← Chapters

လွတ်မြောက်ခြင်း

Vol. 94 Ch. 1303

လွတ်မြောက်ခြင်း

Vol. 94 Ch. 1303

"တော်လောက်ပြီ...”

နားစည်ကွဲလုမတတ် ကျယ်‌လောင်ပြီး အာကာသကိုပင် ပေါက်ကွဲသွားစေနိုင်သည့် ပေါက်ကွဲသံကြီးနှင့် အတူ မိုးကြိုးအလား ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ ပေါက်ကွဲမှုမှ လှိုင်းများမှာ လောက အကျဉ်းထောင် အနှံ့ ပျံ့နှံ့သွားကာ ထူထဲသော နံရံများမှာ အက်ကြောင်းများနှင့် စတင် ဖြန့်ကျက်လာခဲ့သည်။ ပုံရိပ် နှစ်ခုမှာ ဗဟိုချက်မှ နေ၍ အလွန် လျှင်မြန်သော အရှိန်များနှင့် လွင့်ထွက်သွားကြ၏။

ဝှစ်...

ယွင်ချွဲမှာ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို အကာအကွယ် သဏ္ဌာန်ဖြင့် ကိုင်ဆောင်ရင်း နောက်သို့ လျှင်မြန်စွာ ဆုတ်နေခဲ့သည်။ ပုံမှန် မဟုတ်သည့် သူ၏ အမြန်နှုန်း အောက်တွင် လေဟာနယ်များ ပင်လျှင် တွန့်လိမ် သွားကြ၏။ နောက်ဆုံး သူ ရပ်တန့်လိုက်သော အခိုက်၌ ပတ်ဝန်းကျင်ရှိ ပုံသေ ဟင်းလင်းပြင်မှာ သူ့ ခန္ဓာကိုယ် တစ်လျှောက် နက်ရှိုင်းစွာပင် ချိုင့်ဝင် ကွေးညွှတ်သွားသည်။ ယွင်ချွဲမှာ လေဟာနယ်ကို အားပြု၍ သူ၏ အရှိန်ကို အတင်း အဓမ္မ ရပ်တန့်လိုက်ခြင်းပင် ဖြစ်သည်။

ထိုမျှ လက်ရာမြောက်လှသော နည်းစနစ်မှာ အာကာသ ကျင့်စဉ်များ အပေါ် နက်ရှိုင်းစွာ နားလည်မှုကို ညွှန်ပြနေပေသည်။ မြေကြီး ခြေချခြင်းကို ဖြတ်ကျော်သော အခါ၌ အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို ယွင်ချွဲ ရရှိမည်မှာ သေချာနေခဲ့ပြီ ဖြစ်သည်။

အခြား ပုံရိပ်ကတော့ နောက်ကို အရှိန်ပြင်းစွာ ဆက်လက် လွင့်စဉ်းသွားကာ လောက အကျဉ်းထောင်ကို ဝင်တိုက်မိသွား၏။ ထိုအရှိန်အောက်၌ အက်ကြောင်းများမှာ ပိုမို ကျယ်ပြန့်လာကာ လှောင်အိမ်မှာ အာကာသ အပိုင်းအစများ အဖြစ် စတင် လဲပြိုလာခဲ့၏။ ထိုပုံရိပ်မှာ အလွန် လေးလံပုံ ရကာ ဂြိုဟ်တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ခွန်အားမျိုးဖြင့် လွင့်စဉ် သွားခဲ့ပုံ ရသည်။

ခန္ဓာကိုယ် အရှိန်ကို ပြန်လည် သတ်လိုက်နိုင်သော အခိုက်၌ ယွင်ချွဲ၏ မျက်လုံးများက ဟယ်ပို့ကျွင်းကို အလျှင်အမြန် လိုက်ရှာလိုက်သည်။ ဟယ်ပို့ကျွင်းမှာ လျှို့ဝှက် စွမ်းအင်ကို အသုံးပြုကာ ရက်စက်သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုများကို ထုတ်ဖော်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

“ဟမ်...”

