အခန်း (၃၀၉)
Vol. 21 Ch. 309
နောက်ထပ် ဒေသတစ်ခုတွင်…
ဘုန်း…
ရွှမ်ယီတို့ အဖွဲ့ ကောင်းကင်ထက်၌ ထွက်ပေါ်လာခဲ့သည်။
အချက်အလက်ကျောက်စိမ်းမှ ဖော်ပြချက်အရ ဤဒေသတွင် ဘုရင်အဆင့်ကျင့်ကြံသူ(၄)ယောက်နှင့် ရာနှင့်ချီသော နိုင်ငံငယ်လေးများ ရှိသည်။
သို့သော် သူတို့ မျက်လုံးရှေ့မြင်လိုက်ရသည်က ကုန်းမြေတစ်ခုလုံး ပင်လယ်ရေ လွှမ်းမိုးနေပြီး သွေးများဖြင့် နီရဲနေခြင်းပင်။
ရေထဲ၌ မျောပါနေသည့် လူသားအလောင်းများအရ ပင်လယ်သားရဲများက တိုက်ပွဲ၌ အနိုင်ရသွားဟန်တူသည်။
ရွှမ်ယီ၏ ခန္ဓာကိုယ် အနည်းငယ်လှုပ်ရှားသွားပြီး ရှေ့တိုးကာ ကောင်းကင်အထက်မြင့်မြင့်သို့ ပျံတက်လိုက်၏။
သူ၏ နတ်အသိအား ဖြန့်ကျက်လိုက်ပြီးနောက် မျက်၀န်းများက အလွန်အေးစက်သွားလေသည်။
သူမြင်လိုက်ရသည်က မရေမတွက်နိုင်အောင် များပြားလှသည့် လူသေအလောင်းများပင်။ ပြောရမည်ဆိုလျှင် ဤဒေသတစ်ခုလုံး အလောင်းများချည်းသာဖြစ်နေ၏။
ရွှမ်ယီ အသက်ရှုပ်ကြပ်သွားသလို ခံစားလိုက်ရပြီး အလွန်ဒေါသထွက်သွားသည်။
“ အားလုံး သေကုန်ကြပြီ…”
ရွှမ်ယီ လက်သီး ကျစ်နေအောင်ဆုပ်ပြီး ဒေါသတကြီးဖြင့် ကောင်းကင်ထက်သို့ ဆက်ပြီး ပျံတက်လိုက်သည်။
“ ဟမ်… အသက်ရှင်တဲ့လူတွေ ရှိသေးတာလား…”
ရွှမ်ယီ ဒေါသထွက်နေရာမှ အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။ အရှေ့ဘက် အဝေးတစ်နေရာမှ မီးခိုးများ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်၏။
ရွှမ်ယီ ရှေ့သို့ အနည်းငယ်ထပ်တိုးသွားလိုက်ပြီး သေချာသိရရန် နတ်အသိအား ထပ်မံဖြန့်ကျက်လိုက်သည်။
မရေမတွက်နိုင်သော ပင်လယ်သားရဲများ ၀န်းရံထားသည့် ဤကြီးမားသော ဒေသကြီး၌ သီးခြားမြို့လေးတစ်မြို့ရှိနေဆဲဖြစ်ကြောင်း သူ တွေ့ခဲ့ရသည်။ ၎င်းက တစ်သီးတစ်သန့်ကွဲထွက်ကာ ကျန်နေခဲ့သည့် မြို့လေးတစ်မြို့ဖြစ်ဟန်ရပြီး ၎င်းမှနေ၍ ရံဖန်ရံခါ အသက်ဓာတ်များ ထွက်ပေါ်နေသည်။
“ သွားမယ်…”
ထိုတသီးတသန့်တည်း ကျန်ရှိခဲ့မြို့အား ရိပ်မိလိုက်ပြီးနောက် ရွှမ်ယီက ဖြစ်ပေါ်နေသည့် သူ၏ ဒေါသများအား မြိုသိပ်လိုက်ကာ မျက်ဝန်းများထဲ၌ အံ့ဩမှုများ ပြည့်နှက်လာခဲ့သည်။
