← Chapters

အခန်း (၃၀၇)

Vol. 21 Ch. 307

အခန်း (၃၀၇)

Vol. 21 Ch. 307

ထိုကျူးကျော်ခံရသော ဒေသမှ ဘုရင်အဆင့်ကျင့်ကြံသူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ညိုးငယ်စွာကြည့်လိုက်ကြသည်။ သူတို့နေရာက နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)၏ အဓိကဒေသများနှင့် အလွန်ဝေးကွာသော နေရာငယ်လေးတစ်ခုဖြစ်သည်။ ၎င်းတို့ထံတွင် ဘုရင်အဆင့်ကျင့်ကြံသူ နှစ်ယောက်သာရှိ၏။

သာမန်အတိုင်းဆိုလျှင် သူတို့က အဆုံးမဲ့ပင်လယ်မှ ရံဖန်ရံခါ ကျူးကျော်လာသည့် ပင်လယ်သားရဲများအား သတ်ဖြတ်ရန်နှင့် အရေးပေါ်အခြေအနေဖြစ်ပါက တောင်ပိုင်းတိုက်ကြီးအား အသိပေးရန်တာဝန်ရှိသည်။

ဤတစ်ကြိမ်တွင် နန်ကျိုး၏အရှင်သခင်ထံ သူတို့သတင်းပို့ခဲ့ကြခြင်းဖြစ်၏။ သူတို့က တောင်ပိုင်းတိုက်ကြီးမှ အရှင်သခင်၏စွမ်းအားကို ကောင်းစွာနားလည်ထားကြသည်။

သူက လူသားမျိုးနွယ်မှ ထိပ်တန်းအင်အားစုကြီးများနှင့် ကောင်းကင်ဘုရင်အဆင့် အင်အားစုများထံသို့ သတင်းပို့လွှတ်ကာ စုစည်းစေပေလိမ့်မည်။ သို့သော် ထိုအတောအတွင်း ကြာချိန်များနှင့် လမ်းခရီး၌ နှောင့်နှေးမှုများကို ထည့်တွက်မည်ဆိုပါက ၎င်းတို့၏ အနည်းငယ်နှောင့်နှေးသွားမှုက ပင်လယ်သားရဲများထံ သူတို့ဖျက်ဆီးခံရရန်လုံလောက်သည်။

“ အကိုလီ ၊ အကိုရှန် နဲ့ အကိုကျောက်တို့အတွက် ၀မ်းနည်းမိတယ်… သူတို့က ပင်လယ်သားရဲတွေဆီမှာ အသတ်ခံခဲ့ရတာတောင်မှ ငါတို့ကို အချိန်မီသတင်းပို့နိုင်ခဲ့တယ်…”

ထိုဘုရင်အဆင့်ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်က သက်ပြင်းချလိုက်သည်။

သူတို့နေရာမတိုင်မီ ဖျက်ဆီးခံခဲ့ရသော ဒေသ (၃) ခုတွင် ဒေသတစ်ခုချင်းဆီ၌ ဘုရင်အဆင့်တစ်ယောက်ထဲသာရှိ၏။

ယခင်တုန်းက သူတို့ နယ်စပ်ဒေသများတွင် ပင်လယ်သားရဲများ၏ ရန်မှ ကာကွယ်ရန် ကောင်းကင်ဘုရင်များ ၊ လူသားဘုရင်များ ရှိခဲ့ကြသော်လည်း ၎င်းတို့အားလုံး တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းရှာဖွေရန်အတွက် ကျန်အဆင့်မြင့်ဒေသများဆီသို့ ရောက်သွားကြချေပြီ။ ဤသို့ဖြင့် နှစ်ပေါင်း ရာ ထောင်ချီကြာသွားပြီးနောက် သူတို့ထံ၌ ဘုရင်အဆင့်အနည်းငယ်သာ ကျန်ရှိတော့ခြင်းဖြစ်၏။

အမှန်အတိုင်းဆိုရမည်ဆိုလျှင် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် နန်ကျိုးမှလူတိုင်း အဆုံးမဲ့ပင်လယ်ထဲရှိ ပင်လယ်သားရဲများနှင့်ပတ်သက်၍ သတိထားမှုများ ပေါ့လျော့လာခဲ့ကြသည်။

