အခန်း (၃၁၂)
Vol. 21 Ch. 312
“ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ…”
လူများ တဖြည်ဖြည်း များလာသည်ကိုကြည့်ရင်း စစ်သူကြီး ဖန်က မေးလိုက်သည်။
အခြေအနေများက လျင်မြန်စွာပြောင်းလဲနေပြီး ထိရောက်သော နည်းဗျူဟာတစ်ခုခုအား အသုံးမပြုလျှင် တောင်ပိုင်းတိုက်ကြီး ရေရှည် မခံနိုင်တော့မည်ကို စိတ်ပူနေမိ၏။
“ ခေါင်းဆောင် (Leader ) ဖန်… အခုချိန်မှာ ပင်လယ်သားရဲတွေ တောင်ပိုင်းတိုက်ကြီးအတွင်းပိုင်းကို မရောက်ကြသေးဘူး… အချိန်မနှောင်းသေးခင်မှာ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အမြန်ဆုံး ပြန်လည်သိမ်းပိုက်ကြစို့….”
လူတိုင်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး
“ ဒါပေမယ့် စစ်မြေပြင်မှာ သံပြားတစ်ခုရှိနေတယ်…”
ထိုစကားသို့အရောက်တွင် လူတိုင်းနီးပါး မျက်မှောင်ကြုတ်လိုက်မိကြ၏။
တောင်ပိုင်း တိုက်ကြီးက ဤကျူးကျော်စစ်ပွဲအတွက် အကောင်းဆုံးပြန်လည် ခုခံခဲ့ကြသည်။ အကြောင်းမှာ ဤကဲ့သို့ အကြီးအကျယ်ကျူးကျော်မှုများအတွက် ဒေသကြီးများ၌ ကြိုတင်ပြင်ဆင်မှုများ ထားရှိခဲ့သောကြောင့်ပင်။
၎င်းတို့က ဒေသများအား ကာကွယ်ရန် ရည်ရွယ် ပျိုးထောင်ပေးထားသူများနှင့် အင်အားစုတိုင်းထံမှ စစ်ကူများ ရရှိခဲ့သောကြောင့်ဖြစ်၏။
သို့သော် တောင်ပိုင်း နယ်စပ်၌ ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရယူရန် အားထုတ် တိုက်ခိုက်ကြရာ၌ ရှေ့တန်းသို့ရောက်ချိန် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။
ပင်လယ်သားရဲများအကြား စစ်သူကြီး ဖန်ထက် အစွမ်းထက်သော ပင်လယ်သားရဲတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
“ အဲ့ဒီကောင်.. သူရဲ့ အသက်ရှုသံနဲ့ သွေးချီကို ကြည့်ရတာ ငယ်သေးမှန်းသိသာပါတယ်… ဒါပေမယ့် သူ့စွမ်းအားက အရမ်းထူးဆန်းတယ်… လူသားဘုရင် အထွတ်အထိပ် ကျင့်ကြံသူတွေ ပေါင်းတာတောင် အနိုင်မရခဲ့ဘူး….”
အစည်းအဝေးခန်းမထဲ၌ ဖူးရောင်နေသော မျက်နှာဖြင့် ထိုင်နေသူက ရှေ့မှ စားပွဲအား ဒေါသတကြီးထုကာ ပြောလိုက်၏။
သူက အထွတ်အထိပ် လူသားဘုရင်တစ်ဦးဖြစ်သော်လည်း ထို ပင်လယ်သားရဲနှင့် ရင်ဆိုင်ခဲ့စဉ် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ စစ်သူကြီး ဖန်သာ ရောက်မလာပါက အသက်နှင့် ခန္ဓာမြဲတော့မည်မထင်ပေ။
ထို ပါရမီရှင် ပင်လယ်သားရဲ၏ ထွက်ပေါ်လာမှုကြောင့် မူလကကောင်းမွန်နေခဲ့သော အခြေအနေက ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြစ်ခဲ့ရသည်။
ထို့အပြင် ထိုမျှသန်မာသူသာ ထိုနေရာမှ ထွက်ခွာသွားပါက တောင်ပိုင်းတိုက်ကြီးအတွက် တော်တော်လေး ပြသနာများပေလိမ့်မည်။
ထို့သို့ဖြစ်လာရန် လုံး၀ ခွင့်မပြုနိုင်ချေ။
စစ်သူကြီး ဖန်က အစွမ်းထက်သည်မှန်သော်လည်း တစ်ယောက်တည်းနှင့် စစ်ပွဲအခြေအနေအား ပြောင်းပြန်လှန်နိုင်စွမ်းမရှိချေ။
တစ်ဖက်တွင်မူ ထိုပင်လယ်သားရဲ တစ်ကောင်ထဲက လူသား ကျင့်ကြံသူများစွာအား ထိန်းချုပ်ထားနိုင်စွမ်းရှိနေသည်။
ဤသို့ဖြစ်ရခြင်းမှာ သူတို့ထံသို့ စစ်ကူအများအပြားရောက်လာသောကြောင့်ဖြစ်၏။ သို့မှသာ ထိုလူအား အနည်းငယ် ထိန်းချုပ်နိုင်စွမ်းရှိခဲ့သည်။ ထိုသို့မဟုတ်ပါက တောင်ပိုင်းနယ်စပ် အသိမ်းခံလိုက်ရသည်မှာ ကြာချေရော့မည်။
“ ငိုးမ သားရဲကောင်….”
