ပြန်လည် တွေ့ဆုံခြင်း
Vol. 94 Ch. 1310
“အရှင်မ အေးခဲခြင်းလေ...”
ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ ပင်းထျန်းဟု လူသိများကြသည့် အရှင်မ အေးခဲခြင်းလေကို ဝေ့ဝူယင် တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးလေရာ ရှောင်ပင်း ဘာကို ဆိုလိုကြောင်း ချက်ချင်း နားမလည်နိုင်ပါချေ။ သူ တွေ့ဖူးသည့် မိန်းကလေး အများစုမှာ သူတို့၏ ရုပ်ရည်များကို ဖုံးကွယ်ရန် မျက်နှာကာများကိုသာ ဝတ်ဆင်လေ့ ရှိပေသည်။ ဝမ်မင်ယာကတော့ သူမကိုယ် သူမ ရုပ်ဖျက်ရန် ကြီးမားသည့် အမာရွတ်ကြီး တစ်ခုကို ဖန်တီးခဲ့ဖူးပေသည်။
ရှောင်ပင်းက သက်ပြင်းတစ်ချက် ချရင်း ခေါင်းညိတ်လိုက်၏။
“အရှင်မ အေးခဲခြင်းလေက သူ့ မျက်နှာကို မပြည့်စုံအောင် ရည်ရွယ်ချက် ရှိရှိ ချို့ယွင်းချက်တွေ ထည့်ခဲ့တာ... ဒါကြောင့်ပဲ သူ့ရဲ့ ရုပ်ရည်က သာမန် မိန်းကလေးတစ်ယောက်ထက် သာတယ် ဆိုရုံပဲ ရှိတာ... သူ့ကို လူတွေ ကြိုက်ကြတာက သူ့ရဲ့ ရုပ်ရည်ကြောင့် မဟုတ်ဘူး... သေမျိုးတစ်ပိုင်း အရှင် အဆင့်ထိ ရောက်အောင် ထိန်းသိမ်း ထားနိုင်တဲ့ မူလယင်ကိုပဲ”
“ဪ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထိုနည်းလမ်းမှာ အပေါ်ယံအားဖြင့် အလုပ်ဖြစ်နိုင်သော်လည်း ကျင့်ကြံခြင်း အဆင့် မြင့်တက်လာသည်နှင့် အမျှ မွေးရာဂါ စွဲဆောင်နိုင်စွမ်းကို ဖိနှိပ်ဖို့မှာလည်း ပိုမို၍ ခက်ခဲလာလိမ့်မည် ဖြစ်သည်။ ဟယ်ပို့ကျွင်း တစ်ယောက် ပင်းထျန်းကို အသည်းအသန် လိုချင်ခဲ့တာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
“ဒါနဲ့ ပင်းကလန်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းက နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တာလား”
ဝေ့ဝူယင်ထံတွင် နှစ်ဘဝစာ မှတ်ဉာဏ်များနှင့် ဧဒင် နန်းတော်မှ အချက်အလက်များ ရှိသည့်တိုင် အဆိုပါ ကျင့်ကြံခြင်း နည်းလမ်းနှင့်တော့ အစိမ်းသက်သက် ဖြစ်နေသေးဆဲ ဖြစ်သည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ ထိုကျင့်စဉ်ကို သိပ်ဂရု မစိုက်ခဲ့သလို အထွတ်အမြတ် စာကြည့်တိုက်မှာလည်း အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်လမ်း အကြောင်းကို မှတ်တမ်းတင်ထားခြင်း မရှိပါချေ။
ရှောင်ပင်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ဒါပေမဲ့ အမှောင်ယင် နန်းတော်ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေလောက်တော့ မထိရောက်ဘူးပေါ့... ဘာပဲ ဖြစ်ဖြစ် တစ်ချို့နေရာတွေမှာ ပိုပြီး သာတာတွေလည်း ရှိပါတယ်”
