← Chapters

ရှောင်ပင်း

Vol. 94 Ch. 1306

ရှောင်ပင်း

Vol. 94 Ch. 1306

အကြွင်းမဲ့ စည်းစိမ် နယ်မြေ၊ လောက ညီမျှခြင်း လထက်၌...

ခရက်...

အာကာသ အက်ကြောင်း တစ်ခုမှာ အလွန်တရာ သန့်စင်လှသည့် ကြယ်တာရာ အမြုတေနှင့် လျှို့ဝှက် အမြုတေများ ရောနှော ပြည့်နှက်နေရာ ခြံဝန်းတစ်ခု နံဘေးတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုခြံဝန်းလေးမှာ လောက ညီမျှခြင်းလထက်ရှိ မည်သည့် နေရာထက် မဆို သာလွန်သော သုခဘုံလေး တစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို ထိန်းသိမ်းရန် အတွက်လည်း မရေမတွက်နိုင်သည့် ရင်းမြစ်များ အပြင် ဝင်္ကပါပေါင်း များစွာကို အသုံးပြုထားပေသည်။ လက်ရှိတွင်တော့ ထိုသုခဘုံလေးတွင် မှီတင်းနေထိုင်သူက တစ်ယောက်သာ ရှိပေသည်။ သူမက အခြားလူ မဟုတ်... ရှောင်ပင်းပင်။

အာကာသ အက်ကြောင်းထဲမှ နေ၍ ဝေ့ဝူယင်မှာ ဖြည်းညင်းစွာပင် လမ်းလျှောက်ထွက် လာခဲ့၏။ သူ၏ နဂါး အသွင်ပြောင်းခြင်း အသွင်က ဖြည်းညင်းစွာနှင့် ချောမွေ့စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ဝေ့ဝူယင် လျှို့ဝှက် မြေကြီး အဆင့် မျက်နှာဖုံးကို ဖယ်ရှားလိုက်ရင်း သူ၏ ငွေရောင် မျက်လုံးများကို လောကထံ ပြန်လည် ထုတ်ဖော်ပြသလိုက်၏။ တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် အာကာသ အက်ကြောင်းမှာ ပျောက်ကွယ်သွားခဲ့သည်။

ဝေ့ဝူယင်မှာ လျှောက်လှမ်းတစ်ခုထက်၌ ရပ်မိနေခြင်း ဖြစ်သည်။ ထိုလမ်းကလေး၏ အဆုံးတွင်တော့ မိန်းမငယ်လေး တစ်ယောက်မှာ ရေကန်ကို မျက်နှာမူကာ ထိုင်နေခဲ့၏။ သူမ၏ လက်ချောင်းလေးများက ခဲလုံးလေးများကို ကိုင်ကာ ရေပြင်ထက် ပစ်ချရင်း လှိုင်းတွန့်များကို ဖြစ်ပေါ် နေစေခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဝေ့ဝူယင် တည်ငြိမ်စွာ ပြုံးလိုက်၏။

“ရှောင်ပင်း...”

သူက တည်ငြိမ်စွာပင် လှမ်းခေါ်လိုက်သည်။ မိန်းကလေး၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားကာ နောက်ကို လှည့်ကြည့်လာ၏။ အံ့သြ ပျော်ရွှင်သည့် အငွေ့အသက်များက သူမ မျက်ဝန်းများ အတွင်း နေရာယူ လာခဲ့သည်။

“တကယ် ရှင်ပဲပေါ့...”

မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ဝေ့ဝူယင် ဖြစ်လိမ့်မည်ဟု သူမ အစောကတည်းက ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။ ယခုတွင်တော့ သူမ ထိုအရာကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ရှောင်ပင်း ထိုင်ရာမှ ထရပ်လိုက်ရင်း ဝေ့ဝူယင်ကို မျက်တောင် မခပ်စတမ်း စိုက်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက အနည်းငယ် ရီဝေနေကာ အမှန်တကယ် ဝေ့ဝူယင် ဖြစ်ကြောင်း အတည်ပြုဖို့ ကြိုးပမ်း နေခဲ့သည်။

မရှင်းပြနိုင်သည့် အကြောင်းပြချက် တစ်ခုကြောင့် ထိုမြင်ကွင်းက ဝေ့ဝူယင်၏ နှလုံးသား အတွင်း အပြစ်ရှိသည့် ခံစားချက် တစ်ခုကို ခံစားစေခဲ့သည်။ သူမ၏ နောက်ဆက်တွဲ စကားလုံးများက ထိုနာကျင်မှု အစက်အပျောက်ကို ပိုမို၍ ထိုးဆွ ပေးလိုက်၏။

“နှစ်ဆယ့် သုံးနှစ်၊ ခုနစ်လနဲ့ ရှစ်ရက်...”

ရှောင်ပင်း၏ မျက်ဝန်းများက ဝေ့ဝူယင်ကို စိုက်ကြည့်နေကာ နက်ရှိုင်းသော ခံစားချက်တို့နှင့် ဝေ့လည် နေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိပြီးနောက်တွင် ဝေ့ဝူယင်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် အတူ ခေတ်သစ်တစ်ခုကို စတင်ခဲ့သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အရေးအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် အဖြစ် ကျော်ကြားလာခဲ့သည်။

သို့သော်လည်း... လူငယ်မှာ သူမကို ဘယ်တော့မှ မမေ့ခဲ့ချေ။ ရင်းမြစ်များအား အမြဲတမ်း ဖြည့်ဆည်း ပေးခဲ့သလို ဝူယုကို စေလွှတ်၍ ကာကွယ်ပေးခဲ့သည်။ သူမ ဘဝကို မြင့်မားစေခဲ့သည်။ ယခု... အသက် အန္တရာယ် ကြုံသည့် အခါတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။ သူမ အတွက် ဝေ့ဝူယင်မှာ ချစ်သူ တစ်ယောက်သာ မက အကိုတစ်ယောက်၊ အသက်သခင် ကျေးဇူးရှင် တစ်ယောက်လည်း ဖြစ်ပေသည်။

“...”

ဝေ့ဝူယင်မှာ တိတ်ဆိတ် နေခဲ့သော်လည်း နောက်ဆုံးအကြိမ် မျက်နှာချင်ဆိုင်ခဲ့သည့် အချိန်ကိုပင် မိန်းက‌လေး အတိအကျ မှတ်မိနေခဲ့သည့် အပေါ် စိတ်ထဲမှ အနည်းငယ် အံ့သြနေခဲ့မိ၏။ ယခုနှစ်များ အတွင်း မိန်းကလေး တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ဟု သူ ခံစားရသည်။ သူတို့ နှစ်‌ယောက် ငြိမ်သက်စွာပင် တစ်ယောက်ကို တစ်ယောက် အချိန် အကြာကြီး စိုက်ကြည့် နေခဲ့မိ၏။

နောက်ဆုံး၌ မိန်းကလေးက ခြေတစ်လှမ်း စလှမ်းလိုက်ရင်း ထူးဆန်းသည့် အခြေအနေကို ဖြေလျှော့လိုက်၏။ နွေးထွေးမှု၊ စိတ်သက်သာရာရမှု၊ ချစ်မြတ်နိုးမှုတို့နှင့် အတူ သူ၏ မွေးရာပါ အေးက်စက် အငွေ့အသက်များက ‌ပျောက်ကွယ်သွားကာ မျက်နှာထက်တွင် လှပသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မိန်းကလေး၏ အလှကို ကြည့်ရင်း ဝေ့ဝူယင် မှင်သက်သွားခဲ့၏။

“ရှင် အလုပ်များနေမှန်း ကျွန်မ သိပါတယ်.... ဘာပဲ ဖြစ်ဖြစ် ကျွန်မကို မမေ့တာနဲ့တင် ‌ကျေးဇူးတင်ပါတယ်”

ရှောင်ပင်းမှာ ဝေ့ဝူယင်၏‌ရှေ့ နှစ်ပေခန့် အကွာသို့ ရောက်သည် အထိ ဆက်လက် လျှောက်လာခဲ့၏။

“ဒီကို ရောက်ပြီး ကျွန်မ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ရှင် သိလား...”