တစ်စုံတစ်ယောက်က မီးတောက်နေသော မျက်၀န်းများဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်၏။
ထို ပင်လယ်သားရဲကြောင့် လူသားမျိုးနွယ်ဘက်မှ အစွမ်းထက်ကျင့်ကြံသူ (၃)ဦးအား ဆုံးရှုံးခဲ့ရပြီးချေပြီ။
၎င်းက တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်အတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခုပင်။
အကယ်၍ ၎င်းတို့သာ နောက်တစ်ကြိမ် ရှုံးနိမ့်ပါက လူသားမျိုးနွယ်ဘက်မှ ယုံကြည်မှုက အောက်ဆုံးသို့ ထိုးကျသွားပေတော့မည်။
ထိုအခြေအနေတွင် ကာရာကန်များသာ အလုံးအရင်း တိုက်စစ်ဆင်လာပါက တောင်ပိုင်းတိုက်ကြီးအား ကာကွယ်ရန် ခက်ခဲသွားတော့မည်ဖြစ်၏။
ဤအတိုင်းဆက်သွားလို့ အဆင်ပြေချေ။
အလွန်ပြသနာ များသွားပေလိမ့်မည်။
ဤသို့ဖြင့် ဖန်ဝူက အရေးပေါ် အစည်းအဝေးခေါ်ရန် သတင်းပို့ခဲ့ခြင်းဖြစ်၏။
“ အင်း… ဘာဆက်လုပ်ရင်ကောင်းမလဲ…”
အချိန်အတန်ကြာ ဆက်ဆွေးနွေးခဲ့ကြသည့်တိုင် မည်သို့သော အကြံညာဏ်မှမရခဲ့ချေ။ ထို အစွမ်းထက် ပင်လယ်သားရဲက အလွန်ဖြေရှင်းရခက်သည့် ပုစ္ဆာတစ်ပုဒ်အလား ဖြစ်နေတော့သည်။
“ အဲ့ကောင်က ပင်လယ်သားရဲတွေထဲမှတောင် တော်တော်လေး အဆင့်မြင့်ရမယ်… သူ့ခွန်အားက ကျုပ်တို့တောင်ပိုင်းတိုက်ကြီး လူသားဘုရင်အဆင့် ဇယားကလူတွေနဲ့ တန်းတူရှိနိုင်တယ်… အဲ့ထဲက တချို့တွေထက်တောင် ပိုသန်မာနေနိုင်သေးတယ်….”
“ ကျုပ် အမြင်အရတော့ လူသားဘုရင်အဆင့်ဇယားက ထိပ်ဆုံး (၅)ယောက်ကပဲ သူ့ကို အနိုင်ယူဖို့ မျှော်လင့်ချက်ရှိနိုင်တယ်…. တစ်ခါတည်း သတ်ဖြတ်ဖို့ကတော့ ကောင်းကင်ဘုရင်အဆင့်မှ ဖြစ်လိမ့်မယ်….”
