← Chapters

ထွက်ခွာခြင်း

Vol. 94 Ch. 1304

ထွက်ခွာခြင်း

Vol. 94 Ch. 1304

ကောင်းကင်ဆုတ်ဖြဲ နယ်မြေ အတွင်း၌...

ဂျစ်... ဂျစ်...

ရုတ်တရက် အာကာသမှာ တွန့်လိမ်သွားကာ ယွင်ချွဲ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြု၍ နေရာရွှေ့ပြောင်း လာခဲ့သည်။ ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်တက်လာမှုနှင့် အတူ သူ၏ နေရာ ရွှေ့ပြောင်းနိုင်စွမ်းမှာလည်း ပိုမို၍ တိုးတက်လာခဲ့ပေသည်။

လက်ထဲရှိ ကောင်းကင်လောက အမြုတေကို ငုံ့ကြည့်လိုက်ရင်း ယွင်ချွဲ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ နောက်ဆုံးတစ်ကြိမ်က သူ ကောင်းကင်လောက အမြုတေကို လက်လွှတ်ခဲ့ရသည်။ သို့သော်လည်း... လွန်ခဲ့သည့် နှစ်ပိုင်းအတွင်း သူ မန်နာ သင်္ကေကို နားလည်ကာ အသုံးချနိုင်အောင် ကြိုးပမ်း ခဲ့သည်။ အကယ်၍ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်ကသာ အဆိုပါ စွမ်းအားကို အသုံးချနိုင်ခဲ့ပါက သူ ထိုခွေးမ သုံးယောက်လက်မှ ကောင်းကင် လောက အမြုတေ သုံးခုနှင့် အတူ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။

“ဟိုထာဝရ ရေခဲစော်လေး လွတ်သွားတာ နှမြောစရာပဲ... အတောင်ပံနဲ့ တစ်ယောက်ကရော ဘယ်က ခွေးသားလဲ... သူ့ကြည့်ရတာ လူတစ်ပိုင်း နဂါးတစ်ပိုင်းလိုပဲ”

ယွင်ချွဲ စိတ်ထဲမှ တွေးလိုက်မိ၏။ မည်သို့ပင် ဆိုစေ... သူ မူယင်း ရည်ရွယ်ချက်ကိုတော့ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူ့အနေဖြင့် နောက်ထပ် နှစ်ခုကို ပြန်လည် ရယူဖို့ ကြိုးပမ်းရပေဦးမည်။

“မင်းမှာ စိတ်ဝင်စားစရာ ပစ္စည်းတွေ ရှိနေတာပဲ...”

ရုတ်တရက် အသံ တစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာ၏။ ယွင်ချွဲမှာ အလွန် လျှင်မြန်စွာ တုန့်ပြန်လိုက်ကာ ဓားကို ကိုင်ရင်း နောက်ကို လှည့်လိုက်သည်။ တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ဆင်ထားသော်လည်း မြင်တွေ့ရသည့် ပုဂ္ဂိုလ်ကို ကြည့်ကာ အံ့သြသွားခဲ့၏။

“မင်း...”

သူက ဟင်းလင်းပြင် မျက်ရည်ကို သုံးကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ နဂါး မျက်ရည်ကို ဟင်းလင်းပြင် စွမ်းအင်များ ထည့်သွင်းထားသည့် သလင်းကျောက် ဟု အရှင်းလင်းဆုံး ဖော်ပြနိုင်ပေလိမ့်မည်။ ယွင်ချွဲမှာ ထိုရတနာကို အပျက်အစီး လောကနယ်မြေ အတွင်းရှိ တိုက်တန် အလောင်း တစ်ခုမှ သူ ရရှိခဲ့ခြင်း ဖြစ်သည်။ သူ သိရှိခဲ့ရသလောက် ဆိုလျှင်... လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကျော်က မဟာ စက်ဝန်းကြယ်ကွင်းပြင်ကို အုပ်စိုးခဲ့သော တိုက်တန် အင်ပါယာတစ်ဦး၏ မိဖုရားမှာ ထိုရတနာကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသည်။

ဟင်းလင်းပြင် မျက်ရည်မှာ ယွင်ချွဲကို ခက်ခဲသည့် အခြေအနေပေါင်း များစွာမှ ကယ်တင်ပေးခဲ့ပေသည်။ သေမျိုးတစ်ယောက် ဘဝတုန်းကပင် သူ လျှို့ဝှက် အာဏာရှင် အဆင့်များထံမှ လွတ်မြောက်ခဲ့သည်။