သို့သော်လည်း... သူ မြင်တွေ့လိုက်ရသည့် အရာမှာ မြေကြီး ရှန့်ထို တစ်ပါး၏ တည်ကြည် ခန့်ညားမှုမျိုးဖြင့် စစ်မြေပြင်ကို လွှမ်းမိုးထားသည့် ဟယ်ပို့ကျွင်း မဟုတ်ပဲ အပြတ်အသတ် ဖိနှိပ်ခံနေရသည့် လက်တစ်ဖက်သာ ကျန်ရှိတော့သော လူအိုကြီး တစ်ယောက်ပင် ဖြစ်လေသည်။

ယွင်ချွဲ မသိစိတ်ဖြင့် သူနှင့် အတူ လွင့်စဉ်လာသော ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ ချက်ချင်း ဆိုသလိုပင် ၎င်းမှာ ဝေ့ဝူယင် မဟုတ်ပဲ ပြတ်တောက်နေသည့် လက်တစ်ဖက်သာ ဖြစ်ကြောင်း သတိပြုမိသွား၏။ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း...

ဝေ့ဝူယင်၏ တိုက်ခိုက်မှုများမှာ အဆက်မပြတ် ပြင်းထန်နေ၏။ သူ၏ လက်သီးများနှင့် ခြေထောက်များမှာ အာကာသနှင့် အချိန်ကို လွန်ဆန်နိုင်သည့် အမြန်နှုန်းနှင့် လှုပ်ရှားနေသည်။ တိုက်ခိုက်မှုတိုင်းမှာ အဆုံးစွန်သော တိကျမှုကို ဖော်ထုတ်ထားကာ ရန်သူ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရနိုင်သည့် နေရာများ၊ သေစေနိုင်သည့် နေရာများကိုသာ ရွေးကာ တိုက်ခိုက် နေခဲ့သည်။

ဟယ်ပို့ကျွင်း၏ လျှို့ဝှက် စွမ်းအင် စီးဆင်းမှုမှာ ဝေ့ဝူယင်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် အဟန့်အတား ဖြစ်နေခဲ့၏။ လူငယ်မှာ လျှို့ဝှက် စွမ်းအင် လေးခု စီးဆင်းမှု၊ အထူးသဖြင့် လျှို့ဝှက် ဝိညာဉ် စွမ်းအင် ထွက်ပေါ်လာရာ အဓိက နေရာများကို ဦးတည် တိုက်ခိုက်နေခြင်း ဖြစ်သည်။

“အွတ်...”

လက်သီးတစ်ချက်မှာ ဟယ်ပို့ကျွင်း၏ ညာဘက် နားထင်ကို တည့်တည့် ထိမှန်သွား၏။ သူ၏ မျက်လုံးများမှာ တစ်စက္ကန့်လောက်မျှ ဗလာဖြစ်သွားကာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဉ် အင်အားမှာ သူ့ အသိစိတ် ပင်လယ် အတွင်း တိုးဝင်လာခဲ့သည်။ ထိုဝိညာဉ် အင်အားကို ခုခံဖို့ ကြိုးပမ်းနေချိန်တွင် နောက်ထပ် ခြေထောက် တစ်ဖက်မှာ သူ့ ဝမ်းဗိုက်ထံ တိုးဝင်လာခဲ့၏။ အလွန် ပြင်းထန်သည့် ဝိညာဉ် အင်အားက သူ့ လျှို့ဝှက် ဝိညာဉ်ထံသို့ သက်ရောက်လာသည်။

ထိုတိုက်ခိုက်မှုများမှာ အလွန် အစွမ်းထက်ခြင်း မရှိသည့်တိုင် မခန့်မှန်းနိုင်သည့် အချိန်များတွင် ခုခံရန် ခက်ခဲသည့် နေရာများကို အချိန်ကိုက် တိုးဝင်လာခြင်း ဖြစ်သည်။

ဝှစ်...

