← Chapters

စုံစမ် စစ်ဆေးမှု

Vol. 94 Ch. 1308

စုံစမ် စစ်ဆေးမှု

Vol. 94 Ch. 1308

“မင်းတို့ကို တိုက်ခိုက်ခဲ့တာ ဘယ်သူလဲ...”

ထျန်းမူယန်က စစ်မေးလိုက်၏။ သူ၏ စစ်မေးခြင်းကို ခံနေရသူကတော့ လူမဟုတ်...။ စွမ်းအင် လေးခုဖြင့် ဖွဲ့စည်းထားသည့် တိမ်တိုက် သဏ္ဌာန် ဒြပ်ထု တစ်ခုသာ ဖြစ်ပေသည်။

သို့သော်လည်း အဆိုပါ ဒြပ်ထုကို သေချာစွာ စစ်ဆေးကြည့်မည် ဆိုပါက အတွင်းပိုင်းရှိ တစ်နေရာတွင် ရေခဲ အော်ရာများ ထွက်ပေါ်နေသော စက်ဝန်းနှင့် ချိတ်ဆက်ထားသည့် အသိစိတ် ပင်လယ်တစ်ခုကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ထျန်းမူယန်၏ နောက်ထပ်တွင်တော့ ယန်ချောင်ယွီ အပါအဝင် မြေကြီးရှန့်ထို ငါးယောက် ရပ်နေခဲ့၏။ ကောင်းကင် ဖျက်ဆီးသူ တစ်စင်းမှာ သူတို့နှင့် မလှမ်းမကမ်းတွင် ကျောက်ချ ရပ်နားထားသည်။ သူတို့မှာ ယွင်ချွဲ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ အပျက်အစီးများ၏ အလယ်ဗဟိုတွင် ရပ်နေကြခြင်း ဖြစ်သည်။

“ပင်းကျင်းရု...”

ထျန်းမူယန်၏ လေသံက ပိုမို၍ လေးပင်လာ၏။ တိမ်တိုက်သဏ္ဌာန်နှင့် ဆင်တူသည့် ဒြပ်ထုကတော့ အခြားလူ မဟုတ်...။ ပင်းကလန်၏ ဘိုးဘေး ပင်းကျားရုပင် ဖြစ်လေသည်?

ယန်ချောင်ယွီ အပါအဝင် မြေကြီးရှန့်ထို ငါးယောက်စလုံး၏ အမူအရာများက သုန်မှုန်နေကြ၏။ ပင်းကလန်မှာ အကြမ်းဖျဉ်းအားဖြင့် လွန်ခဲ့သည့် မိနစ် နှစ်ဆယ်ခန့် အချိန်တွင် အမည်မသိ လူတစ်ဦး၏ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရကာ ဂြိုဟ်တစ်ခုလုံး ဆင်းရဲ ဒုက္ခတွင်းထဲ ကျဆင်းခဲ့ရသည်။ ဟယ်ပို့ကျွင်းသာ လျှင်မြန်စွာ လှုပ်ရှားခြင်း မရှိခဲ့ပါက ဂြိုဟ်၏ လူဦးရေ တစ်ဝက်လောက်မှ သေဆုံးနေခဲ့လောက်ပြီ ဖြစ်သည်။

ထျန်းမူယန်မှာ သတင်းကို ကြားကြားချင်းပင် သူနှင့် ဆက်ဆံရေးကောင်းများ ရှိသည့် အခြား မြေကြီး ရှန့်ထို ငါးယောက်ကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာပင် သူ ရောက်ရှိလာခဲ့သည့် အချိန်က အတော်လေး နောက်ကျသွားခဲ့သည်။ သူတို့ မြေကြီး ရှန့်ထို ငါးယောက် ပူးပေါင်းကာ ပင်းကျင်းရုကို ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့သော်လည်း လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအား တစ်ခုက အမြဲတမ်း တားဆီး နေခဲ့သည်။ နောက်ဆုံး သူတို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်က အသိစိတ် ပင်လယ် ပါဝင်နေသည့် အဆိုပါ ဒြပ်ထုသာ ဖြစ်သည်။

