အခန်း (၃၀၃)
Vol. 21 Ch. 303
ကျမ်းစာအုပ်က ရွှေရောင်အလင်းတန်းများတောက်ပကာ ရှေးဟောင်း ရုန်းများ ခြံရံလျက် နဂါးငွေ့တန်းကြီးတစ်ခုအလား လင်းဇီရုံထံ ၀င်ရောက်သွားခဲ့သည်။
လင်းဇီရုံက အစောပိုင်းကောင်းကင်ဘုရင် အဆင့်စွမ်းအားဖြင့် ဓားဆွဲထုတ်ကာ ခုတ်ချလိုက်သော်လည်း သူမ၏ ဓားချက်နှင့် ကျမ်းစာအုပ်တို့ထိတွေ့ရာတွင် ရုန်းအနည်းငယ်သာ ပျက်စီးသွားခဲ့၏။
အလွန်ကြီးမား ကျယ်ပြန့်သည့် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် ရုန်းအနည်းငယ်သာ ဖျက်ဆီးနိုင်ခြင်းက အဓိပ္ပါယ်မရှိတော့ပေ။
ဘုန်း…
နှစ်ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီးနောက် ကျမ်းစာအုပ်က ရွှေရောက်အလင်းများ ပိုမိုတောက်ပလာသည်။ တောင်ပေါင်းများစွာ ဖြင့် ဖိချသကဲ့သို့ခံစားလိုက်ရပြီး လင်းဇီရုံ သိသိသာသာ အမူအရာပြောင်းသွားပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာပြီး နောက်သို့ လွင့်စင်သွား၏။
ဗဟိုသူတော်စင် အကယ်ဒမီမှ ကောင်းကင်ဘုရင်အဆင့်ကျောင်းသားဟောင်းဖြစ်သော…
လင်းဇီရုံက သုံးကွက်ပင် ယှဉ်မတိုက်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရ၏။ အလွန်ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုပင်။
ကောင်းကင်ဘုရင် (၄)ယောက် အထင်သေးစွာ ပြုံးလိုက်ကြ၏။
ဗဟိုသူတော်စင် အကယ်ဒမီဘက်တွင်မူ ခံပြင်းမှု နှင့် ၀မ်းနည်းမှုများ ပြည့်နေသည့် မျက်၀န်းများဖြင့် မြေပေါ်သို့ လဲကျသွားသည့် လင်းဇီရုံအား ကြည့်နေခဲ့ကြသည်။
တောင်းပိုင်းတိုက်ကြီး၏ ထိပ်တန်းအကယ်ဒမီ(၅)ခု ထဲမှ တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေခဲ့သော ဗဟိုသူတော်စင် အကယ်ဒမီက ယနေ့တွင် အလွန်ကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်နေရချေပြီ။
“ ပြီးသွားပြီ…”
ကောင်းကင်ဘုရင်ဖန်က အေးဆေးသော အပြုံးတစ်ခုဖြင့် ကျန် ကောင်းကင်ဘုရင်(၃)ယောက်အား ကြည့်လိုက်ပြီးနောက် သူ၏ ကျမ်းစာအုပ်အား ပြန်လည်အသက်သွင်းကာ ဗဟိုသူတော်စင် အကယ်ဒမီကို တိုက်ခိုက်လိုက်သည်။
၎င်းတို့၏ စိတ်ဓာတ်နှင့် ယုံကြည်မှုအား ချိုးဖျက်ပြီးပြီဖြစ်ရာ ဤတစ်ကြိမ်တွင် ဗဟိုသူတော်စင် အကယ်ဒမီအား တစ်ခါတည်း ဖျက်ဆီးရတော့မည်။
ဘုန်း…