ဆက်တိုက်ဆိုသလိုပင် လက်တစ်ဖက်မှာ ဓားကဲ့သို့ ပြုမူကာ ဟယ်ပို့ကျွင်း၏ လည်ပင်းကို ခုတ်ထစ်ဖို့ ကြိုးပမ်း လိုက်၏။ ဟယ်ပို့ကျွင်းက လက်ရှိသည့် လက်တစ်ဖက်ကို သုံးကာ ထိုတိုက်ခိုက်မှုကို ခုခံဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... ထိုအခိုက်တွင်ပင် သူ့ မျက်လုံးထောင့်စွန်းမှ မီးခိုးရောင် အရိပ် တစ်ခုကို တွေ့လိုက်ရလေ၏။

ထို့နောက်... ဟယ်ပို့ကျွင်း၏ ခြေထောက် တစ်ဖက်မှာ ခန္ဓာကိုယ်မှ ပြတ်ထွက်သွားကာ လောက အကျဉ်းထောင်ထံ တိုးဝင် သွားခဲ့ပြန်၏။

ဘုန်း...

၎င်းက ထူထဲသော နံရံကို ဥက္ကာပျံ တစ်ခု အလား ပြင်းထန်စွာ ဝင်တိုက်သွားခဲ့ပြန်သည်။ နံရံများမှာ ပြင်းထန်စွာ တုန်ရီသွားကာ လဲပြိုကျလုနီးပါး အထိ ဖြစ်သွားခဲ့၏။ ဟယ်ပို့ကျွင်း အံကို တင်းတင်းကြိတ် လိုက်သည်။ သူ၏ မျက်လုံးများမှာ အဆုံးစွန်သော ဒေါသများနှင့် ပြည့်နှက် နေခဲ့၏။ သူ့ အာရုံ စူးစိုက်မှုက နေရာ သုံးခုလောက် ကွဲပြားနေစဉ်မှာပင် ဝေ့ဝူယင်၏ အတောင်ပံမှာ သူ့ ခြေထောက် တစ်ဖက်ကို ခုတ်ပိုင်းသွားခဲ့ခြင်းဖြစ်သည်။

ဝေ့ဝူယင်၏ အဆက်မပြတ် တိုက်ခိုက်မှုများကို တိုက်ခိုက်ခံနေရလေရာ ဟယ်ပို့ကျွင်းမှာ လောက အကျဉ်းထောင်ကို ထပ်မံ အားဖြင့်နိုင်ခြင်း မရှိတော့ချေ။ ထို့အပြင်... သူ၏ လက်ရှိသော လက်တစ်ဖက်မှာလည်း ကောင်းကင်လောက အမြုတေကို အလွတ်မပေးရဲချေ။ မျက်နှာဖုံးတပ် လူငယ်နှင့် ပင်းမျိုးနွယ် သစ္စာဖောက်တို့ နှစ်ယောက် စလုံး၏ ထိန်းချုပ်ခြင်း နည်းစနစ်များမှာ အလွန်ပင် ဆန်းကြယ်လှလေရာ သူ လက်လွှတ်လိုက်သည်နှင့် ပြန်ပါသွားမှာ သေချာပေသည်။

ဟယ်ပို့ကျွင်းမှာ ရေဓာတ် အခြေပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ ပုံမှန်အားဖြင့် အနီးကပ် တိုက်ခိုက်ရေး သမား တစ်ယောက် မဟုတ်ချေ။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာ မြေကြီးရှန့်ထိုများထဲတွင် ပျမ်းမျှ အဆင့်နှင့်ပင် နီးစပ်မှု မရှိချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင်နှင့် အနီးကပ် တိုက်ပွဲတွင် သူ ဆုံးရှုံးမှု များစွာနှင့် ကြုံ‌တွေ့နေရ၏။

အခြားတစ်ဖက်၌ ယွင်ချွဲမှာ သူ့ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ ဟယ်ပို့ကျွင်းလို မြေကြီး ရှန့်ထို တစ်ယောက်မှာ ဆိုးရွားစွာ အထိနာနေသည်လား။ မီးခိုးရောင် အတောင်ပံနှင့် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ အနီးကပ် တိုက်ပွဲများတွင် အလွန် ကျွမ်းကျင်ပုံ ရသည်။ ထို့အပြင်... သူ့ထံ၌ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် တိုက်ခိုက်သည့် အတွေ့အကြုံ ပြည့်ဝနေပုံ ရသည်။

