ဗာမီလီယန် နယ်မြေသို့
Vol. 94 Ch. 1309
“မီးခိုးရောင် အကြေးခွံနဲ့ မျက်နှာဖုံးတပ် ကျင့်ကြံသူ ဟုတ်လား... အာကာသနဲ့ အချိန် ကျင့်စဉ်တွေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်... နေဦး... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကရော ဘယ်အဆင့်လဲ”
ထျန်းမူယန်မှာ နောက်ထပ် တစ်ခု အပေါ် အာရုံစိုက်လိုက်၏။ သူ၏ အမူအရာကလည်း ကောင်းကင် ဓာတ်တော်ကို သိပ်ဂရုမစိုက်ပုံ ရလေသည်။
ဟယ်ပို့ကျွင်းက ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ကျုပ် မသိဘူး... ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်ခွန်အားကတော့ အသွင် သဏ္ဌာန်မဲ့ ဟင်းလင်းပြင် တစ်ခုလိုပဲ... တိုက်ခိုက်နေတုန်း ခန္ဓာကိုယ်ထဲ ကျူးကျော်လာတာကိုတောင် ကျုပ် မရိပ်မိခဲ့ဘူး...”
အားလုံးမှာ အံ့သြသွားခဲ့ကြ၏။ ဟယ်ပို့ကျွင်းလို လူပင် ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်း အခြေခံကို အာရုံ မခံနိုင်ခဲ့သည်လား။ သို့သော်လည်း လူအိုကြီး ဖော်ပြသလောက် ဆိုလျှင် သူက မြင့်မားသည့် အခြေခံကို ပိုင်ဆိုင်ထားမှာတော့ သေချာသည်။
“ဒါပေမဲ့ လျှို့ဝှက် စွမ်းအင်ကိုတော့ ကျုပ် အာရုံခံမိတာ သေချာတယ်... သူက သားရဲပေါင်းစပ်ခြင်း နည်းလမ်းကိုပဲ ကျင့်ကြံတဲ့ ခန္ဓာကိုယ် တာအို ပညာရှင် တစ်ယောက် မဟုတ်တာတော့ သေချာတယ်”
“အခြား တစ်ယောက်ကရော...”
ထျန်းမူယန်က မေးလိုက်၏။
"သူက သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ရောက်ခါစ ကောင်လေး တစ်ယောက်ပဲ... သူ့ဆီမှာ ကျုပ်ရဲ့ လျှို့ဝှက် အဆင့် ခန္ဓာကိုယ်ကိုတောင် ဒဏ်ရာ ရအောင် လုပ်နိုင်တဲ့ ထူးဆန်းတဲ့ ဓားကြီး တစ်စင်း ရှိတယ်... ကျုပ်သာ ရေစွမ်းအင်ကို အထူးပြု ကျင့်ကြံ မထားဘူး ဆိုရင် သူ့ ဓားချက်တွေအောက်မှာ အတော်လေး အထိနာ သွားလောက်ပြီ”
ဟယ်ပို့ကျွင်းမှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူသာ အမှန်အတိုင်း ပြောနေခြင်း ဆိုလျှင် ထိုတင်ပြချက်ကို အတိုင်းအတာ တစ်ခု အထိ ယုံကြည်လို့ ရပေသည်။
“သူတို့က အတူတူ လှုပ်ရှားကြတာလား...”
“မဟုတ်ဘူး... သူတို့က တစ်ပါတီချင်းစီ ဖြစ်ပုံ ရတယ်... ကျုပ်ကို ခုခံတဲ့ အချိန်မှာပဲ ပူးပေါင်းခဲ့ကြတာ... မီးခိုးရောင် အကြေးခွံနဲ့ ကျင့်ကြံသူက...”
ရုတ်တရက် ပုံရိပ်တစ်ခုမှာ သူတို့ အနားသို့ ပျံသန်း ရောက်ရှိလာကာ စကားဝိုင်းကို နှောက်ယှက်လိုက်လေသည်။
“ဦးလေး မူယန်... ဘွားဘွားရော...”
