အခန်း (၃၀၁)
Vol. 21 Ch. 301
ထိုအချိန်တုန်းက သူနှင့် ရွှေဘုရင်လင်းတို့ စစ်တုရင်ကစားနေခဲ့ကြ၏။ သို့သော် ရုတ်တရက် ဆင့်ခေါ်မှုကြောင့် ရွှေဘုရင်လင်း ထွက်သွားခဲ့သော်လည်း အထိတ်တလန့်ပြန်ပြေးလာခဲ့သည်။
“ ဒါဆို…”
နျူဘိုင်ဇီ တစ်စုံတစ်ခုအား သဘောပေါက်သွားပြီး လေးနက်သွားဟန်ဖြင့် ရွှေဘုရင်လင်းအားကြည့်လိုက်၏။
“ ဟုတ်တယ်… ငါ့ကို ထွက်ပြေးစေခဲ့တာ ရွှမ်ယီ နောက်ကွယ်က အမျိုးသမီးဘဲ… သူမက အရမ်းအစွမ်းထက်တယ်…”
ရွှေဘုရင်လင်း သက်ပြင်းချလိုက်ပြီး လှောင်ပြောင်လိုဟန်ဖြင့် ပြုံးလိုက်သည်။
သူက ပင်းယုနှင့် နှစ်ကြိမ်တိတိဆုံဖူးသည်ဖြစ်ရာ သူမ၏ စွမ်းအားကိုနားလည်ထားသည်။
အလတ်အလတ်ကောင်းကင်ဘုရင်…?
နှောင်းပိုင်း ကောင်းကင်ဘုရင်…?
ဘာတစ်ခုမှ မဟုတ်ဘူး…!
လူတိုင်း အထင်မှားနေကြ၏။
သူမက စစ်မှန်သော အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည်။
တောင်းပိုင်းတိုက်ကြီးမှ လူတိုင်းနီးပါး လက်ရှိအချိန်က ဗဟိုသူတော်စင် အကယ်ဒမီအား တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဟု ထင်မှတ်နေခဲ့ကြ၏။
သို့သော် ရွှေဘုရင်လင်းကတော့ ထိုကဲ့သို့မယူဆပေ။ ၎င်းက (၁၀၀)ရာခိုင်နှုန်း အန္တရာယ်တွင်းဖြစ်၏။ အတတ်နိုင်ဆုံး ဝေးဝေးရှောင်ရမည်။
သူက ထိုကိစ္စအား လက်ရှောင်ကြောင်းပြောခဲ့ပြီး နျူဘိုင်ဇီကိုပါ လက်ရှောင်စေခဲ့သည်။ အဆုံးမဲ့ ရွှေနန်းတော်၌သာနေပြီး စစ်တုရင်ကစားကာ တောင်ပိုင်းတိုက်ကြီးအား စောင့်ကြည်နေမည်ဟု ဆုံးဖြတ်ခဲ့၏။
ထိုကိစ္စနှင့် အနည်းငယ်လေးမျှပင် မပတ်သက်လိုပေ။
အကယ်၍ သူသာ ပင်းယုနှင့် ရန်သူအဖြစ် နောက်တစ်ကြိမ်ဆုံတွေ့မည်ဆိုပါက သေလမ်းသာရှိတော့၏။ စကားပြောရန်ပင် အခွင့်အရေးရတော့မည်မထင်ပေ။
ထိုအချိန်တွင် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့၏။
ရွှစ်…
ရန်ဘက်အင်အားစုများက ဗဟိုသူတော်စင် အကယ်ဒမီ၏ အခြေအနေကိုအတည်ပြုခဲ့ပြီးနောက် အချိန်မဆွဲတော့ဘဲ ချက်ချင်းတိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ကောင်းကင်ဘုရင်(၄)ယောက်ဦးဆောင်သော ဘုရင်အဆင့်တပ်ဖွဲ့ကြီးက ကောင်းကင်အကယ်ဒမီအား ဝိုင်းရံလိုက်ကြသည်။
အလတ်အလတ် ကောင်းကင်ဘုရင်အဆင့် ဟွမ်ဘိုးဘေး နှင့် ဖန်ဘိုးဘေး ၊ နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့် ရှန်းဘိုးဘေးတို့က ဟီဘိုးဘေးကိုပါ ချိတ်ဆက်ခဲ့ကြပြီး ကောင်းကင်ဘုရင်လေး(၄)ယောက်တို့က ဗဟိုသူတော်စင် အကယ်ဒမီအား စစ်ကြေငြာလိုက်ကြ၏။
ထိုသတင်းက တောင်းပိုင်းတိုက်ကြီးတစ်ခုလုံးအား တုန်ခါသွားစေသည်။
ယခင်မျိုးဆက်များမှ စီနီယာ ကျင့်ကြံသူတစ်ချို့ သက်ပြင်းချမိလိုက်ကြ၏။