ထို့အပြင်... ဟင်းလင်းပြင် မျက်ရည်၏ စွမ်းအားမှာ ထိန်းချုပ်ရ ခက်ခဲလှသည်။ အကွာအဝေးမှ တစ်ပါး ၎င်း၏ ဦးတည်ချက်ကို သူ ကိုယ်တိုင်ပင် ဆုံးဖြတ်နိုင်စွမ်း မရှိပါချေ။ အားသာချက် တစ်ခုက အာကာသ စွမ်းအင် အစား ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြုသည့် ရွှေ့ပြောင်းမှု နည်းလမ်းဖြစ်လေရာ ခြေရာများကို မကျန်အောင် ဖျောက်ဖျက် နိုင်ပေသည်။

သို့သော်လည်း မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ သူ့နောက်မှ ထပ်ချက်မကွာ လိုက်လာနိုင်ခဲ့သည်။ ယွင်ချွဲ ရိုးရာဆန့်ကျင် နတ်ဘုရားဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိ၏။ သူ့စိတ်အတွင်း၌ မေးခွန်းများ ရှိသော်လည်း နှလုံးသား အတွင်းတွင်ပင် ဖိနှိပ် ထားလိုက်သည်။ ဒုတိယမြောက် တိုက်ပွဲ အတွက် သူ အဆင်သင့် ပြင်ဆင် လိုက်၏။ ဟယ်ပို့ကျွင်း တစ်ယောက် နောက်မှ လိုက်မလာဖို့သာ သူ မျှော်လင့်မိပေသည်။

သို့သော်လည်း ဝေ့ဝူယင်၏ အမူအရာက ရန်လိုခြင်း မရှိသလို တိုက်ခိုက်မည့်ဟန် မရှိပါချေ။ သူက တည်ငြိမ်စွာသာ ဆိုလိုက်၏။

“ငါ မင်းကိုသာ သတ်ချင်ရင် မင်း ခုချိန် သေနေလောက်ပြီ...”

သို့သော်လည်း... အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင်ထံတွင် ယွင်ချွဲကို သတ်ဖို့ အတွေးတစ်ခု ပေါ်ပေါက်ခဲ့ဖူးပေသည်။

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယကပ်ဘေး အောင်မြင်ခြင်း... ၃/၃

စတုတ္ထကပ်ဘေး တားဆီးခြင်း... ၄၈ နှစ်

ကမ္မတန်ဖိုး... ၂၁၂၇၃၂.၅

သူ့တွင် စတုတ္ထမြောက် ကပ်ဘေး အတွက် ပြင်ဆင်ချိန် လေးဆယ့်ရှစ်နှစ်သာ ကျန်ရှိပေသည်။ မဖြစ်မနေ အခြေအနေကြောင့်သာ မဟုတ်လျှင် ကောင်းချီးခံများကို မသတ်ဖြတ်လိုချေ။ ထို့အပြင် ယွင်ချွဲ၏ ဖြစ်တည်မှုမှ မည်ကဲ့သို့ အမြတ်ထုတ်နိုင်မည်ကို သူ တွေးတောနေမိသည်။

"..."

ကောင်းချီးခံ နှစ်ယောက်မှာ တစ်ယောက်ကို တစ်‌ယောက် စိုက်ကြည့် နေခဲ့ကြ၏။ ဟယ်ပို့ကျွင်းနှင့် အခြား မြေကြီး ရှန့်ထိုများ ယခုအထိ လိုက်မလာသေးသည်ကို သတိထားမိရာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

“မိစ္ဆာ ကျင့်ကြံသူ...”

ဝေ့ဝူယင်က စတင်၍ စကားပြောလိုက်ကာ နှစ်ယောက်ကြားရှိ တင်းမာနေသည့် လေထုကို ချိုးဖျက် လိုက်သည်။ ယွင်ချွဲ မျက်မှောင်ကြုတ် သွားမိ၏။ ဝေ့ဝူယင်က သူ့အား မိစ္ဆာ ကျင့်ကြံသူဟု သုံးနှုန်း ခေါ်ဆိုလိုက်ခြင်း အပေါ် အနည်းငယ် အံ့အားသင့်သွားခြင်း ဖြစ်သည်။

"အခုတော့ အဲဒါကို အရင်ပေးလိုက်တော့...”