နှစ်စဉ်နှစ်တိုင်းကုန်းမြေထက်သို့ကျူးကျော်လာသည့် ပင်လယ်သားရဲအနည်းငယ်မျှလောက်က ကြောက်စရာမရှိချေ။

သို့သော် ထိုပင်လယ်သားရဲများက ဤမျှကြီးမားသော စစ်ပွဲကြီးအား စတင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

“ အားလုံးကို ဖျက်ဆီးပစ်…”

ခေါင်းဆောင်လာသည့်ပင်လယ်သားရဲများက ကောင်းကင်ထက်မှနေ၍ ရယ်မောကာ အောက်မှ လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်သည်။ ၎င်းတို့က လေဟာနယ်အား စွမ်းအားဖြင့် ချိတ်ပိတ်ထားသည်ဖြစ်ရာ အတွင်းမှ ဘုရင်အဆင့်ကျင့်ကြံသူပင် လွတ်မြောက်ချင်လျှင် ခက်ခဲပေလိမ့်မည်။

၎င်းတို့က လူသားမျိုးနွယ်အား ဖျက်ဆီးရန် ဆုံးဖြတ်ချက်ချထားခဲ့ကြ၏။

“ ဆိုးယုတ်တဲ့ တိရစ္ဆာန်တွေ … ငါ့ပိုင်နက်ကိုလာပြီး ဘယ်လိုလုပ်ပြီး လာသောင်းကျန်းနေရဲတာလဲ…”

လူသားကျင့်ကြံသူများကြားမှ ‌ဘုရင်အဆင့်ကျင့်ကြံသူက ကောင်းကင်ထက်သို့တက်ကာ အော်ဟစ်လိုက်သည်။

“ ဟူးး…”

ပထမတစ်ယောက်ပျံတက်သွားသည်ကိုမြင်လိုက်လျှင် နောက်ဘုရင်တစ်ယောက်လဲ သက်ပြင်းချသံနှင့်အတူ ၎င်းနောက်မှလိုက်ပါသွားခဲ့သည်။

လက်ရှိတွင် လူသားမျိုးနွယ်ဘက်မှ ဘုရင်အဆင့်ကျင့်ကြံသူနှစ်ယောက်က ဘုရင်အဆင့်ပင်လယ်သားရဲများနှင့် ကောင်းကင်ထက်၌ မျက်နှာချင်းဆိုင်ဆုံတွေ့နေကြချေပြီ။

သူတို့အနေဖြင့် ၎င်းတို့အား အနိုင်ယူနိုင်ရန်မဖြစ်နိုင်သော်လည်း ယခုအချိန်တွင် လူသားမျိုးနွယ်အတွက် တတ်နိုင်သလောက် အချိန်ဆွဲတိုက်ခိုက်မှဖြစ်ပေလိမ့်မည်။

“ တိုက်…”

လူသားမျိုးနွယ်ဘက်မှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်က နီရဲနေသော မျက်ဝန်းများဖြင့် အားပါးတရ အော်ဟစ်လိုက်သည်။ ၎င်း၏လက်နက်အား ဆွဲထုတ်ကာ ကျူးကျော်ဝင်ရောက်လာသည့် ကာရာကန်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့၏။

သူတို့၏ ဘုရင်အဆင့်ကျင့်ကြံသူနှစ်ယောက်က အချိန်ကြာမြင့်စွာတောင့်ခံထားနိုင်မည်မထင်ပေ။ သူတို့အနေဖြင့် ပင်လယ်သားရဲ‌တစ်ကောင်ပို၍ သတ်နိုင်လိုက်တိုင်း လက်ကျန်လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။

ဘုန်း…

ကောင်းကင်ထက်တွင် ဘုရင်အဆင့်ပင်လယ်သားရဲတစ်ဒါဇင်ကျော်က ၎င်းတို့၏အစွမ်းထက်တိုက်ခိုက်မှုများအား တစ်ပြိုင်နက်တည်းအသုံးပြုလိုက်ရာတွင် ပထမဆုံးဝင်ရောက်သွားသော ဘုရင်အဆင့်ကျင့်ကြံသူ လေထဲ၌ပင် သွေးမှုန်များအဖြစ်ပြောင်းလဲသွားခဲ့သည်။

