အခန်း (၃၀၆)
Vol. 21 Ch. 306
ရွှစ်…
သတင်းပို့ အချက်အလက်ကျောက်စိမ်းအများအပြားက တောင်ပိုင်းတိုက်ကြီး၏ ဒေသများကို ဖြတ်ကျော်ကာ ထိပ်တန်းဒေသကြီး (၂၀) အတွင်းမှ အဓိက အင်အားစုကြီးများထံသို့ ရောက်ရှိသွားခဲ့သည်။
ထို သတင်းပို့ အချက်အလက်ကျောက်စိမ်းကို လက်ခံရကြသူများအားလုံး အထူးသဖြင့် ကောင်းကင်ဒေသမှ ကိုင်မိသားစုနှင့် ရွှမ်မိသားစုတို့ အလွန်ဒေါသထွက်ခဲ့ကြသည်။
ဟိုတလောကမှ သူတို့မိသားစုကြီးနှစ်ခုဦးဆောင်ကာ တောင်ပိုင်းတိုက်ကြီးအား ကျူးကျော်လာသည့်ပင်လယ်သားရဲများအား သွားရောက်သတ်ဖြတ်ခဲ့ကြသေးသည်။ ထိုအဖြစ်အပျက်ပြီးနောက် အဆုံးမဲ့ပင်လယ်၏ကျူးကျော်မှု တစ်ခဏမျှငြိမ်သက်သွားသင့်သည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် ထိုအဖြစ်အပျက်ဖြစ်ခဲ့ပြီး မကြာသေးမီ ပင်လယ်သားရဲများ နောက်တစ်ကြိမ်ကျူးကျော်လာလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။
“ သူတို့ကျူးကျော်ခဲ့တဲ့ နောက်ဆုံးအကြိမ်က အဲ့လောက်မဟုတ်ဘူး… ဒါပေမယ့် ဒီတစ်ခါ…..”
ကိုင်မိသားစုခေါင်းဆောင်နှင့်ရွှမ်မိသားစုခေါင်းဆောင်တို့ တစ်ယောက်ကိုတစ်ယောက် လေးနက်စွာစိုက်ကြည့်လိုက်ကြသည်။
ဤတစ်ကြိမ်က အဆုံးမဲ့ပင်လယ်မှ ပင်လယ်သားရဲများ၏ ရေရှည်စီစဉ်ထားသော ကျူးကျော်မှုဖြစ်ကြောင်း သူတို့နားလည်ထားပြီးဖြစ်၏။
တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်အား ဖျက်ဆီးရန်ကြိုးပမ်းမှုတစ်ခုဖြစ်သည်။
မျိုးနွယ်စုနှစ်ခုကြားမှ တိုက်ပွဲတစ်ခု..
ထိုသို့မဟုတ်ပါက သတင်းပို့ အချက်အလက်ကျောက်စိမ်းများ ပျံ့နှံ့လာမည်မဟုတ်ပေ။
သူတို့နှစ်ယောက်လုံး ထိုကျောက်စိမ်းများက တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအားလုံး စည်းလုံးညီညွတ်ကာ ပံ့ပိုးကူညီတိုက်ခိုက်ကြရန်အတွက် ကောင်းကင်ဘုရင်အထက်အဆင့်မှ ကျွမ်းကျင်သူများ၏ ဆောင်ရွက်မှုဖြစ်ကြောင်းနားလည်ထားကြပြီးဖြစ်သည်။
ထိုသတင်းပို့အချက်အလက်ကျောက်စိမ်းထဲတွင် စစ်ပွဲအကျိုးအမြတ်များဟူသော စကားကို ရှင်းရှင်းလင်းလင်းဖော်ပြထား၏။ ပင်လယ်သားရဲများအား သတ်ဖြတ်ခြင်းနှင့် တောင်ပိုင်းတိုက်ကြီးမှဒေသများအား ကာကွယ်ခြင်း ၎င်းတို့အားလုံး စစ်ပွဲအကျိုးအမြတ်များရရှိနိုင်သည်။
ထိုသတင်းပို့အချက်အလက်ကျောက်စိမ်းထဲတွင် စစ်ပွဲအကျိုးအမြတ်များအား ရှင်းရှင်းလင်းလင်းဖော်ပြထား၏။ ယေဘုယအားဖြင့်ပြောရမည်ဆိုလျှင် မူလဘုရင်အဆင့်ပင်လယ်သားရဲများက စစ်ပွဲအမှတ် (၁၀၀) ၊ လူသားဘုရင်အဆင့်က အမှတ် (၁၀၀၀) နှင့် ကောင်းကင်ဘုရင်အဆင့်က အမှတ် (၁၀၀၀၀) ရှိသည်။
