ဝင်ရောက်စွက်ဖက်ခြင်း
Vol. 12 Ch. 36
အဆုံးအစမရှိ ကျယ်ပြန့်တဲ့ နေကြာပန်းခင်းကြီး တစ်ခု။ နေရောင်က ကောင်းကင်ပေါ်ကနေ နေကြာပန်းတွေပေါ် အလင်းရောင်ကျဆင်းနေပြီး အဲဒီကောင်းကင်အောက်မှာ ညနေခင်း လက်ဖက်ရည်ဝိုင်းတစ်ခု တည်ရှိလို့ပေါ့။
“ဟမ်၊ ဒီတော့ ဒါက ဘုရားသခင်လိုချင်တဲ့ ဇာတ်သိမ်းလား။ တည်ဆောက်ထားပြီးသား အရာတွေနဲ့ကွဲလွဲထွက်နေသလို ပါပဲလား။”
အမျိုးသမီးတစ်ယောက်ရဲ့စကားသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ အမျိုးသမီးက အဖြူရောင်ခေါင်းမြီးခြုံ ပဝါကို ဝတ်ဆင်ထားတဲ့အတွက် မျက်နှာတစ်ဝက်ကိုပဲ မြင်ရတယ်။ နှုတ်ခမ်းက ပန်းနုရောင်သန်းနေပြီးတော့ အလားတူ ချယ်ရီရောင်ရှိတဲ့ ဆံစတချို့ကိုလည်း တွေ့ရတယ်။
“အဲဒီအတိုင်းဆိုရင် ပျော်ဖို့မကောင်းပါဘူး။ ဒီကိစ္စမှာ ပါဝင်ကြတဲ့သူတွေရဲ့ဆန္ဒနဲ့လည်း ဆန့်ကျင်နေပုံပဲ။ ငါနည်းနည်းလောက် ဝင်ပါလိုက်ရင် မကောင်းဘူးလား၊ နာရာတီရို။”
နာရာတီရိုလို့အခေါ်ခံလိုက်ရတဲ့ လူကတော့ သူနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေပြီးတော့ ထူးခြားချက်အနေနဲ့ မိုနီကိုးခေါ် မျက်လုံးတစ်ဖက်ပဲတပ်လို့ရတဲ့ မျက်မှန်ကို တပ်ထားတယ်။ သူ့မျက်လုံးတွေအတွင်းမှာတော့ လှည့်ပတ်နေတဲ့ နာရီလက်တံများစွာရှိနေပြီး မျက်လှည့်ဆရာတစ်ယောက်လို ခါးမြီးရှည်ကုတ်နဲ့ ဦးထုပ်ရှည်ကြီးကိုလည်း ဝတ်ထားသေးတယ်။ အချိန်မရွေး သူ့ဦးထုပ်ထဲကနေ ယုန်တစ်ကောင် ခုန်ထွက်လာတော့မယ့် အတိုင်းပါပဲ။
“ဟာတာဇု... ဘုရားသခင်က သူ့ဇာတ်လမ်းတွေမှာ ငါတို့ဝင်ရှုပ်တာကို မကြိုက်တာသိရဲ့နဲ့။ ဒီဇာတ်သိမ်းက သူရည်ရွယ်ထားတာဆိုရင် ရည်ရွယ်ထားတဲ့အတိုင်းပဲ ဖြစ်သင့်တယ်။ ဘုရားသခင်က အရာရာတိုင်းကို ဆုံးဖြတ် နိုင်စွမ်းရှိတဲ့သူပဲ။”
ဟာတာဇုဆိုတဲ့အမျိုးသမီးက လက်ညိုးကို နှုတ်ခမ်းအလယ် တင်လိုက်ပြီး “ရှင်ပြောတဲ့အတိုင်းဆိုရင် သူက ကျွန်မတို့ ဘာတွေးမလဲ ဘာလုပ်မလဲဆိုတာတွေကိုပါ ဆုံးဖြတ်နိုင်တဲ့ စွမ်းအားမျိုးရှိရမှာပေါ့။ အခုကျွန်မတွေးနေတာတွေက သူ့ရဲ့အလိုတော်ကျ ဖြစ်ရင်လည်းဖြစ်မှာပေါ့။”
ဟာတာဇုက စားပွဲပေါ်မှာတင်ထားတဲ့ ပန်းအိုးထဲက နေကြာပန်းပွင့်လေးကို လက်ညိုးနဲ့ထိလိုက်ရင်း ပြုံးလိုက် ပါတယ်။ နာရာတီရိုက သက်ပြင်းချလိုက်ပြီး...