ထိုပုဂ္ဂိုလ် တပ်ဆင်ထားသည့် မျက်နှာဖုံးမှာ လျှို့ဝှက် မြေကြီးအဆင့် အထွတ်အထိပ် ဖုံးကွယ်ရေး ရတနာ တစ်ခု ဖြစ်ပုံ ရသည်။ ၎င်းက သူ၏ မျက်နှာတစ်ထောင် မျက်နှာဖုံးနှင့် မယှဉ်နိုင်သည့် တိုင်အောင် ထိုပုဂ္ဂိုလ်မှာ သူ၏ အော်ရာနှင့် မူလဇစ်မြစ်တို့ကို နည်းနည်းလေးမျှ မပေါက်ကြားအောင် ထိန်းသိမ်းထားနိုင်ပေသည်။ သူက သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သလို မြေကြီး ရှန့်ထို တစ်ယောက်လည်း ဖြစ်နိုင်ပေသည်။ ယွင်ချွဲ ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။

ယွင်ချွဲ အံကို တင်းတင်းကြိတ်လိုက်၏။ သူ ထိုအခွင့်အရေးကို ယူကာ ထွက်ပြေးဖို့ ကြိုးပမ်းနိုင်ပေသည်။ သို့သော်လည်း... ကောင်းကင်လောက အမြုတေမှာ ဟယ်ပို့ကျွင်း၏ လက်အတွင်း ရှိနေခဲ့သည်။ ယွင်ချွဲ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း အံကို ကြိတ်လိုက်၏။ ထို့နောက်တွင်တော့ သူ့ မျက်လုံးများ အတွင်း အဆုံးစွန်သော ရူးသွပ်မှုများက ပေါက်ဖွားလာကာ တိုက်ပွဲ အတွင်း အရှိန်အဟုန်နှင့် ပြန်လည် ပြေးဝင် သွားခဲ့တော့သည်။

နှစ်ယောက်စလုံး၏ ပန်းတိုင်က ကောင်းကင်လောက အမြုတေ ဖြစ်သည့်တိုင် လက်ရှိတွင် ဝေ့ဝူယင်နှင့် ပူးပေါင်းခြင်းက အကောင်းဆုံး လုပ်ဆောင်မှု ဖြစ်သည်ဟု သူ ခံစားရသည်။ ထိုခံစားချက်မှာ သူ့ နှလုံးသားနှင့် အလိုလို အသိစိတ်မှ မြစ်ဖျားခံ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယွင်ချွဲ ဘဝ တစ်လျှောက်လုံးတွင် အသိစိတ်၏ လမ်းညွှန်မှုကို အမြဲလိုက်နာခဲ့သည်။

ယွင်ချွဲမှာ တိုက်ပွဲ အတွင်း ပြန်ရောက်လာကာ ရိုးရာဆန့်ကျင် နတ်ဘုရားဓားကို လွှဲခုတ်လိုက်၏။ တိုက်တန် အရွယ် ဂြိုဟ်တစ်စင်းနှင့် နှိုင်းယှဉ်နိုင်သည့် အင်အားက နတ်ဘုရား အလား ဖိနှိပ်မှု စွမ်းအားနှင့် အတူ နောက်တစ်ကြိမ် မွေးဖွားလာခဲ့သည်။

ဟယ်ပို့ကျွင်း၏ မျက်လုံးများက တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားကာ လက်ကျန် ခြေထောက်ထဲကို လျှို့ဝှက် စွမ်းအင်များ ပို့လွှတ်လိုက်၏။ စီးဆင်းမှုက ပုံစံ မကျလေရာ သူ့ သွေးကြောများမှာ ဖောင်းကြွလာခဲ့သည်။ သို့သော်လည်း လျှို့ဝှက် စွမ်းအင်များမှာ လျှို့ဝှက် စွမ်းအင် ဖြစ်နေသေးဆဲ ဖြစ်သည်။ ၎င်း၏ အရွယ်အစားက ချက်ချင်းပင် နှစ်ဆမျှ အထိ ရောက်ရှိလာကာ အရှေ့ရှိ ဟင်းလင်းပြင်ကို ကန်ကျောက်လိုက်လေ၏။