အစပိုင်းတွင် သူက ဤဒေသတစ်ခုလုံးမှ လူများအားလုံးသေဆုံးသွားပြီဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားပဲ သူ့ရှေ့တွင် ပင်လယ်သားရဲများ ဝန်းရံထားသည့် မြို့လေးတစ်မြို့ ကျန်ရှိနေသေးသည်။
၎င်းမှ ထွက်ပေါ်နေသည့် မီးခိုးများအားကြည့်ကာ ရွှမ်ယီ အံ့ဩနေခဲ့သည်။
ထို့နောက် သူ့အဖွဲ့အား ဦးဆောင်ကာ ထိုအသက်ဓာတ်များထွက်ပေါ်နေသည့် မြို့လေးဆီသို့ အပြေးသွားလိုက်သည်။
ထိုအချိန်တွင် သီးခြားကျန်ခဲ့သည့် မြို့လေး၏ထိပ်တွင် အတန်ငယ်စောင်းနေသော နန်ယီမြို့ဟူသော စာလုံးများအား ဝေဝေဝါးဝါးမြင်နေရသည်။
ထိုနန်ယီမြို့အတွင်း၌ လူများက ဗလာဖြစ်နေသောမျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
လက်ရှိအချိန်တွင် ပင်လယ်သားရဲများက နန်ယီမြို့အား အနည်းငယ်မျှလွှတ်လမ်းမရှိအောင် ဝန်းရံထားခဲ့သည်။
ဘန်း…
တစ်ခါတစ်ရံတွင် ထိုပင်လယ်သားရဲများက နန်ယီမြို့ဆီသို့ တိုက်ခိုက်မှုများပြုလုပ်ကြသော်လည်း တောက်ပသည့်အလင်းရောင်တစ်ခုထွက်ပေါ်လာကာ ထိုတိုက်ခိုက်မှုများက လေထဲ၌ ရပ်တန့်သွားခဲ့သည်။ လက်ရှိတွင် ပင်လယ်သားရဲများက နန်ယီမြို့မှ (၅) မိုင်ခန့်အကွာတွင်သာ ရပ်နေကြရပြီး ထိုထက်ပို၍ တိုးတက်အောင်လုပ်ဆောင်နိုင်စွမ်းမရှိသေးချေ။
“ မြို့သခင်ကို အစီအရင်ခံပါတယ်… မြို့ရဲ့ ကာကွယ်ရေးအစီအရင် နေရာ (၁၆) ခုထိခိုက်ထားပါပြီ… အဲ့ဒါတွေထဲကမှ အများစုက ဆိုးဆိုးရွားရွား ပျက်စီးနေပြီ… ကျွန်တော်စိတ်ပူတာက…”
မျက်နှာအမူအယာ အလွန်လေးနက်နေသော တပ်သားတစ်ဦးက လှံတစ်ချောင်းအားကိုင်ကာ နန်ယီမြို့တံတိုင်းဆီသို့ တန်းတန်းမတ်မတ်ပြေးလာခဲ့သည်။
ထို့နောက် မြို့သခင်အားမြင်လျှင် ဦးညွှတ်ကာ ဂါဝရ ပြုလိုက်ပြီးနောက် အခြေအနေအားစိုးရိမ်စွာတင်ပြလိုက်သည်။
မြို့တံတိုင်းထက်တွင် နန်ယီမြို့သခင်နှင့် ကျန်လူများ တစ်ယောက်ကိုတစ်ယောက် လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
လက်ရှိအခြေအနေတွင် သူတို့ဒေသကြီးတစ်ခုလုံး၌ နန်ယီမြို့တစ်မြို့သာ အသက်ရှင်လျက် ကျန်တော့ကြောင်း လူတိုင်းသိထားကြသည်။
သူတို့ဒေသအား အဆုံးမဲ့ပင်လယ်သားရဲများမဟာမိတ်အဖွဲ့က သိမ်းပိုက်ခဲ့သည်မှာကြာချေပြီ။