သူမက တည်ငြိမ်စွာ ပြောလိုက်၏။ သူမ စကားထဲမှ “ဒီနေရာ” ဆိုသည်မှာ မဟာစက်ဝန်း ကြယ်ကွင်ပြင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားလူများကဲ့သို့ပင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်က သူမ ဤနေရာကို ရောက်လာခဲ့သည်။ ၎င်းမှာ သူမ ဘဝတစ်လျှောက် တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးသည့် အစိမ်းသက်သက် နေရာတစ်ခု ဖြစ်သည်။ သူတို့ထဲမှ အချို့ကို မဟာမိတ်များ၊ အတိတ် ဆွေမျိုးတော်စပ်သူများက ခေါ်ဆောင် သွားကြသည်။ အချို့မှာလည်း စတင် ဖွဲ့စည်းထားခါစ ဂြိုဟ်တစ်လုံးထက်တွင် ဆက်လက်၍ ကျင့်ကြံ နေခဲ့ရသည်။

"..."

ဝေ့ဝူယင် မဖြေသလို ခေါင်းလည်း မညိတ် ‌ခေါင်းလည်း မခါချေ။ တိတ်ဆိတ်စွာသာ နားထောင် နေခဲ့၏။ ဤအချိန်၌ သူ လုပ်ဆောင်နိုင်သည့် အကောင်းဆုံးသော အရာက နားထောင်ခြင်း ဖြစ်‌ကြောင်း ဝေ့ဝူယင် သိရှိထားခဲ့ပေသည်။

ရှောင်ပင်းမှာ ဝေ့ဝူယင်၏ အသွင်အပြင်ကို ထွင်းထုနေသည့် အလား ငွေရောင် မျက်လုံးများကို စိုက်ကြည့် နေခဲ့၏။

“ကျွန်မ ကောင်းကင်ဆုတ်ဖြဲ နယ်မြေမှာ ရှိတဲ့ ရေခဲကြာပန်းဂိုဏ်းကို အရင်ဆုံး ဝင်ခဲ့တယ်... အဲဒါက...”

...

တစ်ချိန်တည်းတွင်ပင် နောက်ထပ် အာကာသ အက်ကြောင်း တစ်ခုမှာ ရွှေရောင် အသက် နန်းတော် ဧည့်ခန်းမ အတွင်းတွင် ပေါ်လာခဲ့၏။ ခန်းမ၏ အလယ်ဗဟို၌ ရောင်စုံ အလင်းများဖြင့် တောက်ပနေသည့် ဆွေးနွေးဝိုင်း တစ်ခု ရှိသည်။ ကုလာထိုင်များကတော့ စုစုပေါင်း ဆယ့်ရှစ်ခုအထိ ရှိကာ တစ်ခုမှ လွဲ၍ လူများနှင့် ပြည့်နှက် နေခဲ့သည်။

စားပွဲ၏ ထိပ်ဆုံး၌ ထိုင်နေသူကတော့ မာ့ကျန်းပင် ဖြစ်သည်။ ထိုနေရာမှာ တစ်ချိန်တုန်းက ရှန်းကျိကျိ၏ ထိုင်ခုံ ဖြစ်ခဲ့ဖူးပေသည်။ အခြားထိုင်ခုံများကိုတော့ ရွှေရောင် အသက်နန်းတော် ကောင်စီဝင်များ၊ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ပွားများက သိမ်းပိုက်ထား၏။ သူတို့ အားလုံးမှာ စားပွဲ အပေါ် တည့်တည့်၌ ပေါ်လာခဲ့သည့် အာကာသ အက်ကြောင်းကို စိတ်ဝင်တစားပင် ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့၏ အမူအရာထက်၌ မည်သည့် ကြောက်ရွံ့မှု အငွေ့အသက်မှ မရှိပါချေ။

