အခန်း (၃၁၁)
Vol. 21 Ch. 311
ဝုန်း…
ဘုရင်အဆင့် ပင်လယ်သားရဲများ ကြောက်မက်ဖွယ်အရှိန်အဝါများ ပေါက်ကွဲလျက် ကောင်းကင်ထက်သို့ ထိုးတက်သွားကြ၏။
ထိုအထဲမှ (၁)ကောင်က ရွှမ်ယီထံသို့ ပြေး၀င်သွားပြီး ကျန် (၄)ကောင်က သရော်ပြုံးဖြင့် ယုလင်းလုံတို့အဖွဲ့ ၀င်မနှောက်ယှက်စေရန် စောင့်ကြည့်နေကြသည်။
ရွှမ်ယီ နှုတ်ခမ်း တွန့်ရုံပြုံးလိုက်ပြီး ရင်ထဲမှ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာ၏။
“ ယုတ်ညံ့တဲ့ တိရစ္ဆာန်ကောင်တွေ.. သေကြစမ်း…”
“ ယုကျင်း၀မ် ( မဟာ အင်ပါယာဓား)”
ဘုန်း…
အဆင့်(၄) အထွတ်အထိပ် ဓားရည်ရွယ်ချက်အား ၎င်းအတွင်း ထည့်သွင်းလိုက်သည်။
နန်ယီမြို့ ကောင်းကင်ယံထက်၌ ဧရာမ ဓားကြီးတစ်ချောင်းဖြစ်ပေါ်လာပြီး ပင်လယ်သားရဲများရှိရာသို့ ခုတ်ချလိုက်၏။
သေခြင်းအငွေ့အသက်၏ လာရောက်ကျီစယ်မှုအောက်တွင် ဓားရိပ်အောက်မှ ပင်လယ်သားရဲတိုင်း တုန်ခါသွားကြသည်။
“ မင်းတို့အားလုံး.. ငရဲကိုသွားကြစမ်း…”
မူလက ရွှမ်ယီအား တိုက်ခိုက်ရန်ထွက်လာသည့် ဘုရင်အဆင့် ပင်လယ်သားရဲ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
မသိစိတ်အရ ထိုဓားချက်အား အနည်းငယ်မျှမကာကွယ်နိုင်ဟု ခံစားမိနေ၏။
“ ပြေး…”
ဘုရင်အဆင့် ပင်လယ်သားရဲ တစ်ကောင်က အော်ဟစ်လိုက်သော်လည်း မဟာ အင်ပါယာ ဓားချက်၏ ထိန်းချုပ်ထားမှုအောက်တွင် အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်းမရှိချေ။
ဝုန်း…
ဓားချက် ဖြတ်သန်းသွားရာ အပြာရောင်သွေးများပန်းထွက်ပြီး ခေါင်းပြတ် (၅)လုံး လေပေါ်သို့ မြောက်တက်သွားလေသည်။
တစ်ချိန်တည်းတွင် ဓားချက် ကင်းလွတ်ရာ နေရာမှ ပင်လယ်သားရဲတိုင်း ပြူးကျယ်နေသော မျက်၀န်းများဖြင့် ဓားချက်ကျဆင်းသွားရာသို့ ငေးကြည့်နေကြ၏။
ထိုဓားချက်အောက်တွင် ဘုရင်အဆင့် သားရဲ (၅)ကောင်သာမက အနီးပတ်၀န်းကျင် ပင်လယ်သားရဲများအားလုံး သေဆုံးသွားခဲ့သည်။
ငါးလေး ဖားလေးများအလားပင်။
ဒင်.. ဒင်.. ဒင်…
ရွှမ်ယီ၏ ခါး၌ချိတ်ထားသော ကျောက်စိမ်းပြားများတစ်ဆင့် အမှတ်တိုးသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
စစ်ပွဲရမှတ်များ အရူးအမူး ထိုးတက်နေ၏။
“သတ်…”
နန်ယီမြို့သခင်က အားရပါးရ ကြွေးကြော်လိုက်၏။
ထိုအသံကြောင့် ရွှမ်ယီ၏ တိုက်ခိုက်မှုအောက်တွင် မှင်ဆဲဖြစ်သော နန်ယီမြို့မှ ကျင့်ကြံသူများနှင့် မြို့စောင့်တပ်သားများ ပြန်လည် သတိ၀င်လာခဲ့သည်။
“ဟားဟား… နန်ယီမြို့ကို ကယ်နိုင်ပြီကွ…”
“ စစ်ကူတွေရောက်လာပြီ.. ခွေး တိရစ္ဆာန်တွေ.. တစ်ကောင်မှ အလွတ်မပေးနဲ့ သတ်ကြ….”
