ထွက်ခွာခြင်း (၂)
Vol. 94 Ch. 1305
“မင်း... မင်း ဘာလုပ်လိုက်တာလဲ...”
ယွင်ချွဲမျာ ကောင်းကင်လောက အမြုတေ အော်ရာကို အာရုံမခံနိုင်တော့ကြောင်း သဘောပေါက် လိုက်၏။ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်၏ လက်ထဲရှိ အရာဝတ္ထုမှာ ကောင်းကင်လောက အမြုတေနှင့် တူသော်လည်း အစစ်အမှန် မဟုတ်ကြောင်း သူ ခံစားမိပေသည်။ သူ ဝိညာဉ်အာရုံကို အလျှင်အမြန် ဖြန့်ကျက်လိုက်ကာ အစစ်အမှန် ကောင်းကင်လောက အမြုတေကို ရှာဖွေလိုက်ကြ၏။
အာကာသ လက်စွပ် တစ်ခုထဲ၌ ချိပ်ပိတ်ထားသည် ဖြစ်စေ၊ ဒဏ္ဍာရီလာ အတွင်းပိုင်းလောကထဲ၌ ထည့်သွင်းထားသည် ဖြစ်စေ... သူ ၎င်းကို ပြန်လည် ထုတ်ယူနိုင်စွမ်း ရှိပေသည်။ အကယ်၍ မထုတ်ယူနိုင်လျှင်ပင်... သင်္ကေတနှင့် အတူ အသေးစား အပျက်အစီး နိုဗာ တစ်ခုကို ဖန်တီးလိုက်ရုံသာ ရှိပေသည်။
“ငါပြောတာ မှန်တယ်မလား...”
ဝေ့ဝူယင် အူမြူးဟန်ဖြင့် မေးလိုက်၏။ ကောင်းကင်တာအို၏ ရည်ရွယ်ချက် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ... သူက ကမ္မ ကံကောင်းမှု၏ အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိခဲ့ပြီး ဖြစ်သည်။ သူ သိရှိထားသလောက် ဆိုလျှင် ကောင်းကင်လောက အမြုတေမှာ ကောင်းကင်ရှန့်ထို တစ်ယောက်၏ ထုတ်ကုန် ဖြစ်ကာ အစစ်အမှန် မွေးဖွားခြင်းက ပိုင်ဆိုင်ခဲ့သည်။ သူတို့က ထိုရတနာကို အသုံးပြုကာ အပျက်အစီး နိုဗာ တစ်ခုကို ဖန်တီးရင်း အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက် တစ်ခုကို ဖျက်ဆီးခဲ့သည်။
ထိုအချက်ကို ထောက်ချင့်ခြင်းအားဖြင့် အစစ်အမှန် မွေးဖွားခြင်းမှာ ပြင်ပ လောကမှ အထောက်အပံ့များကို ရရှိထားတာ ထင်ရှားလှသည်။ အာကာသ ဝေဟင်ဂိုဏ်းမှာ အလွှာ အပြင်ဘက်မှ ရင်းမြစ်များကို တရား မဝင်သော နည်းလမ်းများဖြင့် ရယူခြင်းများအား တားဆီးဖို့ ကြိုးပမ်းခဲ့သည့်တိုင် ကျရှုံးခဲ့ကြောင်း ပေါ်လွင်ပေသည်။
“အဲဒါ ဘယ်မှာလဲ...”
ယွင်ချွဲက အော်ဟစ်လိုက်၏။ သူ၏ အသံများက ရူးသွပ်မှုများနှင့် ပြည့်နှက်လာနေခဲ့သည်။ ရိုးရာဆန့်ကျင် နတ်ဘုရားဓားမှာ သူ့ အတွေးများ အတိုင်း ထပ်တူညီစွာ တုန့်ပြန်လာခဲ့က အပျက်သဘောဆောင်သည့် ခံစားချက်များကို ထုတ်လွှတ်လာခဲ့သည်။ ယွင်ချွဲ၏ အော်ရာက ရိုင်းစိုင်းစွာ ပျံ့လွင့်လာသည်။
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။ ထိုမိစ္ဆာ ကျင့်ကြံသူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အချက်ပြ နေသည်လား။ သူတို့မှာ ဟယ်ပို့ကျွင်း လက်အောက်မှ လွတ်မြောက်ခဲ့သည့်တိုင် အခြား အဖွဲ့အစည်းတစ်ခု၏ ပိုင်နက် အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ လက်ရှိ ယွင်ချွဲ၏ လုပ်ဆောင်ချက်က အခြား ထိပ်သီး ကျင့်ကြံသူများကို သတိပေးသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူတို့က အချိန်မရွေး ရောက်ရှိလာနိုင်ပေသည်။
“အေးဆေးပေါ့ကွာ...”