ဝေ့ဝူယင် အတောင်ပံများကို သုံးကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထိုအတောင်ပံများမှာ ထာဝရ တည်ရှိနိုင်သလို ခံစားလိုက်ရရာ ဟယ်ပို့ကျွင်းအံ့သြသွားခဲ့၏။ ထိုကျင့်ကြံသူ အသုံးပြုနေသည့် အချိန်နှင့် အာကာသ လမ်းစဉ် အပေါ် နားလည်မှုမှာ ပြိုင်စံရှားလွန်းလှသည်။ သူ့ဘဝ တစ်လျှောက်လုံး လေ့လာဖူးသလောက် အချိန်နှင့် အာကာသ လမ်းစဉ် နှစ်ခုကို ထိုမျှ နက်နဲစွာ အသုံးချနိုင်သူ တစ်ဦးသာ ရှိပေသည်။

“အာကာသဝေဟင်ဂိုဏ်းချုပ်...”

မည်သူပင် ဖြစ်စေကာမူ...သူ၏ ခြေထောက်က ရက်စက် ကြမ်းကြုတ်စွာပင် ကန်ကျောက်လိုက်၏။ သူမျှော်လင့် ထားသလို တစ်စုံတစ်ခုကို တွန်းကန်သည့် ခံစားချက်မျိုး ဖြစ်မလာခဲ့ချေ။ သူ့ ခြေထောက် အတွင်း ထည့်သွင်းထားသည့် အင်အား မှန်သမျှမှာ ဟင်းလင်းပြင် တစ်ခုထဲတိုးဝင်သလို ပျောက်ကွယ် သွားခဲ့၏။

မျှော်လင့်ထားသည့် အရာနှင့် အမှန်တကယ် ဖြစ်လာသည့် အရာကြားမှ ကွာခြားမှုမှာ ဟယ်ပို့ကျွင်းကို မှင်သက် သွားစေခဲ့၏။ ထိုအခိုက်အတန့် အတိအကျတွင်ပင် ယွင်ချွဲက ဓားကို ဝှေ့ယမ်းလိုက်လေသည်။ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ ဟယ်ပို့ကျွင်း၏ ကျောထက်သို့ ကျဆင်းသွား၏။ သူ့ မျက်လုံးများက အဖြူရောင်သို့ ပြောင်းလဲ သွားကာ အသိစိတ် ပင်လယ် အတွင်းရှိ အသိစိတ်မှာ ရုတ်ချည်း မှေးမှိန်သွားခဲ့သည်။

အကယ်၍ ဓားတစ်လက်မှာ မြေကြီး ရှန့်ထို တစ်ယောက်ကို သတိလစ်သွားစေခဲ့ကြောင်း သတင်းသာ ပျံ့နှံ့သွားပါက တစ်လောကလုံး၏ ထိုနတ်ဘုရား ရတနာ အပေါ် လိုလားမှုက အမြင့်ဆုံးထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ အလွန် လျှင်မြန်စွာ လှုပ်ရှားလိုက်၏။ သူ၏ အတောင်ပံများက ပွင့်ဟသွားကာ မန်နာ ထိန်းချုပ်နိုင်စွမ်းက အပြည့်အဝ အသက်ဝင်လာသည်။ ချက်ချင်းကင် ကောင်းကင်လောက အမြုတေမှ သူ့ထံ အရှိန်အဟုန်နှင့် ပျံသန်းလာခဲ့သည်။

“ဟ ဟ...”

ယွင်ချွဲက လှောင်ပြောင် ရယ်မာလိုက်ရင်း ကောင်းကင် ရှန့်ထို တစ်‌ဦး ထုဆစ်ထားသည့် လျှို့ဝှက် သင်္ကေတကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် လျှို့ဝှက် အဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းက အသက်ဝင်လာကာ ကောင်းကင် လောက အမြုတေ၏ ပတ်လည်ရှိ အရိပ်မြူနှင်းများမှာ ခက်ထန်စွာ ဝှေ့ယမ်းလာခဲ့၏။

ဝှစ်...

ကောင်းကင် လောက အမြုတေမှာ တဒင်္ဂ အတွင်းမှာပင် ယွင်ချွဲ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် မတုန့်မဆိုင်းပင် သူက ရင်ဘတ်ကို ထိလိုက်၏။ ချက်ချင်းပင် ဟင်းလင်းပြင် စွမ်းအင်က သူ့ ခန္ဓာကိုယ်ကို ဝန်းရံသွားကာ နေရာမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

"..."

ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ ထို့နောက် သူက ဟယ်ပို့ကျွင်းဘက်သို့ လှည့်ကြည့် လိုက်သည်။ လူအိုကြီးမှာ တဖြည်းဖြည်း ပြန်လည် သတိလည် လာနေခဲ့ပြီ ဖြစ်သည်။ ဟယ်ပို့ကျွင်းက တိုက်ပွဲတွင် အထင်အမြင် သေးစွာဖြင့် လျှို့ဝှက် စွမ်းအင်ကို မသုံးခဲ့သည်မှာ ‌ကောင်းချီးခံ နှစ်ယောက်ကို ကာကွယ်ရန် ကောင်းကင်တာအို၏ လွှမ်းမိုးမှု ဖြစ်နိုင်ကြောင်း သူ အကဲခတ်မိပေသည်။

“ငါ့ရဲ့ ကမ္မ ကံကောင်းမှု ရှောင်ပင်းကို ကယ်တင်နိုင်ရုံပဲလား...”

ဝေ့ဝူယင် စိတ်ထဲမှ တွေးလိုက်မိ၏။ ကမ္မတန်ဖိုး ဖြတ်တောက်မှုမှာ ပစ္စည်းတစ်ခု၊ အခွင့်အရေး တစ်ခုအား ရယူရန် ငွေပေးချေမှုနှင့် ဆင်တူပေသည်။ ယခုက သူနှင့် မိစ္ဆာ ကောင်းချီးခံတို့ အတွက် ထွက်ပြေးရန် အကောင်းဆုံး အချိန် ဖြစ်သည်။ ယွင်ချွဲမှာ ကောင်းကင်လောက အမြုတေကို ရရှိခဲ့ကာ ဝေ့ဝူယင်ကတော့ ရှောင်ပင်းကို ကယ်တင်နိုင်ခဲ့သည်။ ကိုယ်စီ အကျိုးအမြတ်များနှင့် အတူ ဖြတ်တောက်မှုက အဆုံးသတ်ခဲ့ဟန် ရသည်။

ဝေ့ဝူယင် ဟင်းလင်းပြင် အတောင်ပံများကို ခပ်လိုက်ရင်း ယွင်ချွဲ ပျောက်ကွယ်သွားသည့် နေရာဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့၏။ ထိုနေရာသို့ ရောက်သည်နှင့် သူ၏အတောင်ပံများမှာ ရောင်စုံ လေဟာနယ် အက်ကွဲကြောင်း တစ်ခုကို ထိုးခွဲလိုက်သည်။ ဝေ့ဝူယင် အက်ကွဲကြောင်း အတွင်း ဝင်ရောက်သွားကာ တဒင်္ဂ အတွင်း ပျောက်ကွယ် သွားခဲ့၏။ အက်ကွဲကြောင်းက ချက်ချင်းပင် ပြန်လည် ပိတ်သွားခဲ့သည်။

ဟယ်ပို့ကျွင်း၏ ပုံရိပ်မှာ မျက်တောင် တစ်ခပ်စာ အတွင်း ထိုနေရာသို့ ရောက်ရှိလာ၏။ သူ၏ ခြေထောက် တစ်ဖက်နှင့် လက်တစ်ဖက်က ပြတ်တောက်သွားခဲ့ပြီ ဖြစ်ကာ မျက်လုံးများမှာ နွားရိုင်း တစ်ကောင်လို ရဲရဲနီနေသည်။ သူက ရှောင်ပင်းနှင့် ကောင်းကင်ဓာတ်တော်ကို ဆုံးရှုံးခဲ့ရုံမျှသာ မက ပင်းထျန်းအား ထူးဆန်းသည့် အခြေအနေသို့ ရောက်ရှိသွားအောင် ဖန်တီးခဲ့သူကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်။ သူ အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။

“အား...”

ဟယ်ပို့ကျွင်းက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ လောက အကျဉ်းထောင်မှာ အက်ကွဲ သွားခဲ့၏။ ထို့နောက်တွင်တော့ ကြောက်မက်ဖွယ် အော်ရာမှာ မိုင်ရာပေါင်းများစွာ ကြီးမားသည့် လှိုင်းများ သဖွယ် ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။

***

All Chapters