ထိုပင်လယ်သားရဲများက အလွန်အစွမ်းထက်ကြသည်ဖြစ်ရာ သာမန်မြို့များအနေဖြင့် အနည်းငယ်မျှ ခုခံနိုင်သည့်အရာမဟုတ်ပေ။ တစ်ဒါဇင်ထက်ပိုသော ဘုရင်အဆင့်ပင်လယ်သားရဲများရောက်လာလျှင် သူတို့ကဲ့သို့ ဒေသငယ်လေးများက ခုခံနိုင်စွမ်းမရှိတော့ပေ။
ကံကောင်းစွာဖြင့် သူတို့နန်ယီမြို့သခင်၏ ဘိုးဘေးက အလွန်အစွမ်းထက်သော ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏မျိုးဆက်များအတွက် ရတနာများစွာ ချန်ထားခဲ့သည်။
နှစ် ရာ၊ထောင်ချီ ကြာမြင့်လာပြီးနောက် သူချန်ထားခဲ့သည့် ရတနာအများအပြားမှာ သုံးစွဲ၍ ကုန်သွားပြီဖြစ်ပြီး ယခုနန်ယီမြို့အား ကာကွယ်ပေးထားသည့် ကာကွယ်ရေး အစီအရင်တစ်ခုသာကျန်တော့၏။
အဆင့် (၅) ကာကွယ်ရေးအစီအရင် ၊ စိတ်ဝိညာဉ် (၄) ပါးအစီအရင်
၎င်းအား စတင်အသုံးပြုလိုက်သည်နှင့် အလွန်တောင့်တင်းခိုင်မာသော ကာကွယ်မှုစွမ်းရည်ကိုရရှိမည်ဖြစ်ပြီး ဘုရင်အဆင့်ကျင့်ကြံသူများ ပူးပေါင်းဆောင်ရွတ်သည့်တိုင်အောင် ၎င်းအား အချိန်တိုအတွင်း ချိုးဖျက်ရန်ခက်ခဲပေလိမ့်မည်။
အတိအကျဆိုရလျှင် နန်ယီမြို့လက်ရှိအချိန်အထိ ရှင်သန်နေနိုင်ခြင်းက ထိုဝှက်ဖဲကြောင့်ဖြစ်သည်။
သို့သော် အချိန်များတဖြည်းဖြည်းကုန်ဆုံးလာသည်နှင့်အမျှ စိတ်ဝိညာဉ် (၄) ပါးအစီအရင်က အားအင်ကုန်ခမ်းကာ ယိုယွင်းပျက်ဆီးလာချေပြီ။ ကာရာကန်များ ဆက်၍ တိုက်ခိုက်နေပါက မကြာမီ နန်ယီမြို့တစ်ခုလူံး အန္တာရယ်ကျရောက်တော့မည်။
နန်ယီမြို့အတွင်းမှ လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အားလုံး စိတ်ပျက်အားလျော့နေသည့်အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
အဆုံးမဲ့ပင်လယ်မှ သားရဲများက မဟာမိတ်ဖွဲ့ကာ တောင်ပိုင်းတိုက်ကြီးအား ကျူးကျော်လာသည့်သတင်းကို သူတို့ ကြားခဲ့ကြပြီးဖြစ်သည်။ ထိုသတင်းများထဲတွင် ပင်လယ်သားရဲများ၏ တောင်ဝင်မိသားစု အရိပ်အယောင်များကိုပင် တွေ့ရသည်ဟုဆိုကြသည်။
နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)မှ ကောင်းကင်ဘုရင်နှင့် အထက်အဆင့်ကျင့်ကြံသူများသာ အဆုံးမဲ့ပင်လယ်အတွင်းသို့ သွားရောက်တိုက်ခိုက်ကာ အချိန်ဆွဲကာကွယ်နေခဲ့ကြခြင်းမရှိပါက နန်ကျိုး(တောင်ပိုင်းတိုက်ကြီး)အနေဖြင့် ယခုထက်လျှင်မြန်စွာ သိမ်းပိုက်ခြင်းခံရပေလိမ့်မည်။
