← Chapters

ထန်ကလန်

Vol. 94 Ch. 1311

ထန်ကလန်

Vol. 94 Ch. 1311

“သူဌေးလေး...”

ရှောင်ပင်း အံ့သြသွားခဲ့၏။ ဝေ့ဝူယင်မှာ ကျိန်စာမဲ့ ကပ်ဘေး၊ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၊ ရှန့်ထို ဖန်တီးရှင် စသည့် ဂုဏ်ပုဒ်များနှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကျော်ကြားနေသူ ဖြစ်သည်။ မည်သူက သူ့ကို သူဌေးလေးဟု ခေါ်ဝံ့သနည်း။

ဝေ့ဝူယင်၏ မျက်နှာထက်တွင်တော့ နွေးထွေးသည့် အပြုံးတစ်ခု မွေးဖွားလာခဲ့၏။ ဤကမ္ဘာလောကတွင် သူ့ကို ထိုကဲ့သို့ နာမ်စားသုံး၍ ခေါ်ဆိုသူ တစ်ယောက်သာ ရှိပေသည်။ သူက အနန္တ ဧကရာဇ်ဂိုဏ်းမှ မုတ်ဆိတ်ဖြူ လူအိုကြီးပင်။

ဝေ့ဝူယင် ထို့ပိဟန်ကို မြင်ရရန် အတွက် နောက်ကို လှည့်ကြည့်လိုက်၏။ လူအိုကြီးမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရှည်လျားသော ဆံပင်များကို နောက်၌ ချဉ်နှောင်ထားသည်။ ယခင်က မီးခိုးရောင် မုတ်ဆိတ်ရှည်များကိုတော့ ယခုအခါတွင် သပ်ရပ်စွာ ညှပ်သင်ထား၏။ သူ၏ ရုပ်ရည်က သိသိသာသာပင် ပြောင်းလဲ သွားခဲ့ကာ ငယ်ရွယ်နုပျိုမှုနှင့် ခန့်ညားမှုတို့ကို ပြန်လည် ရရှိလာသည်။ သို့စေကာမူ... တွေ့ရာနေရာ ထိုးအိပ်တတ်သည့် လူအိုကြီး တစ်ဦး၏ ပေါ့ပေါ့ပါးပါး အမူအရာကတော့ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ အဆက်အသွယ် ရှိနေဆဲ ဖြစ်သည့်တိုင် ထိုလူအိုကြီးနှင့် ဝေ့ဝူယင် မတွေ့ဆုံခဲ့ရသည်မှာ ထာဝရ ကြယ်တာရာ နယ်မြေ မပျက်စီးခင်ကတည်းက ဖြစ်ပေသည်။

“အဘိုးကြီး...”

ဝေ့ဝူယင်က နှုတ်ဆက်လိုက်၏။ ရှောင်ပင်းမှာလည်း ထိုပုဂ္ဂိုလ်မှာ အနန္တ ဧကရာဇ်ဂိုဏ်း မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန် ဖြစ်ကြောင်း မှတ်မိသွားရာ အံ့အားသင့်သွားခဲ့သည်။ ထို့ပိဟန်၏ အကြောင်းကို သူမ မကြားခဲ့ရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ခန့် နီးပါး ဖြစ်သည်။

ထိုပိဟန်မှာ ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာခဲ့၏။ နာမည်အားဖြင့် မည်ကဲ့သို့ သုန်နှုန်းစေကာမူ သူက လေးစားသည့် အမူအရာဖြင့် ဂါရဝ ပြုလိုက်သည်။ လူအိုကြီးမှာ ဝေ့ဝူယင်၏ ပထမဆုံး လက်အောက်ငယ်သားများထဲမှ တစ်ယောက် ဖြစ်ကာ အာဏာရှင် အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ပေသည်။

“ခင်ဗျားက ကျုပ်တို့ရဲ့ လမ်းပြလား”

ဝေ့ဝူယင်က သိလိုစိတ်ဖြင့် မေးလိုက်၏။ မာ့ကျန်းက ဗာမီလီယန် နယ်မြေတွင် ရှိသည့် ရွှေရောင် အသက်နန်းတော် ကိုင်းခွဲ၏ မန်နေဂျာ လာရောက်ကြိုဆိုလိမ့်မည်ဟု သူ့ကို ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ ထို့ပိဟန်က အစား ရောက်လာခဲ့သည်။

"ဟား ဟား... ကျုပ်ပါပဲ...”