ထိုစစ်ပွဲအမှတ်များအား စစ်ပွဲပြီးချိန်တွင် အားလုံးကို တစ်ပြိုင်နက်တည်း စာရင်းရှင်းပေးသွားမည်ဖြစ်၏။
တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူအများစုအတွက် လက်ရှိအခြေအနေက ကြုံရခဲသော ကပ်ဘေးအကြပ်အတည်းနှင့် အမြင့်ဆုံးသော အခွင့်အလမ်းများဖြစ်ပေသည်။
အထက်တွင် ဖော်ပြထားသော အဓိပ္ပါယ်က အလွန်ရှင်းလင်း၏။ သင့်အနေဖြင့် အကောင်းဆုံးကြိုးစားတိုက်ခိုက်ရမည်။ တောင်ပိုင်းတိုက်ကြီးသို့ ကျူးကျော်လာသော ပင်လယ်သားရဲများအား ဖျက်ဆီးပစ်ရန်နှင့် လူသားမျိုးနွယ်၏ နယ်မြေများအား ကာကွယ်ရန်လိုအပ်သည်။
ယခုအချိန်တွင် တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအားလုံးကို တစ်သားတည်းဖြစ်ကာ အလွန်စည်းလုံးသွားစေခဲ့သည်။
ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးလည်း သတင်းပို့ အချက်အလက်ကျောက်စိမ်းအားလက်ခံရရှိပြီးနောက် ရွှမ်ယီအား လေးနက်သော အမူအယာဖြင့် လှမ်းခေါ်လိုက်၏။
“ အခု ပင်လယ်သားရဲတွေ အပြင်းအထန် ကျူးကျော်နေကြပြီ… ဒါက ကာလရှည်စစ်ပွဲတစ်ခုဖြစ်လာမှာ ငါစိုးမိတယ်…”
“ ငါတို့ အဓိက အကယ်ဒမီကြီး (၅) ခုက ကျရှုံးသွားတဲ့ဒေသတွေကို ပြန်သိမ်းယူဖို့နဲ့ လူသားမျိုးနွယ်ဒေသတွေကို ကာကွယ်ဖို့အတွက် ရှေ့တန်းစစ်မြေပြင်ကို သွားရမယ်… အခုအချိန်က အရေးကြီးတဲ့အချိန်ပဲ…”
“ကောင်းကင်ဘုရင်အထက်အဆင့်က အင်အားကြီး ကျင့်ကြံသူတွေက ငါတို့အားလုံးကို စုစည်းစေခဲ့တာ… အင်ပါယာအဆင့်ကျင့်ကြံသူတွေက အဆုံးမဲ့ပင်လယ်ထဲက အဓိကနေရာမှာ အပြင်းအထန်တိုက်ပွဲဝင်နေကြတယ်.. သူတို့က ငါတို့တောင်ပိုင်းတိုက်ကြီးက လူသားမျိုးနွယ်တွေအတွက် အချိန်ဆွဲနေတယ်လို့ပြောလို့ရတယ်… “
“ အဲ့ဒါကြောင့် အင်ပါယာအဆင့်ကျင့်ကြံသူတွေနဲ့ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတွေအတွက် သီးသန့်စစ်မြေပြင်တွေရှိတယ်… တောင်ပိုင်းတိုက်ကြီးက တိုက်ပွဲမှာ အင်ပါယာအဆင့်နဲ့ ကောင်းကင်ဘုရင်အဆင့်တွေ ပါဝင်မှာမဟုတ်ဘူး… ရှေ့တန်းစစ်မျက်နှာပြင် (၄) ခုက အဓိကတိုက်ပွဲဝင် အင်အားစုတွေက ကောင်းကင်ဘုရင်အဆင့်အောက်က ကျင့်ကြံသူတွေချည်းပဲ…”
“ ပြီးတော့ အဆုံးမဲ့ပင်လယ်သားရဲတွေကြားထဲမှာ တော်ဝင်မိသားစု အရိပ်အယောင်တွေကိုလည်းတွေ့ရပြီးတော့ သူတို့က အဆုံးမဲ့ပင်လယ်မဟာမိတ်ကို ဖွဲ့စည်းခဲ့တယ်ဆိုပြီးတော့ သတင်းရရှိထားသေးတယ်…”