မိန်းကလေးက ကျင့်ကြံခြင်း နည်းလမ်း အကြောင်း ဝေ့ဝူယင်ကို ဆက်လက်၍ ရှင်းပြလိုက်သည်။ အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ပင်းကလန်မှာ သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းကို ကာကွယ်ရန် မည်သည့် လျှို့ဝှက် ကျိန်စာကိုမှ မကျိန်ဆိုစေခဲ့ခြင်း ဖြစ်သည်။ ရှောင်ပင်း၏ အဆိုအရ ဆိုလျှင် အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းမှာ ပင်းကလန် အတွက် ကန့်သတ်ချက် ကြီးမားသည့် လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါချေ။
“တကယ်တော့ ပင်းကလန်က အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းကို ရှေးဟောင်း အပျက်အစီး နယ်မြေ တစ်ခုမှာ ရှာတွေ့ခဲ့တာ... အဲဒီ နည်းလမ်းကနေ ပင်းကလန်ရဲ့ ပထမဆုံး လျှို့ဝှက် အာဏာရှင် တစ်ဖြစ်လည်း ဘိုးဘေး မွေးဖွားလာခဲ့တယ်... ပိုပြီး အရေးကြီးတာက သူက နတ်ဘုရား အင်ပါယာရဲ့ ပထမဆုံး ကိုယ်လုပ်တော် ဖြစ်လာခဲ့တာပဲ”
“အဲဒီ နည်းလမ်းကို ကျင့်ကြံခဲ့တဲ့ အခြား ကျင့်ကြံသူတွေက စုပေါင်းပြီး ပင်းကလန်ကို တည်ထောင်ခဲ့ကြတယ်... သူတို့က မျိုးရိုးနာမည်တွေကိုပါ ပင်းလို့ ပြောင်းခဲ့ပြီး အင်ပါယာ ကလန်က သူတို့ကို ကိုယ်ပိုင်နယ်မြေ တစ်ခု ချီးမြှင့်ခဲ့တယ်... ဒါပေမဲ့ အင်ပါယာ ကလန်က အဲဒီ နည်းလမ်း ဖြန့်ဝေမှုကို ဘယ်တော့မှ မတားမြစ်ခဲ့ဘူး... ကျင့်ကြံဖို့ အရည်အချင်း ရှိတဲ့ ဘယ်သူ့ကို မဆို ပင်းမျိုးနွယ်ရဲ့ တရားဝင် မျိုးနွယ်ဝင် အဖြစ် သတ်မှတ်ပေးခဲ့တယ်...”
ရှောင်ပင်းက ဆက်လက်၍ ရှင်းပြနေခဲ့၏။
“ဒါပေမဲ့ အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းရဲ့ လျှို့ဝှက် အာဏာရှင် အဆင့် အပိုင်းကိုတော့ ကန့်သတ်ထားခဲ့တယ်... ဘာလို့လဲ ဆိုတော့ အဲဒီ အပိုင်းကို ပင်းကလန် ဖွဲ့စည်းပြီး နောက်ပိုင်းမှ ပထမ ဘိုးဘေးက ကိုယ်တိုင် ဖန်တီးခဲ့တာ မလို့ပဲ... အဲဒီအပိုင်း မရှိဘူး ဆိုရင် ကျင့်ကြံသူက လျှို့ဝှက် ကြယ်တာရာ အဆင့်မှာပဲ သောင်တင်နေလိမ့်မယ်”
မည်မျှပင် ပါရမီ မြင့်မားသည့် ကျင့်ကြံသူ ဖြစ်စေ... လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိရန် ပင်းကလန်ထံ လာရောက်ကာ ပူးပေါင်းရလိမ့်မည် ဖြစ်သည်။
“အဲဒီနည်းလမ်းကို ကျင့်ကြံရတာ ခက်လား... အန္တရာယ် များလား”
ဝေ့ဝူယင်က စဉ်းစားရင်း မေးလိုက်၏။
"ဒါပေါ့... အရမ်းကို ခက်တယ်... အန္တရာယ်ကလည်း ခြေလှမ်းတစ်ခုချင်းစီတိုင်းမှာ ပြည့်နေတာ... အဲဒီ နည်းလမ်းကို ယောက်ျားရော မိန်းမရော လိင်နှစ်မျိုးစလုံး ကျင့်ကြံလို့ ရတယ်... ဒါပေမဲ့ ယင်ယန် ညီမျှမှုကိုသာ မထိန်းချုပ်နိုင်ဘူး ဆိုရင် မျိုးမအောင်တော့တာမျိုး... ပိုဆိုးရင် ကျင့်ကြံခြင်း သွေဖီတာမျိုးတွေ အထိ ဖြစ်သွားနိုင်တယ်... ဒါပေမဲ့ အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းရဲ့ သေမျိုးအပိုင်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ အမြင့်မားဆုံး မဟုတ်ရင်တောင် အမြင့်မားဆုံး နည်းလမ်းတွေထဲက တစ်ခုလို့ ကျွန်မ ယုံကြတယ်”
ရှောင်ပင်းက ယုံကြည်ချက် ရှိစွာဖြင့် ဆိုလိုက်၏။
"..."
