားစွင့်လိုက်ကြသည်။ ကုယွဲ့ဖန်းသည် ချက်ချင်းအဖြေမပေးသေးဘဲ အတန်ကြာစဉ်းစားနေပြီးမှ
“ဒီအကြောင်းကို ယုပြည်နယ်က လျှို့ဝှက်ဓားနန်းတော်ကို အသိပေးလိုက်မယ်။ ပြဿနာရှိမယ် လို့မထင်မိဘူး”
ကုယွဲ့ဖန်းရည်ညွှန်းလိုက်သည့် လျှို့ဝှက်ဓားနန်းတော်ဆိုသည်မှာ ကန်းနန်ဒေသနှင့် အနီးဆုံးတွင် တည်ရှိသည့် အခြေတည်ဝိညာဉ်အဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး ရှေးအတီတေကပင် ကန်းနန်ဒေသရှိ နိုင်ငံငါးနိုင်ငံသည် ထိုဂိုဏ်းကို လက်ဆောင်ပဏ္ဏာများ ဆက်သပြီး အကာအကွယ် တောင်းခံရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ သို့သော် အခြေတည်ဝိညာဉ် နယ်ပယ်နှင့်အထက် ခြိမ်း ခြောက်မှုမျိုးကို ရင်ဆိုင်ရမှသာ ဓားနန်းတော်က ဝင်ရောက်စွက်ဖက်ပေးမည်ဟု သဘောတူညီမှု တစ်ခုရှိထားသည်။ ယခုအခြေအနေသည် ထိုသဘောတူညီမှုတွင် အကြုံးဝင်နေသည့်အတွက် ကုယွဲ့ဖန်းက ပြဿနာမရှိနို်ငကြောင်း အာမခံနိုင်ခြင်းဖြစ်သည်။
ယခုပြဿနာကို ဓားနန်းတော်ထံ တင်ပြထားပါက ဝံပုလွေဘုရင်သေဆုံးမှုအတွက် အဆင့် ၅ နတ်ဆိုးဧကရာဇ်က တစ်ခုခုတုံ့ပြန်ရန် ကြံစည်ပါက လျှို့ဝှက်ဓားနန်းတော်မှ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ လာရောက်ကိုင်တွယ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ကုယွဲ့ဖန်းစိုးရိမ်နေသည်မှာ ထိုကိစ္စမဟုတ်ဘဲ ကျင်းနိုင်ငံမှ ဝံပုလွေဘုရင်က လျန်နိုင်ငံကို ရောက်နေသည့် အရေးပင် ဖြစ်သည်။ ဝံပုလွေဘုရင်သည် အဆင့် ၅ နတ်ဆိုးဧကရာဇ်နှင့် ဆက်နွယ်နေနိုင်ကြောင်း ထင်ရှားသည့်အတွက် ဤအရေးမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိသာနေသည်။
လျန်နိုင်ငံကို ဒုက္ခပေးရန်အတွက် တစ်စုံတစ်ဦးက ဝံပုလွေဘုရင်ကို လျန်နိုင်ငံထဲ လွှတ်ပေးပြီး လျန်နိုင်ငံက ဝံပုလွေဘုရင်ကို သုတ်သင်လိုက်သည့်အခါ သူ့နောက်ကွယ်ရှိ နတ်ဆိုးဧကရာဇ်ကို လျန်နိုင်ငံနှင့် ရန်တိုက်ပေးလိုက်သည့် သဘောမျိုးဖြစ်နိုင်သည်။ ဤအတိုင်း အမှန်တကယ်ဖြစ်နေပါက လျန်နိုင်ငံအနေနှင့် သည်အရေးကို လျစ်လျူရှု၍မရဘဲ အပြတ်သားဆုံး တုံ့ပြန်မည်မှာ သေချာသည်။ အခန်းထဲရှိ လူအားလုံးလည်း ထိုအချက်ကို တွေးမိပြီးဖြစ်၍ မျက်နှာများ မသာမယာဖြစ်ကုန်ကြသည်။ ထို့နောက် ကုယွဲ့ဖန်းက ဆက်လက်၍
“ဒီအတောအတွင်းမှာ ငါဒီမြို့မှာပဲနေဦးမယ်။ ဓားနန်းတော်က အာမခံချက်ရမှ ငါဒီကနေထွက်မယ်၊ ဒီတော့ မင်းတို့စိုးရိမ်စရာမလိုပါဘူး။ ကဲ ဒီကိစ္စကို ဒီမှာတင် ရပ်ထားလိုက်ကြရအောင်”