ပင်းလီယ၏ မျက်လုံးများမှာ မျက်ရည်များနှင့် ရွှဲနစ်နေ၏။ မြေကြီး ရှန့်ထို အားလုံးမှာ မျက်မှောင်များ ကြုတ်သွားကြသည်။ အကယ်၍ အခြားလူ တစ်ဦးဦး ဆိုပါက သူတို့ ထိုအလိုက်ကန်းဆိုး မသိသည့် မိန်းကလေးကို ချိပ်ပိတ်ကာ အဝေးကို နှင်ထုတ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း...
ပင်းလီယမှာ မျက်ရည်များနှင့် အတူ ထျန်းမူယန်၏ ရင်ခွင်ထဲ တိုးဝင် သွားခဲ့၏။ ထျန်းမူယန်၏ မျက်လုံးများက အနည်းငယ် နူးညံ့သွားခဲ့ကာ သူမ၏ ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။
“ညည်းရဲ့ အဘွားက အဆင်ပြေပါတယ်... စိတ်အေးအေးသာထား... အခု ဦးလေးမှာ လုပ်စရာတွေ ရှိသေးတယ်... ဟုတ်ပြီလား”
ပင်းလီယက ခေါင်းထောင်ကာ အခြား မြေကြီး ရှန့်ထိုများကို ကြည့်လိုက်၏။ ထိုထိပ်သီး ပုဂ္ဂိုလ်ကြီးများထံမှ စူးစူးရဲရဲ အကြည့်များကို မြင်သည့်တိုင် ထျန်းမူယန်၏ ရင်ခွင် အတွင်း၌ သူမမှာ လုံးဝ အကြောက်အလန့် ကင်းမဲ့ နေခဲ့သည်။
ဟယ်ပို့ကျွင်းမှာ ဖြစ်နိုင်လျှင် ထိုမိန်းကလေးကို ချက်ချင်း နောက်ဘဝကို ပို့ပေးချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထျန်းမူယန် မည်မျှ အစွမ်းထက်သည်ကို ထောက်ချင့်ခြင်းအားဖြင့် သူ့ထံတွင် ငြိမ်ငြိမ်ကလေး စောင့်ကြည့်ရန် တစ်ခုသာ ရွေးချယ်စရာ ရှိပေသည်။
“အမရှောင်ရော... ဦးလေး...”
မိန်းကလေးက အခြားလူများ၏ အကြည့်များကို လျစ်လျူကာ ထျန်းမူယန်ကိုသာ ပိုမို တင်းကြပ်စွာ ဖက်လိုက်၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ချောင်ယွီ စိတ်ထဲမှ ရယ်မော လိုက်မိသည်။ ထိုမိန်းကလေးမှာ ဒေါ်လေး ဖြစ်သူ၏ လမ်းစဉ်ကို လိုက်ကာ ပင်းကလန်၏ နောက်ထပ် အင်ပါယာ မျိုးဝင်နွယ် တစ်ယောက် ဖြစ်လိုနေကြောင်း ထင်ရှားပေသည်။ သောက်ကလေးမက ထိုဆန္ဒကို ဖုံးကွယ်၍ပင် မထားခဲ့ချေ။ သို့သော်လည်း... ဤသည်က ကျင့်ကြံခြင်း လောက ဖြစ်ပေသည်။ ထျန်းမူယန်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း အင်အား အကြီးဆုံး မျိုးနွယ်၏ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ပေသည်။ ၎င်းက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူမ မခံစားရချေ။
“ရှောင်ပင်းဟုတ်လား... ထာဝရ ရေခဲ အမတေ ခန္ဓာနဲ့ ကောင်မလေးလား”
ထျန်းမူယန်မှာ အံ့အားသင့် သွားခဲ့ကာ ဟယ်ပို့ကျွင်းကို ကြည့်လိုက်၏။ လူအိုကြီးက ခပ်မြန်မြန်ပင် မီးခိုးရောင် အကြေးခွံများနှင့် မျက်နှာဖုံးတပ် ပုဂ္ဂိုလ်က သူမကို ကာကွယ်ကာ ခေါ်ဆောင် သွားခဲ့ကြောင်း ရှင်းပြလိုက်သည်။ ထိုအထဲ၌ ဧရာမ ဓားပိုင်ရှင်က မိန်းကလေးကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် အကြောင်းများလည်း အပါအဝင်ပင် ဖြစ်သည်။
“...”