မကြာခင် ပုံရိပ် တစ်ခု လှမ်းထွက်လာ၏။ ခန္ဓာကိုယ် ဟန်ချက်က ပျက်ရွင်းသွားလေရာ သူ လဲကျလုနီးနီး ဖြစ်သွားခဲ့သည်။ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး နောက်တွင် ပုံရိပ်က စားပွဲထက်၌ ရပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုင်ခုံထက်၌ ထိုင်နေသည့် လူများကို တွေ့လိုက်ရသော အခိုက်၌ ယွင်ချွဲ’ မျက်လုံးများက ထိတ်လန့် အံ့သြခြင်းများနှင့် ပြည့်နှက် သွားခဲ့တော့သည်။

“ထိုင်ပါ လူငယ်လေး...”

မာ့ကျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုင်ခုံ အလွတ်နားတွင် နောက်ထပ်ခုံ တစ်ခု ပေါ်လာခဲ့၏။ ယွင်ချွဲ ကြောင်စီစီဖြင့် မာ့ကျန်း၏ မျက်နှာကို ကြည့်လိုက်မိသည်။ ထို့နောက် သူ ချက်ချင်းပင် မှတ်မိလိုက်၏။

ထိုလူအိုကြီးမှာ ရွှေရောင် အသက်နန်းတော် သခင် မဟုတ်လော။ သူ မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။

“ခင်ဗျားက...”

ယွင်ချွဲ မေခွန်းထုတ်ဖို့ ဟန်ပြင်လိုက်၏။

“အခု ထိုင်လိုက်ဦး... ကောင်စီဝင်ဝေ့က အခြား ကိစ္စတွေ စီမံနေလို့... သူ မင်းကို နောက်ကျ လာတွေ့လိမ့်မယ်”

မာ့ကျန်းက ယွင်ချွဲကို တစ်ချက်သာ ကြည့်၏။ ထို့နောက် သူက အရှေ့ရှိ ဖိုင်များကိုသာ ပြန်လည် စစ်ဆေးကာ ဆက်လက် ဖတ်နေခဲ့သည်။

"..."

ယွင်ချွဲမှာ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်း မသိပါချေ။ ကောင်စီဝင်ဝေ့... မည်သူနည်း။ သူ့ကို ဤနေရာသို့ ခေါ်လာသည့် တစ်‌ယောက်လော။ မည်ကဲ့သို့ လွတ်မြောက်အောင် ကြိုးပမ်းရမည်ကို တွေးတောရင်း ယွင်ချွဲ အနည်းငယ် တုန့်ဆိုင်းသွား၏။

“ထိုင်ပါ...”

မာ့ကျန်း တတိယ အကြိမ်မြောက် ပြောလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူက လမ်းစဉ်ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်၏ အရှိန်အဝါကို အသုံးပြုထား၏။ ယွင်ချွဲ၏ ခန္ဓာကိုယ်က ဆန္ဒကို ဆန့်ကျင်ကာ ထိုင်ခုံထံ ကလေးငယ် တစ်ယောက်လို ရောက်ရှိသွားသည်။ ထို့နောက် အလိုအလျောက်ပင် သူ ထိုင်လိုက်မိ၏။ ထိုမျှ ပြင်းထန်သည့် ဖိအားမျိုးကို မခံစားဖူးလေရာ ယွင်ချွဲ ထိတ်လန့် တုန်လှုပ်သွားလေသည်။

‌ကောင်စီဝင် ပုဂ္ဂိုလ်များမှာ တည်ငြိမ်စွာပင် ရွှေရောင်အသက်နန်းတော် အရေးကိစ္စများကို ဝိညာဉ်ကွန်ယက်ဖြင့် ဆက်လက် ဆွေးနွေးနေကြလေ၏။ ယွင်ချွဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ့ထံတွင် တိတ်တဆိတ် စောင့်ဆိုင်းရုံမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း သိရှိလိုက်ချေပြီ ဖြစ်လေသည်။

...