“ကောင်းပြီလေ၊ ဒီတစ်ခါပဲနော်။ ဒါပေမဲ့ ပြဿနာ တက်လာရင်တော့ မင်းတာဝန်ယူရလိမ့်မယ်။”
ဟာတာဇုက နားလည်တဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ သူ့ရဲ့လက်ညိုးကနေ သက်တံရောင်အလင်းတန်းတွေ ပေါ်ထွက်လာပြီး နေကြာပန်းကိုမထိခင် အခုလိုပြောလိုက် ပါတော့တယ်။
“နာရာတီရို... ရှင်တစ်ခုလောက် စဥ်းစားဖူးလား။ ဘုရားသခင်က ဘာလို့ဇာတ်လမ်းတွေကို ဖန်တီးနေတာလို့ ထင်လဲ။”
“ သူပျင်းလို့ ဖြစ်မှာပေါ့။” နာရာတီရိုက ထူးမခြားနားတဲ့ လေသံနဲ့ ပြန်ဖြေတယ်။ ဟာတာဇုကတော့ တခစ်ခစ် ရယ်မောလိုက်ရင်း...
“ ကျွန်မကတော့ သူ့ထက်ကြီးမြတ်တဲ့ တည်ရှိမှုတွေကို ဖျော်ဖြေပေးဖို့ ဖန်တီးပေးနေတာလို့မြင်တယ်။ ဒါကြောင့်လည်း သူက မဖြစ်သင့်တဲ့ အခုလိုဇာတ်သိမ်းမျိုးမှာ ကျွန်မတို့ကို ဝင်ပါနိုင်အောင် လုပ်ပေးခဲ့တာ ဖြစ်မှာပေါ့။”
အဲဒီနောက်တော့ နေကြာပန်းကို ဟာတာဇုက ထိလိုက်တယ်။ နေကြာပန်းကနေ ငွေရောင်အလင်းတန်းတွေ ဖြာထွက်လာပြီး နေကြာပန်းခင်းတစ်ခုလုံးကို ဖုံးလွှမ်း သွားပါတော့တယ်။
...
တိုကျိုမြို့ကောင်းကင်ယံ။
အာကိုင်းဂါမီကိုင်းတိုက နေမီးတောက်ဓားကို ဝေ့ယမ်းပြီး စက်ရုပ်ယာဥ်ပျံတစ်ရာကျော်လောက်ကို တစ်ခါတည်း ပြာချ ပစ်လိုက်တယ်။ သူက လေထုထဲမှာတင် ရပ်နေတာဖြစ်ပြီး နေရာကနေ ရွေ့တောင်မရွေ့ဘဲ S rank တိုက်ပွဲဝင် စွမ်းအားနဲ့ညီမျှတဲ့ စစ်ယာဥ်ပျံရာကျော်ကို ဖျက်ဆီးပစ်ခဲ့တာ။
သူနဲ့ခမ်လှမ်းလှမ်းမှာရှိနေတဲ့ ဥစာကီကတော့ သူနဲ့ ဆန့်ကျင်ဘက်ဆိုသလိုပဲ မျက်စိနဲ့မြင်ရဖို့ခက်တဲ့ အမြန်နှုန်းမျိုးနဲ့လှုပ်ရှားနေပြီး သူလှုပ်ရှားနေတဲ့ နေရာတစ်ဝိုက်မှာ ဓားအလင်းတန်းတွေကို ပျိုးပျိုးပျက်ပျက် မြင်နေရပါတယ်။ နောက်တော့ နေရာအမျိုးမျိုးကိုပြန့်နှံ ရောက်ရှိနေတဲ့ ဥစာကီရဲ့နောက်ကျန်ပုံရိပ်တွေက ကောင်းကင်တစ်နေရာမှာ တစ်ခုတည်းအဖြစ် စုစည်း သွားပြီးတော့ ဥစာကီက ဓားကိုဓားအိမ်ထဲ ပြန်ထည့် လိုက်တယ်။
“တောင်ဖြိုဓားသိုင်း၊ တောင်းတန်းများပြိုလဲခြင်း...”
ရွှမ်း...