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ရင်း တွေးတောနေခဲ့မိ၏။ အစစ်အမှန် အေးခဲခြင်း ရေခဲချီ နည်းလမ်းမှာ သေမျိုး အပိုင်းတွင် အံ့အားသင့်ဖို့ ကောင်းလျှင်ပင် လျှို့ဝှက် အာဏာရှင် အဆင့် အပိုင်းမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်တွင် ရှိသည့် ပထမ ဘိုးဘေးက ဖန်တီးထားခြင်း ဖြစ်လေရာ ချို့ယွင်းချက် များစွာ ရှိမှာ သေချာပေသည်။
ဥပမာအားဖြင့်... လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့် နီးပါးတုန်းက ပင်းထျန်း ဆိုလျှင် သူမထက် အသက် အရရော၊ ကျင့်ကြံခြင်း အခြေခံ အရပါ ငယ်ရွယ်နုနယ်သည့် ဝူယုကိုပင် မိအောင် မဖမ်းနိုင်ခဲ့ချေ။ ထိုအချက် တစ်ခုတည်းကပင် သူတို့၏ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်စဉ် အပိုင်းက အားနည်းချက် များစွာ ရှိကြောင်း ထင်ရှားစေခဲ့သည်။
“ဆိုတော့ ထျန်းကလန်က ပင်းကလန်သားတွေကို သူတို့ရဲ့ ယင်မီးဖိုတွေ ဖြစ်လာအောင် တကယ်ပဲ ပြုစုပျိုးထောင် နေကြတာပေါ့... အဲဒီ နည်းလမ်းက မျိုးပွားနိုင်စွမ်းကို ကျဆင်းစေတယ် ဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင် သွေးမျိုးဆက်နဲ့ သားသမီးရဖို့က မလွယ်ကူတော့ဘူး... ဒါကြောင့် အခြား အဖွဲ့ဝင်တွေကို ဆွဲဆောင်ဖို့ ကျင့်ကြံစဉ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့တာ မထူးဆန်းတော့ဘူး”
ရှောင်ပင်း၏ မျက်လုံးများမှာ မှေးမှိန်သွားခဲ့၏။ ကံကောင်း ထောက်မစွာပင်... သူမမှာ ပထမ ဘိုးဘေး ကဲ့သို့ပင် ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ ကျင့်ကြံခြင်း နည်းလမ်း၏ ဆိုးကျိုးကို ကျော်လွှားနိုင်စွမ်း ရှိပေသည်။ တစ်နည်းအားဖြင့် သူမမှာ ပင်းကလန် ပထမ ဘိုးဘေးနှင့် ဆင်တူကာ သင့်လျော်သည့် သွေးမျိုးဆက်ကို မွေးဖွားပေးနိုင်စွမ်း ရှိပေသည်။
ပင်းလီယ၊ ပင်းကျင်းရု၊ ပင်းထျန်းတို့ အားလုံးမှာ ပထမ ဘိုးဘေး၏ သွေးမျိုးဆက်မှ တိုက်ရိုက် ဆင်းသက်လာကြသူများ ဖြစ်ပေသည်။ အင်ပါယာ ကလန်၏ ပထမ ကိုယ်လုပ်တော်မှ ဆင်းသက်လာကြသူများ ဆိုသည့် ကျေးဇူးဖြင့် သူတို့မှာ အင်ပါယာ၏ မည်သည့် တိုက်ရိုက်များနှင့် လက်ထပ်ခြင်းကို ရှောင်ရှား နိုင်ခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင် လက်တွဲဖော်များကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရရှိခဲ့ကြသည်။
တစ်ချို့၏ အဆိုအရ ဆိုလျှင် သူတို့၏ ကိုယ်ထဲတွင် ထာဝရ ရေခဲ အမတေ ရည်ရွယ်ချက် အပိုင်းအစ တစ်ချို့ပင် စီးဆင်းနေသည်ဟု ဆိုကြသည်။
စကားဝိုင်းက ထိုအဆင့်သို့ ရောက်ရှိလာသည့် အချိန်တွင် ဝေ့ဝူယင် ရှောင်ပင်းကို စိုက်ကြည့် လိုက်မိ၏။ ရှောင်ပင်းကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အချိန် အတန်ကြာ စိုက်ကြည့် နေခဲ့မိသည်။ ဝေ့ဝူယင်၏ အကြည့်က စူးစမ်းခြင်းများနှင့် ပြည့်နှက် နေကာ ရှောင်ပင်း၏ အကြည့်ကတော့ မေးချင်နေသည့် အရာကို သဘောပေါက်ကာ ကိုယ်တိုင် အံ့သြ နေခဲ့ခြင်း ဖြစ်သည်။
"..."
“သွေးမျိုးဆက်...”
ဝေ့ဝူယင်က မေးလိုက်၏။
"..."