ဝေ့ဝူယင်က ရိုးရာဆန့်ကျင် နတ်ဘုရားဓား အတွင်းရှိ ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းကို အသက်သွင်း လိုက်၏။ စောစောပိုင်းက သူ တိုက်ခိုက်မှုထဲတွင် သူ ဝိညာဉ်အလင်းကို ထည့်သွင်းကာ ဓား၏ ရည်ရွယ်ချက်ကို ဆုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူ တစ်ချို့ အချက်အလက်များကို အတည်ပြုနိုင်ခဲ့သည်။ အရေးအကြီးဆုံး အတည်ပြုနိုင်သည့် အရာက... အဆိုပါဓား၏ အတွင်းပိုင်းရှိ ဝင်္ကပါမှာ ဆက်စပ်မှု စစ်အလံ၏ လုပ်ဆောင်ချက်များနှင့် တူညီနေခြင်းဖြစ်သည်။
ယွင်ချွဲ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်စဉ်မှာပင်... ရိုးရာ ဆန့်ကျင် နတ်ဘုရားဓား အတွင်းရှိ ပြင်းထန်သော စိတ်ခံစားချက်များမှာ ဖိနှိပ်ခံလိုက်ရ၏။
“...”
ယွင်ချွဲ၏ အမူအရာက ပြောင်းလဲ သွားသည်။
“လာခဲ့...”
ဝေ့ဝူယင်က အမိန့်ပေးလိုက်၏။ ချက်ချင်းပင် ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားမှာ ယွင်ချွဲ၏ လက်ထဲတွင် တုန်ရီလာကာ ပြင်းထန်သည့် ပေါက်ကွဲမှု အလင်းတန်းများကို ထုတ်လွှတ်လာခဲ့သည်။ ၎င်းတို့မှာ အလွန် ပြင်းထန်လှလေရာ ယွင်ချွဲ လက်ကို လွှတ်လိုက်ရ၏။
ဝှစ်...
ထို့နောက်... ဓားမှာ ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် ဝန်းရံကာ အမိန့်နာခံတတ်သည့် ခွေးကလေး တစ်ကောင် အလား ဝေ့ဝူယင်ထံ တိုးဝင်သွားခဲ့တော့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ယွင်ချွဲ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။
“ကိုယ့်လက်နက်ကို အပြည့်အဝ မသန့်စင်ရသေးရင် တိုက်ပွဲထဲကို ယူဆောင် မလာသင့်ဘူး... ဓားရဲ့ ဝိညာဉ် အလင်းကို ထိန်းချုပ်ဖို့ မင်းက ကိုယ်ပိုင် စွမ်းအင် အစား ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို သုံးနေတာလို့ ငါထင်တယ်... ဥပဒေသ မျိုးစေ့ကို သုံးပြီး ကိုယ့်ကို အရင်ပိုင်ရှင်လို ထင်မြင်စေတဲ့ နည်းလမ်းက အံ့သြဖို့ ကောင်းတယ် ဆိုပေမဲ့ ချို့ယွင်းချက်တွေလည်း အများကြီး ရှိတယ်”
ဝေ့ဝူယင် ယွင်ချွဲ၏ အခြေအနေကို အတိအကျပင် အကဲဖြတ် လိုက်၏။ သူ၏ စကားလုံး တစ်ခုချင်းစီက ယွင်ချွဲ၏ အမူအရာကို ပိုမို၍ ပျက်စီးလာစေခဲ့သည်။ မျက်နှာဖုံးတပ် နဂါးတစ်ပိုင်း လူတစ်ပိုင်း ပုဂ္ဂိုလ်မှာ နတ်မျက်စိကို ပိုင်ဆိုင်ထားသူ ဟူ၍ပင် သူ စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။
ဝေ့ဝူယင်က အဝေးကို လှမ်းကြည့်လိုက်သည်။ ဟင်လင်းပြင် အတောင်ပံများကို ပြန်လည် ခေါက်သိမ်းရင်း သူ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ ထွက်ခွာဖို့ အချိန်ကျရောက်ချေပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ကောင်းကင်ဆုတ်ဖဲ နယ်မြေ၏ နယ်မြေ ဝင်္ကပါမှာ အသက်ဝင်လာနေခဲ့ပြီ မဟုတ်ပါလား။
“မင်းဓားကို ပြန်လည် ချင်ရင် လိုက်ခဲ့...”