ကီလိုမီတာငါးရာပတ်လည်မှာရှိနေတဲ့ စစ်ယာဥ်ပျံတွေနဲ့ စက်ရုပ်တွေအားလုံးက ပျံသန်းနေရင်းနဲ့ ထက်ပိုင်းပြတ် ကုန်ပြီးတော့ မြေပြင်ပေါ်ကို အတားအဆီးမဲ့ပြုတ်ကျတယ်။
ကိုင်းတိုကတော့ အဲဒီမြင်ကွင်းကြောင့် ပြုံးရုံလေး ပြုံးလိုက်တယ်။
“မင်းက အများကြီးပိုတိုးတက်လာတာပဲ...”
ဥစာကီကလည်း ပြုံးလိုက်ရင်း... “ရှင်နဲ့ကျွန်မက စီနီယာနဲ့ ဂျူနီယာဖြစ်ဖူးသလို ပြိုင်ဘက်တွေလည်း ဖြစ်ဖူးတယ်။ အခုအချိန်မှာတော့ တိုက်ဖော်တိုက်ဘက်တွေလို့ ပြောရမှာပဲ။”
ဥစာကီရဲ့ဆံပင်တွေက လေပြေနဲ့အတူလှုပ်ရှားနေတယ်။ ကိုင်းတိုကတော့ ဓားကိုသူ့ဘေးနားမှာ အသင့်ထားရင်းနဲ့ အဝေးတစ်နေရာကို မျှော်ကြည့်လိုက်တယ်။ သူတို့တွေက အဲဒီဦးတည်ရာကနေပြီး အလွန်အန္တရာယ်ကြီးမားတဲ့ အရာတစ်ခုလာနေတာကို ခံစားမိကြတယ်။
“ခံစားမိတယ်မဟုတ်လား...” ကိုင်းတိုက မေးလိုက်တော့ ဥစာကီက ခေါင်းညိတ်ပြပြီး...
“အင်း... အနည်းဆုံးအိုမီဂါတစ်ယောက် ဖြစ်တဲ့ပုံပဲ။”
မကြာခင်မှာပဲ အာကာသအက်ကြောင်းတစ်ခုက သူတို့ရှေ့ ပေါ်လာတယ်။ အဲဒီအက်ကြောင်းထဲကနေ လက်နှစ်ဖက် အရင်ထွက်လာပြီး အက်ကွဲကြောင်းကို ဆွဲဖြဲလိုက်တယ်။ အဲဒီနောက်တော့ ရူးသွပ်နေတဲ့အပြုံးနဲ့ မိန်းမတစ်ယောက်ကို သူတို့မြင်လိုက်ရတယ်။ ဖြူဖွေးနေတဲ့ဆံပင်တွေရှိပေမဲ့ မက်ဒါနာမဟုတ်တဲ့သူ။ အသားအရေက အညိုရောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှေးခေတ်ရုပ်မြင်သံကြားစက်တွေမှာ မြင်ရသလိုမျိုး အစက်အပျောက်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး တစ်မျိုးကြီး ကျောချမ်းဖို့ ကောင်းနေတယ်။
“နင်တို့က ဒီကမ္ဘာရဲ့လက်ကျန်ကာကွယ်သူတွေလား။ အားကောင်းသားပဲ။”
“ကောင်မ... နင်က ခေါင်းဆောင်လား...” ငြိမ်းချမ်းတဲ့ တစ်နေ့တာကို ဖျက်ဆီးခံထားရလို့ စိတ်တိုနေတဲ့ ဥစာကီက ဓားကိုဆွဲထုတ်လိုက်တယ်။ ဒီနေ့က သူ့ကိတ်မုန့်တွေ အများကြီးရောင်းထွက်မယ်လို့ မျှော်လင့်ထားတဲ့နေ့ပါ။ ဒါပေမဲ့ သူ့ရှေ့က ဒိုင်မေးရှင်းအဆင့်တည်ရှိမှုကြောင့် ဝယ်သူတွေအကုန် ထွက်ပြေးကုန်ကြပြီ။
ရွှမ်း...
ဥစာကီရဲ့ဓားက အသံမြန်နှုန်းရဲ့ အဆခြောက်ဆယ်နီးနီး အဆင့်နဲ့လေထုကိုဖြတ်သန်းသွားပြီး အာကာဟင်းလင်းပြင် တည်ရှိမှုကိုပါ တုန်ခါသွားစေတယ်။ ဒါပေမဲ့ နောက်ထပ် မျက်စိတစ်မှိတ်စာအချိန်ကြာတော့ ဥစာကီရဲ့ဓားက ရှေ့ကို ဆက်မတက်နိုင်တော့ဘူး။
အကြောင်းကတော့ အာကာသဟင်းလင်းပြင်ထဲကနေ ဝင်ရောက်လာတဲ့ အမျိုးသမီးက အဲဒီဓားကို လက်ချောင်း နှစ်ချောင်းတည်းနဲ့ ဖမ်းထားလိုက်လို့ပါ။
ဘုန်း...