“အဲဒီနောက်ပိုင်းမှာ ပင်းကလန်က ကျွန်မကို ကောင်းကောင်း ဆက်ဆံပါတယ်... ဒါပေမဲ့ အဲဒါက ရှင့်ကို ကြောက်လို့သက်သက်ပါပဲ”

‌ရှောင်ပင်း၏ ဇာတ်လမ်းက ဝေ့ဝူယင်၏ နှလုံးသားကို ထိခိုက်သွားစေခဲ့၏။ သူ့ မိန်းကလေး ဖြစ်ကြောင်း မသိခင် အချိန်အထိ ရှောင်ပင်းမှာ များစွာသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ယင်မီးဖို ဖြစ်လာဖို့ ပင်းထျန်း၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အခြေအနေတွင် သူမ အရာအားလုံးကို အဆုံးသတ်ဖို့ပင် စဉ်းစားခဲ့သေးသည်။ ကံကောင်းထောက်မစွာပင် ဝူယု ပေါ်လာခဲ့မှုက သူမ၏ ကံကြမ္မာ အားလုံးကို ပြောင်းလဲ စေခဲ့သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အမှန်အတိုင်း ဝန်ခံရပါက လုံချန်နှင့် ပတ်သက်ခဲ့ဖူးသူတိုင်းကို သူ အမြဲတမ်း သတိထား၍ ဆက်ဆံခဲ့သည်။ နာ့ရှင်းရီ တစ်ယောက်မှ လွဲ၍ ကျန်လူများကို လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလ အတွင်း သူ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ခြင်းမျိုးပင် မပြုလုပ်ခဲ့ချေ။ သူတို့နှင့် လိင်ပိုင်းဆိုင်ရာ ဆက်ယှက်မှုမျိုးလည်း မရှိခဲ့ချေ။

ဗာကီရီ အဖွဲ့ဝင် တစ်ယောက် အတွက် ကျင့်ကြံခြင်း အခြေခံ ရင်းမြစ်များအား အဝေးမှ ပံ့ပိုးပေးခြင်းလောက်သာ ပြုလုပ်ခဲ့သည်။ ဝေ့ဝူယင် သူ့ ကိုယ်ပိုင် အားလပ်ချိန်များတွင် လင်းရှန်းရှန်း၊ မေ့ယန်တို့ ကဲ့သို့ အစေခံများ၊ ချစ်သူများနှင့်သာ အချိန်ဖြုန်းခဲ့သည်။

ဝေ့ဝူယင် သူတို့ကို မယုံခြင်းမျိုး မဟုတ်ပဲ တစ်စုံတစ်ရာကို အတည်ပြုလိုခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ သူ ထိုလုပ်ရပ် အတွက် စိတ်မကောင်းသလို ခံစားရသည်။

ရုတ်တရက်... သူတို့ နှစ်ယောက် အကြားရှိ အကွာအဝေးက နီးကပ်သွားခဲ့၏။ ဝေ့ဝူယင်မှာ အေးစက်စက် ခန္ဓာကိုယ် တစ်ခုက သူ့ ရင်ခွင်ထဲ ပြိုကျလာကြောင်း ခံစားလိုက်ရသည်။ မိန်းကလေး ခေါင်းအပ်ထားသည့် နေရာတွင် တဖြည်ဖြည်း စိုစွတ်လာသည်ကိုပင် သူ ခံစားလိုက်ရ၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လုံး ကျွန်မ ရှင့်အကြောင်းကိုပဲ တွေးနေခဲ့တာပါ... ဒါပေမဲ့ ရှင်ကတော့... ကျွန်မ... ကျွန်မ သိပါတယ်”

