← Chapters

ရှောင်ပင်း (၂)

Vol. 94 Ch. 1307

ရှောင်ပင်း (၂)

Vol. 94 Ch. 1307

အကြွင်းမဲ့ စည်းစိမ်နယ်မြေ၊ လောကညီမျှခြင်းလထက်ရှိ သုခဘုံကလေးတွင် ဝေ့ဝူယင်နှင့် ရှောင်ပင်းတို့မှာ ရေကန်ကလေးနံဘေး၌ အတူတူ ထိုင်ရင်း အချိန်ဖြုန်း နေကြ၏။ ရှောင်ပင်းမှာ ဝေ့ဝူယင်၏ ပခုံးထက်ကို မှီထားခဲ့ကာ သက်တောင့်သက်သာဖြင့် စကားများ ပြောဆိုနေခဲ့သည်။ ထိုမြင်ကွင်းက ဒဏ္ဍာရီထဲမှ ပန်းချီကား တစ်ချပ်လို သာယာလှ၏။

များသောအားဖြင့် ရှောင်ပင်းမှာ မေးခွန်းများ မေးမြန်းနေခဲ့ကာ ဝေ့ဝူယင်က အဖြေပေး နေခဲ့သည်။ သူတို့နှစ်ယောက် အဓိက ပြောဆိုနေသည့် အကြောင်းအရာမှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ် အတွင်း ဝေ့ဝူယင် ကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းများ ဖြစ်ကြပေသည်။ ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ရင်း ရှောင်ပင်း၏ မျက်နှာအမူအရာက စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်သက်သာရာ ရမှု စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲ နေခဲ့၏။ သူမက ဝေ့ဝူယင်၏ ဇာတ်လမ်းထဲတွင် စိတ်လွတ်ကိုယ်လွတ်ပင် စီးမျောနေခြင်း ဖြစ်သည်။

ဝေ့ဝူယင်မှာ မိန်းကလေးထံမှ နှင်းဆီပန်း ရနံ့နှင့် ဆင်တူသော သင်းရနံ့တစ်ခုကို ရရှိနေခဲ့၏။ သူမမှာ ဝေ့ဝူယင် ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း ရိပ်စားမိလေရာ ကြိုတင်ကာ ဆွတ်ထားခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။ မွေးပျံ့သည့် သင်းရနံ့နှင့် နတ်မိမယ် တစ်ပါး အလား လှပသော မျက်နှာလေးကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားမှာ မသိမသာ ခုန်လာခဲ့၏။

“ရှင် ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပဲ...”

ဝေ့ဝူယင် ရှင်းပြမှု အဆုံးသတ်သို့ အရောက်၌ ရှောင်ပင်းက ခပ်ဖြည်းဖြည်းလေး သက်ပြင်းချလိုက်သည်။

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

ဝေ့ဝူယင် ပြုံးလိုက်၏။ သူ သူမကို အကုန်အစင် ပြောပြခဲ့ခြင်း မဟုတ်ပါချေ။ အကြမ်းဖျဉ်း နှစ်ဆယ် ရာခိုင်နှုန်း‌လောက်သာ ပြောပြခဲ့ခြင်း ဖြစ်သည်။ သူ၏ ခရီးစဉ်တိုင်းက လျှို့ဝှက်ချက် မဟုတ်သည့်တိုင် မိန်းကလေးအား ဝန်ထုပ်ဝန်ပိုး ခံစားချက်မျိုး သူ မခံစားစေလိုခဲ့ချေ။ ငရဲ၏ ကပ်ဘေးများ၊ ဆက်စပ်မှု စစ်မြေပြင်၊ အချိန်မြစ် အတွင်း အခြား ဝေ့ဝူယင် နှစ်ယောက်နှင့် တွေ့ဆုံမှုတို့ အကြောင်းများကို ထည့်ပြောရလျှင် ရှောင်ပင်း မည်ကဲ့သို့ ခံစားရမည်ကို သူ မသိနိုင်ပါချေ။

“ဖြစ်ကောင်းဖြစ်နိုင်ရုံတင် မဟုတ်ပါဘူး”

ရှောင်ပင်းက သူမ၏ အေးစက်စက် လက်ချောင်းများဖြင့် ဝေ့ဝူယင်၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်သည်။‌ လူငယ်၏ လက်များမှာ မယုံကြည်နိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်စေနိုင်သည့် နွေးထွေးမှုမျိုးကို ထုတ်လွှတ်ပေးပြီး သူမ၏ ပုံမှန် ခန္ဓာကိုယ် အပူချိန်ကို မျှတစေကာ ဖက်လှဲတကင်း ရှိသည့် ခံစားမှုမျိုးကို ဖြစ်ပေါ်စေသည်။