“ ကိုင်း.. အားလုံးပဲ… ကျုပ်တို့အကောင်းဆုံးကြိုးစားပြီးတော့ အခုအချိန်ထိ တောင့်ခံထားခဲ့ကြပြီးပြီ…”
“ဒီကာကွယ်ရေးအစီအရင်ကို ဖွင့်ထားတာက (၃) ရက်ကြာသွားခဲ့ပြီ ပြီးတော့ အစီအရင် ထက်ဝက်ကျော်လည်း ပျက်စီးနေပြီ… နောက်ထပ် နာရီအနည်းငယ်ကြာလို့ရှိရင် အားလုံးပျက်ဆီးသွားမှာ စိုးမိတယ်… သေချာတာတစ်ခုကတော့ အဲ့ဒီအချိန်ရောက်လာခဲ့ရင် နန်ယီမြို့သူမြို့သားတွေအားလုံး ပင်လယ်သားရဲတွေရဲ့ လက်အောက်မှာ သေဆုံးကုန်ကြလိမ့်မယ်…”
နန်ယီမြို့သခင်က စိတ်မကောင်းမှုနှင့်ဝမ်းနည်းမှုများ ယှက်သန်းနေသည့် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်အား ဝှေ့ယမ်းကြည့်ကာပြောလိုက်သည်။
သူတို့ ဤအတိုင်းမြို့ထဲ၌ ဆက်နေနေလျှင်လည်း ကာကွယ်ရေးအစီအရင်က အချိန်သိပ်ပြီးခံတော့မည်မဟုတ်ပေ။
ထိုအချိန်ကို စောင့်နေဖို့က အဆင်မပြေလှပေ။ သူတို့အနေဖြင့် အပြောင်းအလဲလုပ်ရန် အချိန်တန်ပြီဖြစ်၏။
“မြို့သခင်… ရှည်ရှည်ဝေးဝေးပြောမနေပါနဲ့တော့… ပင်လယ်သားရဲမျိုးနွယ်တွေရဲ့ရှေ့မှာ ကျုပ် မြို့ထဲမှာပဲ ထိုင်နေဖို့ အစီအစဉ်မရှိဘူး… ခင်များတစ်ခုခုဆုံးဖြတ်ပြီးတာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ…”
မြို့သခင်၏စကားကို ကြားလိုက်ပြီးနောက် လူအုပ်ထဲမှတစ်ယောက်က ပြောလိုက်သည်။ သူက ရဲရင့်သောဟန်ပန်ဖြင့် ရင်ဘတ်အား တဘုန်းဘုန်းထုကာပြောလိုက်၏။
၎င်းကိုမြင်လျှင် ကျန်လူများလည်း မတ်တပ်ရပ်လိုက်ကြပြီး နန်ယီမြို့သခင်အား လေးနက်စွာပြောလိုက်ကြသည်။
“ ဟုတ်တယ်… ခင်ဗျားမှာ ညွှန်ကြားစရာတစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်… ဒီမှာပဲ သေမယ်ဆိုတဲ့စကားမျိုးတော့ ပြောစရာမလိုဘူး… ကျုပ်အနေနဲ့ ပင်လယ်သားရဲနှစ်ကောင်ကို အတူအပါခေါ်နိုင်ရင်တောင် အမြတ်ပဲ…”
“ မြို့သခင်အမိန့်အတိုင်းပါပဲ…”
“ မြို့သခင်စကားနားထောင်ပါ့မယ်…”
ဤကဲ့သို့ ကပ်ဘေးဆိုးကြီးကြုံလာချိန်တွင် သူတို့အလွန်စည်းလုံးနေကြပြီး ဒီအတိုင်းထိုင်နေရင်းဖြင့်သေသွားခြင်းထက်စာလျှင် ပင်လယ်သားရဲများအား ရသလောက် သတ်သွားချင်နေကြသည်။