ထို့ပိဟန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ မာ့ဆုကျင်းကြောင့် လောကနယ်မြေ ပျက်စီးခဲ့ရပြီး နောက်တွင် ရွှေရောင် အသက်နန်းတော်မှာ သူ့ကို လျှင်မြန်စွာ ပြန်လည် ကောင်းမွန်လာစေရန်၊ ပိုမို အစွမ်းထက် လာစေရန် များလှစွာသော ရင်းမြစ်များ၊ ကြွယ်ဝသည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင်များနှင့် ထောက်ပံ့ပေးခဲ့သည်။ မာ့ကျန်းမှာ ဝေ့ဝူယင်နှင့် ဆက်ဆံရေး ပျက်စီးသွားမှာကို အလွန် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ... တမန်တော်ကို တိုက်ခိုက်ခြင်းမှာ အလွန် လေးစားမှု ကင်းမဲ့သည့် ကိစ္စ တစ်ခု မဟုတ်ပါလား။

“မဟာ အင်ပါယာက ဒီကိုင်းခွဲရဲ့ မန်နေဂျာလား...”

‌ရှောင်ပင်းက မေးလိုက်၏။ ထိုကိုင်းခွဲမှာ ဗာမီလီယန် နယ်မြေ အတွင်းရှိ လုပ်ငန်းများကို ကြီးကြပ်ရန် တည်ဆောက်ထားသည့် အဖွဲ့တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မန်နေဂျာများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များသာ ဖြစ်ပေသည်။

"ယာယီ ဆိုပါတော့လေ...”

ထို့ပိဟန်က လျှို့ဝှက် ဆန်းကျယ်စွာဖြင့် ပြောလိုက်သည်။

“ဗာမီလီယန် နယ်မြေ ကိုင်းခွဲက ပိတ်သိမ်သွားပြီလို့တောင် ပြောလို့ရတယ်... သိပ်မကျန်တော့ဘူး”

"ပိတ်သိမ်းတယ်...”

"ဟုတ်တယ်... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ ပိုင်လင်နဲ့ ထန်ကလန်ရဲ့ တိုက်ပွဲ ဖြစ်ပြီးကတည်းက ရွှေရောင် အသက်နန်းတော်နဲ့ ထန်ကလန်ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ကျဆင်းလာတယ်... ရွှေရောင် အသက်နန်းတော်က စျေးတွေကို မြှင့်တင်လိုက်တဲ့ အပြင် ကုန်တင်သွင်းမှုကလည်း လျော့ကျလာတယ်... မာ့ကျန်း နန်းတော်သခင် ရာထူးကို ယူပြီးတဲ့ နောက်မှာ သွင်းကုန်အားလုံး ရပ်တန့်သွားတယ်... ရှိတဲ့ ကုန်ပစ္စည်းတွေရဲ့ စျေးတွေကလည်း ခေါင်ခိုက်နေရော... ဗာမီလီယန် ကိုင်းခွဲရဲ့ တောက်ပမှုက အတိတ်မှာ အရိပ်လောက်ပဲ ကျန်တော့တယ်လို့ ပြောလို့ ရတယ်”

ထို့ပိဟန်က ရယ်မောလိုက်၏။

“သူ‌ဌေး‌လေးက ဗာမီလီယန် နယ်မြေ အကြောင်း အချက်အလက်တွေ ယူချင်တာလား”

မာ့ကျန်းက ရွှေရောင် အသက်နန်းတော်နှင့် ဗာမီလီယန် နယ်မြေ အကြားမှ ဆက်ဆံရေး အကြောင်းကို တစ်ခါမှ အသိမပေးခဲ့ရာ ထိုကဲ့သို့ ကြားလိုက်ရချိန်၌ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော်လည်း သူ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။ မာ့ကျန်းမှာ အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းရာတွင် အလွန် တက်ကြွကာ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးဘဝ ကတည်းက ခိုင်မာသည့် လမ်းကြောင်းများကို တည်ထောင် ထားနိုင်ခဲ့သူ ဖြစ်သည်။

မကြာခင်မှာပင် သူတို့ သုံးယောက်မှာ ဟင်းလင်းပြင် သင်္ဘော တစ်ခုထဲသို့ ဝင်ရောက်ကာ ဗာမီလီယန် နယ်မြေ၏ မြို့တော်ဂြိုဟ်ဆီ ဦးတည်လိုက်လေတော့၏။ ထိုဂြိုဟ်မှာ အဝေးမှ ကြည့်ရုံဖြင့်ပင် နီညိုရောင် ကြယ်တစ်စင်းလို တောက်ပနေလေရာ သဘာဝ အတိုင်း ပူပြင်းမည်မှာ မြေကြီး လက်ခတ် မလွဲချေ။