သို့သော် ကောင်းကင်ဘုရင် ဖန် တိုက်ခိုက်လိုက်သည်နှင့် ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်း ကျယ်ပြန့်သည့် အရှိန်အဝါတစ်ခုက ဗဟိုသူတော်စင် အကယ်ဒမီအတွင်းမှ ထွက်ပေါ်လာသည်။
“ ဘယ်သူက ဒီလောက်တောင် မောက်မာနေတာလဲ…”
လူတိုင်း၏ မျက်လုံးရှေ့မှောက်သို့ လက်နောက်ပစ်ကာ ရပ်နေသည့် ရွှမ်ယီ ထွက်ပေါ်လာသည်။
ရွှမ်ယီ ရပ်နေသော နေရာက ကောင်းကင်ဘုရင် ဖန်၏ တိုက်ခိုက်မှု တည့်တည့်၌ဖြစ်သည်။
သို့သော် ရွှမ်ယီက အနည်းငယ်မျှ စိတ်လှုပ်ရှားဟန်မရှိဘဲ တည်ငြိမ်စွာ ရပ်နေခဲ့၏။
အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက်…
ကောင်းကင်ဘုရင်ဖန်၏ တိုက်ခိုက်မှုက ဘယ်တုန်းကမှ မရှိခဲ့သည့်အလား လေထဲ၌ ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အေးစက်သော အငွေ့အသက်များဖြင့် အလွန်လှပသည့် အမျိုးသမီးတစ်ဦး ရွှမ်ယီ နောက်၌ တိတ်တဆိတ် ထွက်ပေါ်လာ၏။
“ ရွှမ်ယီ.. ဟမ့် မင်းရောက်လာပြီကိုး.. ဒီနေ့ မင်း သေနေ့ပဲကွ…”
ရွှမ်ယီ ရောက်လာသည်ကို မြင်လိုက်သည်နှင့် ဟီဘိုးဘေးက လက်ညှိုးထိုးကာ ဟားတိုက်ရယ်မောလိုက်၏။
အားရအောင် ရယ်မောပြီးသည်နှင့် ရွှမ်ယီအား သတ်ဖြတ်လိုစိတ်များပြည့်နေသည့် မျက်၀န်းများဖြင့် စိုက်ကြည့်လိုက်သည်။
ဟီမိသားစု ခေါင်းဆောင်၏ တစ်ဦးတည်းသော သားဖြစ်သည့် ဟီမိသားစု အမွေဆက်ခံသူက ရွှမ်ယီ၏ တပည့်လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သို့သော် အလယ်အလတ်ကောင်းကင်ဘုရင် သို့မဟုတ် နှောင်းပိုင်းကောင်းကင်ဘုရင်ဟု ယူဆ၍ရသည့် ပင်းယုကြောင့် ခေါင်းငုံ့ကာ အရှက်တကွဲ အကျိုးနည်းဖြင့် ပြန်ပြေးခဲ့ရ၏။
ယခုတွင် ကောင်းကင်ဘုရင်(၄)ယောက် အတူတကွဲရှိနေခဲ့ပြီး ထိုအထဲမှ (၂)ယောက်က အလယ်အလတ် ကောင်းကင်ဘုရင်ဖြစ်ကာ ကျန်တစ်ယောက်က နှောင်းပိုင်းကောင်းကင်ဘုရင် ဖြစ်သည်။
ဟီဘိုးဘေးအမြင်တွင်
ယနေ့က ရွှမ်ယီ နှင့် ပင်းယုတို့ သေနေ့ဖြစ်၏။
“ ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့်ပေးခဲ့မိတာ အမှားတစ်ခု ဖြစ်ခဲ့ပုံဘဲ…”
ရွှမ်ယီက သိပ်ပြီး ထူးမခြားဟန်ဖြင့် ဟီဘိုးဘေးအားကြည့်ကာ ခေါင်းယမ်းလိုက်၏။
မှန်ပေသည်။ မြွေဆိုးတစ်ကောင်က မိမိအား ရန်ပြုလာပါက နေရာ၌ ချက်ချင်း ရိုက်သတ်သင့်သည်။
သို့မဟုတ်ပါက လွှတ်ပေးပြီးနောက် ချက်ချင်း ဒါမှမဟုတ် နောက်ပိုင်းတွင် မိမိအား ပြန်လည် အန္တရာယ်ပြုလာနိုင်သည်။
