အခန်း (၃၁၀)
Vol. 21 Ch. 310
“ ကောင်းပြီ… အားလုံးပဲ…”
၎င်းအားမြင်လျှင် မြို့သခင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ချလိုက်ဟန်ပေါ်လာခဲ့သည်။
ယခုအချိန်တွင် တုံ့ဆိုင်းနေ၍မရတော့ချေ။
“ စိတ်ဝိညာဉ် (၄) ပါးကာကွယ်ရေး အစီအရင် ကျိုးပျက်သွားတာနဲ့ နန်ယီမြို့တစ်ခုလုံး အကာအကွယ် မရှိတော့ဘူးဖြစ်သွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် မင်းတို့ မိသားစု ၊ ဆွေမျိုးတွေနဲ့ မြို့မှာရှိသမျှလူအားလုံး ဘယ်လိုမှ လွတ်နိုင်တော့မှာမဟုတ်ဘူး…”
“ အခုချိန်မှာ ကျုပ်တို့လုပ်နိုင်တာတစ်ခုတော့ရှိသေးတယ်… ကျုပ်တို့အားလုံး သေသွားမယ်ဆိုရင်တောင်မှ နန်ယီမြို့ထဲမှာ ကျန်ခဲ့တဲ့လူတွေအတွက် အချိန်တစ်ခုတော့ ဆွဲပေးကောင်းဆွဲပေးနိုင်လိမ့်မယ်…”
“ ကျုပ်ကတော့ မြို့ပြင်ထွက်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ထားတယ်…”
နန်ယီမြို့သခင်က ရဲရင့်သောဟန်ပန်ဖြင့် မြို့ပြင်သို့ လှမ်းကြည့်ကာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ လင်းလက်သွားခဲ့သည်။
“ ဒီအပြောင်းအလဲက နန်ယီမြို့အပေါ်မှာကျရောက်နေတဲ့ ဖိအားတစ်ချို့ကိုတော့ ဖယ်ရှားကောင်းဖယ်ရှားပေးနိုင်ပါလိမ့်မယ်…”
ထိုစကားအားကြားလျှင် အားလုံးတစ်ယောက်ကိုတစ်ယောက် ကြည့်ကာပြုံးလိုက်ကြ၏။ ယခုအချိန်တွင် သူတို့ နန်ယီမြို့ထဲ၌ ဆက်နေပါက အနည်းငယ်အသက်ရှင်ရန် အခွင့်အရေးရှိသေးပြီး မြို့ပြင်သို့ထွက်သွားလိုက်ပါက ပင်လယ်သားရဲများအားလုံး၏ အဓိကပစ်မှတ်ဖြစ်လာပေလိမ့်မည်။
သို့သော် ဤနေရာသို့ ရောက်ရှိနေကြသူအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သွားဖြူဖြူများပေါ်အောင် ပြုံးပြလိုက်ကြပြီး သူတို့မျက်ဝန်းများထဲ၌ သွေးဆာမှုနှင့် သတ်ဖြတ်လိုမှုများပြည့်နှက်နေခဲ့သည်။
မည်သူမှ မကြောက်ကြချေ။
“ တိုက်ကြစို့…”
“ စစ်ပွဲ… ဒုန်း... ဒုန်း.. အားလုံးကိုသတ်…”
မြို့သခင်က ဖြည့်ညှင်းစွာခေါင်းညိတ်ပြလိုက်ပြီး သူ၏လက်ကိုဆန့်လိုက်ကာ စိတ်ဝိညာဉ်အရက်ခွက် လှမ်းယူလိုက်သည်။ လူတိုင်း ခွက်မြှောက်ကာ သောက်လိုက်ကြပြီးနောက် အရက်ခွက်များအား မြေပြင်၌ ရိုက်ခွဲလိုက်ကြသည်။
ဘန်း…
နန်ယီမြို့အား ကာကွယ်ထားသည့် စိတ်ဝိညာဉ် (၄) ပါးအစီအရင်ကွဲထွက်သွားလေသည်။