ထို့နောက် ကုယွဲ့ဖန်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်ပြီး
“ဝံပုလွေဘုရင်ရဲ့ ရင်းမြစ်တွေကို ခွဲဝေမဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါကတိပေးထားတဲ့အတိုင်း အမြုတေနဲ့အသားကို မင်းတို့နှစ်ယောက်ယူ၊ သူ့ရဲ့ ဓမ္မရတနာကိုတော့ လောလောဆယ် ငါသိမ်းထားဦးမယ်။ မကြာခင်အသုံးဝင်လာလိမ့်မယ်ထင်တယ်။ ငါ့ဆုံးဖြတ်ချက်ကို ကျေနပ်ကြရဲ့လား”
“ကျေနပ်ပါတယ် စီနီယာကု”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နှစ်ယောက်လုံး ကုယွဲ့ဖန်းစီမံသည့်အတိုင်း လိုက်နာရန် သဘောတူလိုက်ကြသည်။ ထို့နောက်တွင် နှစ်ဦးသား နေထိုင်ရာလှိုဏ်ဂူသို့ ပြန်လာခဲ့ကြတော့သည်။ ဂူအ တွင်းရောက်လျှင်ရောက်ချင်း ကျန်းချန်ရွှမ်က စကားစသည်။
“ရူယန် ကိုယ်တို့ရမဲ့ အဆင့် ၄ နတ်ဆိုးအမြုတေကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးပြီး ဖော်စပ်ရင် အမြုတေဖွဲ့စည်းခြင်းဆေးပြားရဖို့ ဘယ်လောက်သေချာလဲ”
ရှန်းရူယန်က အနည်းငယ်စဉ်းစားလိုက်ပြီး
“သေချာသလောက်နီးပါးရှိတယ်။ ဘာဖြစ်လို့လဲ ယောကျ်ား၊ ဒီဆေးပြားကိုသုံးပြီး အမြုတေကို သိပ်သည်းဖို့ စီစဉ်ထားလို့လား”
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး။ ကျန်းရန်တောက်နဲ့ ကျန်တဲ့လူတွေအတွက်ပါ၊ ရူယန်လည်း ကိုယ့်လိုပဲ ပြင်ပအကူအညီမယူဘဲ ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ စီစဉ်ထားတယ်မလား”
အမှန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအုတ်မြစ်နှင့် ပါရမီအရ အမြုတေဖွဲ့စည်း ခြင်းဆေးပြားကဲ့သို့ ပြင်ပအကူအညီရယူပြီး ရွှေအမြုတေနယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားပါ က ရှိနှင့်ပြီး ပါရမီနှင့် အခြေခံအုတ်မြစ်များကို အလဟဿ ဖြုန်းတီးသလို ဖြစ်သွားပါလိမ့်မည်။ နှစ်ဦးစလုံးသည် ကျင့်ကြံသူအများစုကဲ့သို့ ပဏာမအဆင့်ကို အရင်တက်လှမ်းပြီးမှ ရွှေအမြုတေအစစ်နယ်ပယ်ကို ဖြည်းဖြည်းချင်း တက်လှမ်းမည့်လမ်းစဉ်ကို မရွေးချယ်ဘဲ ရွှေအမြုတေအဆင့်ကို တိုက်ရိုက်တက်လှမ်းရန် စိတ်ကူးထားပြီးဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းဆေးပြားကဲ့သို့ ပြင်ပဆေးဝါး အကူအညီ မပါဝင်ဘဲ ဒုတိယနည်းလမ်းကို ရွေးချယ်ပါက ပထမနည်းလမ်းထက် အန္တရာယ်များမည်ဖြစ်သော်လည်း ရရှိလာမည့် အမြုတေ၏ အရည်အသွေးသည် အဆင့်မြင့်အမျိုးအစား ဟုသတ်မှတ်နိုင်သည့် အဆင့် ၇ ကို အနည်းဆုံးအနေနှင့် ရရှိမည်ဖြစ်၍ အကျိုးလည်းများသည် ဟုဆိုနိုင်သည်။ ထူးကဲကောင်းကင်ရေစက်ကဲ့သို့ အဆင့်မြင့်ဝိညာဉ်ရတနာများကိုပါ တွဲဖက်အသုံးပြုပါက ရရှိလာမည့် အမြုတေသည် အဆင့်မြင့်အဆင့်ကို ကျော်လွန်သွားသည့် အဆင့် ၉ အထိ ရရှိနိုင်ချေ ရှိလာပါလိမ့်မည်။