နန်ယီမြို့မှ လူများ ရွှမ်ယီတို့အဖွဲ့ပေးခဲ့သော စိတ်ခွန်အားများဖြင့် အားရပါးရ ရယ်မောပြီး အပြင်းအထန်တိုက်ခိုက်ကြတော့၏။
အစပိုင်းတွင် သူတို့အားလုံး သေဆုံးရန် စိတ်ပိုင်းဖြတ်ပြီး တိုက်ခိုက်နေခဲ့ကြသော်လည်း ယခုတွင် ထိုသို့ မဟုတ်တော့ချေ။
ရွှမ်ယီ၏ တပည့်(၆)ယောက်လုံး ဘုရင်တစ်၀က်အဆင့်ထက် အစွမ်းထက်ကြသူများချည်းဖြစ်၏။ ဘုရင်အဆင့် ပင်လယ်သားရဲ (၅)ကောင် သေဆုံးပြီးနောက် ၎င်းတို့က နန်ယီမြို့မှ လူများနှင့် ပူးပေါင်းကာ ပင်လယ်သားရဲများအား မြက်ရိတ်သလို သတ်ဖြတ်လိုက်ကြသည်။
နေ့တစ်၀က်ပင်မကြာလိုက်ဘဲ နန်ယီမြို့ ပတ်၀န်းကျင်၌ ပင်လယ်သားရဲ အသေကောင်များ တောင်လိုပုံသွားခဲ့သည်။
၎င်းတို့၏ မှင်ရောင်သွေးများက ရေကန်တစ်ခုအလား ဖြစ်နေချေပြီ။
နန်ယီမြို့စောင့်တပ်မှလူများ ၎င်းတို့၏ ချပ်၀တ်များအား ချွတ်လိုက်ကြသည်။ ၎င်းတို့ဓားရှည်များအား မြေပြင်ထက်၌ ထိုးစိုက်ထားကာ ဆံပင်ရှည်များက လေနှင့်အတူ လွင့်မျောနေပြီး အားလုံး အလွန်ပျော်ရွှင်နေကြ၏။
ပင်လယ်သားရဲများက လူသားများအား သတ်ဖြတ်ပြီး အလောင်းများကို ဒေသတစ်ခုလုံး ဖြန့်ကျက်ထားခဲ့သည်။ ယခုတွင် ၎င်းတို့၏ လုပ်ရပ်အတိုင်း ပြန်လည် လက်စားချေနိုင်ခဲ့ပြီဖြစ်၏။
“ အရမ်းကောင်းတယ်…”
“ အားရလိုက်တာကွာ.. ဟားဟား… အရမ်းပျော်တာပဲ…”
ရွှမ်ယီတို့အဖွဲ့က ဒေသတစ်ခုလုံး၌ ကွက်ပြီး ရှင်သန်ခဲ့သည့် မြို့လေးအား တိတ်တဆိတ်ကြည့်နေခဲ့ကြသည်။ မြို့နေလူများအားလုံး ခံစားချက်မျိုးစုံဖြစ်ပေါ်နေကြပြီး ရယ်သူကရယ် ငိုသူကငိုဖြစ်၏။
ရွှမ်ယီတို့အဖွဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။
အဆုံးမဲ့ပင်လယ်သားရဲများ…
အရမ်းစက်ဆုပ်စရာကောင်းလှ၏။
“ ဟမ်…”
ထိုအချိန်တွင် ရွှမ်ယီ၏ ခါး၌ချိတ်ထားသော ကျောက်စိမ်းပြားလေးက တစ်ချက်လင်းလက်သွားပြီး သတင်းအသစ်တစ်ခုရောက်လာသည်။