“ရှင်က ကျင့်ကြံသူ နှစ်ယောက်ကို မြေကြီးရှန့်ထိုတွေ ဖြစ်လာအောင် ကူညီပေးခဲ့တယ်... ပိုင်လင်ကို မြေကြီး ရှန့်ထို တစ်ယောက်နဲ့ ယှဉ်နိုင်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်... နန်းတော်သခင်မာ့ကို သူ့နေရာ ပြန်ရောက်အောင် ထောက်ပံ့ပေးခဲ့တယ်... ဖန်တီးခြင်း စွမ်းရည်နဲ့ ခေတ်သစ် တစ်ခုကို အစပျိုးခဲ့တယ်... ရွေးချယ်ခံ အဆင့်အတန်း အတွက် စံသတ်မှတ်ချက်တွေကို ပြန်ဖန်တီးပေးခဲ့တယ်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ ထိပ်သီး အင်အားစုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ်... အဲဒါတွေ အားလုံးကို ရှင် ဆယ်စုနှစ် နှစ်ခုလောက် အတွင်းမှာ စွမ်းဆောင်ခဲ့ရတာလေ... ရှင်မှ မပင်ပန်းရင် ဘယ်သူ ပင်ပန်းတော့မှာလဲ”

ရှောင်ပင်းက ဝေ့ဝူယင်၏ မျက်နှာကို မော့ကြည့်လိုက်၏။

“ငါ အများကြီး ပြောလိုက်မိတာပဲ...”

နောက်ဆုံး၌ ဝေ့ဝူယင်မှာ မိန်းကလေးအား များစွာ ပြောပြခဲ့မိသည်ကို သဘောပေါက် သွားခဲ့သည်။ ထိုအရာများက သူ့အတွက် အရေးမကြီးဟု ထင်ရသည့်တိုင် သာမန်လူ တစ်ယောက်၏ အမြင်တွင်တော့ အသက် အန္တရာယ်နှင့် ရင်းရသည့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ဖြစ်နေဆဲ ဖြစ်သည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို စတင် ရောက်ရှိခဲ့သည့် အချိန်ကတည်းက စလို့ ဝေ့ဝူယင်၏ ရည်မှန်းချက်မှာ ငရဲ၏ ကပ်ဘေးများနှင့် သူတော်စင်တို့၏ အဆင့် ဖြစ်ခဲ့သည်။ သူ၏ စိတ်က တစ်ခုတည်းကိုသာ အာရုံစိုက်ထားပေသည်။ အသက်ရှင်သန်ဖို့ပင်။

“ကြီးကျယ်ခမ်းနားတဲ့ ယောက်ျားတွေက တစ်ခါတစ်လေမှာ သူတို့ကို သူတို့ သေမျိုး အဆင့်မှာပဲ ရှိသေးတယ် ဆိုတာ မေ့သွားတတ်တယ် ထင်တယ်”

ရှောင်ပင်းက သူမကို သူမ ပြောဟန်ဖြင့် တီးတိုး ရေရွတ်လိုက်၏။

“ဟမ်...”

ဝေ့ဝူယင် အတွေးထဲမှ နိုးထလာကာ သူမကို ကြည့်လိုက်၏။

“ဘာမှမဟုတ်ဘူး...”

ရှောင်ပင်းက ပြုံးလိုက်သည်။ ထို့နောက် သူမက ဝေ့ဝူယင်၏ လက်မောင်းကို ပိုမို တင်းကြပ်စွာ ဖက်လိုက်၏။

“ကျွန်မ တောင်းပန်ပါတယ်...”

“ဘာအတွက်လဲ...”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ တကယ်တမ်း၌ တောင်းပန်သင့်သူက သူသာ ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေ... ကိုယ်ပိုင် အတ္တစိတ် တစ်ခု အတွက် သူ ရှောင်ပင်းကို လျစ်လျူခဲ့မိသည် မဟုတ်ပါလား။