ရှောင်ပင်း...။
“ပင်းကလန်ရဲ့ ဘိုးဘေးက ဘယ်တုန်းက သေခဲ့တာလဲ...”
“...”
ရှောင်ပင်း...။
“နတ်ဘုရား အင်ပါယာက ဘာလို့ မင်းကို သူ့ မျိုးဆက် တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ မစီစဉ်ခဲ့တာလဲ... မင်းရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ထောက်ရှုရရင် အဲဒါက ဖြစ်ကို ဖြစ်လာသင့်တဲ့ ကိစ္စ တစ်ခု မဟုတ်ဘူးလား”
"..."
“ထားလိုက်ပါ... ဘာမဖြစ်ပါဘူး”
ရှောင်ပင်း တစ်ယောက် ထိုအကြောင်းကို ဆက်ပြောဖို့ မလိုလားကြောင်း သဘောပေါက်လိုက်ရာ ဝေ့ဝူယင် အလိုက်တသိပင် စကားဖြတ်လိုက်သည်။ သို့သော်လည်း... ရှောင်ပင်း၏ အတိတ်မှာ ပင်းကလန် ပထမ ဘိုးဘေးနှင့် ချိတ်ဆက် နေနိုင်ကြောင်း သူ ပြင်းထန်စွာ ခံစားလိုက်ရ၏။ သူမ၏ ရှောင်ကလန်တွင်လည်း လူသိ မခံဝံ့သည့် လျှို့ဝှက်ချက် တစ်ခု ရှိနေဟန် ရသည်။
“ကျေးဇူးပါပဲ...”
ရှောင်ပင်းက နူးညံ့စွာ ပြောလိုက်၏။ ဝေ့ဝူယင် ပြုံးလိုက်၏။ လုံချန်၏ အတွက် ကောင်းကင် တာအို ဖန်တီးပေးထားသည့် မိန်းကလေး တစ်ယောက်ချင်းစီတွင် ကြီးကျယ် ခမ်းနားသည့် သမိုင်းကြောင်းများနှင့် အတိတ် ဇာတ်လမ်းများ ရှိကြောင်းသူ အစောကြီးကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည်။ သူတို့ထဲမှ မည်သူကမှ မရိုးရှင်းကြချေ။
ရှောင်ပင်း၏ မူလဇစ်မြစ်မှာ ပင်းကလန် ပထမ ဘိုးဘေးနှင့် ပတ်သက်နေသလို လျဲ့ယုမှာလည်း နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ လင်းကျိရန်မှာ ဝိညာဉ်ခွဲကလန်၏ သွေးမျိုးဆက် ဖြစ်ကာ လုံထျန်းယုနှင့် ချင်ချူးမူတို့မှာလည်း အသူရာ နတ်ဆိုးသခင်၊ အစစ်အမှန် အယ်ဗန် ဧကရီတို့နှင့် ဆက်နွယ် နေသည်။ ဝေ့ဝူယင် ဟုန်ရုကို စိတ်ဝင်စား သွားမိ၏။ သူမ၏ ဇာတ်လမ်းကရော အဘယ်နည်း။
ဝေ့ဝူယင်တို့မှာ ရွှေရောင် အသက်နန်းတော်၏ သွင်းကုန် ထုတ်ကုန် ဆက်သွယ်ရေး လမ်းကြောင်းကို သုံးကာ ဗာမီလီယန် နယ်မြေ၏ ရွှေရောင် အသက်နန်းတော် ဌာနခွဲဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်ထံတွင် ဟုန်ယုအတွက် ခြေရာခံ အစီအရင် ပါမလာခဲ့လေရာ ရှောင်ပင်းတုန်းကလိုမျိုး သူမ မည်သည့် နေရာ၌ ရှိနေသည်ကို အတိအကျ ထောက်ပြနိုင်စွမ်း မရှိပါချေ။ ဝူယုထံမှ ပြန်လည် တောင်းဖို့ကလည်း ထိုလူအိုကြီးမှာ သူတော်စင် ခုနစ်ပါး ထောက်တိုင် ကြယ်ကွင်းပြင်တွင် ဖြစ်သည်။ ဝေ့ဝူယင် ထန်ကလန်နှင့် တွေ့ဆုံကာ ကိုယ်တိုင် ရှာဖွေဖို့သာ ဆုံးဖြတ်လိုက်၏။
“သူဌေးလေး...”
ထိုအချိန်တွင်ပင် ရင်းနှီးပြီးသား အသံတစ်ခုမှာ ပျော်ရွှင်စွာ ထွက်ပေါ်လာခဲ့လေ၏။
***