-တောင်ပိုင်းနယ်စပ် ကာကွယ်ရေးခေါင်းဆောင်က အရေးကြီး အစည်းအဝေးတစ်ခု ကျင်းပရန် ဖိတ်ခေါ်လိုက်သည်။ တောင်ပိုင်းတိုက်ကြီး( နန်ကျိုး) အတွက် အရေးကြီးသော အခြေအနေနှင့် ဆက်စပ်နေသည်။ နီးစပ်ရာ၌ရှိနေသော အဆင့်မြင့် ကျင့်ကြံသူများအားလုံး လာရောက် ပူးပေါင်းရမည်။
ရွှမ်ယီက သတင်းအားလက်ခံလိုက်ပြီးနောက် မြို့နေလူများအား သွားတော့မည်ဖြစ်ကြောင်း ကောင်းကင်ထက်မှ လက်ယမ်းပြလိုက်၏။
အောက်မှ လူတိုင်း ရွှမ်ယီတို့အဖွဲ့အား ကျေးဇူးတင်ကြောင်းဖော်ပြရန် လေးနက်စွာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
“ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
အသံက ကောင်းကင်သို့တိုင်အောင် ပဲ့တင်ထပ်သွားလေသည်။
စစ်ပွဲပြီးဆုံးချိန်တွင် နန်ယီမြို့မှ နေရာအနှံ့တွင် လူပုံ ပန်းပုရုပ်များ ထုလုပ်လိုက်ကြ၏။
ထို(၇)ယောက်၏ ပုံရိပ်က နန်ယီမြို့မှလူတိုင်း ရင်ထဲ၌ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ချေ။
…..
ထိုအချိန်တွင် နန်ကျိုး၏ တောင်ပိုင်းနယ်စပ်ဒေသ
၎င်းက ဤစစ်ပွဲအတွက် အဓိကရှေ့တန်း စစ်မျက်နှာ တစ်ရပ်ဖြစ်သည်။
ခေါင်းဆောင် ဖန်း - အထွတ်အထိပ် လူသားဘုရင်အဆင့် ကျင့်ကြံသူက အလွန်လေးလံ ခိုင်ခံ့သည့် တိုက်ပွဲ၀င် ချပ်ကာအား ၀တ်ဆင်ထားပြီး တည်ငြိမ် လေးနက်သော မျက်နှာထားဖြင့် လက်ထဲမှ သတင်းပို့ ကျောက်စိမ်းအား ပွတ်သပ်နေခဲ့သည်။
သူ၏ အမည်က ဖန်ဝူဖြစ်ပြီး အင်ပါယာဒေသ၌ မွေးဖွားခဲ့သူဖြစ်သည်။
သူက နန်ကျိုး တောင်ပိုင်း စစ်မျက်နှာပြင်တွင် အဓိက ခေါင်းဆောင်ဖြစ်ပြီး တောင်ပိုင်းစစ်မျက်နှာ တစ်ခုလုံးအတွက် စိတ်ဝိညာဉ်ဆိုလည်း မမှားချေ။
လက်ရှိအချိန်တွင် စစ်ကူများ၏ အကူအညီဖြင့် တောင်ပိုင်းနယ်စပ်မှ ဒေသများရှိ ကျူးကျော်မှုများကို တားဆီးကာကွယ်နိုင်ခဲ့ပြီးဖြစ်သော်လည်း ဆုံးရှုံးခဲ့သည့် နေရာများအား ပြန်လည် သိမ်းယူရန် ကြိုးပမ်းရာ၌ ပြသနာတစ်ခုရှိနေခဲ့သည်။
တောင်ပိုင်းနယ်စပ်၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် မည်သို့မှ ထိုးဖောက်မရနိုင်သည့် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည်။
….
