← Chapters

အခန်း (၃၀၅)

Vol. 21 Ch. 305

အခန်း (၃၀၅)

Vol. 21 Ch. 305

အတိအကျဆိုလျှင် ယခင် ဌာနမှူးဟောင်း၏ မပြတ်သားမှုနှင့် ညှာတာမှုများကြောင့် ယခုကဲ့သို့ အခြေအနေမျိုးဖြစ်လာခြင်းဖြစ်သည်။

ဗဟိုသူတော်စင် အကယ်ဒမီ၏ ပင်မကျောရိုး မရှိတော့သည်နှင့် နောက်တစ်ကြိမ် ဤကဲ့သို့အခြေအနေမျိုးဖြစ်လာရန် သေချာသည်။

ပင်းယုကလည်း ရွှမ်ယီ၏ အတွေးများအား နားလည်ဟန်ဖြင့် မည်သည့်စကားမှ မဆိုခဲ့ချေ။။

ရွှစ်…

သနားမှုတောင်းခံနေကြသူများ၏ အသံများ တဖြည်းဖြည်း တိမ်၀င်လာခဲ့သည်။

သူတို့ အလွန်ထိတ်လန့်နေကြပြီး ရုန်းကန်နိုင်စွမ်းလည်းမရှိတော့ချေ။

တဖြည်းဖြည်း အောက်ခြေမှစကာ ပျောက်ကွယ်လာနေသည့် သူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ကြည့်နေရုံသာ တတ်နိုင်၏။

တချို့လူများက အစပိုင်းတွင် ရုန်းကန်နေခဲ့ကြသေးသော်လည်း တဖြည်းဖြည်း လက်လျှော့လိုက်ကာ ခါးသီးစွာပြုံးရင်း ခေါင်းယမ်းလိုက်ပြီး မျက်လုံး မှိတ်ထားလိုက်ကြတော့သည်။

တောင်ပိုင်း တိုက်ကြီး၌ အင်ပါယာအဆင့်နှင့် ကောင်းကင်ဘုရင်အဆင့်ဇယားရှိ လူများမှလွဲလျှင် အထွတ်အထိပ်ကောင်းကင်ဘုရင်၏ ရှေ့မှောက်တွင် မည်သူ လွတ်မြောက်နိုင်မည်နည်း။

ထိုလူများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဗဟိုသူတော်စင် ဘက်မှ မိန်းကလေးတချို့ မြေပြင်ထက်သို့ အရုပ်ကြိုးပြတ်လဲကျကာ ငိုကြွေးလိုက်ကြ၏။

ကောင်းကင်ဘုရင်(၄)ယောက်၏ ဖိအားများအောက်တွင် သူတို့အားလုံး သေဆုံးရန် အသင့်ပြင်ထားကြပြီးဖြစ်သည်။

သို့သော် ယခုတွင် ‌ကပ်ဘေးဆိုးကြီးက ပြီးဆုံးသွားခဲ့ချေပြီ။

ပင်းယုက အလတ်အလတ်ကောင်းကင်ဘုရင် (၂)ယောက်အား အလွတ်တကူ သတ်ဖြတ်ခဲ့ပြီးနောက် ထွက်ပြေး လွတ်မြောက်သွားသည့် နှောင်းပိုင်း ကောင်းကင်ဘုရင်ကိုလည်း လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခဲ့သေးသည်။

ထိုသတင်းပြန့်နှံ့သွားပြီးနောက် တောင်ပိုင်းတိုက်ကြီးမှ ဘုရင်အဆင့်ဇယား သုံးခုအား စာရင်းပြုစုထားပြီး နန်ပင်မျှော်စင်က ၎င်းတို့ စာရင်းအား အသစ်တဖန် ပြန်လည် ပြင်ဆင်လိုက်၏။

ရွှမ်ယီ ၊ ‌ဗဟိုသူတော်စင် အကယ်ဒမီမှ လက်ထောက်ဌာနမှူး ၊ လူသားဘုရင် အဆင့်(၉) ။

ပင်းယု ၊ ရွှမ်ယီ၏ မိတ်ဆွေ ၊ ကောင်းကင်ဘုရင် အဆင့်(၃) ။

“ ရှူး…”