ပင်လယ်သားရဲများ သတိပြန်မဝင်သေးမီ မြို့ထဲမှလူများပြေးထွက်လာကြ၏။
မြို့တွင်းမှ ကျင့်ကြံသူများ၏ အကူအညီဖြင့် နန်ယီမြို့သခင်က ရှေ့ဆုံးက ဦးဆောင်ခဲ့သည်။ သူတို့၏နောက်တွင် မြို့စောင့်တပ်ဖွဲ့က အနီးကပ်လိုက်ပါလာခဲ့သည်။ ၎င်းတို့က ပင်လယ်ရေနက်ပိုင်းသို့တိုင်အောင် ထိုးခွင်းသွားသည့် ဓါးတစ်စင်းအလားပင်။
ရွှစ်…
၎င်းတို့အားလုံးမြို့မှထွက်သွားပြီးနောက် နန်ယီမြို့ကောင်းကင်အထက်၌ မီးခိုးရောင်အငွေ့များ ရစ်သိုင်းလာခဲ့သည်။
“ သတ်…”
လူတိုင်း၏မျက်လုံးများ စိုစွတ်နေကြသော်လည်း သူတို့၏ နှုတ်ခမ်းထောင့်များတွင် အပြုံးများရှိနေခဲ့ပြီး မီးထဲသို့ဇွတ်တိုးဝင်နေသည့် ပိုးဖလံလေးများအလား ပင်လယ်သားရဲများထံသို့ ပြတ်သားစွာပြေးဝင်သွားကြသည်။
၎င်းတို့အားလုံး အသေခံတိုက်ခိုက်နေကြ၏။
ပင်လယ်သားရဲများထံမှ ပြန်လည်တိုက်ခိုက်ခံသည့်တိုင် သူတို့မသေသေးဘဲ အနည်းငယ်လှုပ်ရှားနိုင်သေးသော အချိန်ထိ အံကြိတ်ကာ ပြန်လည်တိုက်ခိုက်နေကြသည်။
လူတိုင်းတွင် ထပ်တူညီသော အတွေးများရှိနေခဲ့၏။
သူတို့မြို့ပြင်ထွက်လာကတည်းက အသက်ရှင်ရန်စိတ်ကူးလုံးဝ မရှိတော့ချေ။
သူတို့စိတ်ထဲတွင် ရှိသည့် တစ်ခုတည်းသောအရာက ပင်လယ်သားရဲများအား တစ်ကောင်ပိုသတ်နိုင်လေ ပိုကောင်းလေဖြစ်သည်။ အကယ်၍သူတို့သေဆုံးတော့မည့်အချိန်ကိုရောက်လျှင် ခန္ဓာကိုယ်တွင်းမှ ကျင့်ကြံမှုအခြေခံများအား ဖောက်ခွဲပစ်ခဲ့လေ့ရှိသည်။ ၎င်းကနောက်ထပ်တစ်ကောင်မျှ ထပ်ပြီးသတ်နိုင်လျှင် သူတို့အတွက်ထိုက်တန်ပေသည်။
ဘန်း…
ထိုသို့ခိုင်မာသော စိတ်ဓာတ်များဖြင့် နန်ယီမြို့မှအဖွဲ့က အကန့်အသတ်မဲ့လုနီးပါးဖြစ်နေသော ပင်လယ်သားရဲများအကြားရုတ်တရက်ပေါ်လာပြီး လမ်းတစ်ခုဖောက်လိုက်သည်။
ကာရာကန်များ ရုတ်တရက်အံ့အားသင့်သွားကြ၏။
သို့သော် အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အားလုံးအသိပြန်ဝင်လာပြီး ခေါင်းဆောင်လာသည့် ပင်လယ်သားရဲ၏ ထိန်းချုပ်မှုအောက်တွင် နန်ယီမြို့မှ တပ်ဖွဲ့အား ပင်လယ်သားရဲများက တင်းကြပ်စွာဝိုင်းထားလိုက်ကြသည်။
မကြာခင် အသေအပျောက်များစွာဖြစ်ပေါ်လာတော့၏။