“ ခွေးကောင်တွေ…”

ကျန်ရှိသော ဘုရင်အဆင့်ကျင့်ကြံသူက ကောင်းကင်ထက်သို့မော့ကာ ကြုံးဝါးလိုက်၏။ သူတို့အနေဖြင့် အဆင့်တူပြိုင်ဘက် တစ်ဒါဇင်ကျော်နှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ မည်သို့မျှ ၎င်းတို့အား အနိုင်ယူနိုင်မည်မဟုတ်ပေ။

၎င်းက မမျှတသော စစ်ပွဲတစ်ခုပင်။

သူ့အား ကြောက်မက်ဖွယ်မျက်နှာထားများဖြင့် လှမ်းကြည့်နေသော ပင်လယ်သားရဲများအား မြင်လိုက်လျှင် ကျန်ရှိသော ဘုရင်အဆင့်ကျင့်ကြံသူ ဒေါသထွက်ပြီးနောက် စိတ်ဓာတ်လည်း ကျသွားခဲ့၏။

သူသေသွားသည်နှင့် ခံစစ်က ကျိုးပျက်သွားပေလိမ့်မည်။

ထို့နောက် ဒေသတစ်ခုလုံးသို့ ပင်လယ်သားရဲများ ကျူးကျော်ဝင်ရောက်ကာ သူတို့ဒေသမှ လူသားများအားလုံးသေဆုံးသွားပေလိမ့်မည်။

ထိုဘုရင်အဆင့်ကျင့်ကြံသူ၏ စိတ်ထဲတွင် ဖြစ်နိုင်ပါက ထိုဘုရင်အဆင့်ပင်လယ်သားရဲများက သူ့အား ချက်ချင်းမသတ်ဖြတ်ပဲ စိတ်ကျေနပ်အောင်အထိ ဆော့ကစားပြီးမှ သတ်ဖြတ်ရန်မျှော်လင့်နေခဲ့သည်။

အနည်းဆုံးအနေဖြင့် ထိုသို့ပြုလုပ်ခဲ့ပါက အချိန်အနည်းငယ်ပို၍ ဆွဲနိုင်ပေလိမ့်မည်။ သို့သော် ၎င်းတို့က ထိုသို့မလုပ်ခဲ့ချေ။

ထိုကာရာကန်များက အချိန်၏ အရေးပါမှုအား နားလည်ထားကြသည်။ လူသားမျိုးနွယ်မှ စစ်ကူများမရောက်လာမီ ၎င်းတို့အနေဖြင့် နေရာများများပို၍ သိမ်းပိုက်နိုင်လေ ကျူးကျော်စစ်၌ ပို၍ အလေးသာလေဖြစ်သည်။

ဘုန်း…

အစွမ်းထက်အရှိန်အဝါ တစ်ဒါဇင်ကျော်ထွက်ပေါ်လာပြီးနောက် လေထဲ၌ သွေးများပြန့်ကျဲသွားခဲ့သည်။

“ဂျိ.. ဂျိ.. ဂျိ… အားလုံးကိုသတ်ပစ်….”

လက်ကျန်ဘုရင်အဆင့်ကျင့်ကြံသူ သေဆုံးပြီးနောက်ဖြစ်ပေါ်လာသည့် တိုက်ပွဲက အလွန်ကြောက်မက်ဖွယ်ရာပင်။

နှစ်ဖက်အင်အားကွာခြားမှုအလွန်ကြီးမားသည်ဖြစ်ရာ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအလားဖြစ်နေခဲ့သည်။

ထိုဒေသမှ ခံစစ်အားကျော်ဖြတ်ခဲ့ပြီးနောက် အလွန်များပြားသော ကာရာကန်များက အုပ်စုများခွဲလျက် မြို့ကြီးများ ၊ နိုင်ငံများကို လိုက်လံဖျက်ဆီးကြ‌တော့သည်။

….

