အခန်း (၃၁၃)
Vol. 21 Ch. 313
“ဆရာရွှမ်...”
ရွှမ်ယီက လူစုအား ဦးဆောင်လာပြီး တံခါးအားဖွင့်လိုက်သည်ကိုမြင်လျှင် ဖန်ဝူ ရှေ့သို့တိုးသွားပြီး ရွှမ်ယီအား အနီးကပ်စိုက်ကြည့်လိုက်သည်။
လက်ရှိအခြေအနေက သူမှေးကနဲ အိပ်ပျော်သွားချိန်တွင် ခေါင်းအုံးက ခေါင်းအောက်သို့ အလိုလိုရောက်လာသည့်အလားပင်။
ရွှမ်ယီက ဘုရင်အဆင့်သို့ရောက်ကတည်းက နန်ကျိုး၌ အလွန်ကျော်ကြားခဲ့ခြင်းဖြစ်သည်။ သူက နန်ကျိုး၏ မူလဘုရင်အဆင့်ဇယားတွင် နံပါတ် (၁) နေရာသို့ တိုက်ရိုက်ရောက်သွားခဲ့သည်။ ထို့နောက် လူသားဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက် အစောပိုင်းလူသားဘုရင်အဆင့်ဖြင့် လူသားဘုရင်အဆင့်ဇယားမှ နံပါတ် (၉) အား အနိုင်ယူကာ ထိုလူ၏နေရာသို့ ဝင်ရောက်သွားခဲ့သည်။
ရွှမ်ယီက အပြင်သို့ သိပ်မထွက်သည့်တိုင်အောင် သူ၏ဂုဏ်သတင်းက နန်ကျိုး၌ အလွန်မွှေးပျံ့နေခဲ့သည်။
ဖန်ဝူက ရွှမ်ယီအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေ၏။
ရွှမ်ယီ၏ အစစ်အမှန်စွမ်းအားက သူ၏ဂုဏ်သတင်းနှင့် အမှန်တကယ် ကိုက်ညီရန်မျှော်လင့်နေခဲ့သည်။ သူ့အနေနှင့် လက်ရှိအခြေအနေအား လက်မလျော့လိုပေ။
ထိုပါရမီရှင် ပင်လယ်သားရဲအား အနည်းငယ်မျှ အချိန်ဆွဲတိုက်ခိုက်ပေးနိုင်သ၍ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအတွက် အလွန်ကောင်းမွန်စွာ အကျိုးဆောင်နိုင်မည်ဖြစ်သည်။
“ စစ်သူကြီး(commander)ဖန်… ကျုပ်ခင်များကို ဘာကူညီပေးရမလဲ…”
ရွှမ်ယီက အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။ သူက ခန်းမအတွင်းသို့ဝင်ရောက်လာသည်နှင့် အခန်းတွင်းမှလူတိုင်း၏ မျက်နှာအမူအယာများနှင့် ဖန်ဝူ၏ မျက်နှာထက်မှ မျှော်လင့်ချက်အရိပ်အယောင်တစ်ချို့အား သူမြင်ပြီးဖြစ်သည်။
ဤအရေးပေါ်အစည်းပေါ်အစည်းအဝေးမှ ပြသနာက သူ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ကို အနည်းငယ်စိုးနေမိသည်။
စစ်သူကြီးဖန်က အနည်းငယ်ပြုံးပြလိုက်ပြီးနောက် သူ၏ မျက်နှာက လေးနက်လာကာ အပိုစကားများမပြောတော့ပဲ ပြသနာအားတိုက်ရိုက်ရှင်းပြလိုက်သည်။