“ ခင်ဗျားပါးစပ်က တော်တော်ရွံ့ဖို့ကောင်းတာပဲ.. ဒါပေမာ့် စိတ်မပူပါနဲ့… ဒီနေ့ ခင်ဗျား သေကိုသေရမှာပါ…”
“ သူနဲ့ ရင်းနှီးတဲ့လူတိုင်း အသေလာခံကြစမ်း… ဒါပေမယ့် မင်း….. မင်းကိုတော့ ထွက်သွားခွင့်ပေးမယ်…”
ကောင်းကင်ဘုရင်ဖန်က လှောင်ပြောင်လိုဟန်ဖြင့် ပင်းယုအား စိုက်ကြည့်လိုက်သည်။
သူက အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူမျှသာဖြစ်ရာ ပင်းယု၏ အစစ်အမှန်စွမ်းအားကို ရိပ်မိခြင်းမရှိသေးချေ။
“ အားလုံး သတ်လိုက်…”
ရွှမ်ယီက ၎င်းတို့နှင့် ငြင်းခုန်လိုစိတ်မရှိသည်ဖြစ်ရာ ပင်းယုအား ချက်ချင်း အမိန့်ပေးလိုက်၏။
ရွှမ်ယီက ရန်သူများအား တစ်ပြိုင်တည်းရှင်းပစ်ချင်သောကြောင့် ၎င်းတို့အားလုံး ဗဟိုသူတော်စင် အကယ်ဒမီသို့ စုစည်းရောက်ရှိလာမည့် အချိန်အား စောင့်ဆိုင်နေခဲ့ခြင်းဖြစ်သည်။
၎င်းတို့က ဤနေရာသို့ အသေခံရုံသက်သက်ရောက်လာကြခြင်းဖြစ်၏။
ပင်းယုက ခေါင်းညိတ်လိုက်ပြီး သာမန်အတိုင်း အေးစက်သော မျက်နှာဖြင့် ရှေ့တိုးသွားလိုက်သည်။
ဟင်…
ကောင်းကင်ဘုရင်ဖန်၏ မျက်နှာအမူအရာသိသိသာသာ ပြောင်းလဲသွား၏။
ရွှမ်ယီနောက်မှ အမျိုးသမီး ရှေ့တိုးလာသည့်နှင့် သူ အလွန်ဂုဏ်ယူရသော တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ကျမ်းစာအုပ်က လျင်မြန်စွာ အရည်ပျော်သွားပြီး ဘာမှမရှိသော အခြေအနေသို့ ရောက်သွားခဲ့သည်။
ကောင်းကင်ဘုရင်(၄)ယောက်အပါအ၀င် ဗဟိုသူတော်စင် အကယ်ဒမီအား ဝိုင်းထားသူတိုင်း၏ အမူအရာများ အကြီးအကျယ်ပြောင်းလဲသွားလေသည်။
ထိတ်လန့်ခြင်း ၊ မယုံကြည်နိုင်ခြင်း ၊ နောင်တရခြင်း…
ဌာနမှူးဟောင်း သေဆုံးသွားပြီး ဗဟိုသူတော်စင် အကယ်ဒမီ၌ ထိုမျှသန်မာသော မရှိတော့ဟု ထင်မှတ်ခဲ့ကြသော်လည်း ဌာနမှူးဟောင်းထက်ပင် သန်မာဟန်ရသော အမျိုးသမီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသမီးအား ဤနေရာမှလူများ မည်သူမှ နှစ်ကြိမ်ထက်ပိုပြီးတွေ့ဆုံးဖူးခြင်းမရှိချေ။ သူမက ပထမဆုံး ထွက်ပေါ်လာချိန်၌ ကောင်းကင်ဘုရင်တစ်ဦးအား သတ်ဖြတ်ခဲ့၏။
သို့သော် ဤမတိုင်မီ လူတိုင်း သူမက အလတ်အလတ်ကောင်းကင်ဘုရင်အဆင့်လောက်သာ ဖြစ်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ အလွန်ဆုံးရှိမှ နှောင်းပိုင်းကောင်းကင်ဘုရင် အဆင့်သာဖြစ်ရမည်။
ယခုတွင်မူ….!