ပိုင်ဖန်မြို့

၎င်းက မြောက်လေ နိုင်ငံမှ အဓိကမြို့ကြီးဖြစ်သည့်အပြင် ဘုရင်နန်းဆိုက်ရာ မြို့လည်းဖြစ်၏။

သမိုင်းသို့ပြန်ကြည့်လျှင် စစ်သူကြီးက ပြည်သူများအား ဘယ်တုန်းကမှ စိတ်ပျက်စေခဲ့ခြင်းမရှိချေ။ အမြဲတစေ ရန်သူများအား ချေမှုန်းနိုင်ခဲ့သည်ချည်းဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ..

စစ်သူကြီးက တပ်ဖွဲ့များအား ဦဆောင်ကာ သွေးများရွှဲစိုလျက် ပင်လယ်သားရဲများအကြား တိုက်ခိုက်နေခဲ့သည်။

သူ့နောက်တွင် တင်းမာနေသော မျက်နှာများဖြင့် သံချပ်ကာ၀တ် တပ်သားများရှိနေ၏။

သူက မြောက်လေနိုင်ငံအတွက် ထွက်ပေါက် လမ်းကြောင်းရစေရန် ရည်ရွယ်ပြီး မြို့ပြင်ထွက်ကာ လမ်းရှင်းရန် ကြိုးစားခဲ့သည်။

သို့သော် ပင်လယ်သားရဲများက အလွန်များပြားသည်ဖြစ်ရာ သူထို့ဖောက်လာခဲ့သည့် လမ်းကြောင်းကလည်း ချက်ခြင်းပိတ်ဆို့သွားပြီး မြို့သို့ပြန်ရန်ပင် မဖြစ်နိုင်တော့ချေ။

မြို့ထဲတွင် ပိုင်ဖန်ဘုရင်က တဖြည်းဖြည်းပျောက်ကွယ်လာနေသည့် တပ်သားများနှင့် စစ်သူကြီးအား ၀မ်းနည်းခြင်း ၊ နာကျင်ခြင်းနှင့် ဒေါသများပြည့်နေသော မျက်၀န်းများဖြင့် ယူကြုံးမရစွာ ကြည့်နေခဲ့သည်။

တဖြည်းဖြည်း သူ့မျက်၀န်းများထဲ၌ စိတ်ပျက်အားလျော့ဟန်များ တိုးပွားလာခဲ့၏။

သူက မြို့ထဲရှိ အမြင့်ဆုံးနေရာမှ ကြည့်နေခြင်းဖြစ်သည်။ ပတ်၀န်းကျင် ဧရိယာတစ်ခုလုံး မရေမတွက်နိုင်သည့် ပင်လယ်သားရဲများဖြင့် ပြည့်နှက်နေခဲ့ပြီး လွတ်လမ်း အနည်းငယ်မျှမမြင်ပေ။

ပိုင်ဖန် ဘုရင်၏ နံဘေးတွင် စစ်သုံး ချပ်၀တ်တန်ဆာ ၀တ်ဆင်ထားသည့် အသက်(၁၆) ၊ (၁၇) ၀န်းကျင် ကောင်မလေးတစ်ဦး ရှိနေသည်။

သူမ မျက်နှာလေးက နူးညံ့က လှပသော်ငြား လက်ရှိအချိန်၌ အတန်ငယ် တင်းမာနေခဲ့၏။

“ အဖေ.. သမီးတို့.. မျှော်လင့်ချက် လုံး၀မရှိတော့ဘူးလား…”

[ Note… နိုင်ငံက မြောက်လေနိုင်ငံပါ ။ ပိုင်ဖန်က နန်းတော်ရှိတဲ့ အဓိက မြို့ကြီးပါ ။ ပိုင်ဖန်ဘုရင်လို့ ရေးလိုက် မြောက်လေ ဘုရင်လို့ ရေးလိုက် ရေးထားပါတယ် ။ ကျနော်က ပိုင်ဖန်ဘုရင် တစ်ုတည်းပဲ သုံးသွားပါမယ် ]

All Chapters