“ အဲ့ဒီကောင်က နန်ကျိုးတောင်ပိုင်းက ရှေ့တန်းစစ်မျက်နှာပြင်မှာ ငါတို့တိုးတက်မှုအတွက် အဓိကအဟန့်အတားပဲ… ဒီကိစ္စပိုပြီးတော့ နှောင့်နှေးနေလို့ရှိရင်… ငါစိုးရိမ်မိတာက…နန်ကျိုးဆက်ပြီး တောင့်မခံနိုင်လောက်တော့ဘူး…”
“ ဒီနေ့အတွက် ငါတို့ရဲ့ဗျူဟာက သူ့ကို အချိန်ဆွဲပြီးတားဆီးနိုင်တဲ့ တစ်ယောက်ယောက်စေလွှတ်ပြီး အချိန်ဆွဲတိုက်ခိုက်ထားစေဖို့ပဲ… အဲ့ဒီအချိန်မှာ ငါတို့တွေက ရှေ့ဆက်တိုက်ခိုက်နိုင်မှာဖြစ်ပြီးတော့ အခြေအနေကိုလည်း ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်…”
“ ဆရာရွှမ်… မင်းက လူသားဘုရင်အဆင့်ဇယားမှာ နံပါတ် (၉) ပဲလေ…”
ဖန်ဝူ၏စကားဆုံးသည်နှင့် ခန်းမတွင်းမှလူများ ရွှမ်ယီအား စိတ်အားထက်သန်စွာကြည့်လိုက်ကြသည်။
လူတိုင်းက ရွှမ်ယီအနေဖြင့် ပြိုင်ဘက်အား အနိုင်ရရန်မမျှော်လင့်ထားကြချေ။ ရွှမ်ယီက လူသားဘုရင်အဆင့်ဇယား၌ နံပါတ် (၉) တွင် ရှိနေခဲ့သော်လည်း သူ၏ကျင့်ကြံမှုအခြေခံကက အစောပိုင်းလူသားဘုရင်အဆင့်၌သာ ရှိသေးသည်။ သူက သန်မာသည်မှန်သော်လည်း ပင်လယ်သားရဲများကြားထဲမှ ထိုပါရမီရှင်နှင့် နှိုင်းယှဉ်လိုက်ပါက ပိုင်ဆိုင်ထားသော စိတ်ဝိညာဉ်စွမ်းအား အဆီအနှစ်တွင် ကွာခြားမှုရှိနေသေးပေသည်။
ဤမတိုင်ခင် အင်ပါယာဒေသမှဆင်းသက်လာသည့် အထွတ်အထိပ်လူသားဘုရင် (၃) ယောက် အတူတကွ ဝိုင်းဝန်းတိုက်ခိုက်သည့်တိုင်အောင် ထိုလူအား အနည်းငယ်သာ ထိန်းထားနိုင်ခဲ့သည်။
သို့သော် ရွှမ်ယီက ထိုလူအား လုံလောက်သော အချိန်တစ်ခုအထိ အချိန်ဆွဲတိုက်ခိုက်ထားနိုင်ပါက တောင်ပိုင်းနယ်စပ်အရှေ့တန်းမှ အခြေအနေကို ပြောင်းလဲနိုင်ပေလိမ့်မည်။
ထိုတာဝန်က အလွန်အရေးကြီးလှ၏။
ရွှမ်ယီက ထိုလူအား အချိန်ဆွဲတိုက်ခိုက်ထားချိန်တွင် စစ်သူကြီးဖန်ဝူက သူ၏တပ်များနှင့် တစ်ခြားစစ်ကူများအား ဦးဆောင်ကာ ပင်လယ်သားရဲများအား ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ သို့ဖြစ်ပါက အခြေအနေအား ပြောင်းပြန်လှန်နိုင်မည်ဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအား အသက်ရှူအနည်းငယ်ရှောင်သွားစေပေလိမ့်မည်။
“ ဘယ်လိုလဲ…”
ရွှမ်ယီစဉ်းစားနေသည်အားမြင်လိုက်လျှင် ဖန်ဝူ အနည်းငယ်အံကြိတ်လိုက်ပြီး..