အဆုံးမရှိသော ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုအောက်တွင် နန်ယီမြို့သူမြို့သားများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေကြ၏။ သို့ရာတွင် သူတို့ထဲမှလူတိုင်းသေဆုံးခါနီးအချိန်၌ ကျယ်လောင်စွာရယ်မောပြီး ၎င်းတို့ခန္ဓာကိုယ်တစ်ဝိုက်၌ စိတ်ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပလာလေ့ရှိသည်။
ဘန်း…
နမ်ယီမြို့မှ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအခြေခံနှင့် အသွေးအသားများက အနီးအနားရှိ ပင်လယ်သားရဲများအတွက် သေမင်းဖြစ်နေခဲ့သည်။
ရွှစ်…
ရွှယ်ယီရောက်လာပြီးနောက် ထိုမြင်ကွင်းအားမြင်လိုက်ရလျှင်သူ၏မျက်လုံးများနီရဲလာကာ နှလုံးသားထဲ၌ မထိန်းနိုင်ပဲ လေးစားမှုများဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်သူ၏ နှလုံးသားထဲ၌ ထိန်းမနိုင်သိမ်းမရသော ဒေါသများထွက်ပေါ်လာသည်။
“ ခင်များတို့အားလုံးကို ကျုပ်ရွှမ်ယီ… ဗဟိုသူတော်စင်အကယ်ဒမီနဲ့ နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)က လူသားမျိုးနွယ်တွေကိုယ်စားကျေးဇူးတင်ပါတယ်… ခင်များတို့အားလုံး အနားယူလို့ရပြီ… ကျုပ်တို့တာဝန်ယူလိုက်ပါရစေ…”
ရွှမ်ယီ၏အသံထဲတွင် စိတ်ဝိညာဉ်စွမ်းအားများထည့်သွင်းထားသည်ဖြစ်ရာ ပတ်ဝန်းကျင်အား လှုပ်ခတ်သွားစေခဲ့သည်။
ရွှမ်ယီက စကားဆုံးသည်နှင့် ဓါးဆွဲထုတ်လိုက်သည်။
သူ၏မျက်ဝန်းများက အေးစက်နေပြီး သွေးဆာနေသော အငွေ့အသက်များဖြင့် ရှေ့သို့ပြေးထွက်သွားလေသည်။
“ အားလုံးငါ့နောက်လိုက်ခဲ့ကြ….”
“သတ်…”
ရွှမ်ယီက လက်တစ်ဖက်၌ ဓားရှည်အားကိုင်ဆွဲပြီး ရှေ့ဆုံးမှ ဦးဆောင် တိုက်ခိုက်လိုက်သည်။ သူ့နောက်တွင် တပည့်(၆)ယောက်ကတည်း အေးစက်နေသော အမူအရာများဖြင့် ဒေါသတကြီး တိုက်ခိုက်လိုက်ကြ၏။
သူတို့ရှေ့တိုက်ပွဲထဲမှ လူသားများက ဤဒေသမှ နောက်ဆုံးကြွင်းကျန်သော လူများဟု ဆိုနိုင်သည်။ အကယ်၍ ပင်လယ်သားရဲများထံ ထိုလူများအားလုံး သတ်ခံလိုက်ရပါက ဤဒေသက သေဆုံးနယ်မြေကြီးဖြစ်သွားပေလိမ့်မည်။
သို့ဖြစ်ပါက နေမင်း၏အလင်း မည်မျှ ထွန်းလင်းစေကာမူ ဤဒေသ၌ အမှောင်ထုနှင့် အေးစက်မှုများ အမြဲဖုံးလွှမ်းနေပေလိမ့်မည်။ အလွယ်တကူ ပြန်လည်ပျောက်ကွယ်သွားတော့မည်မဟုတ်ပေ။
ထို လူများအားလုံး အသတ်မခံရမည် ပင်လယ်သားရဲများအား ရှင်းပစ်ရမည်ဖြစ်၏။
ဘုန်း…