ထိုသတင်း ပျံနှံ့သွားပြီးနောက် မရေမတွက်နိုင်သောလူများ အသက်ပြင်းပြင်း ရှိုက်လိုက်မိကြ၏။

ရွှမ်ယီက မူလဘုရင်အဆင့် ဇယားမှနေ၍ လူသား ဘုရင်အဆင့်ဇယားသို့ တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။ ထို့အပြင် ပင်းယုကလည်း တိုက်ပွဲတစ်ခုဖြင့် ကောင်းကင်ဘုရင် အဆင့်ဇယား၌ နံပါတ်(၃) သို့ရောက်သွား၏။

ထို အဆင့်(၂)ခုပြောင်းလဲမှုက တောင်ပိုင်းတိုက်ကြီးကို တုန်ခါသွားစေခဲ့သည် ဟုပြောရင် လွန်မည်မဟုတ်ပေ။

တောင်ပိုင်း တိုက်ကြီးမှ လူများ ထိုကိစ္စနှင့်ပတ်သက်ပြီး အုတ်အော်သောင်းတင်းဖြစ်နေကြစဉ် ကြောက်မက်ဖွယ် အခြေအနေတစ်ခုက တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။

ပင်လယ်သားရဲများ တောင်ပိုင်းတိုက်ကြီးသို့ ကျူးကျော်နေကြချေပြီ။

အစပိုင်းတွင် ထိုကိစ္စအား မည်သူမှ အလေးမထားခဲ့ကြပေ။ ကုန်းပေါ်သို့ မျက်စိလည်ကာတက်လာသည့် သားရဲများအဖြစ်သာ သဘောထားခဲ့ကြ၏။ ၎င်းတို့အား သတ်ပြီးနောက် အသားများကို သယ်ဆောင်ကာ ရယ်ရယ်မောမောပင် ပြောဆိုနေကြသေးသည်။

ကာရာကန်( ပင်လယ်သားရဲ) ဟူသည့် စကားလုံးက အတိတ်ကာလကတည်းက လူသားတို့၏ သမိုင်းတွင် အလွန်ထင်ရှားခဲ့သည်။

ဟိုး ရှေးခေတ်ကတည်းက ပင်လယ်သားရဲများ ကျူးကျော်တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့က တောင်ပိုင်းတိုက်ကြီးကိုပင် အချိန်အတန်အကြာ အုပ်စိုးခဲ့ကြသေး၏။ ထိုအချိန်က ပင်လယ်သားရဲများ၏ ဖိနှပ်မှုကြောင့် လူသားမျိုးနွယ် မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်ခဲ့ရသည်။

ထိုအချိန်ကို တောင်ပိုင်းတိုက်ကြီး၏ သမိုင်း၌ အမှောင်ခေတ်ဟု ခေါ်တွင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအမှောင်ခေတ်၌ လူသားများက အလွန်စည်းလုံးခဲ့ကြပြီး အစွမ်းထက် ပါရမီရှင်များ ပေါ်ထွန်းခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်း တိုက်ခိုက်ကြရင်းနှင့် နောက်ဆုံးတွင် ပင်လယ်သားရဲများအား အဆုံးမဲ့ပင်လယ်သို့ ပြန်လည် မောင်းထုတ်နိုင်ခဲ့၏။

သို့သော် နှစ်တိုင်း လူသားများအား ယခင်အမှောင်ခေတ်သို့ ပြန်လည်ပို့ဆောင်မည်ဟု ကြွေးကြော်ကာ ကုန်းပေါ်သို့ လာရောက် တိုက်ခိုက်တတ်သည့် ပင်လယ်သားရဲတချို့ ရှိတတ်သည်။

“ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေတဲ့ အရူးတွေပဲ…”

လူတချို့က ၎င်းတို့အား လှောင်ပြောင်ခဲ့ကြပြီး ထို ကာရာကန်(ပင်လယ်သားရဲ) များအား သိပ်ပြီး အလေးအနက်မထားခဲ့ကြချေ။