ဝေ့ဝူယင်က ယွင်ချွဲ၏ လက်ထဲရှိ ကောင်းကင်လောက အမြုတေကို ကြည့်ရင်း ပြောလိုက်သည်။ ယွင်ချွဲက လက်ထဲရှိ ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နှာခေါင်းရှုံ့ လိုက်၏။

“မင်း ငါ့ကို သတ်ချင်ရင် ငါ သေနေပြီ ဟုတ်လား... အရူးပဲ ယုံလိမ့်မယ်... ကောင်လေး... မင်းက ငါ့ကို အရူးလို့ ထင်နေတာလား...”

မျက်နှာဖုံးတပ် ကျင့်ကြံသူက သူ့နောက်ကို မည်ကဲ့သို့ လိုက်လာခဲ့ကြောင်း ယွင်ချွဲ မသိချေ။ ထိုပုဂ္ဂိုလ်ထံတွင် သူ့ကဲ့သို့ ရှေးဟောင်းခေတ်များမှ ဟင်းလင်းပြင် ရတနာ တစ်ခု ရှိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သူ့ကို သတ်ဖြတ်ဖို့လား...။

အကယ်၍ သတ်နိုင်လျှင် ထိုပုဂ္ဂိုလ်မှာ သူ့ကို သတ်ပစ်ခဲ့လောက်ပြီး ဖြစ်သည်။ အဘယ်ကြောင့် သဘောထား ကြီးကြီးနှင့် အသက် ချမ်းသာပေးရမည်နည်း။ မည်သို့ပင် ဆိုစေ... သူက ရှောင်ပင်းကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သည်။ ရေခဲကျောက်စိမ်းဂြိုဟ်ကို အဆုံးမဲ့ အပျက်အစီးများ ဖြစ်ပေါ်စေခဲ့သည်။ ပင်းကလန်၏ ဘိုးဘေးကို သတ်ဖြတ်ခဲ့သည်။ ထိုအချက်အားလုံးက သူ့ကို အငြိုးတကြီး သတ်ဖြတ်ဖို့ လုံလောက်သည့် အကြောင်းပြချက်များ ဖြစ်သည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ ထို့နောက် သူက အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများကို ဖြန့်ကျက် လိုက်သည်။

ယွင်ချွဲ၏နှလုံးသားမှာ တင်းကြပ်သွား၏။ သူ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို မြှောက်လိုက်ရင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်ဖို့ ဟန်ပြင်လိုက်သည်။

ဘုန်း...

ကြောက်မက်ဖွယ် ကောင်းသည့် အင်အား တစ်ခုမှာ သူ့ကို ပွတ်တိုက်သွား၏။ ယွင်ချွဲ၏ လက်မောင်းများမှာ တုန်ရီသွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ သူ ချက်ချင်းပင် ဝိညာဉ်အာရုံကို ဆန့်ထုတ်ကာ ရန်သူကို ရှာဖွေဖို့ ကြိုးပမ်းလိုက်၏။ ထိုအခိုက်တွင်ပင် ဓားမှာ သူ့လက်အတွင်း အလိုအလျောက် လှုပ်ရှားလာကာ အကာအကွယ် သဏ္ဌာန်ကို ယူလိုက်၏။

ဘုန်း...

ယွင်ချွဲ နောက်သို့ ဆုတ်လိုက်ရပြန်၏။ ၎င်းက မည်ကဲ့သို့သော အမြန်နှုန်းနည်း။ ရန်သူ၏ တိုက်ခိုက်မှုကိုပင် သူ အာရုံခံနိုင်စွမ်း မရှိပါချေ။ အကယ်၍ ရိုးရာဆန့်ကျင် နတ်ဘုရားဓား၏ အလိုအလျောက် ခုခံမှုကြောင့်သာ မဟုတ်ပါက သူ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။

ဘုန်း... ဘုန်း...