ဝေ့ဝူယင်က စကား အများကြီး ပြောမတော့ချေ။ သူက အဆုံးမဲ့ ဟင်းလင်းပြင်ကို အသုံးပြုကာ ဟင်းလင်းပြင်ကို ထက်ဝက်ပိုင်းဖြတ်လိုက်၏။ ရောင်စုံ အလင်းများ ထွက်ပေါ်နေသည့် အက်ကြောင်း တစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဓားကို လက်ထဲတွင် ကိုင်ရင်း ဝေ့ဝူယင် အက်ကြောင်းထဲ ခုန်ဝင်လိုက်၏။
"..."
ယွင်ချွဲမှာ နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိ၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကောင်းကင် လောက အမြုတေကိုရော၊ ရိုးရာဆန့်ကျင် နတ်ဘုရားဓားကိုပါ သူ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ထိုကျင့်ကြံသူက မည်သူနည်း။ ထိုကျင့်ကြံသူက တကယ်သတ်ချင်လျှင် သူ သေနေလောက်ပြီဟု ဆိုခဲ့သည်။ ယခု၌ သူ ထိုစကားကို စိတ်ထဲမှ အတည်ပြုမိလိုက်၏။
“သူက ဟိုတစ္ဆေအိုကြီးလိုလား...”
ရုတ်တရက် သူ့နှလုံးသားမှာ သံသယ၊ စိတ်လှုပ်ရှားမှု စသည့် ခံစားချက်များနှင့် ပြည့်နှက် သွားခဲ့၏။ မြေကြီး ရှန့်ထို တစ်ယောက်၏ ခြေလက်များကိုပင် ဖြတ်ပစ်နိုင်သည့် ထိပ်သီး ပညာရှင် တစ်ယောက်နှင့် တွေ့ဆုံရခြင်း... ထိုအရာက သူ့အတွက် နောက်ထပ် အခွင့်အလမ်း တစ်ခုလော။
ယွင်ချွဲ အံကို တင်းတင်းကြိတ်ရင်း ထိုအရာက အမှန်တကယ် အခွင့်အရေး ဖြစ်ပါစေဟု သူ ကြိတ်ကာ ဆုတောင်း လိုက်မိသည်။
ဝမ်... ဝမ်...
ထိုအခိုက်တွင်ပင် ကောင်းကင်ဆုတ်ဖြဲ နယ်မြေ အကာအကွယ် ဝင်္ကပါမှာ အသက်ဝင်လာခဲ့၏။ အာကာသလှိုင်းများ လျှင်မြန်စွာ ချဉ်းကပ်လာနေသည်ကို ကြည့်ရင်း ယွင်ချွဲ၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။ သူ မျက်နှာဖုံးတပ် ပုဂ္ဂိုလ် ချန်ခဲ့သည့် အက်ကြောင်းကို လှမ်းကြည့်လိုက်၏။ ဟင်းလင်းပြင် မျက်ရည်ကို အသုံးပြုရန် စဉ်းစားလိုက်သော်လည်း ၎င်းမှာ စွမ်းအင် ပြန်လည် စုစည်းမှုဆဲ အခြေအနေတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သူ့ထံတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။
ယွင်ချွဲ လက်သီးများကို တင်းတင်းဆုပ်ရင်း အာကာသ အက်ကြောင်း အတွင်း ခုန်ဝင်လိုက်လေတော့၏။
ဝမ်... ဝမ်...
ယွင်ချွဲ ခုန်ဝင်လိုက်သည့် အခိုက်တွင်ပင် ကောင်းကင်ဆုတ်ဖြဲ ဝင်္ကပါမှာ နယ်မြေ တစ်ခုလုံးကို တစ်လက်မမျှ မကျန်အောင် လွှမ်းခြုံသွားခဲ့၏။ အာကာသ အက်ကြောင်းမှာ အနည်းငယ် တုန်ခါသွားကာ အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတည်ရှိခဲ့သည် ဆိုသည့် အငွေ့အသက် တစ်ခုပင် မကျန်ရစ်ခဲ့ပါချေ။ ထိုနေရာတွင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာက ယွင်ချွဲ’ ကြမ်းတမ်း ခက်ထန်သော အော်ရာ အကြွင်းအကျန် တစ်ချို့သာ ဖြစ်သည်။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် ငွေရောင် အလင်းတန်း နှစ်ခုမှာ ထိုနေရာသို့ ရောက်ရှိလာ၏။ မကြာခင် သူတို့၏ ပုံရိပ်များက ထင်ထင်ရှားရှားပေါ်လာကာ လူငယ် တစ်ယောက်နှင့် အသက်လတ် မိန်းမကြီး တစ်ယောက် ဖြစ်ကြောင်း ဖော်ပြလာ၏။