“ အချိန်တန်လို့ရှိရင် မင်းသူ့ကို သတ်ဖြတ်ခြင်းအစီအရင်ဆီကို ဆွဲခေါ်လာလို့ရတယ်…”
ထိုစကားအားကြားလျှင် ရွှမ်ယီက ပြုံးလိုက်ပြီး
“ ခေါင်းဆောင်ဖန်… အဲ့ဒီပါရမီရှင် ပင်လယ်သားရဲက ကျုပ်ကို ဒီမတိုင်ခင်က မမြင်ဖူးလောက်သေးဘူး… ကျုပ်ဓါးကို သူနဲ့စမ်းကြည့်ချင်တယ်… သူက ကျုပ်ထက်ပိုအစွမ်းထက်မလား ကြည့်ကြတာပေါ့…”
“ အစီအရင်နဲ့ ပတ်သက်ပြီးတော့… အဲ့တာက မလိုအပ်ဘူး…”
ရွှမ်ယီက လက်နှစ်ဖက်အား နောက်ပစ်ကာ ရပ်နေရင်း အသာအယာပြုံးလိုက်၏။
သူ၏ဝှက်ဖဲများအားလုံး အကုန်အစင်အသုံးပြုလိုက်ပါက ကောင်းကင်ဘုရင်အဆင့်အောက်တွင် မည်သူမှ ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။
ရွှမ်ယီအနေဖြင့် အနည်းငယ်မျှ ဒဏ်ရာမရပဲ အကောင်းပကတိပြန်လာရန် ယုံကြည်မှုရှိနေခဲ့သည်။
သတ်ဖြတ်ခြင်းအစီအရင်အား ထိုနေရာတွင် ဖြုန်းတီးရန်မလိုအပ်ချေ။
သူ၏လက်ရှိတာဝန်က ပြိုင်ဘက်အား အချိန်ဆွဲတိုက်ခိုက်ထားရန်သာဖြစ်ပြီး ပြိုင်ဘက်အား သတ်ဖြတ်လိုပါက ကုန်ကျစရိတ်ပိုများပေလိမ့်မည်။
ဖန်ဝူမတိုက်တွန်းလျှင်တောင် ရွှမ်ယီကိုယ်တိုင်လည်း ထိုပင်လယ်သားရဲ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
လက်ရှိအခြေအနေတွင် ဤတောင်ပိုင်းနယ်စပ်မှ လူတိုင်း၏မျှော်လင့်ချက်က သူ့အပေါ်သို့ ကျရောက်နေချေပြီ။
ရွှမ်ယီက အသာအယာပင်ပြုံးလိုက်ပြီး ထိုလူ၏ ခေါင်းကို ဖြတ်ပေးမည်ဟု ဖန်ဝူအား ကတိပေးလိုက်သည်။
“ ကောင်းပြီလေ…”
ဖန်ဝူကလည်း ညာဏ်ကောင်းသူတစ်ယောက်ဖြစ်ရာ ဘာမှထပ်မပြောတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။
ယခုအချိန်တွင် သူတို့အနေဖြင့် ရွှမ်ယီအား ယုံကြည်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။
“ အားလုံးပဲ… တိုက်ကြစို့…”
ဘုန်း…
တောင်ပိုင်းနယ်စပ်မှ စစ်မြေပြင်တွင် စစ်ပွဲခေါ်သံများပြည့်နှက်သွားခဲ့သည်။
(၃) ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးနောက် လူသားမျိုးနွယ်ဖက်မှ တိုက်ခိုက်ရေးနည်းဗျူဟာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
ထို တက်ကြွသော စစ်ချီတက်သံနှင့် စစ်ပွဲခေါ်သံများ ကြားလိုက်ရလျှင် ပင်လယ်သားရဲများ ထူးဆန်းသွားသလိုခံစားလိုက်ကြရ၏။
ပင်လယ်သားရဲများ စခန်းချရာနေရာတွင် တခြားသော ပင်လယ်သားရဲများ၏ ကြောက်မက်ဖွယ် ပုံစံများနှင့် လုံးဝဆင်တူခြင်းမရှိသော ငွေဖြူရောင်ဆံပင် ၊ မာနကြီးသော မျက်နှာထားနှင့် (၁၀၀) ရာခိုင်နှုန်း လူသားနှင့်တူညီသော လူငယ်တစ်ဦးရပ်နေခဲ့သည်။