"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် အတွင်း ရှင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်... ရှင့်မှာ ကျွန်မကို မပြောပြခဲ့တဲ့ အခြား အခက်အခဲတွေလည်း အများကြီး ရှိဦးမယ် ဆိုတာ ကျွန်မ ရိပ်မိပါတယ်... ဒါတောင်မှ ကျွန်မ... ကျွန်မက ရှင် တစ်ခါမှ လာမတွေ့ခဲ့တဲ့ အပေါ် စိတ်ထဲကနေ ငြိုငြင်ခဲ့မိတယ်... အဲဒီလို တစ်ကိုယ်ကောင်း ဆန်ခဲ့တဲ့ အတွက် ကျွန်မ တောင်းပန်ပါတယ်”

ရေခဲ မျက်ရည်စများမှာ မိန်းကလေး၏ ပါးပြင်ထက်၌ စီးကျလာခဲ့၏။ နိုဘယ်ကလန် တစ်ခု၏ လေ့ကျင့်ပေးမှုကို ရရှိထားသူ တစ်ယောက် အနေဖြင့် ရှောင်ပင်း၏ မိုးကောင်းကင်မှာ ယခင်ကလို မဟုတ်ပဲ ကျယ်ပြန့်နေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ် အတွက်း ဝေ့ဝူယင် ရရှိခဲ့သည့် အောင်မြင်မှုများမှာ သေမျိုးတစ်ယောက် အတွက် မဖြစ်နိုင်လောက်သည့် စွမ်းဆောင်မှုများပင် ဖြစ်သည်။

သူမ ပင်းကလန် အတွင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ဝေ့ဝူယင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် နှိုင်းယှဉ်ကြည့်ရပါက သူက ကြုံတွေ့ခဲ့ရသမျှက ပမွှားလေးများသာ ဖြစ်သည်။

“ရှင်နဲ့သာ မတွေ့ခဲ့ရင် ကျွန်မ ဘာဖြစ်နေမယ် ထင်လဲ...”

ရှောင်ပင်းက နောက်တစ်ကြိမ် စကားစလိုက်၏။ ဝေ့ဝူယင် တိတ်တဆိတ် စဉ်းစားလိုက်သည်။ သူမ၏ ဘဝက ပိုကောင်းတာမျိုး ဖြစ်နိုင်သလို ပိုဆိုးသွားတာမျိုးလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူမသာ ဗာကီရီ အဖွဲ့ထဲ မဝင်ခဲ့လျှင် ပင်းမျိုးနွယ် သခင်လေးနှင့် လက်ဆက်ခဲ့တာမျိုး ဖြစ်နိုင်ပေသည်။

ပထမတုန်းက ပင်းမျိုးနွယ်၏ လက်ထပ်ပွဲ အတွက် ကြိုးပမ်းမှုမှာ သူ့ကို ဆွဲထုတ်ဖို့ လုပ်ကြံမှု တစ်ခုဟု ထင်ခဲ့သေးသည်။ သို့သော်လည်း ယခုတွင်တော့ ထိုအရာက ရှောင်ပင်း၏ ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်ကြောင့် ဖြစ်ကြောင်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ့ကို ဆွဲထုတ်ဖို့ ရည်ရွယ်ချက် အနည်းငယ် ပါဝင်ကောင်း ပါဝင်နိုင်သည့်တိုင် သူတို့၏ အဓိက ရည်ရွယ်ချက်က ပင်းမျိုးနွယ် သခင်လေး ဆိုသူ အကျိုးအမြတ် ရရှိဖို့ အတွက်သာ ဖြစ်ပေသည်။

“ကျွန်မ အတင်း အဓမ္မ လက်ထပ်ခံရမယ်... နှိပ်စက်ခံရမယ်... ပြစ်ပယ် ခံရမယ်... ဒါမှ မဟုတ် အသတ်ခံချင်လည်း ခံရမယ်...”

မဟာဝိညာဉ် စမ်းသပ်ပွဲတွင် ဟုန်ရု သေဆုံးသွားခဲ့သည်ကို တွေ့မြင်ပြီးနောက် ရှောင်ပင်း အလွန်ပင် ထိခိုက် ခံစားခဲ့ရသည်။ ရန်သူကို လက်စားချေရန် ကြိုးပမ်းပြီးနောက်၌ သူမကိုယ် သူမ သတ်သေဖို့ အထိပင် တွေးတောထားသည်။ သို့‌သော်လည်း... လုံချန်က ဟုန်ရု ပြန်လည် အသက်ရှင်ဖို့ အခွင့်အရေး ရှိသည်ဟု သူမကို ပြောကြားခဲ့ကာ ဝေ့ဝူယင်က သူမကို ကိုယ်တိုင်ကိုယ်ကျ သေမင်းနိုင်ငံမှ ပြန်လည် ဆွဲထုတ်ပေးခဲ့သည်။