ထိုမျှလောက် ပြန်လည် အသက်ဝင်လာဖို့ အတွက်ပင် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်က ကြောက်မက်ဖွယ် ကောင်းအောင် ကြီးမားလှပေသည်။ မဟာမိတ် အပေါင်းအပါများ ဆိုသည့်ဆိုင် ယန်ချောင်ယွီတို့ကို ထျန်းမူယန် ကြီးမားစွာ ပြန်လည် ပေးဆပ်ရလိမ့်ဦးမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင်၏ အမှုတော်ကို ကြိုးစားပမ်းစား ထမ်းဆောင်ပေးခဲ့သည့် ဆုလာဒ်များကြောင့်သာ မဟုတ်ပါက သူတို့ကို သဘောတူအောင်မြင် သူ ဆွဲဆောင်နိုင်ခဲ့လိမ့်မည် မဟုတ်ပါချေ။

ထိုအရာ အားလုံးက သူ၏ ချစ်ဇနီးလေး ပင်းဖေး အတွက်ပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ပင်းကျင်းရုမှာ ပင်းဖေး၏ မိခင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

“ကျွန်မ... ကျွန်မ မသိဘူး”

ပင်းကျင်းရု၏ ကြောက်ရွံမှုများနှင့် တုန်ရီနေသည့် အသံမှာ ဒြပ်စင် အစုအဝေး အတွင်းမှ ထွက်ပေါ်လာခဲ့၏။ သူမထံတွင် ရုပ်ခန္ဓာ မရှိတော့ချေ။ သူမ၏ လျှို့ဝှက် အမြုတေမှာလည်း ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပင်းကျင်းရု ကျင့်ကြံခြင်းကို အစမှ တစ်ဖန် ပြန်လည် စတင်ရတော့မည် ဖြစ်သည်။ သူမ၏ အခြေအနေက တစ်ခါတုန်းက ဝူယုနှင့် ဆင်တူပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သေဆုံးမသွားခဲ့တာကပင် သူမအတွက် ကောင်းကင်မှ ချီးမြှင့်သည့် ကောင်းချီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"မင်း တွေ့ခဲ့ရသမျှ အားလုံး ပြောပြ...”

ထျန်းမူယန်က လေးနက်သည့် အသံဖြင့် အမိန့်ပေးလိုက်၏။ ပင်းကျင်းရုမှာ ထိန်ချန် မထားပဲ သူမ မှတ်မိသမျှ အရာရာကို ပြန်လည် ပြောပြလိုက်တော့သည်။ သူမက ပင်းထျန်း၏ လက်စွပ်ထဲမှ ထွက်ပေါ်လာခဲ့သည့် အရိပ်မြူနှင်း အကြောင်းကိုပင် ပြောပြခဲ့၏။

“အဲဒါက ရတနာ တစ်ခုများလား...”

ယန်ချောင်ယွီက ဝင်ထောက်လိုက်၏။ ထိုနေရာ၌ ရှိနေသည့် အခြား ကျင့်ကြံသူများမှာလည်း ထိပ်တန်း မြေကြီး ရှန့်ထိုများ ဖြစ်ကြလေရာ အလားတူ ကောက်ချက် ချမိကြလေသည်။ အပျက်အစီး နိုဗာတွင် ပင်းထျန်း၏ အော်ရာအား အာရုံခံခဲ့မိသည့် အဖြစ်ကို သူတို့ ပြန်လည် သတိရလိုက်ကြသည်။ အချို့က သူမထံတွင် အပျက်အစီး နိုဗာ စတင် ဖြစ်ပေါ်လာခဲ့ခြင်းနှင့် ပတ်သက်သည့် အဖြေများပင် ရှိနိုင်သည်ဟု ယူဆ နေကြသည်။ ပင်းထျန်း၏ လက်စွပ်ထဲမှ ရတနာမှာ အပျက်အစီး နိုဗာနှင့် တစ်စုံတစ်ရာ ပတ်သက် နေနိုင်သည်လား။

"..."