အဆုံးမဲ့ပင်လယ် တော်ဝင်မျိုးနွယ် ၊ အထွတ်အထိတ်လူသားဘုရင်အဆင့် ရှန်တောင်
လက်ရှိအချိန်တွင် သူ၏မျက်ဝန်းများက မှေးကျဉ်းသွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်ကွေးသွားကာ ထိုလူသားများအား ကြည့်ပြီး အနည်းငယ် လှောင်ပြောင်လိုက်သည်။
“ (၃) ကြိမ်ဆက်တိုက်ရှုံးပြီးတဲ့နောက်မှာ သဘာဝအတိုင်းဆိုရင် ငါတို့မြင့်မြတ်တဲ့မျိုးနွယ်က စပြီးတိုက်ခိုက်သင့်တာ… လူသားတွေအနေနဲ့ သူတို့ခံစစ်မှာပဲနေသင့်တယ်… ဒါပေမယ့် အခုသူတို့က စတိုက်တော့မှာလား…”
ရှန်တောင်က အဆုံးမဲ့ပင်လယ်မှ ပင်လယ်သားရဲများအား မြင့်မြတ်သော မျိုးနွယ်အဖြစ် ညွှန်းဆိုခဲ့သည်။ နန်ကျိုးမှ လူသားမျိုးနွယ်က မျက်လုံးထဲ၌ပင် မရှိပေ။
လက်ရှိတွင် လူသားမျိုးနွယ်ဖက်မှ စတင်တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသည့်တိုင်အောင် သူက အနည်းငယ်စူးစမ်းလိုဟန်သာ ရှိပြီး ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။
သူ၏ ဘေးပတ်ပတ်လည်တွင် ခေါင်းငုံ့ကာ ရပ်နေသည့်ပင်လယ်သားရဲများ ရှိနေပြီး ၎င်းတို့က ရံဖန်ရံခါ ရှန်တောင်အား လေးစားမှုနှင့်ရိုသေမှုများ ပြည့်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်ကြ၏။
ကာရာကန်များက သားရဲမျိုးနွယ်များဖြစ်ကြပြီး လူသားများနှင့် ယှဉ်လျှင် သန်မာသူများအား ပိုမိုလေးစားလေ့ ရှိကြသည်။
အဆုံးပင်လယ်မှ ပင်လယ်သားရဲ(စီရန်) များကြားတွင် တော်ဝင်မျိုးနွယ်များက မွေးကတည်းက လူသားပုံစံသို့ ပြောင်းနိုင်စွမ်းရှိကာ ၎င်းတို့၏ ကျင့်ကြံမှုအမြန်နှုန်းက သာမန်စီရန်များထက် အဆများစွာ ပိုမြန်ပေသည်။ သူတို့အားလုံးရှေ့၌ရပ်နေသော အရွယ်ရောက်ပြီးတော်ဝင်စီရန်က အဆုံးမဲ့ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ လာခြင်းဖြစ်ကာ ကောလဟာလများအရ မြင့်မြတ်ခြင်းအဆင့်၌ပင် အလွန်အစွမ်းထက်သည်ဟု ဆိုကြသည်။
သူက ယခင်တိုက်ပွဲများ၌ ဂုဏ်သတင်းနှင့် အညီဆောင်ရွက်ခဲ့၏။ လူသားများဘက်မှ ဝိုင်းဝန်းတိုက်ခိုက်ကြသည့်တိုင်အောင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။ သူနှင့်အတူဆိုလျှင် တောင်ပိုင်းနယ်စပ်တစ်ခုလုံး၏ အခြေအနေအား ထိန်းချုပ်နိုင်လိမ့်မည်ဟု ယူဆနိုင်သည်။
အဆုံးမဲ့ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းမှ မြင့်မြတ်သော စစ်သည်များ ပိုမိုရောက်ရှိလာပြီးလျှင် အဆုံးမဲ့ပင်လယ်မဟာမိတ်အဖွဲ့က ၎င်းတို့၏ ဒုတိယအဆင့် တိုက်စစ်အား ဆင်နွှဲမည်ဖြစ်သည်။
ထိုတိုက်စစ်က ပို၍ ကြီးကျယ်ခမ်းနားပေလိမ့်မည်။