ဤနှစ်များအတွင်း လူသားမျိုးနွယ်က ယခင် ဘိုးဘေးများလက်ထက်ကထက် များစွာ သာလွန်နေချေပြီ။ ထို့အပြင် ဟိုတလောကမှ ပင်လယ်သားရဲများ ကျူးကျော်ခဲ့ကြသေး၏။

၎င်းတို့က အတန်အသင့်အားကောင်းသော်လည်း အင်အားစုကြီး (၂)ခုလောက် သွား‌လိုက်ရုံနှင့် ဖြေရှင်းနိုင်စွမ်းရှိသည်။

အဆုံးမဲ့ ပင်လယ်မှ သားရဲများ…

ယနေ့ခေတ်တွင် ၎င်းတို့အား စိုးရိမ်စရာမရှိဟု လူတိုင်း ယုံကြည်ထားကြသည်။

သို့သော် ဤတစ်ကြိမ် ကျုးကျော်မှုက နှစ်တိုင်းကဲ့သို့ အသေးအဖွဲမဟုတ်ကြောင်း မည်သူမှ မသိခဲ့ကြချေ။

အလွန်ကြီးမားကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုဖြစ်၏။

အဆုံးမဲ့ပင်လယ်တွင် မရေမတွက်နိုင်သော မျိုးနွယ်များရှိပြီး ၎င်းတို့အရေအတွက်က အလွန့်အလွန်များပြားလှသည်။ နှစ်ပေါင်းများစွာ ပြန်လည် အင်အားစုဆောင်းလာခဲ့ကြသည်ဖြစ်ရာ ၎င်းတို့အား လုံး၀ လျှော့တွက်၍ မရချေ။

ထိုအချိန်တွင် အဆုံးမဲ့ပင်လယ်၏ တစ်နေရာ၌ မရေမတွက်နိုင်သော ပင်လယ်သားရဲများ အတူတကွ စုရုံးနေကြ၏။

၎င်းတို့ အလယ်တွင် အားကောင်းသော ပင်လယ်သားရဲ မျိုးနွယ်စု ခေါင်းဆောင်များက လူ(၄) ၊(၅) ယောက်နောက်တွင် ရိုကျိုးစွာ ရပ်နေလေသည်။ ပတ်၀န်းကျင်မှ ပင်လယ်သားရဲတိုင်း၏ မျက်လုံး အကြည့်များ ထိုနေရာ၌ ရှိနေ၏။

ထို အလွန်သန်မာသော လူသား(၄) ၊ (၅)ယောက်အဖွဲ့က ပင်လယ်သားရဲမျိုးနွယ်၏ တော်၀င်မိသားစုမှဖြစ်ကြသည်။

တော်၀င်မိသားစုမှ ပင်လယ်သားရဲများက အရွယ်ရောက်သည်နှင့် အသွင် ပြောင်းနိုင်စွမ်းရှိကြပြီး မွေးဖွေးလာကတည်းက အဆုံးမဲ့ပင်လယ်မှ ပင်လယ်သားရဲတိုင်းအပေါ် ဖော်မပြနိုင်သော လွှမ်းမိုးမှုရှိကြသည်။

လူသားမျိုးနွယ်အတွက် အမှောင်ခေတ်ကို ၎င်းတို့က ဖန်တီးခဲ့ကြခြင်းဖြစ်၏။

လူသားများက ၎င်းတို့အား အဆုံးမဲ့ပင်လယ်သို့ ပြန်လည် မောင်းထုတ်ခဲ့ကြစဉ် ထို တော်၀င် ပင်လယ်သားရဲများအားလုံးကို သတ်ဖြတ်ခဲ့ပြီးပြီဟု ထင်ခဲ့ကြသော်လည်း လူတိုင်း ထင်ထားသည်နှင့် ဆန့်ကျင်စွာ တော်၀င် ပင်လယ်သားရဲ (၄) ၊ (၅) ကောင် အသက်ရှင်နေကြဆဲဖြစ်၏။