ထျန်းမူယန်မှာလည်း ထိုကိစ္စကို တွေးနေမိ၏။ ထိုဖြစ်ရပ်ကြီး တစ်ခုလုံးမှာ ရတနာ အတွက် ပြိုင်ဆိုင်မှုမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်နိုင်သည်။ ပင်းထျန်း ပြန်လည် ရောက်လာလာချင်း အကျိုးဆက်များ ဖြစ်ပေါ်လာသည်ကို ထောက်ချင့်ခြင်းအားဖြင့် ထိုအရာက အဓိပ္ပာယ် ရှိသည်။ ထို့အပြင်... ဆယ်စုနှစ် တစ်ခုနီးပါး ပင်းထျန်း ပျောက်ကွယ် နေခဲ့မှုမှာ ထိုရတနာအား ဖုံးကွယ်ရန် အားထုတ်မှု တစ်ခု ဖြစ်နိုင်သည်။

ဝှစ်...

ဟယ်ပို့ကျွင်းမှာ ထိုနေရာသို့ ပြန်လည် ရောက်ရှိလာ၏။ သူ၏ အမူအရာက အလွန်အမင်း မည်းမှောင်နေကာ စိတ်အခြေအနေမှာ ပေါက်ကွဲလုနီးပါး မီးတောင် တစ်လုံး ကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မြေကြီး ရှန့်ထို အုပ်စုကို မြင်မှသာလျှင် သူ ခပ်ဖျော့ဖျော့ပြုံးကာ ဟန်ဆောင် မျက်နှာဖုံးကို တပ်ဆင် လိုက်ရသည်။

“ခင်ဗျားတို့ ကျုပ်ကို ခေါ်တာလား...”

ဟယ်ပို့ကျွင်းမှာ အခြား မြေကြီးရှန့်ထို အဆင့် တစ်ချို့နှင့် အတူ စုံစမ်း စစ်ဆေးရေးများ ပြုလုပ်ရန် ကောင်းကင်ဆုတ်ဖြဲ နယ်မြေ အစီအရင်ကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့သည်။ သို့သော်လည်း လျူကလန်မှာ ထိုကဲ့သို့ ပြုလုပ်ရန် ငြင်းဆိုခဲ့သည်။ သူတို့က ကိုယ်ပိုင် ရှာဖွေ စစ်ဆေးရေးများ ပြုလုပ်ကာ တွေ့ရှိချက်ကို အစီရင်ခံမည်ဟုသာ အကြောင်းပြန်ခဲ့သည်။ နယ်မြေ ဝင်္ကပါအား ဖျက်ဆီးပစ်လိုသည့် ဆန္ဒမှာ ဟယ်ပို့ကျွင်း၏ စိတ်အတွင်း ကျိကျိတက် နေခဲ့ပြီ ဖြစ်သည်။

ကံမကောင်းစွာပင် ကောင်းကင်ဆုတ်ဖြဲ နယ်မြေ၏ အခြေခံကို သူတို့၏ အကျဉ်းချခံ မြေကြီး ရှန့်ထိုက လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ ၎င်းကို ဖျက်ဆီးပစ်ရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ချေ။ မြေကြီး ရှန့်ထို အချို့ ပူးပေါင်းမည် ဆိုလျှင်ပင် ရက်ပိုင်းခန့် အချိန်ယူ ရလိမ့်မည် ဖြစ်သည်။ ထို့အပြင်... အခြား မြေကြီး ရှန့်ထိုများမှာ ထိုအတွက် သူတို့၏ လျှို့ဝှက် အင်အားကို မဖြုန်းတီးလိုကြချေ။

လျူကလန်၏ စုံစမ်း စစ်ဆေးမှုများ အဆုံးသတ်သည် အထိ စောင့်ဆိုင်းရမည် ဖြစ်လေရာ အခြား မြေကြီး ရှန့်ထိုများမှာ တမန်တော်များကိုသာ ချန်ရစ်ကာ ပြန်လည် ထွက်ခွာသွားကြသည်။ ပင်းကလန်၏ ဖြစ်ရပ် အပေါ် အတွင်းကျကျ သိရှိထားခြင်း မရှိကြလေရာ ထိုဖြစ်ရပ်အား စူးစမ်းရန် သူတို့၏ ဆန္ဒက များစွာ ထက်သန်ခြင်း မရှိပါချေ။