ခရီးစဉ် အတွင်း၌ ‌ရှောင်ပင်းနှင့် ဝေ့ဝူယင်တို့မှာ ဗာမီလီယန် နယ်မြေ အကြောင်း အချက်အလက် အတော်များများကို သိရှိလာခဲ့ရ၏။ ၎င်းမှာ ပြည်တွင်း ပဋိပက္ခများ၊ စစ်ပွဲများနှင့် ပြည့်နှက်နေသည့် နေရာ တစ်ခု ဖြစ်သည်။ ပိုင်လင်နှင့် တိုက်ပွဲတွင် သူတို့မှာ များစွာသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိပ်တန်း ကျင့်ကြံသူများစွာ ဒဏ်ရာ ရခဲ့သည်။ အသတ်ခံခဲ့ရသည်။ ကျင့်ကြံခြင်းဖျက်ဆီးခံခဲ့ရသည်။ ထိုအရာကပင် ထန်ကလန်၏ ထိပ်တန်း အဖွဲ့ဝင်များ အကြားတွင် အင်အား ချိန်ခွင်လျှာကို ပရမ်းပတာ ဖြစ်စေခဲ့သည်။

ဗာမီလီယန် နယ်မြေနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ နေရာ အများစုတွင် ထန်ကလန်၏ လက်အောက်ခံ ကလန်များ၊ ဂိုဏ်းများ၊ အဖွဲ့အစည်းများ ရှိပေသည်။ ထန်ကလန်၏ ထိပ်သီး ခေါင်းဆောင်များအကြား မှီခိုရာကို ရွေးချယ်ခြင်းဖြင့် ထိုအဖွဲ့အစည်းများမှာလည်း သဘောထား ကွဲလွဲ လာခဲ့ကြသည်။ ရင်းမြစ် အတွက် တိုက်ခိုက်မှုများမှာ ပိုမို ကြီးထွားလာသည်။ ရွှေရောင် အသက်နန်းတော်၏ ရပ်တည်ချက်နှင့် လုပ်ရပ်များကလည်း ဗာမီလီယန် နယ်မြေ၏ စိတ်ဓာတ်ကို ပိုမို၍ ချိုးနှိမ်လိုက်သလို ဖြစ်သွားခဲ့သည်။

ထန်ကလန်မှာ အင်ပါယာ ကလန်နှင့် ချိတ်ဆက်ထားသည့်တိုင် မကြာ‌သေးခင်ကပင် အေးစက်သည့် ဆက်ဆံရေးများကို စတင် ခံစားလာခဲ့ရသည်။

“ဘာလို့လဲ... သူတို့ မျိုးနွယ် နှစ်ခုက လက်ထပ် ထိမ်းမြားပွဲတွေနဲ့ သွေးသားတော်စပ်မှုချင်း ချိတ်ဆက်ထားတယ် မဟုတ်ဘူးလား”

ရှောင်ပင်းက မေးလိုက်၏။ ထန်ကလန်နှင့် အင်ပါယာ မျိုးနွယ်တို့ အကြား သမိုင်းကြောင်းကို ထောက်ချင့်ရလျှင် ထိုကဲ့သို့ အေးစက်စက် ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာဖို့ ခက်ခဲလှပေသည်။

ထို့ပိဟန်က ခေါင်းခါလိုက်၏။

“သူတို့ရဲ့ ဆက်ဆံရေး ပိုရှုပ်ထွေးလာရတဲ့ အကြောင်းရင်းက အဲဒီ ထိမ်းမြား လက်ထပ်မှုတွေနဲ့ သွေးသား တော်စပ်မှုတွေကြောင့်ပဲ... ပိုပြီး တိတိကျကျ ပြောရရင် ထန်ကလန်ရဲ့ သခင်မလေး ထန်ရှင်းယွင်ရယ်၊ ထန်ကလန်ရဲ့ သတ္တမမျိုးဆက် လက်ရှိ ခေါင်းဆောင်တို့ရယ်နဲ့ ပိုပြီး သက်ဆိုင်တယ်”

“ဟုတ်လား...”