ထျန်းမူယန် မျက်မှောင်ကြုတ် သွား၏။ ရှောင်ပင်းမှာ ဝေ့ဝူယင်၏ မိန်းကလေးများထဲမှ တစ်ဦး ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ အကယ်၍ မျက်နှာဖုံးတပ် ပုဂ္ဂိုလ်မှာ ရှောင်ပင်းကို ကယ်တင်၍ ခေါ်ဆောင်သွားသည် ဆိုလျှင် သူက ရှောင်ပင်းကို စောင့်ရှောက်ရန် ဝေ့ဝူယင် စေလွှတ်ထားသည့် လျှို့ဝှက် ကိုယ်ရံတော် တစ်ယောက် ဖြစ်နိုင်ပေသည်။
စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက်၌ ထျန်းမူယန်က သူ၏ ဆက်သွယ်ရေး သလင်းကျောက်နှင့် ဆက်သွယ်ကာ ဝေ့ဝူယင်ထံ တစ်ချို့ အချက်အလက်များ ပေးပို့လိုက်သည်။ သူ၏ လှုပ်ရှားမှုက အလွန် သိုသိပ်ကာ လျှို့ဝှက်လှ၏။ အခြား မြေကြီး ရှန့်ထိုများပင်လျှင် သတိထားမိခြင်း မရှိပါချေ။
ထျန်းမူယန် ထိုကဲ့သို့ လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် အခြား မြေကြီး ရှန့်ထို နှစ်ယောက်မှာလည်း သူတို့၏ ဆက်သွယ်ရေး သလင်းကျောက်များကို ထုတ်ယူကာ သတင်းပို့လိုက်ကြလေသည်။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်မှာ ယန်ချောင်ယွီ ဖြစ်ကာ အခြား တစ်ယောက်ကတော့ ယုကလန်၏ တစ်ဦးတည်းသော မြေကြီး ရှန့်ထို ဖြစ်သည့် ယုချန်ယွင်ပင် ဖြစ်လေသည်။
ယုချန်ယွင်မှာ သာမန် ရုပ်ရည်ကို ပိုင်ဆိုင်ာထးသည့် ယောက်ျား တစ်ဦး ဖြစ်ကာ အစိမ်းရောင် ကျောင်းတော်သား ဝတ်စုံနှင့် မျက်မှန်ဝိုင်းတို့ကို ဝတ်ဆင်ထား၏။ ယုကလန်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ဖန်တီးခြင်း နယ်ပယ်တွင် ထိပ်တန်း နေရာတစ်ခုကို ဆုပ်ကိုင်ထားနိုင်ကာ အဆောင်များ၊ ဝင်္ကပါများကို ထွင်းထုနိုင်စွမ်းဖြင့် အလွန် ကျော်ကြားသည်။ သူတို့မှာ ရွှေရောင် အသက်နန်းတော်။ နတ်ဘုရားထုဆစ် နန်းတော်တို့နှင့်လည်း နက်ရှိုင်းသော ဆက်ဆံရေး ရှိကာ အောင်မြင်သည့် ရွှေလေလံပွဲများကို မကြာခဏ ဆိုသလို ပူးပေါင်း ကျင်းပလေ့ ရှိပေသည်။
မကြာခင်မှာပင် မြေကြီး ရှန့်ထိုများမှာ အတူတကွ ပြန်လည် စုစည်းလိုက်ကြကာ ရေခဲကျောက်စိမ်းဂြိုဟ်ထက်ရှိ ကျင့်ကြံသူများကို ကူညီဖို့ အစီအစဉ်များ ပြုလုပ်လိုက်ကြတော့သည်။ ထျန်းမူယန်၏ အကူအညီတောင်းမှုနှင့် အတူ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်လေရာ အထင်အမြင်ကောင်း တစ်ချို့ကိုတော့ သူတို့ ရရှိသွားဖို့ အရေးကြီး ပေသည်။