ထိုအချိန်တုန်းက ရှောင်ပင်းထံတွင် ဝေ့ဝူယင် အပေါ် ခံစားချက် မရှိခဲ့သော်လည်း မျိုးစေ့ တစ်ခု ဖြစ်ပေါ်လာခဲ့သည်ကိုတော့ သူမ နောက်ပိုင်းမှ သိရှိခဲ့ရသည်။ ယခုတွင်တော့ ထိုမျိုးစေ့မှာ အလွန် လှပသည့် ပန်းကလေး တစ်ပွင့် အဖြစ် ပွင့်ဖူး နေခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်တို့ နှစ်ယောက် အချိန် အတော်ကြာအောင် ဆက်လက် စကားပြော နေခဲ့ကြ၏။ သူတို့ အကြားရှိ လေထုက နောက်တစ်ကြိမ် ပြန်လည်၍ ပေါ့ပါးလာသည်။ မသိလိုက်ခင်မှာပင် အချိန် နှစ်နာရီ ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ သူတို့ နှစ်ယောက်မှာ မြေပြင်ထက်တွင် ကျောချ လှဲလျောင်းနေခဲ့ကာ အထက် ကောင်းကင်ရှိ ကြယ်တာရာများကို ငေးမော နေခဲ့ကြသည်။

ရုတ်တရက် ဝေ့ဝူယင်မှာ သူ ခေတ္တ ရပ်တန့်ထားခဲ့ရသည့် နေကြယ် ဖန်တီးခြင်း လုပ်ငန်းစဉ်ကို ပြန်လည် သတိရလိုက်သည်။ စက္ကန့် တစ်စက္ကန့်ချင်းစီမှာ များစွာ အကုန်အကျ များပေသည်။

“ရှင် သွားရတော့မှာလား...”

ရှောင်ပင်းက တိတ်တဆိတ် မေးလိုက်၏။ ဝမ်းနည်းသည့် အရိပ်အငွေ့ တစ်ချို့ ပါသည့်တိုင် သူမ စိတ်ထဲမှ လက်ခံထားပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ ကြီးကျယ် ခမ်းနားသည့် လူတစ်ယောက် ဖြစ်ကြောင်း သူမ သိပေသည်။ ကြီးကျယ် ခမ်းနားသည့် လူများမှာ အလုပ်များတတ်သည်။ လူငယ် လျှောက်ရာလမ်းတွင် သူမ အနှောက်အယှက် မဖြစ်လိုချေ။

ဝေ့ဝူယင် သူ့ရင်ဘတ်ထက်၌ လှဲလျောင်းနေသည့် မိန်းမလှ‌လေးကို ကြည့်လိုက်၏။ နတ်မိမယ် တစ်ပါး လား ထင်မှတ်မှားရသည့် မိန်းကလေး တစ်ယောက်၏ အလှအပကို မည်သည့် ယောက်ျားက ယခုလို နီးနီးကပ်ကပ် ခံစားနိုင်သနည်း။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်...”

“ကျွန်မ နားလည်ပါတယ်...”

ရှောင်ပင်းက ဝေ့ဝူယင်၏ မျက်နှာကို နူးညံ့စွာ စိုက်ကြည့်လိုက်၏။ နှစ်နာရီ ဆိုသည့်တိုင် ထိုအချိန်က သူမ အတွက် လုံလောက်ပေသည်။ ဝေ့ဝူယင်လို လူတစ်ယောက်ထံမှ နှစ်နာရီ တိတိ အချိန်ရဖို့ ဘယ်လောက် ခက်ခဲကြောင်း သူမ သိပေသည်။ သို့သော်လည်း... ယခုတစ်ကြိမ် ခွဲခွာပြီးလျှင် အချိန် ဘယ်လောက် ကြာမြင့်ဦးမည်ကို မသိနိုင်ပါသေးချေ။

“သွားကြမယ်...”

ဝေ့ဝူယင်က လှဲလျောင်းနေရာမှ ထလိုက်၏။

“ဟမ်...”

ရှောင်ပင်း တစ်ယောက် အံ့အားသင့် သွားခဲ့သည်။

“တူညီတဲ့ အမှားမျိုး ငါ နောက်တစ်ကြိမ် ထပ်မလုပ်နိုင်တော့ဘူး... ဟုန်ယုဆီကို သွားကြမယ်”

ရှောင်ပင်း၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့လေ၏။

***

All Chapters