နန်ကျိုးတောင်ပိုင်း နယ်စပ် အစည်းအဝေးခန်းမ၌
လေထုက အတန်ငယ် လေးလံနေ၏။
စစ်သူကြီး ( commander ) ဖန်ဝူ လက်သီးအား တင်းကြပ်အောင်ဆုပ်ထားပြီး စားပွဲထိပ်ဆုံး၌ ထိုင်နေခဲ့သည်။ စိုးရိမ်ပူပန်နေသော မျက်၀န်းများဖြင့် ရောက်လာသူများအား တစ်ယောက်ချင်းစီ လိုက်ကြည့်နေ၏။
ရောက်လာသူများထဲမှ တချို့က သတင်းကြိုရပြီးဟန်တူသည်။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းယမ်းလိုက်ကြ၏။
တချို့က ပူပန်စွာ သက်ပြင်းများချနေကြသည်။
ဤတစ်ကြိမ် ပင်လယ်သားရဲများကျူးကျော်မှုနှင့်ပတ်သက်ပြီး စိတ်အခြေအနေ မကောင်းဖြစ်နေခဲ့ကြ၏။
နန်ကျိုးမှ ပြည်သူများအနေဖြင့် မည်သို့မှ ပြင်ဆင်မှုမရှိဘဲ စစ်ဘေးဒဏ်ကို ရုတ်တရက် အလူးအလဲခံစားခဲ့ရသည်။
လူသား မျိုးနွယ်ဘက်က အရပ်လေးမျက်နှာသို့ စစ်ကူများ စေလွှတ်ပြီး အမြန်ဆုံ့တုံ့ပြန်ခဲ့ကြသော်လည်း စစ်ပွဲအခြေအနေက ထိန်းချုပ်ရန်ခက်နေ၏။
နန်ကျိုးမှ နယ်စပ်ဒေသ အများအပြား တစ်ပြိုက်နက် ဆုံးရှုံးခဲ့ရသည်။
ယခုတွင် ပင်လယ်သားရဲများက ၎င်းတို့ သိမ်းယူထားသော ဒေသများအား ခြေကုပ်ယူကာ ၎င်းတို့ စစ်တပ်အား အဆက်မပြတ် ပို့ဆောင်နေခဲ့၏။
လူသားများဘက်တွင်လည်း အနောက်မှ အဆက်မပြတ်ထောက်ပံ့ရန် စစ်ကူများရှိနေသည်။
ဤသို့ဖြင့် စစ်ပွဲအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့၏။ သို့သော် ထိုအခြေအနေက လူသားမျိုးနွယ်အတွက် ဆုံးရှုံးမှုပင်။
အဆုံးမဲ့ပင်လယ်ကြီးအတွင်းမှ ဆင်းသက်လာသော ပင်လယ်သားရဲများက လက်ရှိတွင် အဆုံးမဲ့ပင်လယ် မဟာမိတ်ကို ဖွဲ့စည်းထား၏။ ထို့အပြင် အဆုံးမဲ့ပင်လယ်က တိုက်ကြီးတစ်ခုလုံးအား ၀န်းရံထားသည်ဖြစ်ရာ ၎င်းတို့၌ အင်အားမည်မျှရှိကြောင်း မည်သူမှမသိနိုင်ပေ။
သို့ဖြစ်၍ ယခုအခြေအနေအရဆိုလျှင် လူသားများက ပင်လယ်သားရဲများ၏ ကျူးကျော်မှုကို တားဆီးထားနိုင်သော်လည်း ဒေသအများအပြား ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ အချိန်ပိုကြာလာသည်နှင့်အမျှ ပင်လယ်သားရဲများ ကုန်းမြေထက်သို့ ပိုရောက်လာပေတော့မည်။