ဥစာကီရဲ့ဓားချက်က ရုတ်တရက်ရပ်တန့်ခံလိုက်ရပေမဲ့ အားလိုင်းတွေကတော့ ဆံပင်ဖြူနဲ့မိန်းမကို ဖြတ်သန်းပြီး နောက်ကမိုးတိမ်တောင်တွေနဲ့ စက်ရုပ်စစ်တပ်ကြီး တစ်ခုလုံးကို ပြိုလဲကျသွားစေပါတယ်။
“ဒါပေမဲ့ ဒီလောက်လေးနဲ့တော့ မလုံလောက်ဘူးနော်။”
ဆံဖြူမိန်းမက လက်ကိုပိုပြီးအားထည့်လိုက်တယ်။ ဘယ်နည်းနဲ့မှ မကျိုးနိုင်ဘူးလို့ နာမည်ကျော်ကြားတဲ့ မိစ္ဆာသတ်ဓားက အက်ကွဲပြီးဓားဦးပိုင်း ပဲ့ကျသွားတယ်။ ဒါကြောင့် ဥစာကီက ဓားကိုပြန်ဆွဲယူလိုက်ပေမဲ့ ဆံဖြူ မိန်းမပါ နောက်ကနေလိုက်လာတယ်။
“သတိထား....” ကိုင်းတိုက အားနေတဲ့လက်တစ်ဖက်ကို ဆန့်ထုတ်တယ်။ မီးတောက်တွေက ဧရာမ မီးလက်သီး အဖြစ်ကိုဖွဲ့စည်းပြီး အဲဒီအမျိုးသမီးကို ရိုက်ထုတ်တယ်။ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီး မီးခိုးတွေက မြင်ကွင်းကို ဖုံးလွှမ်းသွားတဲ့အချိန် ဥစာကီက နောက်ပြန်ဆုတ်ပြီး ကိုင်းတိုနားမှာ ရပ်နေလိုက်တယ်။
“ဒီလောက်ဆိုရင် အနည်းအပါးတော့ ထိခိုက်သွားနိုင်တယ် မဟုတ်လား။” ဥစာကီက ခန့်မှန်းလိုက်တယ်။
ဒါပေမဲ့ကိုင်းတိုကတော့ ဘာမှမပြောဘဲ မျက်လုံးကို မှေးလိုက်ပြီး ဒါဇင်နဲ့ချီတဲ့ မီးတောက်ကြာပန်းတွေကို ဆင့်ခေါ်ကာ ဓားကိုရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ် ကာထားလိုက်တယ်။ ဒါကြောင့် ဥစာကီလည်းပဲ သတိအပြည့်ဖြစ်သွားတော့တာပေါ့။
“အားဟားဟားဟား... ရှင်က ကျွန်မဆံပင်ကိုတောင် မီးစွဲအောင် မလုပ်နိုင်သေးဘူးပဲ။”
မီးခိုးတွေရှင်းလင်းသွားချိန်မှာတော့ အလင်းဒြပ်စင်တွေ ဒိုင်းလိုဝန်းရံနေတဲ့ ဆံဖြူမိန်းမကို သူတို့နှစ်ယောက်က မြင်လိုက်ရတယ်။
“မင်းက... ဘယ်သူလဲ...”ကိုင်းတို မေးလိုက်တယ်။ သူ့ရဲ့ လက်သီးက နေရဲ့မျက်နှာပြင်အပူချိန်နဲ့ အတူတူပါပဲ။ အဲဒီ မိန်းမနေရာမှာ ဥစာကီဆိုရင်တောင် အပြင်းအထန် ဒဏ်ရာ ရသွားမှာ။
“ရှင်တို့မြင်နေရတဲ့အတိုင်းပဲ။ ကျွန်မက အေမီလေ။ ရှင်တို့သိတဲ့တစ်ယောက်နဲ့ ကွဲချင်တယ်ဆိုရင်တော့ မနာလိုခြင်း အပြစ်သားလို့ ခေါ်နိုင်တယ်။”
ဖျောက်...