တိုက်ခိုက်မှုများက မည်သည့် နေရာမှ တိုးဝင်လာနေသည်ကို ရှာဖွေနိုင်စွမ်း မရှိလေရာ ယွင်ချွဲ အံ့အားသင့် သွားခဲ့၏။ သူ သတိထားမိသည့် တစ်ခုတည်းသော အချင်းအရာက... ရိုးရာဆန့်ကျင် နတ်ဘုရားဓားနှင့် တိုးဝင်လာသည့် အင်အားတို့ အပြန်အလှန် ထိခတ်မိနေခြင်းပင် ဖြစ်သည်။ လောလောလတ်လတ် အဆင့်တက်လှမ်းထားသည့် သေမျိုးတစ်ပိုင်းအရှင် အဆင့် တစ်ယောက် အနေဖြင့် သူ၏ လျှို့ဝှက် စွမ်းအင်များက လျှို့ဝှက် ဝိညာဉ် အဆင့်တွင်သာ ရှိနေသေးသည့်တိုင် မြင့်မားသည့် ဝိညာဉ်အာရုံနှင့် အလွန် သန့်စင်သည့် ရုပ်ခန္ဓာကိုယ်တို့ကို သူ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော်လည်း... မျက်နှာဖုံးတပ်နှင့် ရင်ဆိုင်ရာတွင် သူ မည်သည့် စွမ်းအင်ကိုမှ သုံးနိုင်စွမ်း မရှိပါချေ။

“ဟယ်ပို့ကျွင်း ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ဆုံးရှုံးရတာ မထူးဆန်းတော့ဘူး... သူ့ရဲ့ တိုက်ခိုက်မှုတွေက ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ”

ရုတ်တရက်... ခုနစ်ရောင်ခြယ် အလင်းတန်း တစ်ခုမှာ ရိုးရာဆန့်ကျင် နတ်ဘုရားဓားအတွင်း ဝင်ရောက် သွားသည်ကို ယွင်ချွဲ တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင်ပင် သူ့စိတ်မှာ ပြင်းထန်သည့် သတိပေးချက်များကို အလိုအလျောက် ခံစားလိုက်ရ၏။ ယွင်ချွဲ ချက်ချင်းပင် လျှို့ဝှက် အော်ရာကို အမြင့်ဆုံးထိ ထုတ်ဖော် လိုက်၏။

“အဲဒါက အရမ်းခက်လို့လား...”

ရုတ်တရက် သက်တောင့်သက်သာ ရှိသည့် အသံ တစ်ခုမှာ သူ့နောက်မှ ထွက်ပေါ်လာခဲ့၏။ နောက်ကို လှည့်ကြည့် လိုက်သော အခိုက်၌ ကောင်းကင် လောက အမြုတေကို ကိုင်ဆောင်ထားသည့် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် ကောင်းကင် လောက အမြုတေကို ဝန်းရံထားသည့် အရိပ်မြူနှင်းများမှာ လွင့်စဉ်သွားခဲ့ပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

"မင်း...”

ယွင်ချွဲ အားချင်းပင် ကောင်းကင်ရှန့်ထို၏ မန်နာ သင်္ကေတကို အသက်သွင်းဖို့ ကြိုးပမ်း လိုက်၏။ သူ၏ ရည်ရွယ်ချက်က ဝေ့ဝူယင်လက်ထဲမှ ကောင်းကင် လောက အမြုတေကို ပြန်လည် ရယူဖို့ ဖြစ်သည်။

“ဟမ်...”

ရုတ်တရက် ယွင်ချွဲ၏ အမူအရာက ပြောင်းလဲ သွား၏။ ကောင်းကင်လောက အမြုတေထံမှ မည်သည့် တုန့်ပြန်မှုမှ ဖြစ်ပေါ် မလာခဲ့ချေ။

“ဘာလဲ...”

ယွင်ချွဲ နောက်တစ်ကြိမ် ကြိုးစားလိုက်ပြန်၏။ သူ့လက်ဝါးဆီမှ လှပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း... မည်သည့် အပြောင်းအလဲမှ ဖြစ်ပေါ် မလာပါချေ။

ဝေ့ဝူယင်က ကောင်းကင်လောက အမြုတေကို ကိုင်ဆောင်ရင်း အေးဆေးစွာပင် လှည့်ပတ်ကြည့် နေခဲ့၏။ ထိုအခိုက်၌ ကောင်းကင်လောက အမြုတေမှာ ထိုအာကာသ အလွှာထဲတွင် မရှိတော့ချေ။ ဟင်းလင်းပြင် အလွှာ အတွင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ ကောင်းကင်လောက အမြုတေမှာ ၎င်း၏ တည်ရှိမှု အစစ်အမှန် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သည်။

“မင်း... မင်း ဘာလုပ်လိုက်တာလဲ...”

***

All Chapters