လူတိုင်း စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
နန်ကျိုးတွင် ကောင်းကင်ဘုရင်များမရှိခြင်းမဟုတ်ပေ။ ကောင်းကင်ဘုရင်နှင့် အထက်အဆင့်များအတွက် သီးသန့်စစ်မြေပြင်များရှိသည်။ လက်ရှိ အချိန်တွင် သူတို့က လူသားဘုရင်အဆင့် စစ်မြေပြင်၌ ပေါ်လာရန် မဖြစ်နိုင်ချေ။ ဆိုလိုသည်မှာ ထို ပင်လယ်သားရဲအား သတ်ဖြတ်လိုပါက အလွန်ခက်ခဲ ပေလိမ့်မည်။
ဖန်ဝူ စဉ်းစားရင်း ခေါင်းကိုက်လာသောကြောင့် အသက်ပြင်းပြင်းရှုလိုက်မိ၏။
ဤသို့ နှောင့်နှေးကြန့်ကြာမှုများဖြင့် တောင်ပိုင်း နယ်စပ်ဒေသ တစ်ခုလုံး ရှုံးနိမ့်သွားပါက အင်ပါယာနယ်မြေမှ ဆင်းသက်လာသည့် ကာကွယ်ရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် နန်းကျိုးမှ ပြည်သူလူထုအား မည်သို့ မျက်နှာချင်းဆိုင်ရတော့မည်နည်း။
“ အစီအရင်ခံပါတယ်….”
ထိုအချိန်တွင် အစည်းအဝေးခန်းမ အပြင်ဘက်မှ အစောင့်တစ်ဦး၏ ကျယ်လောင်သော သတင်းပို့သံထွက်ပေါ်လာသည်။
“ အစီအရင်ခံပါတယ်… ဗဟိုသူတော်စင် အကယ်ဒမီက စစ်ကူတွေ ရောက်လာပါပြီ….”
ထိုစကားထွက်ပေါ်လာသည်နှင့် အစည်းအဝေးခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားပြီး သတင်းလာပို့သည့်အစောင့်အား လူတိုင်း လှည့်ကြည့်မိလိုက်ကြသည်။
“ ဗဟိုသူတော်စင် အကယ်ဒမီ…? ဒါဆို ရွှမ်ယီလည်း အတူပါလာမှာပေါ့… ဟုတ်တယ်မလား…”
ခေါင်းဆောင် ဖန်ဝူက ရှေ့တိုးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အစောင့်အား မေးလိုက်သည်။ ခန်းမအတွင်းမှ လူတိုင်း၏ မျက်၀န်းများလည်း တောက်ပသွားလေသည်။
သူက ရွှမ်ယီ၏ အမည်နှင့် တော်တော်လေး ရင်းနှီးပေသည်။
“ ဟုတ်… ဆရာရွှမ်လည်း အတူပါလာပါတယ်….”
အစောင့်က ဦးညွှတ်ပြီး ပြောလိုက်၏။
ထိုစကာအားကြားလျှင် အစည်းအဝေးခန်းမအတွင်းမှ လူတိုင်း ၀မ်းသာသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရွှမ်ယီက ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာဖြစ်ပြီး တောင်ပိုင်းတိုက်ကြီး၌ အလွန်နာမည်ကြီးသည်။
သူရောက်လာခြင်းက တောင်ပိုင်း နယ်စပ်အတွက် ၀မ်းသာစရာ အလှည့်အပြောင်းတစ်ခုပေလော…?
“ ကျေးဇူးပြုပြီး ၀င်လာဖို့ပြောလိုက်.. မြန်မြန်…”
စစ်သူကြီး ဖန်က သူ၏ ၀မ်းသာမှုနှင့် စူးစမ်းလိုစိတ်များအား မြိုသိပ်လိုက်ပြီး ရွှမ်ယီတို့အဖွဲ့အား ခေါ်လာရန် အစောင့်များအား အမိန့်ပေးလိုက်၏။
ရွှမ်ယီ ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာ ၊ လူသားဘုရင်အဆင့်မှ (၉)ယောက်မြောက်
အစောပိုင်း လူသားဘုရင်အဆင့် ကျင့်ကြံမှုအခြေခံသာရှိသော်လည်း သူ၏ ခွန်အားကမူ လုံး၀ လျှော့တွက်မရချေ။
လက်ရှိအချိန်က တောင်ပိုင်းနယ်စပ် ရှေ့တန်း၌ အလွန်ခိုင်ခန့်သော သံတုံးတစ်တုံးနှင့် ကြုံတွေ့နေရပြီး လူတိုင်း ခေါင်းကိုက်နေရချိန်ဖြစ်သည်။
ရွှမ်ယီတို့အဖွဲ့က အချိန်ကိုက် ရောက်လာခြင်းဖြစ်၏။
ရွှမ်ယီ၏ အမည်ကို ကြားလိုက်ရခြင်းက ဖန်ဝူအား နားရွက်တက်ချိတ်မတတ် ပြုံးသွားစေခဲ့သည်။