မိန်းကလေးမှာ ဆက်လက် အောင့်အီးနိုင်စွမ်း မရှိပါတော့ချေ။ သူမ၏ ခံစားချက်များက ရေခဲ သလင်းကျောက်ပွင့်လေးများ သဖွယ် စီးကျလာခဲ့တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်က ဝေ့ဝူယင် ထို့ပိဟန်နှင့် အတူ ပေးလိုက်သည့် ဝိညာဉ်စာကို သူမ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်သည်။

“မင်း ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုတာကို ကြားရလို့ ငါ အံ့သြ ဝမ်းသာရပါတယ်... မင်းမှာ တစ်ခြား အတွေးတွေ ရှိကောင်း ရှိနိုင်တယ် ဆိုပေမဲ့ မင်းရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် ဆိုတာကို သက်သေပြဖို့ ငါ အကောင်းဆုံး ကြိုးစားမှာပါ... ကမ္ဘာအသစ် တစ်ခုကို ဝင်ရတော့မယ် ဆိုတော့ မင်း စိတ်လှုပ်ရှား နေရောပေါ့... အဲဒါကောင်းပါတယ်... လှပပြီး အရည်အချင်း ရှိတဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ အနာဂတ်မှာ မင်း အခက်အခဲတွေ၊ ခလုတ်ကန်သင်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ ထင်တယ်... အဆင်သင့် လုပ်ထားပါ”

"ရှောင်ပင်း... အဲဒီ နေရာအသစ်မှာ မင်း သေချာပေါက် ရှင်သန်နိုင်မှာပါ... အောင်မြင်နိုင်မှာပါ... နောက်ဆုံး ထွက်သက် အထိ ဘယ်တော့မှ အရှုံးမပေးပါနဲ့... ကမ္ဘာကြီးက အရမ်းလေးလာတယ်လို့ မင်း ခံစားရတဲ့ တစ်နေ့ကျရင် ကောင်းကင်ကို ကူထမ်းပေးဖို့ ငါ မင်းဆီ ရောက်လာမှာပါ...”

“ကံကောင်းပါစေ...”

၎င်းက ဝေ့ဝူယင်နှင့် သူမ အဆက်အသွယ် ရခဲ့သည့် နောက်ဆုံးအကြိမ် ဖြစ်သည်။ ထိုအချိန်မှ စ၍ လူငယ်မှာ သူထံ ဆက်သွယ်ခြင်း မရှိတော့ချေ။ ယုတ်စွအဆုံး စာတိုကလေး တစ်‌စောင်ပင် မပို့ခဲ့ချေ။

ရှောင်ပင်းမှာလည်း အလိုက်တသိပင် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကာ ဝေ့ဝူယင် အဆင်ပြေ၊ မပြေ သိချင်သည့် အခါတိုင်း ဝူယုကိုသာ လှမ်း၍ မေးခဲ့ပေသည်။

သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်၏ နှလုံးသား သူမ ရှိနေသေးဆဲ ဖြစ်ကြောင်း ထင်ရှား ပေါ်လွင်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ထားခဲ့သည့်တိုင်... ဝေ့ဝူယင်မှာ ကတိတည်ခဲ့ပေသည်။ လောကကြီးက အရမ်းလေးလွန်းသည်ဟု သူမ ခံစားခဲ့ရသည့် နေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ပေါ်လာခဲ့သည်။ သူမကို သေခြင်းတရားထံမှ ကယ်တင်ပေးခဲ့သည်။

“ကျွန်မ...”

ရှောင်ပင်း စကားပြောဖို့ ကြိုးပမ်းလိုက်သော်လည်း သူမ၏ အသံက အနည်းငယ် တိမ်ဝင်သွားခဲ့၏။ ဝေ့ဝူယင် မိန်းကလေး၏ တုန်ရီနေသည့် ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေတော့သည်။

***

All Chapters