ဟယ်ပို့ကျွင်းကိုတော့ ထျန်းမူယန်က ရေခဲကျောက်စိမ်းဂြိုဟ်ထက်ရှိ သက်ရှိများအား ကယ်တင်ပေးခဲ့မှု အတွက် လျော်ကြေး တစ်ချို့ ပေးအပ်ကာ ပြန်လွှတ်လိုက်သည်။ သို့သော်လည်း... ယွင်ချွဲ၊ ဝေ့ဝူယင်တို့နှင့် တိုက်ပွဲများတွင် သူ ဆုံးရှုံးခဲ့ရသည်များနှင့် ယှဉ်လျှင် ထိုလျော်ကြေးက မဖြစ်စလောက် ပမာဏသာ ဖြစ်သည်။ ယုတ်စွအဆုံး... ဝိညာဉ် မရှိတော့သည့် ပင်းထျန်း၏ ခန္ဓာကိုယ်ကိုပင် သူ ထားခဲ့ရသည်။
ဟယ်ပို့ကျွင်း အတွက် မှန်းချက်နှင့် နှမ်းထွက် လုံးဝ မကိုက်ခဲ့သည့် ခရီးစဉ် တစ်ခုပင်။
...
ရေခဲကျောက်စိမ်းဂြိုဟ်ထက်မှ ဖြစ်ရပ်များ အပြီး သုံးနာရီ အကြာတွင်တော့...
ဝေ့ဝူယင်နှင့် ရှောင်ပင်းတို့ နှစ်ယောက်မှာ ထန်မျိုးနွယ်၏ အိမ်ဖြစ်သည့် ဗာမီလီယန် နယ်မြေ အတွင်း ဝင်ရောက်လာခဲ့ကြလေသည်။
“ဟဟ...”
ရုတ်တရက် ဝေ့ဝူယင်က ရယ်မောလိုက်၏။
“ဘာလို့လဲ...”
ရှောင်ပင်းက သူ့ကို လှည့်ကြည့်ရင်း မေးလိုက်သည်။
"ငါ့ရဲ့ သတင်းပေး တစ်ယောက်က ခုမှ စာထပို့တယ်... မင်းကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ရက်စက် ယုတ်မာတဲ့ မိစ္ဆာ တစ်ကောင်က ပြန်ပေးစွဲသားတယ် တဲ့”
ဝေ့ဝူယင် ရယ်မောရင်း ပြောပြလိုက်သည်။ ထိုအတိုင်းသာ ဆိုပါက ရက်စက် ယုတ်မာသည့် မိစ္ဆာကောင်မှာ သူ ကိုယ်တိုင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
"ဟုတ်လား...”
ရှောင်ပင်းကလည်း သူ့ ဘေးနားမှ ရယ်မောလိုက်သည်။သူမ၏ မျက်ဝန်းများက သက်တောင့်သက်သာ ရှိသည့် ပျော်ရွှင်မှုများနှင့် ပြုံးနေခဲ့သည်။ မိန်းကလေး မည်မျှ လှပသည်ကို ကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် မှင်သက် သွားခဲ့မိ၏။
ရှောင်ပင်းကို အေးစက်စက် မာကြောကြော မိန်းကလေး တစ်ယောက်ဟု သူ အစောပိုင်းက သိထားခဲ့သော်လည်း ယခု အနီးကပ် ဆက်ဆံလာခဲ့သည်နှင့် အမျှ သူမ၏ အကြောင်းများကို ပိုမို သိလာခဲ့သည်။ ရှောင်ပင်းမှာ ရယ်မောဖို့ မကြောက်ချေ။ မကျေနပ်လျှင်လည်း မျက်မှောင်ကြုတ်ဖို့ ဝန်မလေးချေ။ စိတ်ဝင်စားလျှင် မေးခွန်းများ မေးဖို့လည်း တုန့်ဆိုင်း မနေချေ။ သူမက သွက်လက် ဖျပ်လတ်သူကလေး ဖြစ်သည်။သူမ ဆင်မြန်းထားသည့် အေးစက်စက် မာကြောကြော အမူအရာက မလိုလားအပ်သည့် အန္တရာယ်များကို ကာကွယ်ရန် ဖန်တီးထားသည့် အလွှာ တစ်ခုသာ ဖြစ်သည်။
“တစ်ခုခု မှားနေလို့လား...”