ဗဟိုသူတော်စင် အကယ်ဒမီ၏ ဘုန်းမီးနေလ တောက်ပခဲ့ပုံနှင့် ကျဆင်းလာပုံတို့အား ၎င်းတို့ မျက်မြင်တွေ့ခဲ့ကြရသည်။
ယခု ပြသနာအား ဗဟိုသူတော်စင် အကယ်ဒမီအနေဖြင့် ဖြေရှင်းရန် အလွန်ခက်မည်ဖြစ်ကြောင်း သူတို့အားလုံး နားလည်ထားကြ၏။
ယခင် ဌာနမှူးဟောင်းသာရှိပါက ၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်ရန် ဖြစ်နိုင်သေးသော်လည်း ဌာနမှူးဟောင်းက စောစီးစွာ ကြွေလွင့်သွားခဲ့ချေပြီ။ ယခင်နှစ်များတစ်လျှောက် ဗဟိုသူတော်စင် အကယ်ဒမီက ဆက်တိုက်ကျဆင်းလာခဲ့သည်ဖြစ်ရာ အကယ်ဒမီ၌ ထိုမျှအစွမ်းထက်သူ နောက်တစ်ဦးမရှိတော့ပေ။
ထို့အပြင် ဗဟိုသူတော်စင် အကယ်ဒမီက နှစ်ပေါင်းများစွာတိုင်အောင် အမွေအနှစ်များ လက်ဆင့်ကမ်းလာခဲ့သည့် အကယ်ဒမီကြီးတစ်ခုဖြစ်၏။ ၎င်းတို့ထံ၌ ဘယ်လောက်တောင် များပြားသော ရတနာတွေရှိနေကြောင်း မည်သူမှမသိနိုင်ပေ။
ယခုအချိန်တွင် တောင်ပိုင်းတိုက်ကြီးမှလူများအမြင်၌ ဗဟိုသူတော်စင် အကယ်ဒမီက ရွှေများပြိုင်းနေအောင် ၀တ်ထားပြီး ပွဲဈေးထဲလျှောက်သွားနေသည့် ကလေးတစ်ဦးအလားပင်။
မပြေငြိမ်းနိုင်သော ရန်ငြိုးများ နှင့် မရေမတွက်နိုင်သော ရတနာများ၏ ဆွဲဆောင်မှုကို မည်သူက ခံနိုင်လိမ့်မည်နည်း။
ဤကမ္ဘာကြီးက သန်မာသူများ ကြီးစိုးသော ကမ္ဘာကြီးဖြစ်၏။
ဗဟိုသူတော်စင်အကယ်ဒမီလား…?
၎င်း၏ ကံကြမ္မာက ပြီးဆုံးသွားပြီဟု ယူဆနိုင်သည်။
“ ဗဟိုသူတော်စင် အကယ်ဒမီကလူတွေ.. ထွက်လာပြီး အသေခံကြစမ်း…”
“ မှန်တယ်… မင်းတို့ရဲ့ သာယာလှပတဲ့နေရက်တွေ ဒီနေ့ အဆုံးသတ်ပြီ…”
ဖန်ဘိုးဘေးက အော်ပြောလိုက်၏။
စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြောဆိုခဲ့သည်ဖြစ်ရာ ထိုအသံက ဗဟိုသူတော်စင်အကယ်ဒမီတစ်ခုလုံးသို့ ဟိန်းသွားစေခဲ့သည်။
ပတ်၀န်းကျင်မှ ဘုရင်များအားလုံး လောဘဇောတိုက်နေသော မျက်၀န်းများဖြင့် ဗဟိုသူတော်စင် အကယ်ဒမီအား စိုက်ကြည့်နေကြသည်။ ၎င်းတို့ အမူအရာများက တက်ကြွရွှင်လန်းနေပြီး အလွန်စိတ်လှုပ်ရှားနေဟန်ရ၏။
တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီကြီး (၅)ခုထဲမှတစ်ခုဖြစ်သော ဗဟိုသူတော်စင် အကယ်ဒမီက ယနေ့တွင် သူတို့လက်ဖြင့် ဖျက်ဆီးခံရတော့မည်။
ဗဟိုသူတော်စင် အကယ်ဒမီကြီးအား သူတို့လက်ဖြင့်ဖျက်ဆီးခဲ့သည်ဟူသော မှတ်တမ်းက နောက်နှစ်ပေါင်းများစွာကြာ အနာဂါတ်တွင် တောက်ပနေမည်ဖြစ်၏။
“ ဘယ်လိုတောင် ရွံဖို့ကောင်းလဲ…”
“ ဂုဏ်ယူနေလိုက်ကြတာ…”
ဌာနမှူး ရုံခန်းထဲ၌ ဗဟိုသူတော်စင်အကယ်ဒမီ၏ ဌာနမှူး အလွန်ဒေါသထွက်ကာ အံကြိတ်ပြီး လက်သီး တင်းနေအောင်ဆုပ်ထားခဲ့သည်။