“ ရွှမ်ယီ… မင်းက အရမ်းအစွမ်းထက်တယ်… ရှေ့တန်းမှာ အဆုံးမဲ့ပင်လယ်မဟာမိတ်ရဲ့ တိုက်စစ်ကို ခုခံဖို့အတွက် မင်းဦးဆောင်ရလိမ့်မယ်… ဗဟိုသူတော်စင်အကယ်ဒမီက ကျောင်းသားတွေနဲ့ နည်းပြဆရာတွေအားလုံး မင်းအမိန့်ကိုနာခံကြလိမ့်မယ်… သူရဲကောင်းတွေအနေနဲ့ သေမှာကို ဘယ်တော့မှမကြောက်ကြဘူး…”
ဌာနမှူးက သူ၏စကားကိုခဏရပ်လိုက်ကာ ရွှမ်ယီ၏မျက်နှာအား အလေးအနက်စိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များထွက်ပေါ်လာသည်။
“ ကျေးဇူးပြုပြီး အားလုံးကို အသက်ရှင်လျက် ပြန်ခေါ်လာပါလို့ တောင်းဆိုပါရစေ…”
ထိုစကားကြားလျှင် ရွှမ်ယီ၏ မျက်ဝန်းများလည်းလေးနက်သွားပြီး ဌာနမှူးအား ကြည့်ကာ ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်၏။
“ စိတ်မပူပါနဲ့… ကျုပ်ရှိနေသ၍ အဆုံးမဲ့ပင်လယ်ထဲက ပင်လယ်သားရဲတွေ တောင်ပိုင်းတိုက်ကြီးက လူသားမျိုးနွယ်ကို ဘယ်တော့မှဖျက်ဆီးနိုင်မှာမဟုတ်ဘူး…”
တစ်ခဏအကြာတွင် ဗဟိုသူတော်စင်အကယ်ဒမီမှ စစ်ပွဲတွင် ပါဝင်နိုင်သည့် နည်းပြဆရာများနှင့် ကျောင်းသားများအားလုံး စုဝေးလာပြီး ရွှမ်ယီ၏ ဦးဆောင်မှုအောက်မှတစ်ဆင့် လေဟာနယ်အား အတူတကွ ဖြတ်ကျော်သွားကြသည်။
……
နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)အား လေးဘက်လေးနံမှ ပင်လယ်က ဝန်းရံထားသည်။ ထိုအထဲမှ တောင်ပိုင်းနယ်စပ်က အလွန်ထင်ရှား၏။ ၎င်းက အဆုံးမဲ့ပင်လယ်အတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်နေခဲ့သည်။ ဤသို့ဖြစ်ရာ နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)အား ကျူးကျော်ရန် အဆုံးမဲ့ပင်လယ်မဟာမိတ်အတွက် အလွန်အရေးပါသော နေရာတစ်ခုဖြစ်၏။
ထို့ကြောင့် ကာရာကန်(ပင်လယ်သားရဲ)တို့၏ ကျူးကျော်မှု အစောပိုင်းအဆင့်တွင် လူသားမျိုးနွယ် အပြင်းထန်ဆုံးတိုက်ခိုက်ခံရသောနေရာဖြစ်သည်။
ထိုတောင်ပိုင်းနယ်စပ်မှ နေရာအများအပြားအား ပင်လယ်သားရဲများ သိမ်းပိုက်လိုက်ပါက လူသားမျိုးနွယ်၏စွမ်းအားလျော့နည်းသွားမည်ဖြစ်သည့်အပြင် ကာရာကန်များက တောင်ပိုင်းတိုက်ကြီးသို့ ပင်လယ်သားရဲများအဆက်မပြတ်စေလွှတ်ရန်အတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်သည်။ ဤသို့ဖြင့် ၎င်းတို့၏ ကျူးကျော်မှုအင်အား ပိုမိုအားကောင်းလာမည်ဖြစ်၏။
နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)မှ ဒေသအများအပြားဆုံးရှုံးသွားသည်နှင့်တပြိုင်နက် လူသန်းပေါင်းများစွာလည်း အတူတကွ သေဆုံးရမည်ဖြစ်သည်။