သို့သော်လည်း... ဟယ်ပို့ကျွင်း တစ်ယောက်ကတော့ မနေနိုင်၊ မထိုင်နိုင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဓာတ်တော်... ထိုအရာ မည်မျှ အဖိုးထိုက်တန်ကြောင်း သူ သိပေသည်။ ထို့အပြင်... လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက် ဆုံးရှုံးကာ ငနဲ နှစ်ကောင်ကို အလွတ်ပေးလိုက်ရခြင်းကလည်း အရှက်ရဖွယ် အတိ ဖြစ်သည်။

ယခု၌ ပင်းကလန်၏ ဖြစ်ရပ်ကို ပထမဆုံး မြင်တွေ့လိုက်ရသူ တစ်ယောက် အနေဖြင့် ထျန်းမူယန်က သူ့ကို ဆင့်ခေါ် နေခဲ့ပြီ ဖြစ်သည်။ အင်ပါယာ ကလန်၏ ထိုလူအိုကြီး မည်မျှ ဒေါသထွက်နေကြောင်း သူ ရိပ်စားမိပေသည်။ မည်သို့ပင် ဆိုစေ... သူ့ဇနီးချောလေးမှာ ပင်းကလန်မှ ဖြစ်သည် မဟုတ်ပါလား။

ဟယ်ပို့ကျွင်း ကိုယ်တိုင်မှာလည်း ပင်းကလန်သူ တစ်ယောက်ကို အသည်းအသန် လိုချင်နေသူ ဖြစ်သည်။ ပင်းမျိုးနွယ်ဝင် မိန်းကလေးတို့၏ ကျင့်စဉ်များမှာ ယင်နှင့် ရေခဲကို ပေါင်းစပ်ထားရာ ရုပ်ရည် အရာတွင် အလွန်အမင်း လှပကြသည့် အပြင် တစ်ချိန်တည်း၌ အလွန် အဖိုးတန်သည့် ကျင့်ကြံခြင်း လက်တွဲဖော်များ၊ ယင်မီးဖိုများလည်း ဖြစ်ကြသည်။ ထို့ကြောင့်ပင် ပင်းထျန်းကို ရရှိဖို့ သူ အသည်းအသန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ကံဆိုးသည်ကား...။

ပင်းကျင်းရု၏ ဒြပ်စင် အစုအဝေးကို တွေ့လိုက်ရသော အခိုက်၌ ဟယ်ပို့ကျွင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ ပင်းကျင်းရုအား ပြန်လည် ဆင့်ခေါ်ရန် မည်မျှ ကုန်ကျလိမ့်မည် ဖြစ်ကြောင်း သူ တွက်ချက် မိပေသည်။ ဟယ်ပို့ကျွင်း ဘေးနားရှိ လူများကို အကဲခတ် ကြည့်လိုက်ရာ မြေကြီး ရှန့်ထို ခြောက်ယောက်စလုံး၏ မျက်နှာများမှာ ဖြူရော်နေသည်ကို တွေ့လိုက်ရ၏။

သူတို့က ပင်းကျင်းရုကို ပြန်လည် ဆင့်ခေါ်ရန် အသက်အင်အား မည်မျှကို ဖြုန်းတီးခဲ့ရသနည်း။ နှစ်ပေါင်း တစ်ထောင်လော။ သို့မဟုတ် ထိုထက် ပိုများသလော။

“မင်းက ပင်းကလန်ရဲ့ ဖြစ်ရပ်ကို ပထမဆုံးမြင်လိုက်ရတဲ့ သက်သေ ဟုတ်တယ် မလား...”

ထျန်းမူယန်က မေးခွန်း အများကြီး မမေးချေ။ ဟယ်ပို့ကျွင်း၏ မျက်လုံးများက အရောင်ပြောင်းလဲ သွားကာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်...”