လူငယ်မှာ ဆံပင်မှ အစ အဝတ်အစားများ အထိ စုတ်ပြတ်သတ်နေကာ မျက်လုံးများမှာ ပင်ပန်း နွမ်းနယ်မှုများနှင့် ပြည့်နှက်နေ၏။ သူ၏ မျက်နှာက စက္ကူတစ်စနှယ် ဖြူရော်နေသည်။ ထိုကဲ့သို့ နာမကျန်း ပုံစံ ဖြစ်နေသည် ဆိုသော်လည်း သူက အမှောင် ဟင်းလင်းပြင် အတွင်း အားစိုက်ထုတ်စရာ မလိုပဲ သက်တောင့်သက်သာပင် လွင့်မြောနေသည်။သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြနေ၏။
မိန်းမကြီးမှာ ရင့်ကျက်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကာ ဆံပင်ကို တစ်ပတ်လျှို ဆံထုံး ထုံးထားသည်။ သူမမှာ အရိုးများထဲမှ မွေးရာပါ လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းကပင် သူမ၏ စွဲဆောင်နိုင်စွမ်းကို နောက်ထပ် တစ်ဆင့်သို့ မြင့်တက်သွားစေခဲ့ကာ ယောက်ျား၊ မိန်းမ ဖြစ်တည်မှု နှစ်မျိုးစလုံးတွင် ထိပ်တန်း အလှရှင် တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
သူတို့ နှစ်ယောက်စလုံးမှာ ပတ်ဝန်းကျင် ဧရိယာကို စစ်ဆေး လိုက်ကြ၏။ သို့သော်လည်း မြေကြီး ရှန့်ထိုများ ရောက်ရှိလာသည်ကို ခံစားမိလေရာ သူတို့ စစ်ဆေးမှုကို ချက်ချင်း ပြန်လည် ရပ်တန့်လိုက်ကြသည်။ သူတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက အစီအရင် အပြင်ဘက်ရှိ လောကကို လှမ်းကာ ကြည့်လိုက်၏။ ထိုအခါ ရောက်ရှိလာကြသူများမှာ ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း သတိပြုမိလိုက်သည်။
ထိုအထဲမှတော့ တစ်ယောက်ကတော့ မျက်လုံးတစ်စုံလုံး ဒေါသ မီးလျှံများနှင့် အရှိန်အဟုန်ပြင်းပြင်း လောင်ကျွမ်းနေသည့် ဟယ်ပို့ကျွင်းပင် ဖြစ်လေသည်။ ယခုအခါ၌ လူအိုကြီးမှာ ခန္ဓာကိုယ် အပြည့်အစုံကို ပြန်လည် ပိုင်ဆိုင်ခဲ့ပြီး ဖြစ်သည်။
ဟယ်ပို့ကျွင်း၏ နှလုံးသားမှာ ပြင်းထန်သည့် ဒေါသများနှင့် ပွက်ပွက်ဆူနေကာ အစီအရင်ကို တစ်ခါတည်းပင် ဖျက်ဆီးပစ်ချင် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အစီအရင် အတွင်းရှိ ပုံရိပ် နှစ်ခုကို လှမ်းမြင်လိုက်ရသော အခိုက်၌ သူက ရပ်တန့်လိုက်၏။ ကောင်းကင်ဆုတ်ဖြဲ နယ်မြေ ဝင်္ကပါ၏ စွမ်းအားမှာ သူ့အမြင်အာရုံကို ပိတ်ဆို့နိုင်ခြင်း မရှိပါချေ။ ဟယ်ပို့ကျွင်းနှင့် အတူ ရောက်ရှိလာသည့် အခြား မြေကြီးရှန့်ထို ဒါဇင်ဂဏန်းခန့် အတွက်လည်း အလားတူပင် ဖြစ်သည်။
ကောင်းကင်ဆုတ်ဖြဲ နယ်မြေ၏ သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ တစ်ယောက်နှင့် တစ်ယောက် ဝိညာဉ်အာရုံနှင့် ဆက်သွယ်ကာ ဆွေးနွေးလိုက်ကြရင်း အတွေးများကို ဖလှယ်လိုက်ကြသည်။
ဟယ်ပို့ကျွင်း၏ စိတ်ရှည်မှုများမှာ ကုန်ခမ်း သွားခဲ့၏။
“မင်းတို့ရဲ့ အစီအရင်ကို ဖွင့်လိုက်စမ်း... ပင်းကလန်ရဲ့ ရေခဲခြင်းလေ နယ်မြေကို တိုက်ခိုက် ဖျက်ဆီးသွားတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဖို့ ငါတို့ လာခဲ့တာ”
လူအိုကြီးမှာ ယွင်ချွဲ၏ ထူးခြားသော အော်ရာကို ခြေရာခံကာ ဤနေရာ အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ အသက်လတ် မိန်းမကြီးမှာ သက်ပြင်းတစ်ချက်သာ ချလိုက်လေတော့၏။
***