အေမီက ခုခံနေရတာကို ပျင်းရိသွားဟန်နဲ့ လက်ဖျောက် တီးလိုက်တယ်။ သူ့နောက်ကနေ အာကာသတွင်းပေါက် ဒါဇင်နဲ့ချီထွက်ပေါ်လာပြီး အလွန်အားကောင်းတဲ့ အမြောက်လက်နက်တွေနဲ့ ပြိုင်ဘက်နှစ်ယောက်ကို ထိုးချိန်ထားလိုက်တယ်။
“ရှင်တို့ရှောင်ဖို့ မကြိုးစားနဲ့နော်။ ဒီအမြောက်တွေက အချိန် လုံလုံလောက်လောက်သာရရင် ကမ္ဘာ့ ဂြိုဟ်မျက်နှာပြင်ကို အင်္ဂါဂြိုဟ်မျက်နှာပြင်လို ဖြစ်သွားအောင် လုပ်လို့ရတယ်။”
ဘုန်း...
အေမီက ရည်ရွယ်ချက်ရှိရှိ မြို့ကိုချိန်ပြီး အမြောက်နဲ့ ပစ်တယ်။ ကိုင်းတိုက ချက်ချင်းပဲ လေထုအနိမ့်ပိုင်းဆီ အမြန်နှုန်းမြှင့်ပျံသန်းသွားပြီး ဓားကိုကန့်လန့်ဖြတ် အနေအထားနဲ့ကိုင်ထားလိုက်တယ်။ မီးတောက် ကြာပန်းတွေက နံရံကြီးတစ်ခုလိုမျိုးဖြစ်သွားပြီး ကျဆင်းလာတဲ့ အလင်းဒြပ်စင်တန်းတွေကို အပြည့်အဝ ပိတ်ဆို့ထားလိုက်တယ်။ ဒါပေမဲ့ ကိုင်းတိုက လေထုထဲကနေ တဖြည်းဖြည်း နိမ့်ဆင်းလာနေပြီး အမြောက်တွေရဲ့ဖိအားကို အပြင်းအထန်ခံစားနေရတယ်။
“တားမြစ်ခြင်းနယ်ပယ်၊ ထွက်လာစမ်း။” ဥစာကီကတော့ ကျိန်ဆဲလိုက်ရင်း သူ့စွမ်းအားအပြည့်ကိုထုတ်ဖော်ကာ တန်ပြန်တိုက်စစ်ဆင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ချိန်းကြိုးသဏ္ဍာန်အနက်ရောင်မီးတောက်တွေက ကောင်းကင် တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီး အာကာသ အက်ကွဲကြောင်းတွေကို ပိတ်ဆို့ပစ်လိုက်တယ်။ ဒါကြောင့် အမြောက်ပစ်နေတာလည်း ရပ်တန့်သွားခဲ့ပြီ။ အေမီက အသိအမှတ်ပြုတဲ့အနေနဲ့ ပြုံးလိုက်ပြီး...
“စွမ်းအားမဟုတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကိုပါ တားမြစ်နိုင်တဲ့အထိ နင့်စွမ်းအားက တိုးတက်နေပြီလား။ မကြာခင်မှာ နိယာမအဖြစ်အသွင်ပြောင်းတော့မယ့်ပုံပဲ။ ဒါပေမဲ့....”
“ခက်တာက နိယာမအစစ်မဟုတ်သေးတာပဲ။”
အေမီရဲ့ခန္ဓာကိုယ်ကနေ အဖြူရောင်လျှပ်စီးကြောင်းတွေ ဖြာထွက်လာပြီး ဥစာကီရှေ့မှာပေါ်လာတယ်။ သူက ညာဒူးကို မြှောက်လိုက်ပြီး အံ့အားသင့်နေတဲ့ ဥစာကီရဲ့ဝမ်းဗိုက်ကို ဒူးတိုက်ချလိုက်တယ်။
ဘုန်း...
ဝေါ့...