“...”

ထျန်းမူယန်က ဟယ်ပို့ကျွင်းကို စိုက်ကြည့် နေခဲ့၏။ သူက ဘာမှ ဆက်မမေးချေ။ သို့သော်လည်း... ပတ်ဝန်းကျင် လေထု အတွင်းရှိ တင်းမာမှု ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက် လာနေခဲ့၏။

ဟယ်ပို့ကျွင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ ထျန်းမူယန်မှာ မေးခွန်း တစ်ခုမှ မမေးပဲ သူ့ကို အရာအားလုံး ရှင်းပြလာအောင် ဖိအားပေးနေခြင်း ဖြစ်သည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သည့် ခွေးအိုကြီးနည်း။ သို့သော်လည်း... ဘာတတ်နိုင်မည်နည်း။ သူ့ အဖြစ်က သူတို့ လက်ခုပ်ထဲတွင် ရှိနေသည့် ရေတစ်ပေါက်မျှသာ ဖြစ်ပေသည်။

“ကျုပ် ပြောပြပါ့မယ်...”

ဟယ်ပို့ကျွင်းက အရာအားလုံးကို စတင်ကာ ရှင်းပြလိုက်လေတော့၏။ သူက ကောင်းကင် ဓာတ်တော် အကြောင်းကိုပင် ချန်လှပ် မထားခဲ့ပါချေ။

“ကောင်းကင်ဓာတ်တော်...”

ယန်ချောင်ယွီနှင့် အခြား မြေကြီး ရှန့်ထိုများ၊ ပင်းကျင်းရုပင်လျှင် ထိုစကားလုံးကြောင့် အံ့အားသင့် သွားခဲ့၏။ ကောင်းကင်ဓာတ်တော်မှာ ကောင်းကင်ဘုံ၏ စွမ်းအားကို ပိုင်ဆိုင်နိုင်သည့် ပုဂ္ဂိုလ်များသာ ထွင်းထုနိုင်သည့် ရတနာ တစ်မျိုး ဖြစ်သည်။ ၎င်းကို ကောင်းကင် အပျက်အစီး၏ အမြုတေ တစ်ခု အဖြစ် ဖော်ပြကြကာ လျှို့ဝှက် တာအိုကို နက်ရှိုင်းစွာ နားလည်အောင် ကူညီ‌ပေးနိုင်သည်ဟု ဆိုသည်။

ထိုအချက်အလက်မျာ ပြီးပြည့်စုံခြင်း မရှိသည့်တိုင် မှန်ကန်ပေသည်။ မူလ အဆင့်မှာ လျှို့ဝှက် တာအို၏ ထိပ်ဆုံး အဆင့်များကို ရောက်ရှိအောင် ကူညီပေးနိုင်ပေသည်။ ၎င်းက လောကရှန့်ထိုများ ကောင်းကင် ရှန့်ထို အဆင့်ကို တက်လှမ်းရာတွင် အလွန် အဓိကျသည့် အကြောင်းပြချက်လည်း ဖြစ်သည်။ မူလ အဆင့် မရှိပါက လျှို့ဝှက် ရည်ရွယ်ချက်၏ မြင့်မားသော အဆင့်များကို ဆုပ်ကိုင်ရန် မဖြစ်နိုင်ပါချေ။

ယန်ချောင်ယွီမှ တစ်ပါး အခြားသော လူအားလုံး၏ မျက်လုံးများမှာ လောဘ၊ လိုချင်မှု၊ တပ်မက်မှုများနှင့် ပြည့်နှက် လာခဲ့၏။ ယန်ချောင်ယွီ အဘယ်ကြောင့် တည်ငြိမ်နေရသနည်း။ မူလ ပထမ အဆင့်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သောကြောင့်ပင်။ သို့စေကာမူ... ကောင်းကင်ဓာတ်တော်ကို ရယူလိုသည့် လောဘ အတွေးများကတော့ သူ့စိတ်အတွင်း ရှိနေဆဲ ဖြစ်ပေသည်။

***

All Chapters