ရှောင်ပင်းက ဝေ့ဝူယင် သူမကို စိုက်ကြည့်နေသည်ကို သတိထားမိရာ မေးလိုက်၏။
“ဟမ်...”
ဝေ့ဝူယင် အနည်းငယ် ကြောင်စီစီ ဖြစ်သွားခဲ့သည်။
"ကျွန်မ မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား...”
ရှောင်ပင်းက သူမ၏ မျက်နှာကို ပွတ်သပ်ကြည့်ရင်း ထပ်မေးလိုက်၏။
“မင်းက အရမ်းလှလို့ပါ”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ဟမ်...”
ရှောင်ပင်း၏ မျက်နှာက ရှက်ရွံ့မှုဖြင့် ပန်းရောင်သမ်း သွားခဲ့၏။ ဝေ့ဝူယင် ထိုကဲ့သို့ တိုက်ရိုက် ပြောလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ပါချေ။ သူမက နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်၏။
“အဲဒါက ပင်းကလန်ရဲ့ အစစ်အမှန် ရေးခဲခြင်း ရေခဲချီ နည်းလမ်းကြောင့်ပဲ... အဲဒီ နည်းလမ်းက ယင်စွမ်းအင်ကို ဖြည့်တင်းပေးပြီး မွေးရာပါ စွဲဆောင်မှုကို ပိုအားကောင်းစေတယ်လေ.. အထူးသဖြင့် ယောက်ျားလေးတွေ အပေါ်မှာပေါ့... နောက်ပြီး မျက်လုံး အစီအရင် ဖြစ်တဲ့ အစစ်အမှန် အေးခဲခြင်း အစီအရင်ကလည်း အလှအပကို ပိုပြီး တိုးစေတယ်လေ”
သူမက ရှင်းပြလိုက်၏။ ထိုကဲ့သို့သော ကျင့်စဉ်များကြောင့်ပင် ပင်းမျိုးနွယ်မှာ မိန်းမလှများ ပြည့်နှက်နေသည့် နေရာ တစ်ခု အဖြစ် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကျော်ကြားခြင်း ဖြစ်သည်။
“မဟုတ်မဟတ် အာရုံစူးစိုက်မှုတွေကို ရှောင်ရှားဖို့ အရှင်မ အေခဲခြင်းလေရဲ့ နည်လမ်းကိုတောင် သုံးမလားလို့ ကျွန်မ စဉ်းစာနေတာ”
ရှောင်ပင်းက အနည်းငယ် မချင့်မရဲ ဖြစ်ဟန်ဖြင့် ပြောလိုက်၏။ ကျင့်ကြံခြင်း လောကမှာ မယုံကြည်နိုင်လောက်အောင် ရက်စက်ကာ စွမ်းအားကြီးသူတို့ကသာ လွှမ်းမိုးထားသည့်နေရာတစ်ခု ဖြစ်သည်။ ကျင့်ကြံသူများ၏ အမြင်၌ သူမက အရည်အသွေးမြင့် ထုတ်ကုန် တစ်ခု ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် စွမ်းအား အကြောင်း တွေးမိလိုက်သော အခိုက်၌ ရုပ်ရည်ကို ဖုံးကွယ်ကို အကြောင်းပြချက်ကို သူမ ရှာမတွေ့တော့ချေ။ သူမ၏ ချစ်သူမှာ အစစ်အမှန် မွေးဖွားခြင်းလို အင်အားစု တစ်ခုကိုပင် တစ်ကိုယ်တော် ရင်ဆိုင်နိုင်ခဲ့သူ မဟုတ်ပါလား။
***