ဥစာကီပါးစပ်ထဲကနေ သွေးတွေထွက်လာချိန်မှာတော့ အေမီက ရူးသွပ်နေသူတစ်ယောက်လိုမျိုး ရယ်မောနေတယ်။ “နင်က ငါ့ရဲ့တိုက်ပွဲစွမ်းအားအလုံးစုံကို ပိတ်ချနိုင်တဲ့အထိ အင်အားမကြီးသေးဘူး။”
“ရပ်လိုက်...” အမြောက်အလင်းတန်းကို တားဆီးပြီး ပြန်လာတဲ့ ကိုင်းတိုက ဥစာကီကိုကူဖို့အတွက် မီးတောက်လှံတစ်စင်း ဖန်တီးပြီး အေမီကိုပစ်ပေမဲ့ အေမီက လက်ကိုနောက်ပြန်ဝေ့ယမ်းကာ အသာလေးဖျက်ဆီးပစ် လိုက်တယ်။
“လာစမ်းပါ။ နင်တို့နှစ်ယောက် စွမ်းအားကုန်မသုံးရင် ဒီကမ္ဘာကြီးကို ကာကွယ်နိုင်မှာ မဟုတ်ဘူးနော်။”
အဲဒီစကားကြောင့် ကိုင်းတိုဒေါသထွက်လာပြီး သူ့ရဲ့မျက်လုံးတွေက ရွှေရောင်ပြောင်းသွားတယ်။ ဖီးနစ်တောင်ပံကလည်း ပိုမိုကျယ်ပြန့်လာပြီးတော့ အနီးအနားလေထုက ပူလောင်မှုကြောင့် စတင်တုန်ခါ လာတယ်။
ဥစာကီကလည်း ပိုးကောင်တစ်ပိုင်းအဖြစ်ပြောင်းပြီးနေပြီ ဖြစ်ပြီးတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပါပြီ။
“ဒီရန်သူကို ကမ္ဘာမြေပေါ်မှာတိုက်ဖို့ အန္တရာယ်များတယ်။ အဝေးကိုခေါ်ထုတ်သွားကြစို့။”
ကိုင်းတိုက သူ့ရဲ့စွမ်းအားတွေအားလုံးကို နေမီးတောက် ဓားထဲကို စုစည်းပြီးတော့ ကန့်လန့်ဖြတ်ဓားချက်ကို ထုတ်ဖော်လိုက်တယ်။ ဥစာကီကလည်း အလားတူပဲ အနက်ရောင်ချိန်းကြိုးတွေကို မိစ္ဆာသတ်ဓားမှာစုစည်းကာ နောက်ထပ်ကန့်လန့်ဖြတ်ဓားချက်ကို ထုတ်ဖော်လိုက် ပြန်ပါတယ်။
အေမီကတော့ ပြုံးရုံသာပြုံးနေပြီး ခုခံဖို့တောင်မလုပ်ဘူး။ ဓားချက်နှစ်ချက်က အေမီရဲ့ရင်ဘတ်ပေါ်ကို တည့်တည့် ကျဆင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကမ္ဘာ့လေထုရဲ့ အပေါ်ဆုံးအလွှာဆီ စက္ကန့်ပိုင်းအတွင်းတွန်းထုတ်တယ်။
ကမ္ဘာ့လေထုအပြင် ကမ္ဘာပတ်လမ်းကြောင်းထဲကို ရောက်ရှိတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးက ထပ်ပြီးတော့ ထိန်းချုပ်နေစရာမလိုတော့ပါဘူး။ ဥစာကီက မီတာသုံးရာကျော်အရွယ်ရှိတဲ့ ဧရာမနားကျယ်ကောင်ကြီး အဖြစ်ကိုပြောင်းလဲသွားပြီး ကိုင်းတိုကိုယ်တိုင်ကတော့ အလားတူအရွယ်အစားရှိတဲ့ ဖီးနစ်ကြီးအဖြစ်ကို ပြောင်းလဲသွားတယ်။
အေမီကလည်း လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ အာကာသ အက်ကွဲကြောင်းတစ်ခုထဲကနေ ဧရာမစက်ရုပ်ကြီးနဂါးဖြူ ထွက်ပေါ်လာကာ အဲဒီအထဲကို ဝင်ရောက်ထိန်းချုပ်မိပြီးသား ဖြစ်သွားပါတော့တယ်။
“နင်တို့နှစ်ယောက်ပေါင်းတာတောင် ငါ့ကို ဖိအားမပေးနိုင်ရင် ငါ့အဆိုးမဆိုနဲ့နော်။ ငါသိပ်ပျင်းလာပြီ...” အေမီက သူ့ပြိုင်ဘက်နှစ်ယောက်ကို အထင်သေးနေတဲ့ အကြည့်မျိုးနဲ့ကြည့်ရင်း ပြောလိုက်တယ်။