ယခုအချိန်တွင် နန်ကျိုး၏ တောင်ပိုင်းနယ်စပ်၌ တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီးနောက် ဒေသ (၃) ခုဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ထိုအချိန်တွင် (၄) ခုမြောက်ဒေသအား ပင်လယ်သားရဲများ စတင်တိုက်ခိုက်နေကြပြီဖြစ်၏။
ကောင်းကင်တစ်ခုလုံး ပင်လယ်ထဲမှ လှိုင်းများရိုက်ခတ်နေသံများဖြင့် ပြည့်နှက်နေသည်။ ပင်လယ်သားရဲများက လေနှင့်မိုးအား ဆင့်ခေါ်ကာ အဆုံးမဲ့ပင်လယ်ကြီးနှင့်တကွ တောင်ပိုင်းတိုက်ကြီးသို့ ဆက်လက်ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
အဆုံးမဲ့ပင်လယ်နှင့်အတူ အပြာရောင်အစွယ်များပိုင်ဆိုင်ထားသည့် ပင်လယ်သားရဲများလည်း လိုက်ပါလာကြ၏။
ပင်လယ်သားရဲများ၏ အရေအတွက်က အလွန်များပြား ထူထပ်နေပြီး ၎င်းတို့အရေအတွက်က အကန့်အသတ်မရှိဟုပင်ထင်ရလောက်သည်။
၎င်းတို့က နှစ်ပေါင်း ရာ ၊ ထောင်နှင့်ချီကာ အင်အားများစုဆောင်းခဲ့ကြပြီး ယခုအချိန်တွင် အင်အားအလုံးအရင်းဖြင့် တောင်ပိုင်းတိုက်ကြီးအား ကျူးကျော်နေကြချေပြီ။
ထိုပင်လယ်သားရဲများထဲတွင် အပြာရောင်အသားအရေ ၊ အစိမ်းရောင်အမွှေးများ ၊ ချွန်ထက်သောအစွယ်များနှင့် ကြေးခွံချပ်ဝတ်များပါဝင်သည့် ပင်လယ်သားရဲ တစ်ဒါဇင်ကျော် ရှိသည်။
၎င်းတို့က သာမန်ပင်လယ်သားရဲများ၏ အထက်မှ လှိုင်းလုံးများပေါ်တွင် လှည့်ပတ်နေကြကာ ၎င်းတို့၏ပုံစံက အလွန်မောက်မာကာ သွေးဆာနေဟန်ရ၏။
“ ပြီးသွားပြီ…”
[ Note- တောင်ပိုင်းတိုက်ကြီးကို နန်ကျိုးလို့ ပြောင်းရေးထားလို့ ထည့်ရေးထားပါတယ် အခါအခွင့်သင့်သလို တောင်ပိုင်းတိုက်ကြီးဖြစ်စေ နန်ကျိုးဖြစ်စေ အသုံးပြုသွားပါမယ် ။ ပင်လယ်သားရဲတွေကိုလည်း ကာရာကန်လို့ သူရေးတဲ့အတွက် ထည့်ရေးထားပါတယ် သင့်တော်သလိုပဲ အသုံးပြုသွားပါမယ် ခင်ဗျာ ]
[ ကာရာကန်တွေက လိပ်တွေ ငါးတွေ ဝေလငါးတွေ ငါးမန်းတွေ မဟုတ်နိုင်ပါဘူး ဘုရင်အဆင့် သားရဲတွေပုံကို သူထည့်ပြောထားတာအရဆိုရင် အပြာရောင်အရေပြားအထက်မှာ ချပ်ကာပုံ အကြေးခွံတွေနဲ့ သားရဲမျိုးပါဗျ လက်နဲ့ ခြေထောက် ပါလောက်ပါမယ် သွားကတော့ ငါးမန်းသွားမျိုးပေါ့ ပင်လယ်ထဲမှာနေတဲ့ နတ်ဆိုးသားရဲ တစ်မျိုးပါ ]
[ Eng လိုရေးထားတာက တိုင်ပတ်နေတဲ့အတွက်ပါ ။ Battle Point ကိုလည်း နာမည် နှစ်မျိုးလောက်သုံးထားတယ်သူက ။ စစ်ပွဲရမှတ်ဆိုတာက စစ်ပွဲပြီးရင် အဖိုးတန် ရတနာတွေ လဲလှယ်လို့ရတဲ့ အမှတ်စနစ်ဖြစ်မှာပါ အတိအကျရှင်းပြထားတာရယ် အဲ့တာ လဲလှယ်တာရယ် မပါသေးတာမို့ ဒီတိုင်း စိတ်ထဲပဲ သိမ်းထားပြီး စောင့်ဖတ်လိုက်ပါခင်ဗျာ ]