ဘုန်း…
ပင်းယုက ရုတ်တရက် တိုက်ခိုက်လိုက်ရာ လေထဲ၌ အလွန်ကြီးမားသော စိတ်ဝိညာဉ် လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် လက်ဝါးကြီးက ချက်ချင်း ကောင်းကင်ဘုရင် ဖန်ထံသို့ ရောက်ရှိသွားပြီး သိမ်းရိုက်ချလိုက်သည်။
ဟီဘိုးဘေး မျက်နှာအကြီးအကျယ် ပျက်ယွင်းသွား၏။
သူ ယခင် တစ်ကြိမ် ဗဟိုသူတော်စင် အကယ်ဒမီသို့ လာရောက်ခဲ့စဉ် ပင်းယု၏ တားဆီးခြင်းကို ခံခဲ့ရသည်။
သူကိုယ်တိုင်လည်း သူမအား အလတ်အလတ်ကောင်းကင်ဘုရင် ၊ အလွန်ဆုံး နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်သာဖြစ်မည်ဟု ယုံကြည်ထားခဲ့၏။
သို့သော် ပင်းယု တစ်ချက်မျှ လှုပ်ရှားလိုက်သည်နှင့် အလွန်ကြောက်မက်ဖွယ် သေမင်းလက်ဝါးကြီးက သူ့ထံသို့ ဦးတည်လာနေချေပြီ။
သေမင်းနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့သကဲ့သို့ ခံစားနေရ၏။
“ ချမ်းသာပေးပါ…”
ဟီဟိုင်ယွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။
သို့သော် ပင်းယုက ၎င်းအား လှည့်ကြည့်ရန်ပင် စိတ်မ၀င်စားဘဲ ဧရာမ စိတ်ဝိညာဉ် လက်ဝါးကြီးဖြင့် ရိုက်ချလိုက်၏။
“ စီနီယာ.. ကျေးဇူးပြုပြီး နေပါဦး…”
ကောင်းကင်ဘုရင် ဟွမ် အလွန်ထိတ်လန့်ပြီး ဆောက်တည်ရာမရဖြစ်နေသည်။
အခြေအနေက ရုတ်တရက် သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။
အကြွင်းမဲ့ အောင်မြင်မည်ဟု ထင်မှတ်ထားခဲ့သော အခြေအနေက တစ်ယောက် သေဆုံးပြီး နောက်တစ်ယောက်က သေမှန်း ရှင်မှန်းမသိသော အခြေအနေသို့ ရောက်သွားခဲ့၏။
ထို့အပြင် ၎င်းတို့က ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများချည်းဖြစ်သည်။
ဟမ့်..
ပင်းယု၏ မျက်၀န်းများက မူလအတိုင်းအေးစက်နေဆဲဖြစ်ကာ ကောင်းကင်ဘုရင်ဟွမ်အား စိုက်ကြည့်လိုက်ပြီးနောက် နေရာ၌ ထိန်းချုပ်ထားလိုက်သည်။
“ မကောင်းတော့ဘူး…”
ကောင်းကင်ဘုရင်ဟွမ်က ထွက်ပြေးရန်အတွက် ချက်ချင်း လေဟာနယ်အား အစွမ်းကုန်ခွဲဖွင့်ရန် ကြိုးစားလိုက်သည်။
ထို အမျိုးသမီးက နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်ထက် ကျော်လွန်နေကြောင်း နားလည်လိုက်ပြီဖြစ်၏။
သူက အလတ်အလတ် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော်ငြား ပြိုင်ဘက်နှင့် ယှဉ်ပါက အလွန် ကွာခြားလှသည်။