ထိုအမြုတေမျိုးကို ပိုင်ဆိုင်ထားသူသာ အတိုင်းအဆမဲ့သည့် အလားအလာကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်တာအိုကို ရရှိနိုင်ပါလိမ့်မည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး အခြားကိစ္စများကို ဆွေးနွေးနေမိသည်။ ရှန်းရူယန်က တွေးတွေးဆဆနှင့်ပြောသည်။
“သည်တစ်ကြိမ်မှာ ကျွန်မတို့ ဝံပုလွေဘုရင်ကို စီနီယာကုနဲ့အတူ သတ်ပစ်ခဲ့တယ်။ စီနီယာကုကတော့ ပြဿနာမရှိဘူးလို့ပြောတယ်၊ ဒါပေမဲ့ ကျွန်မတို့ သတိလက်လွတ်နေလို့မဖြစ်ဘူး။ နတ်ဆိုးဧကရာဇ်ကိုယ်တိုင် ကျွန်မတို့ကို မတိုက်ခိုက်ရင်တောင် ကျွန်မတို့ခေါင်းကိုဖြတ်ပြီး နတ်ဆိုးဧကရာဇ်ကို ဆက်သမဲ့ အဆင့် ၄ နတ်ဆိုးဘုရင်တွေ ရှိနေသေးတယ်။ ကျွန်မတို့အသက်ဘေးကင်းမဲ့ အကောင်းဆုံးနည်းလမ်းက ကျွန်မတို့ရဲ့အင်အားကို တတ်နိုင်သမျှ အမြင့်ဆုံးမြှင့်တင်ထားဖို့ပဲ၊ ကျွန်မတို့သာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် အဆင့် ၄ နတ်ဆိုးဘုရင်တွေ ဘယ်လောက်ပဲများများ မှုစရာလိုတော့မှာမဟုတ်ဘူး”
ကျန်းချန်ရွှမ်က ဇနီးဖြစ်သူ၏ စကားကို ထောက်ခံလိုက်သည်။
“ရူယန်ပြောတာမှန်တယ်။ ကိုယ်ပိုင်အင်အားထက် အားကိုးစရာ အခြားမရှိဘူး၊ ဒါပေမဲ့ ကိုယ်စိုးရိမ်နေတာတစ်ခုက သည်တစ်ခေါက် ပြဿနာက ကျင်းနဲ့လျန် နှစ်နိုင်ငံအကြား စေ့စပ်လို့မရတဲ့ ပဋိပက္ခတစ်ခုအဖြစ် ကြီးထွားလာမှာကိုပဲ။ ဒီလိုနဲ့ ကိုယ်တို့ လျန်၊ ယွင်၊ ယန် သုံးနိုင်ငံက တစ်ဖက်၊ ရှုနဲ့ကျင်း နှစ်နိုင်ငံကတစ်ဖက် ဆယ်စုနှစ်များစွာက ရန်ငြိုးတွေစုပုံပြီး မီးထတောက်မှာကို စိုးရိမ်မိတယ်၊ ဒီလိုဖြစ်လာခဲ့ရင် ကိုယ်တို့နှစ်ယောက် ရှောင်ထွက်ချင်တောင် အခွင့်သာမှာမဟုတ်ဘူး”
ထိုအခါ နှစ်ဦးလုံး အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာများကို တွေးမိပြီး စိတ်မောသွားမိကြ သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး ရှန်းရူယန်အား
“ဒါနဲ့ ရူယန်က ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာဆိုတော့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ”
***
စာစဉ် ၁၅ ပြီးပါပြီ။