ရှောင်ပင်း၏ စိတ်ဝင်စားမှုများမှာ ပိုမို မြင့်တက်သွားခဲ့၏။ ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်ရင်း ဆက်လက်၍ ရှင်းပြလိုက်သည်။

“ပင်းကလန်နဲ့ မတူတာက ထန်ကလန်ဟာ သူတို့ရဲ့ လက်ထက် ထိမ်းမြားမှုတွေကို ငြင်းဆိုခဲ့တာပဲ”

“ယင်မီးဖို မွေးထုတ်ပေးနေရတဲ့ ကံကြမ္မာကနေ ရုန်းထွက်ဖို့ ကြိုးပမ်းတာလား...”

ဝေ့ဝူယင်က မေးလိုက်၏။

"အမှန်ပဲ...”

ထို့ပိဟန်က အတည်ပြုလိုက်သည်။

“နောက်ပြီး အဲဒီလို ဖြစ်နေတာ အတော်ကြာပြီ... ထန်ကလန်နဲ့ အင်ပါယာ ကလန် တည်ဆောက်ထားတဲ့ လက်ထပ် ထိမ်းမြားမှုတွေ အားလုံးက အရမ်းကို ရှေးကျနေပြီ... သူတို့ထဲက အများစု ဆိုရင် ကျင့်ကြံခြင်း အခက်အခဲတွေ၊ အသက်အရွယ်တွေကြောင့် သေတောင် ကုန်ကြပြီ... ထန်ကလန်နဲ့ အင်ပါယာ ကလန်ကြားမှာ နောက်ဆုံး လက်ထပ် ထိမ်းမြားပွဲ လုပ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင် လောက်ကပဲ... အဲဒီနောက်ပိုင်းက စလို့ အခြား စေ့စပ်ပွဲ မရှိခဲ့ဘူး... ထန်ရှင်းယွင် တစ်ယောက်က လွဲလို့ ပေါ့လေ”

"ဘာလို့လဲ...”

ရှောင်ပင်းမှာ နားမလည်နိုင်ချေ။ တစ်ခါတုန်းက ပင်းမျိုးနွယ်မှ ဆရာ တစ်ယောက်မှာ ပင်းကလန်နှင့် ထန်ကလန်တို့မှာ အခြေအနေချင်း တူညီကာ လက်ထပ်ခြင်းဖြင့် အင်အားကို ချဲ့ထွင်ဖို့ ကြိုးစားသည့် အင်အားစုများ အဖြစ် ရည်ညွှန်းခဲ့သည်။ ပင်းမျိုးနွယ်ဝင် တစ်ချို့ဆိုလျှင် အင်ပါယာ ကလန်ထဲကို လက်ထပ် ထိမ်းမြားခြင်းဖြင့် ဝင်ရောက်ဖို့ တက်တက်ကြွကြွပင် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... ထန်ကလန်က အဘယ်ကြောင့် ရှောင်ဖယ်ရသနည်း။

ဝေ့ဝူယင်ကတော့ ခန့်မှန်းဖို့ ဆုံးဖြတ်လိုက်၏။

“ထာဝရ ဧကရာဇ်ကြောင့်လား...”

ရှောင်ပင်း အံ့အားသင့် သွားခဲ့၏။ ထိုကိစ္စက ထာဝရ ဧကရာဇ်နှင့် မည်ကဲ့သို့ သက်ဆိုင်နေသနည်း။

“အိုး...”

ထို့ပိဟန်ကတော့ ဝေ့ဝူယင်၏ ဉာဏ်ရည်ဉာဏ်သွေး အပေါ် နောက်တစ်ကြိမ် အံ့အားသင့် သွားခဲ့၏။ ထိုလူငယ်မှာ အစအန ကလေးများကိုပင် ရှာဖွေ ဖော်ထုတ်ကာ မိမိရရ ဆုပ်ကိုင်နိုင်သူ ဖြစ်သည်။ ထိုအရာက ကြောက်စရာ ကောင်းလွန်းလှသည်။

“အမှန်ပဲ... ထာဝရ ဧကရာဇ်က ဝင်စွက်ဖက်ခဲ့တယ်လို့ ပြောလို့ ရတယ်... ဘာကြောင့် ဝင်စွက်ဖက်ခဲ့တယ် ဘယ်လို ဝင်စွက်ဖက်ခဲ့တယ် ဆိုတာတော့ မသိပေမဲ့ ထာဝရ ဧကရာဇ် တန်ခိုးထွားလာပြီးတဲ့ နောက်ပိုင်းမှာ ထန်ကလန်က လွတ်လပ်မှုကို ပြန်ရခဲ့တယ်... ကိုယ့်ကံကြမ္မာကို ကိုယ်ထုဆစ်ဖို့ ဆုံးဖြတ်ခဲ့တယ်... အင်ပါယာ ကလန်ကလည်း အဲဒါကို ခွင့်ပြုခဲ့တယ်... တစ်ခုတည်းသော ချွင်းချက်ကတော့ ထန်ရှင်းယွင်ပဲ”

"ဘာလို့ သူလဲ...”