နန်ယီမြို့မှလူများ စိတ်ပျက်အားငယ်နေကြစဉ် ရွှမ်ယီတို့အဖွဲ့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောက်ပနေသည့် နေလုံးအငယ်စားလေးများအလား ရန်သူများထံ ၀င်ရောက်တိုက်ခိုက်သည်ကို မြင်လိုက်ရ၏။
ဝုန်း…
အလွန်ကြီးမားထက်ရှသည့် ဓားချီအလင်းတန်းကြီး (၆)ခု ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
ပင်လယ်သားရဲများအကြားမှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် သားရဲများက ယုံကြည်မှုအပြည့်ဖြင့် ရွှမ်ယီတို့ထံမှ တိုက်ခိုက်မှုအား တားဆီးရန် ရှေ့တိုးလာခဲ့၏။
သို့သော် ဓားချီများက ၎င်းတို့အား စက္ကူတစ်ရွက်အလား ပိုင်းဖြတ်သွားလေသည်။
အလွန်စွမ်းအားပြည့်၀ကာ ဆွဲနိုင် ဆန့်နိုင်စွမ်းကောင်းသည့် ပင်လယ်ရေထု ဒိုင်းအလွှာက အလွယ်တကူ ကျိုးပျက်သွားခဲ့၏။
“ မဟုတ်ဘူး…”
“ မြန်မြန် စုပြီး ကာကွယ်ကြ…”
ဓားချီများက ပင်လယ်သားရဲအုပ်စုကြီးအား အတားအဆီးမရှိ ဖြတ်သန်းသွားခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်အောက်မှ ပင်လယ်သားရဲများအားလုံး ကတုန်ကယင် ဖြစ်သွားကြ၏။
ဤသို့ဖြင့် စစ်ပွဲအတွင်း နန်ယီမြို့မှ လူများအပေါ် ကျရောက်နေသည့် ဖိအား လျော့ကျသွားတော့သည်။
“ ဘုရင်အဆင့် လူသားလား…”
ပင်လယ်သားရဲများအကြား မူလဘုရင်အဆင့် သားရဲများက အစပိုင်းတွင် နန်ယီမြို့မှလူများ ကြွက်များအလား ကစားခံနေရသည်ကို ပျော်ရွှင်စွာကြည့်နေခဲ့ကြ၏။
သို့သော် ရွှမ်ယီတို့အဖွဲ့ ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်လိုက်မှုက ဘုရင့်အဆင့်အောက်မှ သားရဲ အများအပြားကို သေဆုံးသွားစေခဲ့သည်။
ဘုရင်အဆင့် ပင်လယ်သားရဲများ ဒေါသတကြီး လှည့်ကြည့်လိုက်ကြ၏။
ထို့နောက် မှင်အရောင်အသွေးရှိသော မျက်နှာ၌ အနီရောင်သွေးကြောများ ယှက်သန်းလျက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
သူတို့အမြင်တွင် လူသားများက ကျေးကျွန်များသာဖြစ်သင့်၏။
ရှေးခေတ်ဟောင်းတွင် ပင်လယ်သားရဲများက နန်ကျိုးအား အုပ်စိုးခဲ့ကြသော်လည်း ထို စက်ဆုပ်ဖွယ် ကျွန်မျိုးနွယ်ထံ ဖြုတ်ချခြင်းခံခဲ့ရသည်။ သူတို့၏ ရှေးသူတော်စင်များကိုပင် မျိုးသုဉ်းလုနီးပါး အခြေအနေထိ တွန်းပို့ခဲ့၏။
လူသားများ… အလွန်မိုက်မဲသည်။