အကယ်ဒမီ(၅)ခု ပြိုင်ပွဲကြီး၌ ဗဟိုသူတော်စင် အကယ်ဒမီက အလွန်ကောင်းမွန်သော ရလဒ်များပိုင်ဆိုင်ခဲ့၏။ လက်ရှိတွင် ၎င်းတို့ ဂုဏ်သတင်းကအလွန် မြင့်တက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမို ကျယ်ပြန့်လာပေလိမ့်မည်။
နောက်နှစ် ကျောင်းသားသစ်လက်ခံချိန်၌ အလွန်ထူးချွန်သည့် ကျောင်းသားများ ရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
နောက်ထပ်နှစ်အနည်းငယ်ကြာသွားပါက ဗဟိုသူတော်စင်အကယ်ဒမီက တောင်ပိုင်းတိုက်ကြီးမှ နံပါတ်(၁) အကယ်ဒမီဟူသော ဂုဏ်ပုဒ်အား ပြန်လည် သိမ်းပိုက်ပြီး ယခင်ကဲ့သို့ ဂုဏ်ကျက်သရေမျိုး ပြန်ရရှိရန်သေချာ၏။
၎င်းက ဌာနမှူးအဆက်ဆက်တို့ အလိုချင်ခဲ့ဆုံးသော ဆုလာဘ်နှင့် အဓိက ဆန္ဒတစ်ခုဖြစ်ပေသည်။
သို့သော် သူပျော်၍ပင် မဆုံးသေးမီ ဌာနမှူးဟောင်းက သေဆုံးသွားပြီး ဗဟိုသူတော်စင် အကယ်ဒမီအား လက်ရှိတွင် ရန်သူများ ဝိုင်းထားချေပြီ။
ဦးဆောင်လာသူများက တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းတွင် ရပ်တည်နေသည့် ကောင်းကင်ဘုရင်အဆင့်များဖြစ်သည်။
ယခုတွင် ဌာနမှူးဟောင်းလည်းမရှိတော့ဖြစ်ရာ ၎င်းတို့၏ ဖိအားများအား မည်သို့ တောင့်ခံနိုင်တော့မည်နည်း။
အကယ်၍ ဌာနမှူးဟောင်းသာ သက်ရှိထင်ရှားဖြစ်နေဆဲဖြစ်ပါက သူ၏ မြင့်မားသော ကျင့်ကြံဆင့်နှင့် အစွမ်းထက်တိုက်ခိုက်နိုင်စွမ်းတို့က ရန်သူများအား ဟန့်တားနိုင်ပေလိမ့်မည်။ သို့သော် ဌာနမှူးဟောင်းက ယုမိသားစု ဘိုးဘေးနှင့်အတူ လျှို့ဝှက်နယ်မြေထဲ၌ အသက်ဆုံးပါးသွားခဲ့ချေပြီ။ ဗဟိုသူတော်စင် အကယ်ဒမီအား အကူအညီပေးနိုင်မည့် နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူအား ဘယ်နား သွားရှာရမည်နည်း။
“ ဗဟိုသူတော်စင် အကယ်ဒမီ… ဒီတိုင်း ပြီးသွားတော့မှာလား…”
ဌာနမှူး အလွန်မျက်နှာပျက်နေခဲ့၏။ မကြာသေးမီက သတင်းပို့ ကျောက်စိမ်းများဖြင့် အကူအညီတောင်းခံလွှာများ အဆက်မပြတ်ပို့ခဲ့သည်တိုင် မည်သူမှ ပြန်လည် မတုံ့ပြန်ခဲ့ကြချေ။
သူ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့၏။
ထိုအချိန်တွင် ဗဟိုသူတော်စင် အကယ်ဒမီ၏ ဂိတ်တံခါးကြီးရှေ့သို့ ယခင်ရောက်နေသူများနှင့် မတူညီသော လူတစ်စု အပြေးအလွှား ရောက်လာကြသည်။
၎င်းတို့က ဆင်တူ၀တ်စုံအား ၀တ်ဆင်ထားပြီး မျက်နှာများက အလွန်တင်းမာခက်ထန်နေ၏။
၎င်းတို့ ၀တ်ဆင်ထားသည့်၀တ်စုံက ဗဟိုသူတော်စင် အကယ်မီ၀တ်စုံဖြစ်ပြီး လူတိုင်း မူလဘုရင်နှင့် အထက် ကျင့်ကြံမှုများရှိကြသည်။
“ ဘယ်သူတွေ ရောက်လာတာလဲ…”
ဖန်ဘိုးဘေးက ခေါင်းလှည့်ပြီး ရောက်လာသူများထံသို့ ကြောက်မက်ဖွယ် အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။