ထို့အပြင် ၎င်းတို့က ငြိမ်းချမ်းစွာ ရှင်သန်နေခဲ့ကြခြင်း ဟုတ်ဟန်မတူပေ။ ပြန်လည် လက်စားချေရန် ပြင်ဆင်နေကြခြင်းသာဖြစ်ရမည်။

၎င်းက အမှန်ပင်။

“ ဒီနေ့ ကျုပ်တို့ ဒီနေရာမှာ စောင့်နေပြီး ထောင်ပေါင်းများစွာသော မွန်မြတ်တဲ့ မျိုးနွယ်တွေကို စုစည်းစေရတဲ့ ရည်ရွယ်ချက်ကတော့ အဆုံးမဲ့ပင်လယ် မဟာမိတ်ကို ဖွဲ့စည်းဖို့အတွက်ပဲ…”

“ အားလုံးဘဲ… ကျုပ်တို့ ဘိုးဘေးတွေပိုင်ဆိုင်ခဲ့တဲ့ ဂုဏ်ကျက်သရေမျိုး ပြန်လည် ဖြန့်ကျက်ဖို့ အချိန်တန်ပြီ…”

အေးစက်သောမျက်နှာ ကျဉ်းမြောင်းသော မျက်၀န်းများဖြင့် တော်၀င်မိသားစုမှ တစ်ယောက်က ရှေ့တိုးပြီး ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်ကာ အော်ပြောလိုက်၏။

ထိုလူ၏ စကားများက ပတ်၀န်းကျင်မှ ပင်လယ်သားရဲတိုင်း၏ နားထဲသို့ စိမ့်၀င်သွားပြီး ၎င်းတို့ သွေးများအား ဆူပွက်သွားစေသည်။ ထို့နောက် အားလုံး ၎င်းတို့၏ လက်နက်များကို ကိုင်မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

ဟေး…

“ သန့်စင်မွန်မြတ်တဲ့ မျိုးနွယ်အတွက်.. ကျွန်ုပ်တို့အားလုံး မီးပင်လယ် နဲ့ ရေခဲ ပင်လယ်ကို ကျော်ဖြတ်လိုပါတယ်…”

ဟေး…

“ သန့်စင်မွန်မြတ်တဲ့ မျိုးနွယ်အတွက်.. ကျွန်ုပ်တို့အားလုံး မီးပင်လယ် နဲ့ ရေခဲ ပင်လယ်ကို ကျော်ဖြတ်လိုပါတယ်…”

ဘုန်း…

အဆုံးမဲ့ ပင်လယ်ကြီး တစ်ခုလုံး ပွက်ပွက်ဆူသွားပြီး ပင်လယ်နေ နတ်ဆိုးသားရဲများအားလုံး ဆိုးယုတ်သော ချီများ ဖြာထွက်လျက် တောင်ပိုင်းတိုက်ကြီးသို့ ဦးတည်လိုက်ကြ၏။

အဆုံးမရှိသော သားရဲများက တောင်ပိုင်းတိုက်ကြီး၏ နေရာအနှံ့မှ ကုန်းမြေထက်သို့ ကျူးကျော်လာကြသည်။

အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ဟူ၍ ဦးတည်ချက်ကြီး လေးခုခွဲကာ တောင်ပိုင်းတိုက်ကြီးရှိ လူနေ ဒေသများထံသို့ လျင်မြန်စွာ ချီတက်သွားကြ၏။

ရက်အနည်းငယ်ကြာပြီးနောက်…

ခမ်းနားခြင်းဒေသ ပျက်စီးသွားလေသည်။

တောင်းပိုင်းတိုက်ကြီး၏ နေရာအနှံ့၌ အခြေအနေများ အလွန်ပရမ်းပတာ ဖြစ်နေခဲ့၏။

တောင်ပိုင်းတိုက်ကြီးရှိ ထိပ်ဆုံးမှ လူများ လက်ရှိအခြေအနေများအား သတိပြုမိချိန်တွင် အခြေအနေများက ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေချေပြီ။

……………………..

All Chapters