"ထန်ရှင်းယွင်က ထန်ကလန် သတ္တမ ဗာမီလီယန် မျိုးဆက်ရဲ့ ပထမဆုံး မွေးဖွားလာတဲ့သူလေ... အဲဒီ လက်ထပ်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက နတ်ဘုရား အင်ပါယာ ကိုယ်တိုင် စီစဉ်ခဲ့တာ... ခုနစ်ယောက်မြောက် သားနဲ့ သတ္တမမျိုးဆက် ကြားက နတ်ဖက်တဲ့ ကံကြမ္မာ ဆိုတဲ့ အတိတ်နိမိတ်နဲ့ပေါ့လေ... အစတုန်းက ထန်းရီဝူဟာ ကိုယ်လုပ်တော် တစ်ယောက်ကနေ မွေးဖွားလာတဲ့လူ ဖြစ်တဲ့ အတွက် နတ်ဘုရား အင်ပါယာက တရားဝင်သားလို့ အသိအမှတ် မပြုချင်ခဲ့ဘူး... ဒါပေမဲ့ ထန်းရီဝူက အရမ်းကို ထူးချွန်လွန်းတယ်လေ... ထန်မျိုးနွယ်ဘက်ကလည်း အဲဒီ အခြေအနေကို ရှောင်ရှားဖို့ သတ္တမမျိုးဆက် ဖြစ်လာမယ် ‌ကလေးကို မယူဖို့ သစ္စာဆိုခဲ့သေးတယ်... ဒါပေမဲ့ အချစ်နဲ့ ဆန္ဒဆိုတာကလည်း ချုပ်တီးဖို့ ခက်တဲ့ ကိစ္စ ဆိုတော့ ထန်ရှင်းယွင်လေး ထွက်လာတယ် ဆိုပါတော့လေ”

“ကောင်းကင်က ဖန်တီးတဲ့ ကံကြမ္မာပေါ့”

ရှောင်ပင်းက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။ ထို့ပိဟန်က ခေါင်းညိတ်လိုက်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။

"ထန်ကလန်နဲ့ ပင်းကလန်ရဲ့ အခြေအနေတွေက အတူတူပဲ လို့ ကျုပ် ထင်နေတာ... ဆိုတော့ ထန်ကလန်က သူ့တို့ရဲ့ ယင်မီးဖို ကံကြမ္မာကို လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတည်းက ဖယ်ရှားဖို့ ကြိုးပမ်း နေခဲ့တာပေါ့လေ”

ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ ထန်ကလန်မှာ မျိုးနွယ် လွတ်လပ်မှုကို ပြန်လည် ရရှိရန် ထာဝရ ဧကရာဇ်ထံ တစ်စုံတစ်ခုဖြင့် ကမ်းလှမ်းခဲ့ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။

“ဆိုတော့ အခု ထန်ကလန်ရဲ့ အခြေအနေ ပိုပြီးတော့ ဆိုးလာနေတာပေါ့...”

ရှောင်ပင်းက စိုးရိမ်ပူပန်သည့် လေသံဖြင့် မေးလိုက်၏။ မည်သို့ပင် ဆိုစေ... ဟုန်ရုမှာ ထန်ကလန် အတွင်း ရှိနေခဲ့သည် မဟုတ်ပါလား။

"အမှန်ပဲ...”

ထို့ပိဟန်က ဆိုလိုက်၏။ သူတို့၏ ဟင်းလင်းပြင် သင်္ဘောမှာ ဗာမီလီယန် နယ်မြေ၏ မြို့တော် ပေါင်းစည်းခြင်းဂြိုဟ်နားကို တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် ဂြိုဟ်၏ လေထုမှာ ပရမ်းပတာ အခြေအနေဖြင့် ပွက်ပွက်ဆူနေကာ အမှောင် ဟင်းလင်းပြင်ကိုပင် သက်ရောက်နိုင်သည့် အပူလှိုင်းများ ထုတ်လွှတ်နေကြောင်း သတိပြုလိုက်မိသည်။

"ဒါက...”

သူတို့ သုံးယောက်စလုံး အံ့အားသင့် သွားကြ၏။ ဂြိုဟ်ထက်၌ စစ်ပွဲ တစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလား။

***

All Chapters